Saturday, December 10, 2011

သူငယ်ချင်းရေ

သူငယ်ချင်းရေ…
          ငါ အမှတ်မထင်နဲ့ အွန်လိုင်းသုံးရင်း ငါတို့ မိခင်ကြီးကမွေးထုတ်ပေးလိုက်တဲ့ ညီငယ်တစ် ယောက်နဲ့ဆုံမိတယ်။ ငါလေ ငါ့ညီငယ်လေးနဲ့ ဆုံတွေ့လိုက်တော့ အရမ်းဝမ်းသာတယ်၊ ပျော်ရွှင်မိ တယ်။ ဒီလိုနဲ့ ငါ့ညီလေးရဲ့ အကြောင်းအရာတွေကို လိုက်လေ့လာလိုက်တော့ သူတစ်နေရာမှာ သူ့စိတ်ခံစားချက်ကို ဖော်ကျူးထားတယ်။ အဲဒါကတော့ သူ့အဘိုးဖြစ်သူ အငြိမ်းစားဗိုလ်မှူးကြီးတစ် ယောက်ကပြောခဲ့တာတဲ့။ ညစ်ပတ်တဲ့နိုင်ငံရေးသမားမဖြစ်ချင်ဘူး၊ ရိုးသားတဲ့ စစ်သားပဲဖြစ်ချင်တယ်။ အဲလိုရိုးသားတဲ့စစ်သားဖြစ်ရတာကိုလည်း ဂုဏ်ယူတယ်တဲ့။ ရေးထားတာလေးက ဟုတ်သလိုလိုပဲ။ ဒါပေမယ့်လွဲနေတာလေးတွေသွားတွေ့ရတယ် သူငယ်ချင်းရယ်။ စစ်သားဟာရိုးသားပါတယ်တဲ့ ဟုတ် တာပေါ့သူငယ်ချင်းရာ။ ငါတို့မှာ ဘာအစွဲမှမရှိဘူး အထက်က အမိန့်အတိုင်းပဲ လှုပ်ရှားဆောင်ရွက် တယ်။ ဘာအငြိုးအာဃာတမှမထားဘူး။ ဒါပေမယ့် သူငယ်ချင်းရယ်။ အဲဒါက မှန်လားဆိုတာ ငါစဉ်း စားမိတယ်။

          ငါတို့ကတော့ ရိုးသားစွာနဲ့ လုပ်ဆောင်ကြတယ်ဆိုပေမယ့် အဲဒီအမိန့်ကိုချမှတ်တဲ့ ငါတို့အ ထက်လူကြီးတွေက မရိုးသားစွာချခဲ့မယ်ဆိုရင် ငါတို့မှန်ပါဦးမလားဆိုတာကိုပါ။ နောက် ညစ်ပတ်တဲ့ နိုင်ငံရေးသမားလို့ ဘာလို့သုံးထားတာလည်းဆိုတာကို ငါပြန်စဉ်းစားတယ်။ မရှိဘူးလို့ ငါမပြောလိုပါ ဘူး။ ရှိပါတယ် နေရာတိုင်းတော့ အကောင်းချည်းလိုချင်လို့ဘယ်ရမလဲသူငယ်ချင်းရယ် ဟုတ်တယ် မလား။ အဲဒီစာသားလေးတွေ့တော့ ငါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်နန်းရင်းဝန်ကြီးတို့ မိန့်ခွန်းလေး ကိုသွားသတိရမိတယ်။ နန်းရင်းဝန်ကြီးက အဲလိုပဲ နိုင်ငံရေးသမားကညစ်ပတ်တယ်ဘာညာပြောသွား တော့။ ငါတို့ဗိုလ်ချုပ်ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုရင်လေ အရမ်းကိုလေးစားဖွယ်ကောင်းတယ်။ သူ ပေးသွားတဲ့ဥပမာလေးကွာ ငါ့စိတ်ထဲကကိုမထွက်ဘူး။ နိုင်ငံရေးဟာ ညစ်ပတ်တယ်ဆိုတာမှားတယ် တဲ့။ မှန်ကောင်းမှန်ပါလိမ့်မယ် အာဏာနိုင်ငံရေးမှာတဲ့။ အာဏာရဖို့ တစ်ယောက်နဲ့တစ်ယောက် မဲခိုးတာ မဲလိမ်တာ။ ညစ်တာတွေရှိပါလိမ့်မယ်တဲ့။ ဒါပေမယ့် အားလုံးတော့မဟုတ်ဘူးတဲ့။ ဒါတွေကို လည်းအပြစ်ပြောလို့မရပါဘူးတဲ့။ ပါနေမှာပါပဲ ရှိနေမှာပါပဲတဲ့။ ဒီလိုလူတွေမပါအောင်ထိန်းကျောင်းရမှာ ကအားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်တဲ့။ အဲဒါကိုသွားပြီး အားလုံးကိုခြုံပြီး ညစ်ပတ်တဲ့နိုင်ငံရေး၊ နိုင်ငံရေး သမားက ညစ်ပတ်တယ်လို့ပြောလို့မရပါဘူးတဲ့။ ဥပမာ- ဒီအဆောက်အဦးကြီးဟာ ခုလိုခမ်းနားတဲ့ အခမ်းအနားတွေ အစည်းအဝေးတွေလုပ်ဖို့၊ ခုလိုခမ်းနားတဲ့ သူတွေတက်ရောက်ဖို့ဆောက်ထားတယ် ဆိုပေမယ့် တစ်ခါတစ်ရံမှာ အပြင်ဘက် ကော်ရစ်တာမှာ ခွေးလေခွေးလွင့်တွေ လာအိပ်နေတတ်ပါ တယ်။ တစ်ခါတစ်ရံမှာ နွားတွေစားကျက်လွှတ်ထားရင်းလည်း ရောက်လာတတ်ပါတယ်တဲ့။ ဒါကို ကြည့်ပြီး ဒီအဆောက်အဦးဟာ ခွေးတွေ၊ နွားတွေအတွက် ဆောက်ထားပါတယ်လို့ပြောလို့မရသလိုပါ ပဲတဲ့။ သူတို့ကိုမလာစေချင်လို့ အစောင့်တွေချထားပြီး မြင်ရင်မောင်းထုတ်လွှတ်ရပါတယ်တဲ့။ ဒီတော့ နိုင်ငံရေးဟာလည်း ဒီလိုပါပဲဆိုပြီး ဥပမာလေးပေးသွားတယ်သူငယ်ချင်း။
          ဒီလောက်ဆို သူငယ်ချင်းငါဘာဆိုလိုတယ်ဆိုတာ သဘောပေါက်လောက်ပါတယ်နော်။ အဲလိုပဲသူငယ်ချင်းရယ် ငါစောစောကပြောသလို ငါတို့ အောက်ခြေစစ်သားတွေကတော့ ရိုးသားစွာနဲ့ အမိန့်နဲ့ တာဝန်ကို ထမ်းဆောင်ကြပေမယ့် မရိုးသားတဲ့ ငါတို့အထက်လူကြီးတွေက မရိုးသားစွာ အမိန့် ပေးလာမယ်ဆိုရင် လိုက်ပါအကောင်အထည်ဖော်တဲ့ ငါတို့ကကော ရိုးသားပါတယ်လို့ပြောလို့ရမလား။ သိသိနဲ့အမိန့်နာခံကြရတယ်။ အဲဒါကိုက ငါတို့မရိုးသားလို့ပေါ့သူငယ်ချင်းရယ်။ တကယ်သာ ငါတို့ ရိုးသားမယ်ဆိုရင် မှားနေတဲ့အမိန့်ကို ငါတို့ ဖီဆန်ရဲရမှာပေါ့။ စစ်သားတိုင်းလည်း မရိုးသားပါဘူး။ အနည်းနဲ့အများတော့ရှိနေတာပါပဲ။ ဒါလေးနဲ့ဆက်စပ်လို့ပေါ့ကွာ ငါ့တို့ညီလေးက ငါ့ကိုပြောတယ်။ အကိုကခုနိုင်ငံရေးလုပ်နေပြီဆိုတော့ အကိုနဲ့ကျနော်နဲ့ စကားနိုင်လုရတော့မှာပေါ့တဲ့လေ။ ငါပြော လိုက်တယ် အကိုကတော့ စကားနိုင်လုမယ်ဆိုတာထက် ညီလေးသိထားတာ၊ ညီလေးအမြင်ကိုပြော၊ အကိုလည်း အကိုသိထားသလောက် အကို့အမြင်ကိုပြောမယ်လို့။ ဒါမှ ညီလေးကော အကိုကော ဗဟု သုတရမယ်၊ အမြင်ပိုကျယ်လာမယ် ဒါဆို အကိုတို့ ဆုံးဖြတ်ချက်ချ ကောက်ချက်ဆွဲတဲ့အခါ အမှား နည်းနည်းနဲ့ ကောက်ချက်ဆွဲနိုင်မယ်လို့။ ငါတို့ညီလေးလည်း ငါတို့လိုပဲကွ။ ဟုတ်တယ်နော်အကိုတဲ့။
          ဒီလိုနဲ့ ငါတို့စကားပြောရင်း အာဏာရှင်ဆိုတာကိုရောက်လာတယ်။ ငါသူ့ကိုပြောပြလိုက်တယ် အာဏာရှင်ဆိုတာ စစ်တပ်က စစ်အရာရှိကြီးတစ်ယောက်လည်း ဖြစ်နိုင်သလို၊ သာမန်အရပ်သား လည်းဖြစ်နိုင်တယ်လို့။ အာဏာရှင်တွေရဲ့ထူးခြားချက်က စစ်တပ်ကို ကိုင်တွယ်ထားနိုင်တာပဲလို့။ အဲလိုကိုင်တွယ်တဲ့နေရာမှာ တိုင်းပြည်အတွက် ကိုင်တွယ်တာမဟုတ်တော့ဘဲ သူ့ကိုယ်ကျိုးစီးပွါးကို ကာကွယ်ဖို့ စစ်တပ်ကိုအသုံးချပြီး လုပ်တာပဲဆိုတာကို ငါရှင်းပြလိုက်တယ်။ သူနားလည်လာတယ်။ နောက် ငါလုံးဝမမျှော်လင့်တဲ့မေးခွန်းတစ်ခု ငါ့ကိုမေးလာတယ်။ အကိုတဲ့ ဒါပေမယ့် အကိုတို့ပြောနေ တဲ့အာဏာရှင်ဆိုတဲ့သူတွေထဲမှာ ကျနော်တို့ နောင်တော်ကြီးတွေပါနေတယ်လေတဲ့။ အဲဒါဘယ်လို လုပ်ရမှာလဲတဲ့။ သူမေးတဲ့မေးခွန်းကသိပ်ကိုမှန်တယ်သူငယ်ချင်းရာ။ စီနီယာ၊ ဂျူနီယာဆိုတဲ့ အထက် အောက်အုပ်ချုပ်မှုပုံစံနဲ့ ကျင့်သားရနေတဲ့ မင်းတို့ ငါတို့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေမှာ ဒီစိတ်ရှိနေ တာမဆန်းပါဘူး။ ဒီတော့ငါစဉ်းစားမိလာတယ်။ ငါတို့က အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ပါမည်ဆိုတာကို ဦးထိပ်ပန်ဆင်နေတော့။ ငါတို့ရဲ့ တာဝန်က ဘာလဲ။ တပ်မှာပေးတဲ့ ဘာတာဝန်၊ ညာတာဝန်ဆိုတာတွေလား။ ဒါမှမဟုတ် ငါတို့ တပ်မတော်သားတွေရဲ့ မူရင်းတာဝန်လားဆိုတာကို ငါ တို့ပြန်ဆန်းစစ်ကြရမယ်ထင်တယ်။ နောက်ပြီး အဲဒီတာဝန်အရ ငါတို့တပ်မတော်သားတွေရဲ့ မူလတာဝန်ဆိုရင် ငါတို့ကိုပေးနေတဲ့ အမိန့်ဆိုတာကကော အဲဒီအပေါ်မှာ ဘယ်လောက်လွှမ်းခြုံမလဲ ဆိုတာကို ပြန်စဉ်းစားကြည့်ဖို့လည်း လိုမယ်။ သုံးသပ်ဖို့လည်းလိုမယ်လို့ ငါထင်တယ်။ ဒို့ဗိုလ်ချုပ် ကတော့ပြောသွားတယ် ငါတို့ တပ်မတော်ရဲ့တာဝန်ဟာ ဒီတိုင်းပြည် နဲ့ ဒီပြည်သူကိုကာကွယ်ဖို့တဲ့။ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပါတဲ့။ ဒါဆို ငါတို့ဒီနေ့လုပ်နေကြတာတွေက ပြည့်သူ့ဆန္ဒနဲ့ကိုက်ညီရဲ့လား။
          နောက် ငါတို့ စစ်တပ်ထဲမှာပြောနေကြလေးပေါ့။ အထက်လူကြီးပါးစပ်ကထွက်လာသမျှစကား လုံးတိုင်းဟာ အမိန့်တဲ့။ ဒါကကော ငါတို့လက်ခံသင့်လားဆိုတာစဉ်းစားရလိမ့်မယ်။ စီနီယာ ဂျူနီယာ စနစ်မှာ သိပ်ချစ်ဖို့ကောင်းတာလေးတွေ ရှိသလို မှားနေတာလေးတွေလည်း ရှိနေတယ်နော်။ ငါတို့ ပြင်သင့်တာကို ပြန်ပြင်သင့်တယ်။ လိုအပ်နေတာကို ဖြည့်စွက်သင့်တယ်။ ဒါမှလည်း ပိုမိုပြီးပြည့်စုံတဲ့ စနစ်ကြီးတစ်ခုဖြစ်လာမယ်မဟုတ်လား။ နောက် ငါတို့က စစ်သားမှ တိုင်းပြည်ချစ်တယ် ကျန်တဲ့သူက ငါတို့လောက် တိုင်းပြည်မချစ်ဘူး သာမန်အရပ်သားတွေက ဘာမှသိတာနားလည်တာမဟုတ်ဘူးလို့ ထင်ခဲ့ကြတဲ့ ဒီနေ့ထိလည်း ထင်နေကြသေးတဲ့ မင်းတို့ ငါတို့ရဲ့ သူငယ်ချင်းတွေ နောင်တော်တွေ ခုဆို ငါတို့ညီငယ်လေးတွေ ဒါကလည်းမှားနေတယ်ဆိုတာ မင်းလည်း တတ်စွမ်းသရွေ့ပြောပြရလိမ့်မယ် နော်။ ဆရာနေဝင်းမြင့်ရဲ့ စာပေဟောပြောပွဲလေးမှာ ပြောသွားတဲ့စကားလေးအရမ်းကောင်းတယ် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ချစ်ဖို့ ဘယ်သူကမှတိုက်တွန်းနေစရာမလိုပါဘူး ဆိုတဲ့စကားလေးကွာ။ မှန်လိုက်တာသူငယ်ချင်းရာ။ ငါတို့ ၈ တန်းကျောင်းသားဘဝပေါ့။ ဒို့နိုင်ငံနဲ့ ထိုင်းနိုင်ငံ ပြဿနာလေး တွေတက်ကြတော့လည်း ငါတို့မှာ စစ်ထဲဝင်ပြီးသွားတိုက်ချင်လိုက်ကြတာကွာ။ ဒါ ငါတို့ စစ်သား မဟုတ်သေးဘူးလေနော်။ ငါတို့ ပြောနေတဲ့ အရပ်သားလေ။ နောက် ငါတို့ ဗိုလ်လောင်းတက်နေတုန်း မှာလည်း တစ်ခါ ထပ်ဖြစ်သေးတယ်လေ။ အဲဒီတုန်းကလည်း အရာရှိအနေနဲ့မပေးချင်နေ တပ်ကြပ် ကြီးအဆင့်နဲ့ဖြစ်ဖြစ် သွားတိုက်ခိုင်းလည်း တိုက်မယ် ဆိုတာတွေ ငါတို့တွေပြောခဲ့ကြတယ်နော်။ ဒါ တွေကိုပြန်စဉ်းစားကြည့်လိုက်ရင် ငါတို့မှာ တကယ့်တကယ် တိုင်းပြည်ရေးပြဿနာတက်လာရင် အ သက်သေချင်သေပါစေ၊ ရလာမယ့်ရာထူးစည်းစိမ် စွန့်လွှတ်ရင်စွန့်လွှတ်ရပါစေ တိုင်းပြည်အတွက်ဆို ငါတို့ပေးဆပ်ချင်ကြတယ်နော်။ ဒါပေမယ့် ငါတို့ ငယ်ငယ်ကတည်းက သင်ကြားလာတဲ့စာတွေ နေ့စဉ်နဲ့ အမျှကြားသိလာတဲ့ သတင်းတွေအရငါတို့ထင်ထားတာက စစ်သားဖြစ်မှ တိုင်းပြည်ချစ်တယ်လို့ ငါတို့ က ထင်နေကြတာကိုး။ တခါတခါ ငါစဉ်းစားမိတယ် ငါတို့နိုင်ငံမှာ ကဲ အားလုံးက တိုင်းပြည်ချစ်လို့ စစ်ထဲဝင်ကြပါပြီတဲ့။ ငါတို့စားဖို့ စပါး ဘယ်သူတွေစိုက်မလဲ။ ငါတို့ဝတ်မယ့်အဝတ်အစားတွေအတွက် ဘယ်သူတွေ စက်ရုံမှာ အလုပ်လုပ်မလဲ။ ငါတို့နေမယ့် အိမ်တွေကို ဘယ်သူတွေ ဆောက်ပေးမလဲ။ ငါတို့ဖျားနာရင် ဘယ်သူတွေကုသပေးမလဲ။ ငါတို့ရဲ့နောက်မျိုးဆက် ကလေးလေးတွေကို ဘယ်သူ တွေပညာသင်ပေးမလဲ။ အများကြီးပဲသူငယ်ချင်းရယ်။ ဒီတော့မှ ငါသိလာတယ်။ သေနတ်ကိုင်ပြီးတော ထဲမှာ အသက်စွန့်ရတဲ့ စစ်သားမှတိုင်းပြည်ချစ်တာမဟုတ်ဘူး။ တိုင်းပြည်ချစ်ကြတာကတော့အတူတူ ပါပဲ။ ငါတို့ကို သင်ကြားလာတဲ့ စာတွေ၊ ငါတို့စာဖတ်လို့ရလာတဲ့ အသိတရားတွေနဲ့ ငါတို့ကြားသိနေရ တဲ့ သတင်းတွေက ငါတို့ကိုလွှမ်းမိုးနေလို့ပါ။ အဲဒီလွှမ်းမိုးမှုကို ငါတို့မသိလိုက်ဘူး။ သိခွင့်လည်းမရှိဘူး။ ငါတို့ကိုယ်တိုင်ကလည်း သိအောင်မကြိုးစားဘူး ကိုယ်တိုင်လည်း စစ်သားဖြစ်လာတဲ့အခါ အဲဒီသိထား တဲ့အသိလေးတွေကို အဟုတ်ထင်လာတယ်။ ငါမှငါဆိုတာဖြစ်လာတယ်။ အဲဒီငါမှငါဆိုတာကို အရေခြုံ ထားတာက စစ်ယူနီဖောင်းဖြစ်နေလေတော့ စစ်သားမှစစ်သားဖြစ်လာတယ်။ ငါတို့ပြောခဲ့ကြတယ် လေ။ ယောက်ျား၊ ယောက်ျားထဲမှာမှ စစ်သား၊ စစ်သားထဲမှာမှ စစ်ဗိုလ်၊ စစ်ဗိုလ် ထဲမှာမှ စစ်တက္ကသိုလ်ကျောင်းဆင်းဆိုတာ။ ဒါက ငါတို့က စစ်တက္ကသိုလ်ကျောင်းသားအနေနဲ့ ဂုဏ်ယူလို့ပြော တယ်ဆိုပေမယ့် ပြန်တွေးကြည့်တော့ သိပ်ရှက်ဖို့ကောင်းတယ်ကွာ။ အတ္တအရမ်းကြီးမားနေတယ်လေ။ ဝါးလုံးခေါင်းထဲ လသာသလိုဖြစ်နေတယ်။
          ဒီလိုမှားယွင်းတဲ့ ဂုဏ်ယူမှုမျိုး နောက်ညီငယ်တွေမယူမိစေဖို့လိုမယ်ကွာ။ ငါ့ညီလေးက ငါ့ကို ထပ်ပြောသေးတယ်။ DSA Never Surrender တဲ့ စစ်တက္ကသိုလ်သည်ဘယ်တော့မှလက်နက်မချတဲ့။ သိပ်ကိုမာန်ပါတဲ့ စာသားလေး စစ်သားတစ်ယောက်အနေနဲ့တော့ သိပ်ကို အဓိပ္ပါယ်ရှိတဲ့စာသားလေး ပေါ့။ ဒါပေမယ့် ငါတို့ မင်းတို့က ဘယ်အတွက်ကို လက်နက်မချတာလည်းဆိုတာ စဉ်းစားရမယ်ထင် တယ်။ ငါထင်တာပြောရရင်တော့ ဒီစာသားလေးဟာ တိုင်းတပါးသားတပ်တွေကို ရင်ဆိုင်တဲ့အခါ သေနတ်ရှိရင်သေနတ်နဲ့ပစ်မယ်၊ ဒုတ်ရှိရင်ဒုတ်နဲ့ရိုက်မယ်၊ ဘာမှမရှိရင်လက်နဲ့ထိုးမယ်။ နောက်ဆုံး မရရင် ကိုယ့်ဘာသာအသေခံမယ် လို့ပဲထင်တယ်။ ဒါကလည်း ကိုယ့်ဆီကနေ စစ်ရေးအချက်အလက် တွေရန်သူဆီပါမသွားဖို့ ငါတို့စိတ်ထဲကို ထည့်ပေးလိုက်တာပဲလေ။ ငါတို့ဟာ စစ်ခေါင်းဆောင်တွေ ဖြစ်တာနဲ့အညီ စစ်ရေးဆိုင်ရာကိစ္စတွေကို သိသင့်သလောက်သိကြတယ်။ ဗျူဟာတွေကိုနားလည် တယ်။ ဒါတွေကို ရန်သူမသိအောင် ကိစ္စတုံးတဲ့စိတ်ပဲလေ။ ဒါကတော့မှန်တာပေါ့ကွာ။ ဒါကို ငါတို့ မင်းတို့နားလည်မှုတွေလွဲနေတာတွေရှိနေတယ်။ မင်းတို့ ငါတို့တွေ နောက်ဆုံးနှစ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ခဲ့ကြရတာပဲ။ နိုင်ငံရေးသဘောတရားအရ တိုင်းပြည်အုပ်ချုပ်တာဟာ စစ်ရေးအရ စစ်သားချင်းအုပ်ချုပ်တာနဲ့မတူတော့ဘူး။ တိုင်းသူပြည်သားနဲ့ဆက်ဆံတဲ့အခါ သွားပြီး Never Surre-nder သွားလုပ်လို့မရဘူး။ ပြည်သူဟာ ငါတို့ရဲ့ ထမင်းရှင်၊ ငါတို့ရဲ့ ကျေးဇူးရှင်။ တပ်မတော်အင်အား ရှိမှတိုင်းပြည်အင်အားရှိမည် ဆိုတာ တစ်ချိန်ကအတွက်တော့ဟုတ်လိမ့်မယ်သူငယ်ချင်း။ ဒါပေမယ့် ဒီနေ့ခေတ်ကမ္ဘာကြီးအခြေအနေတွေမှာတော့ မဟုတ်တော့ဘူး။ မင်းတို့ငါတို့ဟာ သိပ္ပံပညာတွေကို သင်ခဲ့ကြရတာပဲ။ သိပ္ပံသီအိုရီတွေတောင်မှ ၁၈ ရာစုလောက်က မှန်ခဲ့တဲ့ သီအိုရီတွေဟာ ၁၉ ရာစုမှာ အမှားကြီးမှားနေတယ်လေ။ ဒီလိုပဲ ဒီဘက်ခေတ် ၂၀ ရာစုမှာ ပိုမှန်တဲ့ သီအိုရီတွေထွက်ခဲ့တယ်။ ဒီလိုပဲ ငါတို့ ဒီဆောင်ပုဒ်ဟာလည်း ခုတော့ မမှန်နိုင်တော့ဘူးသူငယ်ချင်းရဲ့။ ဒီနေ့ခေတ်နည်းပညာ စွမ်းပကားတွေအရ တိုင်းပြည်ကြီးကအင်အားရှိနေမှ ငါတို့ တပ်မတော်ကလည်း အင်အားရှိတော့မယ်။ ဒါကို မင်းလက်ခံနိုင်ပါလိမ့်မယ်။
          ကဲသူငယ်ချင်းရေ ငါပြောခဲ့တဲ့စကားတွေမှာ မင်းလက်မခံနိုင်တာတွေလည်းပါချင်ပါနေပါလိမ့် မယ်။ ဒါပေမယ့်ငါပြောခဲ့တဲ့ထဲမှာ ဘာတစ်ခုကိုမှ ငါမကောင်းစေချင်လို့ ပြောခဲ့တာ မပါပါဘူးနော်။ ငါက ရိုးရှင်းစွာနဲ့ပဲ ငါကောင်းစေချင်တဲ့အမြင်တစ်ခုအရပဲ ပြောင်းလဲသင့်တာကိုပြောင်းလဲဖို့ ငါတိုက်တွန်းတာ ပါ။ မင်းတို့ငါတို့ရဲ့ ညီငယ်လေးတွေဖြစ်တဲ့ ငါတို့နောက်မှာပုခုံးထမ်းတာဝန်ယူကြမယ့် ညီငယ်လေးတွေ ကိုမှန်ကန်တဲ့ အသိနဲ့ တိုင်းပြည်အကျိုး တပ်မတော်အကျိုးကိုဆောင်ရွက်နိုင်စေဖို့ ငါတို့ပြုပြင်ထိန်း ကျောင်းပေးကြရလိမ့်မယ်။ ဘယ်ဟာမဆို အစွန်းရောက်သွားရင်မကောင်းပါဘူးသူငယ်ချင်း။ ဒို့မြတ်စွာဘုရားရှင်ကိုယ်တော်ကြီးတောင် ဘယ်လောက်ပါရမီဓါတ်ခံတွေရှိပေမယ့် အစွန်းရောက်တော့ ဘုရားအဖြစ်ကိုမရောက်ခဲ့ပါဘူး။ ဒီအစွန်းတရားတွေကို ရှောင်ရှားခဲ့လို့သာ သုံးလောကထွဋ်ထား မြတ်စွာဘုရားအနေနဲ့ ပွင့်လာခဲ့တာပါ။ ဒီတော့ငါတို့လည်း အဲဒီအစွန်းတရားတွေကို ရှောင်ရှားလို့ ငါတို့ မိခင်ကျောင်းတော်ကြီးဂုဏ်မညှိုးမှိန်ရလေအောင်၊ ငါတို့ တပ်မတော်ကြီး ခုလိုပြည်သူ့ချဉ်ဖတ်အဖြစ်က နေကင်းလွတ်ရလေအောင်၊ တို့တိုင်းပြည်ကြီးသာယာစည်ပင်ပြီး ပြည်သူတွေချမ်းသာသုခခံစားကြရ လေအောင် အားထုတ်ကြိုးပမ်းကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ် သူငယ်ချင်း….။
ဗိုလ်ရဲထက်။

No comments:

Post a Comment

Ads 468x60px

Featured Posts