Monday, December 12, 2011

ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာ့တပ်မတော်သို့ ထုတ်ပြန်သည့် အမိန့်စာ

စစ်ဝန်ကြီးရုံးတော်
န့စွဲ၊  ၂၉-၁၂-၄၄
အချိန်၊ ၃၊၃၀ နာရီ
ငါတို့တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော်ဖြစ်သည်။  ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ရည်ရွယ်ရင်းမရှိသော  တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင် အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ် ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူတို့နှင့် တသားတည်း ရှိသည်။ ပြည်သူ့တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး၊ ပြည်သူများ၏ ဓါးသွားဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန်ဖြစ်သည်။  ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ အကျိုးကို ကာကွယ်ရန်ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့တပ်မတော်သားများ ဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်-
(၁)    ပြည်သူပြည်သား အပေါင်းတို့အား အရာရှိ၊ အရာမဲ့၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးဘာသာမရွေး  ဆက်ဆံတတ်ပါစေ၊ ဖေါ်ရြွေကပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့် အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂)    ကိုယ်နှင့်မဆိုင်တဲ့ အခြားသူ၏ အလုပ်ကို အနှောက်အယှက် မပြုပါနှင့်၊ သို့သော် ကိုယ့်ဝတ္တရား အချိန်တွင် မည်သူကိုမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားလမ်းကျပါစေ။
(၃)    ဗမာမဟုတ်သော နိုင်ငံအတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ၊ ၎င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ကို မကဲ့ရဲ့ပါနှင့်၊ မပြောင်ပါနှင့်၊ မနှောက်ယှက်ပါနှင့်၊ ၎င်းတို့မခံချင်သည့် အပြောအဆို အသုံးအနှုန်းမျိုးကို ရှောင်ကျဉ်ပါ၊ ၎င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။
   (က)    အရက်မူး မရမ်းကားရ။
    (ခ)     မိန်းမများကို ကျူးလွန်စော်ကားခြင်းမပြုရ။
    (ဂ)    လုယက်မခိုးဝှက်ရ။
(၄)    တည်းခိုသော အိမ်ယာများတွင်  အခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ဘဲ သန့်သန့်ရှင်းရှင်း နေထိုင်ရမည်။  အိမ်မှ ထွက်ခွာသော အခါလည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်က အစားထိုးပေးခြင်း၊ လျော်ကြေး ပေးခြင်း ပြုရမည်။
(၅)    တန်ရာတန်ဘိုး မပေးဘဲ မ၀ယ်ပါနှင့်။
(၆)    ချေးဌားထားသော အရာကို ဆက်ဆက် ပြန်ပေးပါရန် မမေ့ပါနှင့်။
(၇)    အထက်အမိန့်မရဘဲ ပစ္စည်းအတင်း မသိမ်းပါနှင့်။ အထက်အမိန့်အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေး မပြုပါနှင့်၊ သူမခံနိုင်အောင် မလုပ်ပါနှင့်။
(၈)    လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သော ဘာသာရေးနှင့် ပတ်သက်၍၎င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့် အလုပ်ကို မလုပ်ပါနှင့်။
အောင်ဆန်း
စစ်ဝန်ကြီးနှင့် စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
ရန်ကုန်နေပြည်တော်

No comments:

Post a Comment

Ads 468x60px

Featured Posts