Monday, December 12, 2011

စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ်အောင်ဆန်း၏ မိန့်ခွန်းမှ…

   “… ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲ။ ဗမာနိုင်ငံနဲ့ ဗမာလူမျိုးကို ကာကွယ်ဘို့ဘဲ။ ဗမာလူမျိုး ဆိုတာဟာလဲ ဗမာလိုသိတဲ့ ဗမာတွေသာမဟုတ်ဘူး၊ ဗမာတနိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်၊ ဒါကြောင့် ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက် ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့အမျိုးကို တကယ်ကာကွယ်ဖို့ဘဲ၊ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရ နားလည်ပြီး ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင်လုပ်ကြရမယ်၊ ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးအတွက် ဒီလူမျိုး တွေရဲ့ ကိုးကွယ်ရာ လဲလျှောင်းရာ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်၊ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကိုတည်ထောင်ထားတဲ့ ရည်ရွယ် ချက်ဟာ အလကားဘဲဖြစ်မယ်။

            "နိုင်ငံသူ နိုင်ငံသားများနဲ့ ဆက်ဆံတဲ့အခါ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ၊ မှန်မှန်ကန်ကန်ဆက်ဆံပါ၊ ရဲဘော် တို့ကို သူတို့ အားကိုးလာချင်အောင် အလုပ်လုပ်ပါ၊ ငါတို့တပ်ထဲမှာတော့ ငါတို့အချင်းချင်း ပြောနည်းဆိုနည်း၊ လုပ်နည်းကိုင်နည်း၊ အမူအရာတို့ဟာ စစ်စကားပြော၊ စစ်သံပေး၊ စစ်အမူအရာထား၊ စစ်မာန်သွင်းတဲ့ အလေ့အထ ရှိကြပေမဲ့ အပြင်ဘက်က လူတွေအဖို့မှာ ဒါမျိုးတွေဟာ အထူးအဆန်းဖြစ်နေတယ်။ ဒါကြောင့် သူတို့နဲ့ကျရင် စစ်သား အနေမျိုး မဟုတ်ဘဲ ရိုးရိုး ဗမာတဦးအနေနဲ့ ဆက်ဆံကြရမယ်၊ အဲဒါကို သတိထားကြရမယ်၊ လူတွေရဲ့စိတ်ထဲမှာ ငါတို့ဟာ ဓားရှိလို့ လက်နက်ရှိလို့ မတရားလွှမ်းမိုးချုပ်ချယ်တယ်၊ အနိုင်ကျင့်တယ် ဆိုတဲ့သဘောမျိုး မရောက်ပါစေနဲ့။ လူတွေရဲ့စိတ်ထဲမှာ ဒီတပ်မှဒို့တပ်၊ ဒီလူတွေမှဒို့လူ၊ ဒို့အားကိုးရမယ် ဆိုတဲ့သဘောမျိုး ရောက်ပါစေ။…"

No comments:

Post a Comment

Ads 468x60px

Featured Posts