Saturday, December 10, 2011

ရွာပုန်းပြီးရင် မြို့ ပုန်းတဲ့ဟေ့

  ကျနော် ဆောင်းပါးတွေရေးရင်းနဲ့ တခုစဉ်းစားလာမိတယ်။ ကျနော့်စာဖတ်ပရိတ်သတ်တွေ ကျနော့်စာ တွေဖတ်ပြီး ပျင်းများနေကြမလားမသိဘူးလို့။ ဒီလိုလေးလည်း တွေးမိပြီးတော့ ကျနော်ထပ်စဉ်းစားမိလာပြန် တယ်။ တခြားတော့မဟုတ်ပါဘူး။ ကျနော်တို့ ဗိုလ်လောင်းတုန်းက မြေပုံဖတ်သင်ခန်းစာအမှားလေးတွေကို ပြန် မြင်ယောင်ရင်း ကျနော်အကြံတခုရလာတယ်။ ဘာလဲဆိုတော့ ကျနော်တို့ စစ်ဆင်ရေးဝင်တဲ့ဒေသတွေကို သွား ကြတဲ့အခါမှာ မြေပုံပေါ်မှာမရှိတဲ့ရွာကို ရွာပုန်း မြေပုံပေါ်မှာရှိပြီး လက်တွေ့မြေပြင်မှာမရှိတော့ ရွာပျက်ပေါ့။ ဒီ တော့ ကျနော်တို့ကိုင်ထားတဲ့ မြေပုံဆိုတာက ဟိုး အင်္ဂလိပ်လက်ထက်က ဆွဲသွားတဲ့ မြေပုံတွေပေါ့။ (ခုတော့ UTM တွေနဲ့အစားထိုးနေပါတယ်။) ဒီတော့ ဒီလောက်နှစ်တွေအကြာကြီးအတွင်းမှာ တိုင်းရင်းသားဒေသတွေ မှာရိုးရာအစဉ်အလာအရ လုပ်ကိုင်စားသောက်ဘဝကြီးပြင်းမှုအနေအထားတွေအရ လက်ရှိရွာတွေ ပျောက် ပျက်သွားနိုင်သလို ရွာအသစ်တွေလည်း ပေါ်ပေါက်လာနိုင်တယ်ဆိုတာကို ကျနော်တို့ မတွေးခဲ့ကြပါဘူး။ ဒီ တော့ ခပ်လွယ်လွယ်ပြောရရင် မြေပုံပေါ်မှာမတွေ့တဲ့ ရွာကိုတွေ့တယ်ဆိုရင် ကျနော်တို့က ရွာပုန်းပဲ၊ ရွာပုန်း ဆိုသေချာတယ် သူပုန်တွေနေတာ။ ဒါလေးက ကျနော်တို့ရဲ့ ပုံသေနည်းပေါ့။ ခုကျနော်လည်း အဲဒီပုံသေနည်း လေးနဲ့ ဆက်စပ်စဉ်းစားလိုက်တာ မထင်လိုက်ဘူး ကျနော်တို့နိုင်ငံမှာ မြို့ပုန်းကြီးရှိနေတယ်။
          ရွာတွေမှာက အစိုးရကိုတော်လှန်သူတွေပုန်းအောင်းတယ်ဆိုရင် မြို့တွေမှာက ဘယ်သူတွေပုန်း အောင်းလဲပေါ့။ အမလေး မြို့မှာပုန်းအောင်းတာကမှ တကယ့်အကြီးစား အကြမ်းဖက်ဖျက်ဆီးရေးသမားတွေဗျ။ ကျန်တာမကြည့်နဲ့။ ဘင်လာဒင်ကိုပဲကြည့် သူက ရွာမှာသွားပုန်းနေတာမှမဟုတ်တာ။ တကယ့်ကို မြို့ပေါ်မှာ တိုက်နဲ့ ကိုပုန်းနေတာ။ ခုကျနော်တို့ မြန်မာနိုင်ငံမှာလည်း အတူတူပဲ။ ကျနော်တို့ ရွာပုန်းတွေ့ရင် ရှင်းလင်းရေး လုပ်ကြတယ်။ မြို့ပုန်းကို ကျနော်တို့တွေ ရှင်းလင်းရေးမလုပ်သေးဘူး။ ကျနော်တို့ မျက်စေ့ချော်နေတယ်။ ကျ နော်တို့ ပြောပြောနေကျစကားလေးရှိတယ်။ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးပဲ ဆိုတာလေးပေါ့။ ခုလည်း အဲလိုပဲ။ အထင်အရှားနဲ့နေနေတော့ သူတို့က အလုံခြုံဆုံးတွေဖြစ်နေတယ်။ အော် ငါတို့ကိုများနော် သင်ပေး တာလက်တွေ့ကျကျသင်ပေးတာပါလား။
          ကျနော်တို့ဟာ ခေတ်ကာလအလျောက် တိုးတက်ပြောင်းလဲတာကို လက်ခံရမယ့်အစား ဒါကိုလက်မခံ ဘဲ ပြောင်းလဲမှုကို ရင်ဆိုင်ရမှာ ကြောက်နေကြတယ်လို့ ထင်မိပါတယ်။ တကယ်ဆို ကျနော်တို့က ရွာတွေတွေ့ လို့ မြေပုံမှာမပါရင်။ အော်ရွာသစ်တည်ထားတာပါလား။ ဘာတွေများလိုအပ်လေမလဲ လို့တွေးမိခဲ့ကြရဲ့လား။ သူပုန်ဖြစ်နေရင်တောင် လက်နက်မကိုင်ထားသေးသရွေ့ ကိုယ့်ကို ရန်မမူသေးသရွေ့ သူတို့ဟာ ကျနော်တို့ ပြည်သူပြည်သားအဖြစ်ပဲ မှတ်ယူပြီး ကူညီပံ့ပိုးပေးကြရမယ်မဟုတ်ပါလား။ ဒါလေးကိုတွေးမိတော့ ကျနော် ကြည့်ဖူးတဲ့ Black Hawk Down ဆိုတဲ့ ဇာတ်ကားလေးကိုသွားသတိရမိတယ်။ ဇာတ်ကားလေးကနေ အသိတ ရားတွေပေးလိုက်တယ်။ ဘာကိုပေးလိုက်တာလဲဆိုတော့။ အဲဒီမှာ အမေရိကန်စစ်သားတွေသွားရင်ဆိုင်တဲ့ မြို့ကတကယ့်ကို မြို့တွင်းသူပုန်တွေ။ လူတိုင်းက လက်နက်ကိုင်ပြီး သူတို့ကို တိုက်နေတာ။ ကုန်ကုန်ပြောရရင် ကလေးကအစ မိန်းမကြီးတွေအဆုံးပါပဲ။ ဒါပေမယ့် သူတို့က မြင်သမျှလူအကုန်မပစ်ဘူး။ ဇာတ်ဝင်ခန်းလေး တစ်ခန်းမှာဆိုရင် မိန်းမကြီးတစ်ယောက်က ပြေးလာတယ်။ အမေရိကန်စစ်သားကမြင်တယ်။ မိန်းမကြီးပြေးလာ တဲ့လမ်းကြောင်းက ကျနေတဲ့ သေနတ်တစ်လက်ဆီ။ အမေရိကန်စစ်သားက ပါးစပ်ကနေရွတ်နေတယ်။ သေနတ်ကို မကောက်နဲ့ မကောက်နဲ့တဲ့။ အော်လည်းအော်တယ်။ ဒါပေမယ့် မိန်းမကြီးက ကောက်တယ်။ ပစ်ဖို့ ချိန်တယ်။ အဲဒီတော့မှ အမေရိကန်စစ်သားက ပစ်တယ်။ ဒါလေးနဲ့ ကျနော်တို့ မြန်မာပြည်က လက်ရှိတိုင်းရင်း သားဒေသတွေမှာ ဖြစ်နေတဲ့ လက်ရှိ အဖြစ်အပျက်တွေနဲ့ ချိန်ထိုးစဉ်းစားလိုက်တော့ ကျနော်သိပ်ကို ဝမ်းနည်း သွားရတယ်။ ဟိုမှာက တိုင်းပြည်မတူ လူမျိုးမတူ။ ဒါပေမယ့် စာနာစိတ်တွေ မေတ္တာတွေနဲ့။ ကျနော်တို့မှာ ကိုယ့် နိုင်ငံတစ်ခုထဲသားတွေ ကိုယ့်ပြည်သူတွေ ဒါပေမယ့် သူပုန်ရွာဆိုပြီး ရှင်းပစ်လိုက်တာတွေ။ ရွာလုံးကျွတ် သတ် ပစ်တာတွေ။
          ကျနော်တို့တွေ ရွာပုန်းတွေကိုရှင်းပြီးရင် တစ်ဆင့်တက်ရှင်းရမယ့် နေရာက မြို့ပုန်းပဲရှိတော့တယ်။ အဲဒီ မြို့ပုန်းကိုသာ ရှင်းလိုက်နိုင်ရင်တော့ ကျနော်တို့ နိုင်ငံကြီး အကောင်းဘက်ကို ဦးတည်သွားဖို့ များပါတယ်။ ကျ နော်တို့ တစ်ချိန်က ကိုင်တဲ့မြေပုံအရ မြေပုံပေါ်မှာမရှိတဲ့မြို့တွေပေါ်ထွက်လာခဲ့တာပဲ။ ဘာလို့ မြို့ပုန်းလို့ မခေါ် ဘဲ အသစ်ပေါ်ထွက်လာတဲ့ ရွာလေးတွေကျတော့ ရွာပုန်းလို့ခေါ်တာလဲ။ ဘာလဲ လူသူအရောက်အပေါက်နည်း ပြီး တောထဲမှာရှိနေလို့လား။ ဒါမှမဟုတ် စာရင်းမတင်ထားလို့လား။ စာရင်းတင်မှ တရားဝင်တာလား။ ကျနော် လည်းစဉ်းစားရင်းအဖြေထုတ်ရခက်လာပါတယ်။ ကျနော်စဉ်းစားမိတယ်။ ရွာပုန်းလို့ပြောတဲ့ ရွာတွေ ဘယ်နှရွာ များ အရှင်းခံလိုက်ရပြီလဲ။ အဲဒီရွာတွေက ဘယ်နှယောက်များ ရက်စက်စွာ အသတ်ခံလိုက်ရပြီလဲ။ ကျနော်တို့ တပ်ထဲမှာတုန်းကတည်းက ကြားနေရတာပါပဲ။ အချို့ အတွေ့အကြုံရှိတဲ့ စီနီယာကြီးများပြောတာကိုပေါ့။ က လေးကအစ ကြီးရင်သူပုန်ဖြစ်လာမှာ ဒီတော့ ငယ်ငယ်ကလေးကတည်းက သတ်ပစ်လိုက်တယ်ဆိုတာတွေ။ ဒါ တွေကို အဲဒီတုန်းကတော့ ဟုတ်သလိုလိုပဲ။ ဟုတ်တယ်လေ တစ်ချိန်မှာ ရန်သူဖြစ်လာမယ့် သူကို ခုကတည်း ကရှင်းပစ်လိုက်တာ မှန်တာပေါ့လို့။ နောက် အဲဒီလိုလုပ်ရတာကိုပဲ ဂုဏ်ယူသလိုလို။ အဲလိုလုပ်လာပါတယ် ဆိုတဲ့ သူတွေကိုလည်း အားကျသလိုလို။ တကယ်ဖြစ်ခဲ့ပါတယ်။
          ပြောရရင်တော့ သူ့ဘက်ကိုယ့်ဘက်ရင်နာစရာတွေချည်းပါပဲ။ ကျနော့်ဆရာသမားတစ်ယောက်ပြော ပြတဲ့ သူ့အတွေ့အကြုံအရဆိုရင် တော်တော်တောင်လန့်သွားတယ်။ ဘာလဲဆိုတော့ သူတို့စစ်ကြောင်းသွားရင်း သူ့တပ်ခွဲမှူး အဖမ်းခံလိုက်ရတယ်။ ဒါနဲ့ သူ့ကိုပြန်ကယ်ဖို့ မီးပျောက်ရိက္ခာ ၃ ရက်စာနဲ့ လိုက်ရတယ်လို့ဆိုပါ တယ်။ မီးပျောက်ရိက္ခာက ဘာလဲဆိုတော့။ အမဲသားခြောက်၊ ငြုပ်သီးခြောက်၊ ထမင်းခြောက်နဲ့ပါတဲ့။ ကောင်း လိုက်တဲ့ မီးပျောက်ရိက္ခာနော်။ အဲဒီပြန်လည်ကယ်ဆယ်ရေးကို သူဦးစီးတယ်လို့လည်းဆိုပါတယ်။ ဒါနဲ့ လိုက်ရင်း ၄ ရက်မြောက်နေ့မှာတော့ ရွာပုန်းတစ်ရွာတွေ့လို့ ရွာကိုပစ်ရှင်းရှင်းပြီး ကလေးကစ ခွေးအဆုံး အ ကုန်သတ်ပစ်တယ်လို့ဆိုပါတယ်။ ကျနော်သတိထားမိတာတော့ သူအဲလိုပြောတဲ့အချိန်မှာ ဂုဏ်ယူတဲ့လေသံ မဟုတ်ဘူး။ ဝမ်းနည်းကျေကွဲနေတဲ့အသံ။
          သူပြောပြချက်အရဆိုရင် ဗိုက်ကြီးသည်တွေတောင်ပါတယ်လို့ဆိုပါတယ်။ ဓါးစားခံတွေလည်း ဖမ်းထား ပေါ့လေ။ နောက်တော့ ရှင်းလင်းရေး လုပ်ပြီး ရိက္ခာကလည်း ကုန်ဆိုတော့ ဗိုက်ဆာဆာနဲ့ အဲဒီရွာပုန်းမှာရှိတဲ့ အိမ်တွေပေါ်ကို စားစရာတက်ရှာတယ်ဆိုပဲ။ အဲဒီမှာ တာလပေါဟင်းအိုးတွေ့လို့ စားကြတယ်တဲ့။ သူ့ကိုတောင် သူ့ရဲဘော်က ဟန်းကောတစ်ကျိုင့်စာ လာပေးလို့ စားလိုက်တယ်လို့ဆိုပါတယ်။ နောက်တော့ အိမ်တစ်အိမ်ပေါ် ကနေ ရဲဘော်တစ်ယောက်ရဲ့ အော်သံကို သူကြားတယ်တဲ့။ ဒါနဲ့ ဘာများဖြစ်တာလဲ ဆိုပြီးနေရာယူဘာညာလုပ် ပြီးအခြေအနေကိုမေးတော့ ဗိုလ်ကြီးတာလပေါအိုးထဲမှာ တာလပေါအိုးထဲမှာနဲ့ ရဲဘော်မှာ ကြောက်ကြောက် လန့်လန့်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါနဲ့ ရဲဘော်လေး ညွှန်ပြတဲ့ တာလပေါအိုးကို ကြည့်တော့ အဲဒီအိုးထဲမှာ သူတို့ကယ်ဆယ်ရေးလိုက်လုပ်နေတဲ့ တပ်ခွဲမှူးရဲ့ ခေါင်းပြတ်ကို တွေ့တယ်လို့ဆိုပါတယ်။ သူလည်း အဲဒီမှာ အဲဒီတပ်ခွဲမှူးကို အရမ်းချစ်တော့ ယူကျုံးမရ ဝမ်းနည်းပြီး ဒေါသထွက်ပြီး ဖမ်းထားတဲ့ ရွာသားတွေကို အကုန် တစ်ယောက်မကျန်သတ်ပစ်တယ်လို့ဆိုပါတယ်။ အဲဒီတုန်းက သူ့အသက်က ၂၀ ကျော် ၂၁ ဝန်းကျင်ပါတဲ့။ သူ့နောက်ဆုံးပိတ်စကားကတော့ မင်းတို့လက်ထက်ကျရင် အဲလိုဘယ်တော့မှ မဖြစ်စေနဲ့တဲ့။ ငါတို့က သဘော ထားကြီးရမယ်တဲ့။ သူတို့က ရွာတွေမှာနေပြီးဘာမှမသိနားမလည်လို့ လုပ်တာမမှားဘူးတဲ့။ နောက်သူတို့ခံလာ ရတာက နိုင်ငံရေးဖြစ်စဉ်နောက်မှာ ငါတို့တပ်မတော်ရဲ့ အမှားတွေကြောင့်လည်းပါတယ်လို့ဆိုပါတယ်။ ဒီတော့ ငါတို့ မင်းတို့က ခုလိုတက္ကသိုလ်ပညာတွေသင်ပြီး အသိတရားရှိ ပညာတတ်ပြီး ငါ့လိုလုပ်တာဟာ သိပ်ကိုမှား ယွင်းတဲ့လုပ်ရပ်ဖြစ်တယ်တဲ့။ ဒီတော့တပည့်တို့ကိုမှာချင်တာက စာများများဖတ်ပါ။ ဒါမှ ခုလိုအမှားတွေမဖြစ်မှာ တဲ့။ ငါတို့လက်ထက်ကမှားခဲ့တာတွေ မင်းတို့လက်ထက်မှာ မမှားပါစေနဲ့တဲ့။
          ဒီဇာတ်လမ်းလေးကိုပြန်ကြည့်လိုက်ရင် သိပ်ကိုဝမ်းနည်းဖို့ကောင်းတယ်။ လုပ်ခဲ့သူမှာလည်း နောင်တ တွေနဲ့။ လက်တလောစိတ်ဒေါသထွက်လာမှုကိုမချုပ်တည်းနိုင်လိုက်တော့ တစ်သက်လုံးနောင်တတွေနဲ့။ ဒါပေ မယ့် လက်တွေ့စစ်မြေပြင်မှာ သွားတိုက်နေရတဲ့ သူတို့အဖို့က သူတို့လုပ်ရပ်က မှားတယ်လို့မဆိုနိုင်ဘူး။ တခြား အနေနဲ့ကြည့်ရင်တော့မှားတာပေါ့။ ဒါပေမယ့် သူတို့တိုက်နေခိုက်နေကြရတဲ့ အခြေအနေတွေမှာ ကိုယ့်လူတွေ ကျဆုံးနေရတာတွေ ခုလိုဖြစ်တာတွေကြောင့် ရင်ထဲကထွက်လာတဲ့ ဒေါသတွေနဲ့ မမှားသင့်တာတွေမှားကြရ တယ်။ ဒီအမှားတွေကို ပြန်ကြည့်ရင်တော့ နှစ်ဖက်လုံးမှာရှိနေတာပဲလေ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မဆိုသာ ဘူး။ ဒီလိုအဖြစ်တွေမဖြစ်အောင်ကိုသာ နှစ်ဖက်ခေါင်းဆောင်တွေက နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာကြရမှာဖြစ် ပါတယ်။ မဟုတ်ရင်တော့ အောက်လက်ငယ်သားတွေမှာ ခုလိုမလိုလားအပ်တဲ့ အမှားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရမှာပါပဲ။
          ဒါပေမယ့် ကျနော်ဖြစ်နိုင်မယ်ဆိုရင် ကျနော့်ဆရာကိုပြောကြည့်လိုက်ချင်တယ်။ ဆရာရေ။ ဆရာ့အဲဒီ မှာတုန်းက ရွာပုန်းလေးကိုရှင်းခဲ့တဲ့ အတွက်ရနေရတဲ့ နောင်တတွေကို ဆရာ့အနေနဲ့ ကျေချင်ရင်တော့ ကျနော်တို့ နိုင်ငံရဲ့ မြို့ပုန်းကြီးကို ရှင်းပေးပါလို့။ ဒါဆိုရင်တော့ ဆရာ့တပည့်များဖြစ်တဲ့ ကျနော်တို့ ညီအကိုတွေ ဟာ ဆရာပြောသလို ဆရာ့လိုလည်း ဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး။ နောက်ပြီး တိုင်းရင်းသားပြည်သူ တွေလည်း ပျော်ရွှင်ချမ်းမြေ့ပါလိမ့်မယ်။ အခြေအနေတွေအမျိုးမျိုးကြားမှာ ဆရာကတော့ ငါ့လိုမမှားကြနဲ့လို့ မှာလိုက်ပေမယ့်လို့။ လက်တွေ့မြေပြင်မှာ တဒင်္ဂ ခံစားရတယ့် ခံစားချက်ကို အကြောင်းပြုပြီး ဒီလိုအမှားမျိုးတွေ တပည့်တွေ ရည်ရွယ်ခြင်းမရှိသော်လည်း ကျူးလွန်မိနေပါလိမ့်ဦးမယ်ဆရာ။ ဒီတော့ ဆရာ နောက်နောင်များဆို ရင် ကျနော့်ညီငယ် ဆရာ့တပည့်တွေကို ရွာပုန်းကတော့ ငါတို့ရှင်းခဲ့ပြီးပြီ။ မင်းတို့အလှည့်ကျရင်တော့ မြို့ပုန်းပဲ လို့ ဆရာမှာပေးပါလားဆရာ။ ကျနော်လည်း ဒီဆောင်းပါးလေးကနေ ညီငယ်တွေ သူငယ်ချင်းတွေကို ပန်ကြား လိုက်ချင်တာကတော့ ကဲ ညီအကိုအပေါင်းတို့ရေ ရွာပုန်းပြီးရင် မြို့ပုန်းတဲ့ဟေ့….။

ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts