Friday, December 30, 2011

ဟေ..ရဲဘော်….ရဲဘော်….စစ်သည်တော် (သို့) အကြွေစောသူများ(အပိုင်း-၁)

လက်ရှိ တပ်မတော်စစ်ကြောင်းများနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ဟာ ကချင်ပြည်နယ်
နေရာအနှံ့အပြားမှာ တိုက်စစ်ဆင်နေကြပါတယ်။ မြန်မာ့တပ်မတော် ကလည်း ဒေသငြိမ်းချမ်းရေး၊ ဒေသလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း ကချင်ပြည်နယ်လူထုအတွက် ကချင်ပြည်နယ်လူထု နဲ့ အနာ ဂတ် ဖက်ဒရယ်ပြည်ထောင်စု စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ခုခံစစ်ပွဲတွေဆင်နွှဲနေတယ်။ နှစ်ဖက်စလုံး ကတပ်မတော်သားအသီးသီးဟာ ဒီလိုတိုင်းပြည်နဲ့ ကိုယ်ပြည်သူလူထုကောင်းစားဖို့ ဆန္ဒတွေကိုယ်စီရှိနေပြီး ဘာလို့ တဖက်နဲ့တဖက်တိုက်ခိုက်နေတာလဲ။ ကချင်လွတ်မြောက်ရေးတပ်မတော်က မြစ်ဆုံဆည်ကိစ္စနဲ့ပတ် သက်ပြီး စတင်တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်စစ်ကြောင်းတွေကလည်း ဒေသလုံခြုံရေးဆိုပြီး ထိုးစစ်ဆင်တွေ ဆင်တယ်။ တဖက်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးစကားကမ်းလှမ်းခဲ့သလို လက်ရှိမှာလည်း ပြည် ထောင်စုအစိုးရနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းနေတယ်။
ဒီလိုငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ်မှာ ဝမ်းမြောက်စွာကြိုဆို ပါတယ်။ ဒါဟာ နှစ်ဖက်ခေါင်းဆောင်များက တိုင်းပြည်နဲ့ ကိုယ့်ပြည်သူအတွက် အမျှော်အမြင်ရှိစွာနဲ့ စလိုက်တဲ့ ခြေလှမ်းသစ်ပါပဲ။ ဒီခြေလှမ်းကနေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တက်လှမ်းနိုင်ပါစေလို့လည်း ဆု တောင်းမိပါတယ်။
ဒါပေမယ့် တဖက်မှာ ဒီလိုငြိမ်းချမ်းရေးစကားသံတွေနဲ့အတူ အနာဂတ်တိုင်းပြည်အတွက် ပျော်ရွှင်ဖွယ် စကားသံတွေကို ကြားနေရသလိုပဲ တဖက်မှာကလည်း တပ်မတော်စစ်ကြောင်းက ထိုးစစ်ဆင်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော်ကလည်း စစ်ရေးအရ လမ်း၊ တံတားတွေနဲ့ တပ်မတော် စစ်ကြောင်းတွေကို ပျောက်ကြားတိုက်ခိုက်နေတယ်။ ဒီလိုတိုက်ခိုက်တဲ့အတွက် လမ်း၊ တံတားပျက်စီးမှုတွေက ဘယ်လိုရှိတယ်။ နှစ်ဖက်အထိအခိုက်အကျအဆုံးက ဘယ်လောက်ရှိတယ် ဘယ်သူတွေကတော့ ဘယ်လို ဖြစ်ကုန်ပြီဆိုပြီး ထပ်ကြားနေရတော့ ရင်ထဲမှာ မကောင်းဘူး။ ဒီသတင်းတွေကြားရတော့ အထက်မှာ ကြားရတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတယ်ဆိုတဲ့ ကိစ္စကို သံသယဖြစ်လာတယ်။ ဒါပေမယ့် ဒီလိုအရေးကြီးနေတဲ့အချိန်မှာ သံသယတွေ မထားတာက အကောင်းဆုံးပါပဲဆိုပြီးကိုယ့်ကိုကိုယ်ဖြေသိမ့်ခဲ့တယ်။ တကယ်လို့များ ပြည်ထောင် စုအစိုးရအနေနဲ့ အမှန်တကယ်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ကော ပြည်တွင်းအတိုက်အခံ နိုင်ငံရေးပါတီ များနဲ့ပါ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး အပြောင်းအလဲကို အမှန်တကယ်လုပ်နေကြပါတယ်ဆိုရင် ဒီလိုလက်တ လောတိုက်ပွဲမှာ ပေးဆပ်လိုက်ရတဲ့ နှစ်ဖက်ရဲဘော်များနဲ့ ပြည်သူတွေ၊ ဆုံးရှုံးသွားတဲ့ ဘဏ္ဍာတွေကို ဘာလို့ ထည့်မတွက်ကြတာလဲလို့လည်း ကိုယ့်ကိုကိုယ်မေးခွန်းထုတ်မိတယ်။
အားလုံးက အမှန်တကယ် ပြောင်းလဲမှုကို လိုလားတယ်ဆိုရင် ဒီစစ်ပွဲတွေကို အရင်ရပ်ကြရပါလိမ့်မယ်။ နိုင်ငံရေးအရ ဒီလိုဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်မီးနဲ့တကွ အရာအားလုံးကို အဆုံးသတ်ဖို့ရာ လက်ရှိအချိန်က စလို့လုပ်သင့်ပါပြီ။ ယုံကြည်ချက် ခံယူချက် နိုင်ငံရေးသဘောတရားတွေနဲ့ တိုက်နေကြသလို တိုင်းပြည်နဲ့ လူမျိုး ရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတဲ့ အမျိုးသားရေးဦးတည်ချက်များကို ဦးထိပ်ပန်ဆင် ထားတဲ့ တပ်မတော် ဘာလို့ တိုက်နေကြတာလဲ။ မိမိတို့ လူ့ဘောင်လောကမှာ အင်အားကြီးသူနဲ့ အင်အားနည်း ပြဿနာတစုံတရာ ဖြစ်လာရင် အင်အားနည်းသူဘက်ကနေ ရပ်တည်ပေးရပါမယ်။ ဒါပေမယ့် တရွာနဲ့ တယောက်ဆိုတဲ့ အဖြစ်မျိုး ကိုဆိုလိုတာတော့မဟုတ်ပါဘူး။ နှစ်ဖက်ရပ်တည်ချက်တွေအရ မှန်ကန်တယ်။ အ ကောင်းကိုပဲဦးတည်တယ် ဒီလိုကိစ္စမျိုးတွေမှာတော့ ကျနော်တို့က အားနည်းသူကို ဦးစားပေးရပါမယ်။ လက်ရှိ တပ်မတော်က အင်အားကြီး သူပါ။ သူ့မှာ ကြည်း၊ ရေ၊ လေ စတဲ့ တပ်မတော်ကြီးရှိတယ်။ နိုင်ငံတကာအဆင့်မှီ လက်နက်တွေတပ်ဆင်ထားတယ်။ ဒီတော့ တပ်မတော်သားများနဲ့တကွ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနှင့်သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အနေနှင့်သော်လည်းကောင်း စတင် အလျှော့ပေးရပေ မည်။
ထို့ပြင် မိမိတို့ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့ဦးထိပ်ပန်ဆင်ထားသည့် ဒို့တာဝန်အရေးသုံး ပါးကို ပြန်ပြောင်းသုံးသပ်ကြရပေမည်။
၁။ ပြည်ထောင်စုမပြိုကွဲရေး
    ပြည်ထောင်စုဟု အဘယ်ကြောင့်ခေါ်တွင်ရသနည်း။ မိမိတို့ မြန်မာနိုင်ငံသမိုင်းကို ပြန်ပြောင်းသုံးသပ် ကြမည်ဆိုလျှင် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီးတို့ သည် ရှေးအစဉ်အလာအားဖြင့်လည်း ကိုယ့်လူမျိုး ကိုယ့်ရပ်ရွာ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည့် အစဉ် အလာရှိသော လူမျိုးများဖြစ်ကြသည်ကို အကြမ်းဖျဉ်းတွေ့ရှိရပေသည်။ ထိုမှ ပဒေသရာဇ်ခေတ် အုပ်ချုပ်ရေး အရ အင်အားကြီးသူထံ အင်အားနည်းသည့် အုပ်ချုပ်သူ ဘုရင်၊ စော်ဘွား၊ အကြီးအကဲများမှ ပဏ္ဍာဆက်သခဲ့ ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့သည်ကို တွေ့ကြရပေမည်။ ထို့ပြင် တိုင်းတပါးကျူးကျော်မှုများကို လည်းအတူတကွတွန်းလှန်ခဲ့ကြသည်ကို သာဓကပေါင်းများစွာဖြင့် တွေ့ရှိနိုင်ပေသည်။ ထိုမှသည် တိုင်းတပါး လက်အောက်သို့ သူ့ကျွန်ဘဝရောက်ရှိခဲ့ကြရာတွင်လည်း စုစည်းမှုမရှိခဲ့ကြသော်လည်း ကိုယ့်ဒေသအလိုက် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည့် မျိုးချစ် သူရဲကောင်းပေါင်းများစွာကိုလည်း တွေ့မြင်ကြရမည်ဖြစ်ပေသည်။ ထိုမှတဆင့်တက်ကာ လွတ်လပ်ရေးကြီးရယူခါနီးတွင် ထိုဒေသများကို အတူတကွဖြင့် ပြည်ထောင်စုနိုင်ငံတော် တည်ထောင်ကာ ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာရပ်တည်နိုင်ရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူစာချုပ်ချုပ်ခဲ့ကြသည့် ပင်လုံစာချုပ်သည်လည်း ငြင်းမရသည့် သက်သေ ကြီးပင်ဖြစ်ပေတော့သည်။ ထိုသို့ သမိုင်းနောက်ခံများ၊ အစဉ်အလာများဖြင့်အတူယှဉ်တွဲနေထိုင်လာကြသည့် မိမိတို့ ပြည်ထောင်စုကြီးသည် ယခုအခါ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေကြသည်ကို တွေ့ရတော့ တမ လွန်သို့ ရောက်သွားကြပြီဖြစ်သော မိမိတို့ ခေါင်းဆောင်များတွေ့လျှင် အဘယ်မျှလောက်ဝမ်းနည်းနေပေလိမ့် မည်နည်း။ ပင်လုံစာချုပ်ပါ ကတိကဝတ်များဖြင့် ဦးနုအစိုးရလက်ထက်တွင် ဖက်ဒရယ်မူအကောင်အထည်ဖော် ရေးအတွက် ခေါင်းဆောင်များအားထုတ်ကြိုးပမ်းကြစဉ် ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်နေဝင်း၏ အာဏာမက် မောမှုကြောင့် မိမိတို့ နိုင်ငံတော်ကြီး၏ လှပသောအနာဂတ်သည် လေထဲတိုက်အိမ်ဆောက်ဖြစ်ခဲ့သလို နေ့မြင် ညပျောက်ဆိုသလို ဘုန်းဘုန်းလဲခဲ့ရပေသည်။
    ဗိုလ်နေဝင်း၏ တစိုက်မတ်မတ်သွေးထိုးမှုများနှင့် သွေးခွဲမှုများသည် ယနေ့တိုင် မိမိတို့ တပ်မတော် ခေါင်းဆောင်များနှင့် အရာရှိငယ်များကြား၊ စစ်သည်များကြားတွင်သာမက အချို့ပြည်သူများထိပါ သံမှိုစွဲသလို တွေးထင်ထားသည်ကား ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာကွဲထွက်မည့် မူဖြစ်သည်။ လက်ရှိတိုင်းရင်းသားတပ်ဖွဲ့များသည် ကိုယ်ပိုင်နိုင်ငံကို တည်ထောင်ရန်ကြိုးပမ်းနေကြသည်ဟု ထင်မြင်နေကြ သေးသည်မှာ အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းသော အချက်တချက်ဖြစ်သည်ကိုလည်း ငြမ်းမရပေ။ မှန်ပါ သည် တိုင်းရင်းသားများထဲမှ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်နိုင်ငံထူထောင်မည်ဆိုသော ပြောဆိုချက်များ ရှိခဲ့ပါသည်။ မရှိပါ မပြောခဲ့ပါ မကြားခဲ့ပါဟုလည်း မိမိအနေဖြင့် စောဒကမတက်လို။ ထိုနည်းတူစွာ မိမိတို့ တပ်မတ်ာသားများကလည်း ငါတို့ စစ်တပ်အုပ်ချုပ်လို့ တိုင်းပြည်ဒီလောက်တိုးတက်နေတာ ငါတို့မအုပ်ချုပ်ရင် တိုင်းပြည်က ဖာဖြစ်တာကြာပြီဆိုသည့် အမြင်နှင့် ထိုသို့သော စကားများကို ပြောခဲ့သည်များကိုလည်း ငြင်းရန် မသင့်ပေ။ သို့သော် ထိုသူများသည် အစွန်းရောက်သူများဖြစ်သည်ကို အမှန်တကယ်အကျိုးလိုလားသည့် ခေါင်း ဆောင်များအနေနှင့် ထိုအားနည်းချက်များကို လိုက်ထောက်ရန်မသင့်ချေ။ ထိုသို့ပြောသဖြင့် လိုက်ထောက်နေ ပါသည်ဟု မဆိုလိုပေ။ ထောက်ခဲ့သည်များရှိသဖြင့် နောင်အရှည်တွင် ဤသို့သော ကိစ္စများ ထပ်မံမဖြစ်စေရေး အတွက် ပညာရှိသတိဖြစ်ခဲ ဆိုသည့်စကားရပ်အတိုင်း အကြံပြုခြင်းသာဖြစ်ပေသည်။
    အမှန်တကယ်တွင် မိမိတို့ တပ်မတော်သားများအနေဖြင့် ဖက်ဒရယ်ဆိုသည့် စကားရပ်ကို နားလည် အောင်ကြိုးပမ်းသင့်သလို တပ်မတော်ခေါင်းဆောင်များနှင့် အစိုးရခေါင်းဆောင်များ အတိုက်အခံခေါင်းဆောင် များ၊ နိုင်ငံရေးခေါင်းဆောင်များမှ နားလည်အောင် ရှင်းလင်းသင့်သည့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပေ သည်။ မိမိနားလည်သလောက်ပြောရလျှင်မူ ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးမူမဟုတ်ပါ။ တန်းတူညီမျှနေထိုင် ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဆိုလိုသည်ဟု နားလည်သဘောပေါက်ထားပါသည်။ တခါတရံတွင် အင်တာနက် စာမျက်နှာများ၌ တွေ့ရသည့် အချို့ပုံများမှာ မိမိကို ရင်နင့်နေအောင်ခံစားရစေပါသည်။ မည်သို့သောပုံမျိုးနည်း။ မိမိတို့လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် မြေပုံကို နယ်မြေအလိုက်ခွဲခြမ်းလိုက်ကာ ဟထားသော ဓါတ်ပုံကို တင်ကာ ဒီလိုမဖြစ်အောင် တပ်မတော်က ကာကွယ်နေပါသည် ဆိုသောရေးသားချက်များပင်တည်း။ မှတ်မှတ် ရရဆိုရပါလျှင် (မူရင်းရေးသားချက်အတိုင်း တိကျချင်မှတိကျပေလိမ့်မည်။) တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များ အရေးသာသွားလျှင်ဆိုပြီး အထက်တွင်တင်ပြထားသော မြေပုံပုံနှင့်အတူ ကချင်ကလည်း ကချင်နိုင်ငံ တော်၊ ရှမ်းကလည်း ရှမ်းနိုင်ငံ၊ ကရင်ကလည်း လွပ်လပ်သော ကရင်နိုင်ငံ၊ ကရင်နီကလည်း လွတ်လပ်သော ကရင်နီနိုင်ငံ၊ မွန်ကလည်း မွန်နိုင်ငံ၊ ရခိုင်ကလည်း ရခိုင်နိုင်ငံ… စသဖြင့် ခွဲထွက်ကုန်ကြလိမ့်မည်။ အချင်းချင်း စစ်မက်ဖြစ်ပွါးပြီး ပိုမိုဆိုးရွားစေလိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရပါသည်။

No comments:

Post a Comment

Ads 468x60px

Featured Posts