Saturday, December 10, 2011

 ဖြစ်ရပ်မှန်လေးတစ်ခုပါ။
ကြာတော့ကြာခဲ့ပါပြီ။ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၂၆)စစ်ရေယာဉ်စု(ယခု ရယစ-၃၆) တွင်တာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီးတစ်ဦး ပြစ်မှုကျူးလွန်သဖြင့် အမှုစစ်ဆေးကာ အရပ်ဘက် အကျဉ်းထောင် (အင်းစိန်)၌ ပြစ်ဒဏ်ကျခံစေရန် စစ်တရားရုံးကအမိန့်ချမှတ်လိုက်သည်။
တရားခံအားအကျဉ်းထောင်သို့ ပို့ဆောင်သောနေ့တွင် တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့ လိုက်ပါခြံရံပို့ဆောင်ပါသည်။ ထောင်ဗူးဝ တရားခံအပ်နှံရာဌာနသို့ရောက်သောအခါ ပို့ဆောင်သူ ဗိုလ်ကြီးက တာဝန်ခံဒုရဲအုပ်အမျိုးသမီးထံ ထောင်ပို့ဝရမ်းနှင့် ကိုယ်စားလှယ်လွှဲစာတို့ကို ပေးအပ်လိုက်သည်။
ဒုရဲအုပ်အမျိုးသမီးက ထောင်ပို့ဝရမ်းပုံစံပါ ဖြည့်စွက်ချက်များကို သေချာစွာရေးမှတ်ပြီးနောက် ကိုယ်စားလှယ် လွှဲစာကို မဖတ်တော့ဘဲ လိုအပ်သည့်အချက်များကို အလွတ်မေးပါသည်။
“ဗိုလ်ကြီးနာမည်နဲ့ ဘီစီနံပတ် ပြောပါရှင့်”
“ရေ/**** ဗိုလ်ကြီးကျော်သူ ပါ”
ဒုရဲအုပ်မက တစ်ချက်မော့ကြည့်ပြီး မှတ်တမ်းစာအုပ်မှာ ဖြည့်သွင်းရေးသားလိုက်သည်။
“ဟိုဘက်က ဆရာကြီးရော..”
“ ကျနော်က ***** တပ်ကြပ်ကြီးနေအောင် ပါ”
ထိုအခါ အမျိုးသမီးမျက်နှာ အနီရောင်သန်းသွားပြီး မျက်ထောက်နီကြီးနှင့် စိုက်ကြည့်ကာ…
“ဒီမှာ… ရှင်တို့နောက်ရမယ့်နေရာမဟုတ်ဘူးရှင့်။ နာမည်တွေကိုအမှန်အတိုင်း ပြောကြပါ”
“ဗျာ…ကျနော်တို့မနောက်ရပါဘူး ဆရာမရယ်။ မယုံရင် ကျနော်တို့စီစစ်ရေးလက်မှတ်တွေကို ကြည့်ပါ”
ပြောပြောဆိုဆို ဗိုလ်ကြီးက သူ၏အရာရှိစီစစ်ရေးလက်မှတ်နှင့် ဆရာကြီး၏ စစ်သည်စီစစ်ရေးလက်မှတ် တို့ကို ဒုရဲအုပ်မ လက်ထဲသို့ထည့်ပေးလိုက်သည်။
သည်တော့မှ ဒုရဲအုပ်အမျိုးသမီး၏မျက်နှာ ကြောင်အမ်းအမ်းဖြစ်သွားကာ တောင်းပန်ရှာလေသည်။ သူအထင်မှား ဒေါသဖြစ်မည်ဆိုလျှင်လည်း ဖြစ်လောက်ပေသည်။
ထောင်ဒဏ်ကျခံရသူ အရာရှိဟောင်း၏အမည်က ဗိုလ်ကြီးရဲအောင်…..။
တွေးမိလိုက်တိုင်း ပြုံးချင်စရာ… ခေတ်စကားနဲ့ “တိုက်ဆိုင်ချက်က လန်ထွက်တယ်” လို့ပဲပြောရလေမလား….

ဖတ်ပြီး ရယ်ရွှင်ကြည်နူးနိုင်ကြပါစေ။

နေမင်းသူ

No comments:

Post a Comment

Ads 468x60px

Featured Posts