Monday, December 12, 2011
ဘဝခါးခါး ရသများ
မြန်မာများ၏ ရှေးစကားတွင် “စေတနာကိုတားလို့ရသည်၊ ၀ါသနာကိုကားတား၍မရ” ဟူသော ဆိုရိုး စကားကို တစ်ချိန်က ကောင်းမွန်စွာနားမလည်ခဲ့။ ဘ၀ကိုအစုံအဆန်ကူးခတ်ရင်း နောက်ဆုံးဒုက္ခသည်စခန်း တွင် ဒုက္ခသည်အဖြစ် ခံယူလိုက်ရသည့်နောက် ဘ၀သည်လည်း တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့ရသည်။
          ဒုက္ခသည်စခန်းမှာ လူမျိုးစုံ၊ဘာသာစုံ ဘ၀မျိုးစုံတို့ ကူးလူးယှက်သန်းကာ ဘ၀၏မွန်းကြပ်မှု ဒဏ်ရာ ဒဏ်ချက်တို့ကို အလူးအလဲနှင့် မူးလဲမတတ်ခံစားနေကြရသည်။ မွန်းကြပ်မှုဒဏ်တို့ကို ကုစားရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ထွက်ပေါက်ရှာကြသည်။
          တချို့က အရက်ဖြင့်အစားထိုးသည်။ အရက်ကတော့ ပုံမှန်စီးဆင်းနေလေရဲ့။ သောက်သုံးသူသာ နောက်ဆုံး မရဏမင်း၏ခေါ်ဆောင်မှုကြောင့် မသေသင့်မသေထိုက်သောအရွယ်မှာပင် သေဆုံးကုန်ကြရသည်။ ဇာတ်လမ်းမှာ ပြီးဆုံးမသွား။ ကျန်ရစ်သူမိသားစုမှာလည်း ဘ၀တွေက ဖရိုဖရဲ တစ်စစီကြေမွကုန်ကြရသည်။ ထိုအဖြစ်တို့ကို သင်ခန်းစာမယူ၊ ဥပက္ခောပြုကာ သောက်မြဲ၊ဆက်မိုက်နေကြဆဲ။
          တချို့ဘ၀တွေက မျှော်လင့်ချက်ရောင်နီတို့ သန်းလာလိုက်၊ပျောက်ဆုံးသွားလိုက်နှင့် နောက်ဆုံး ဘ၀ အမောတို့ စုဝေးမှုဒဏ်ကို မခံမရပ်နိုင်ဖြစ်သည့်အဆုံး ငိုတစ်ခါရယ်တစ်လှည့်နှင့် သွက်သွက်ခါအောင် ရူးသွားကြသူတွေလည်း မနည်းတော့ပြီ။
          တချို့ကတော့ အနာဂတ်ခရီးလမ်းကို ဆက်မဖောက်လိုကြ။ ဘ၀တစ်ခုလုံးကို ဖြစ်သလိုထိုးကျွေးကာ အနစ်မွန်းခံနေကြသည်။ ထိုအထဲတွင် ကျွန်တော်နှင့်မိတ်ဆွေတချို့မှာ ထွက်ပေါက်မှန်သည် ဆိုရမည်လား တော့မသိ။ အဘယ်ကြောင့်ဆိုသော် ပိုင်ဆိုင်ရရှိခဲ့သော ဘ၀မွန်းကြပ်မှုဒဏ်ကို ခုခံကာကွယ်ရန်အတွက် တူရာတူရာစုစည်းမိခဲ့ကြသည်။ ကျနော်တို့အားလုံးမှာ မထင်ရှားသော အညတြရဲဘော်များ ဖြစ်ကြပြီး စာဖတ် စာရေးခြင်းဖြင့် လက်ရှိနိုင်ငံရေးအခြေအနေတို့အပေါ် တစ်ဦးနှင့်တစ်ဦး အပြုသဘောဆောင် ဝေဖန်ထောက်ပြ ဖေးမကူညီကြသောကြောင့် ညီအစ်ကိုအရင်းသဖွယ် ညီညွှတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ကြသည်။ အလုပ်လက်မဲ့ဘ၀ဖြင့် အချိန်များစွာကို ပေးဆပ်နေရတာချင်းအတူတူ မိမိတို့ဖြတ်သန်းမှုများကို စာရေးသား မှတ်တမ်းတင်ချန်ရစ်ထားကြရန် အားလုံးက ဆန္ဒတူညီသောကြောင့် မှန်ကန်သင့်မြတ်သော ထွက်ပေါက်တစ်ခု ကို ပိုင်ဆိုင်ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
          နောက်ကြောင်းပြန်လှည့်ကြည့်လိုက်တော့ မိသားစုဘ၀တွေကလည်း ချို့တဲ့လွန်းလှသည်။ လူသား ချင်း စာနာထောက်ထားစွာ ပေးထားသော ရိက္ခာတို့မှာလည်း တစ်စတစ်စ အဖြတ်အတောက်ခံနေကြရသည်။ ကုန်ဈေးနှုန်းတို့ကလည်း လိုက်၍မမီအောင် ကဆုန်ပေါက်ပြေးတက်နေသည်။ ဒီကြားထဲ မျိုးဆက်သစ်တို့၏ လိုအပ်ချက်ကလည်း များလွန်းလှသည်။ မေ့ထား၍ မရ။ ဘ၀၏အရသာမှာ ခါးသက်လွန်းလှပေသည်။
          ၀ါသနာအရ စာရေးပြီး နီးစပ်ရာ Web Site တွေကို ပို့ဖြစ်ကြသည်။ စာမူခရဖို့မရှိတာ သေချာပေမယ့် ကိုယ်ရေးသားထားသော စာမူ ပါမပါ Internet ပေါ်တွင် ရှာဖွေကြည့်ချင်သည့် ဆန္ဒကလည်း တားမရ၊ဆီးမရ။ ငွေကြေးကလက်ထဲ မရှိတာ ကြောင့် ကိုယ်နှင့်ရင်းနှီးခင်မင်သူ မည်သူ Internet သုံးမည်ကို မသိမသာ ချောင်းမြောင်းလေ့လာနေရသည် ကလည်းအမော။ သူတို့နှင့် ခေတ္တကပ်သုံးပြီး ကိုယ်ရေးသားထားသောစာများ Web Site ပေါ်မှာတွေ့ရလျှင် အတိုင်းမသိဝမ်းသာကြည်နူး ဖြစ်ရပြီး ဘ၀အမောတွေ ယာယီပြေပျောက်ခွင့် ရရှိကြသည်။ ခေတ္တသုံးခွင့် ပြုသူကို လည်း ကျေးဇူးတင်ကြောင်း ပါးစပ်မှ တဖွဖွပြောဖြစ်မိ။
          ကိုဗိုလ်ကတော့ အားသည်မရှိ။ ကိုယ်ထူကိုယ်ထထူထောင်ထားသော Web Site လေး တစ်နေ့တစ် မျိုး မရိုးရအောင် ကောင်းနိုးရာရာ စာများကို ရွေးချယ်စုဆောင်းကာ ပရိသတ်အချိန်မီ ဖတ်ရှုနိုင်ဖို့အတွက် စေတနာအပြည့်ဖြင့် ဖတ်စေချင်သောစာများကို ကူးရိုက်၍တစ်မျိုး၊ ကိုယ်တိုင်ရေး၍တစ်ဖုံ တင်ပြပေးနေရသူ ဖြစ်သည်။ မပြည့်စုံသော မိသားစုဘ၀ကို တစ်ခါတစ်ရံ လစ်လျူရှုသူဟု ဝေဖန်ခံရလွန်းသူ။
          တစ်နေ့ ကိုမော်၊ကျနော်နှင့် ဆရာရန်ကင်းတို့ ဆုံစည်းရာလက်ဖက်ရည်ဆိုင်တွင် အလကားရသော ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး အားမနာတမ်း ချိုမြိန်စွာသောက်သုံးပြီး ထွေရာလေးပါး ပွားနေစဉ် “ကျနော် နောက်ကျသွားတယ်ဗျာ၊ စာတွေဖတ်စေချင်လွန်းလို့ လိုက်ရှာပြီးတင်နေတာနဲ့ အခုမှပဲမနက်စာစားပြီး ထွက်လာတာ”။ ဆိုင်မှာချိတ်ထားတဲ့ နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ ၄နာရီ မိနစ်၃၀ ကျော်ဖြစ်နေပြီ။ သူကတစ်ဆက်တည်း “ဗိုက်ဆာဆာနဲ့ အိမ်မှာဟိုရှာဒီရှာရင်း ‘လက်မ’လောက်ရှိတဲ့ စိမ်းစားငါးပိတစ်တုံး တွေ့တာနဲ့ စားလိုက်တာ အရမ်းကောင်းပဲဗျာ... တို့စရာလေးများ ရှိလိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ” ဟု သူ့နှုတ်ဖျားမှ မုသားမဲ့ ရုတ်တရက်ခုန်ဆင်းလာသော စကားလုံးသည် ကျနော်တို့အားလုံး၏ နှလုံးသားကို တည့်တည့်ကြီး ထိုးဖောက်သွားလေသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆို့နင့်ကြေကွဲလျက်။
          စဉ်းစားမနေကြတော့ပဲ “ကိုဗိုလ်အတွက် လက်ဖက်ရည်တစ်ခွက် မြန်မြန်လုပ်ပါဟေ့” လို့ လှမ်းမှာလိုက် မိသည်။ လက်ဖက်ရည်ခွက်ကို သူ့လက်ဖြင့်ဆွဲယူပြီး သောက်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်မှာ တွေ့လိုက်ရသော ကျေနပ်မှုအပြုံးရိပ်ကို ကျနော်တို့အားလုံး မိမိရရ ဆုပ်ကိုင်မိလျက်သားဖြစ်သွားသည်။ ကျနော်တို့ ရင်တွင်း၌လည်း သူ့စာပေ၀ါသနာအတွက် မည်သို့ပင်စားရစားရ ပီတိတို့ဖြင့် အဟာရတွေ ပြီးပြည့်စုံနေသူတစ်ဦးပါလားဟု ယူဆလိုက်မိပါတော့သည်။
၁၁-၁၂-၂၀၁၁ ရက်နေ့ အမှတ်တမဲ့ တဒင်္ဂဖြစ်ရပ်ကို အမှတ်တရ ရေးဖွဲ့မိလိုက်ခြင်း ဖြစ်ပါသည်။
အုပ်ကြီးဖေ
No comments:
Post a Comment
Ads 468x60px
Featured Posts