Saturday, December 10, 2011

သြော်.....နိုင်ငံသား

ကျနော် ထိုင်းရေဘေးကူညီကယ်ဆယ်ရေးအတွက် ရုံးမှာအလုပ်လုပ်ပြီးပြန်အလာ ကျနော့်အခန်းနား အရောက်မှာ အသိအချို့နဲ့တွေ့လို့ စကားစမည်ပြောကြရင်း နိုင်ငံရေးအကြောင်းရောက်လာပါတယ်။ ဒီလိုနဲ့ပဲ မြန်မာ့နိုင်ငံရေးဟာ ပြောရင် တထောင့်တညပုံပြင်ထက်တောင်ပိုတဲ့အတွက် ပြောမကုန်နိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ကျနော်တို့ ပြောနေရင်း နိုင်ငံသားစိစစ်ရေးကဒ် အကြောင်းကိုရောက်ရှိလို့လာပါတော့တယ်။ ကျနော်တို့ စပြော ဖြစ်ကြတာကတော့ တချိန်က အသုံးပြုခဲ့ကြတဲ့ အမျိုးသားမှတ်ပုံတင်ကဒ် နဲ့ယနေ့အသုံးပြုနေကြတဲ့ နိုင်ငံသား စိစစ်ရေးကဒ် တို့ရဲ့ အဓိပ္ပါယ်ကွဲလွဲမှုတွေကိုပါ။ စာဖတ်ပရိတ်သတ်များလည်း ယင်းစာသားနှစ်ခုရဲ့ အဓိပ္ပါယ်ကို ကောင်းစွာ ခွဲခြားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အမျိုးသားမှတ်ပုံတင်ကဒ်ဆိုတာကတော့ ဒီနိုင်ငံသား ဖြစ်ကြောင်းလက်ခံထားတဲ့ကဒ်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကဒ် ဆိုတာကတော့ နာမည်ထဲမှာကိုက စိစစ်ထား တုန်းရှိပါသေးတယ်။ နိုင်ငံသားတယောက်အဖြစ် နိုင်ငံတော်က အသိအမှတ်မပြုထားသေးပါဘူး။ ဒီတော့ ကျနော်စဉ်းစားမိတယ် မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ဝန်းကျင်ရှိတဲ့အနက်မှာ ခုလူတွေက မှတ်ပုံတင်မရဘူး မရဘူးပဲပြောနေကြတယ်။ တကယ်တော့ မှတ်ပုံတင်ကို နဝတ / နအဖ အစိုးရလက်ထက်ကတည်းက မပေးတော့ပါဘူး။ ဘာကြောင့်လဲဆိုတာကို ကျနော်တို့ စဉ်းစား ကြရပါမယ်။ မနေ့(၁၁-၁၁-၂၀၁၁) နေ့က ကျနော်တို့ စကားပြောကြတဲ့ ဝိုင်းက နှစ်ယောက်ဆိုရင်ဖြင့် ပြောပြ တာကိုနားထောင်ရင်း ရင်ထဲမှာနင့်နေအောင်ကို ခံစားရပါတယ်။ တယောက်ကတော့ပြောပါတယ်။ သူရထား တာအမျိုးသားမှတ်ပုံတင်ကဒ်ပါတဲ့။ ဒါကို ကဒ်အသစ်တွေပြောင်းရမယ်လို့ ထုတ်ပြန်ပြီး ထပ်ထုတ်ပေးမယ့် ကဒ် အသစ်က စိစစ်ရေးကဒ်ဖြစ်လို့ သူမယူဘဲ အရင်ကဒ်အဟောင်းနဲ့ပဲ နေပါတယ်တဲ့။ နောက်တယောက်ကတော့ သူ့အမေ အသက် ၇၀ ကျော်တယောက်လည်း ဟိုးအရင်က ကိုင်ထားတာက အမျိုးသားမှတ်ပုံတင်ကဒ်ပါတဲ့။ အသက် ၆၀ ကျော်အရွယ်ကျမှ ပြန်စိစစ်ခံနေရတယ်တဲ့။ ဒီလိုဆိုရင် ကျနော်တို့ အတော်များများဟာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်းမခံရသေးသူများဖြစ်ပါတယ်။ အားလုံးဟာ စိစစ်ထားခြင်းခံနေရဆဲပါ။
ကဲဒီလိုဆိုရင် ကျနော်တို့တချက်စဉ်းစားကြည့်ရအောင်။ ဒီ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံးလုံးမှာ ကျနော် တို့ နိုင်ငံသားအခွင့်အရေးတွေ မရတာဟာ ကျနော်တို့ကိုယ်တိုင်က နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့သဘော ဖြစ် နေပါတယ်။ ရှင်းမယ်ဆိုရင် သူ့ဘက်က ရှင်းလို့ရနေပါတယ်။ နောက်တခါ မတူညီတဲ့ စာသားနှစ်ခုကို တူသယောင်လုပ်ထားတဲ့ အစိုးရရဲ့ အချို့ကြေငြာချက်ကို ထည့်သွင်းဖော်ပြရမယ်ဆိုရင်ဖြင့် ‘လျှောက် လွှာနှင့်အတူ ပက်စ်ပို့အရွယ် ဓာတ်ပုံသုံးပုံ၊ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ အမျိုးသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံ သားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်’ ဆိုတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံ ရေ ကြောင်းပညာတက္ကသိုလ်လျှောက်ထားရာမှာလိုအပ်တဲ့ စာရွက်စာတမ်းတွေအဖြစ် ကြေငြာထားတာပါ။
ကျနော်တို့ဟာ အခြား နိုင်ငံများမှာ မွေးဖွားလာပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံကို ဝင်ရောက်လာပြီး နိုင်ငံသားလျှောက်ထားသူများမဟုတ်ပါ။ ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းပြီး ဒီမြေကြီးအတွက် အလုပ်အကြွေးပြု နေသူတွေပါ။ ဒါကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းမခံရဘူးဆိုတော့ဖြင့် ကျနော်တို့ဟာ ဘယ်လိုဖြစ်နေပါ သလဲ။ ကျနော့်အသိမိတ်တွေတယောက်ပြောလိုက်တဲ့စကားလေးတော့ဖြင့် ကျနော်ရင်ထဲစွဲနေရတယ် “သြော် အစကတော့ ခုထုတ်ပေးနေတဲ့ ယာယီပတ်စ်ပို့ (ထိုင်းနိုင်ငံတွင် အလုပ်လာရောက်လုပ်ကိုင်သူများအတွက်) ဆို တာကို အစကတော့ ဘဝင်မကျမိဘူး၊ ဘာလို့ဆို ယာယီဆိုတာကြီးပါနေတယ်။ တခြားသင့်တော်တဲ့ နာမည်ပေး ပါလားလို့တွေးမိတယ်တဲ့။ ဒါပေမယ့် ခုတော့ ပတ်စ်ပို့ ဆိုတာကမှမှားနေတာဗျ။ ဘာလို့ဆို ကျနော်တို့က နိုင်ငံ သားအဖြစ်မှ အသိအမှတ်ပြုမခံရသေးတာ ယာယီပတ်စ်ပို့ ပဲရမှာပေါ့” တဲ့။ နောက်ပြောသွားတဲ့ စကားလေးတ ခွန်းကတော့ အရင်ကတော့ကိုယ့်ကိုကိုယ် မြန်မာနိုင်ငံသားဆိုပြီး ဂုဏ်ယူကြွေးကြော်နေတာ ခုတော့မကြွေး ကြော်ရဲတော့ဘူးဗျာတဲ့။ ဘာလို့ဆို နိုင်ငံသားမှ မဖြစ်သေးဘဲ။ စိစစ်ခံနေရတုန်းပဲကိုတဲ့။
ဒါတွေကြောင့်ထင်ပါရဲ့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဆိုင်ရာ သံရုံးများဟာ မိမိတို့ ကိုကြည့်ရှုစောင့်ရှောက်မှုမရှိတာဟာ မလွန်ဘူးလို့ပဲထင်မိပါတယ်။ ခုဆိုရင်ဖြင့် ကိုယ့်ကိုကိုယ် မြန်မာနိုင်ငံသား ပါလို့တောင် မပြောရဲသလောက်ဖြစ်နေပါတယ်။ တကယ်တော့ ကျနော်တို့ဟာ နိုင်ငံရှိလျက်နဲ့ နိုင်ငံပျောက်နေ ကြတာ တော်တော်ကြာနေခဲ့ပါပြီ။ တချို့ဆို စိစစ်ခံရင်းနဲ့ပဲ သေသွားခဲ့ကြပါပြီ။ ဘယ်တော့များမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရမယ်ဆိုတာကိုဖြင့် တွေးရင်းနဲ့သာ မောရပါသည်။ ကျနော်အဲဒီအတွက်နဲ့ စဉ်းစားမိတာ ကတော့ ကျနော်တို့ဟာ နိုင်ငံသားမဖြစ်သေးဘဲ ဘာကြောင့်များ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးခွင့်ရှိခဲ့ကြ တာလဲ။ ၂၀၁၀ ရွေးကောက်ပွဲကိုကော ဘယ်လိုအကြောင်းကြောင့် မဲပေးခွင့်ရှိခဲ့ကြတာလဲ။ နိုင်ငံသားစိစစ်ရေး ကဒ်ပြားဆိုတာ အများက မှတ်ပုံတင်အဖြစ်မှတ်ယူထားပေမယ့် စာသားအဓိပ္ပါယ်အရတော့ လုံးဝကို နိုင်ငံသား မဟုတ်သေးဘူးဆိုတာ သိပ်ကိုပေါ်လွင်လှပါတယ်။ ဒီနိုင်ငံသားမဟုတ်သူတွေဟာ လွှတ်တော်မှာတက်နေကြ တယ်။ နိုင်ငံသားမဟုတ်သူတွေက မဲတွေပေးကြတယ်။ ထို့နည်းတူစွာပါပဲ နိုင်ငံသားမဟုတ်သူတွေက ဒီနိုင်ငံအ တွက် အသက်ပေးလှူရတဲ့ တပ်မတော်သားတွေဖြစ်နေကြတယ်။
နိုင်ငံသားမဟုတ်သူတယောက်ကို နိုင်ငံတော်ကာကွယ်ရေးမှာ အောက်ဆုံးကနေ အဆင့်မြင့်ပိုင်းအထိ တာဝန်တွေပေးထားတယ်။ ယာယီအမျိုးသားမှတ်ပုံတင်ကဒ် ဆိုတာတွေနဲ့ မဲတွေပေးခဲ့ကြတယ်။ ယာယီအမျိုး သားမှတ်ပုံတင်ကမှ လက်ရှိကျနော်တို့ကိုင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ဆိုတာထက် အဆင့်အတန်းပိုမြင့်နေ ပါသေးတယ်။ ဒီတော့ ကျနော်တို့တွေ ပထမဦးဆုံး လုပ်ကြရမယ့်အလုပ်က နိုင်ငံသားဖြစ်ရေးဖြစ်နေပါပြီ။ လူ့အ ခွင့်အရေးအချက် ၃၀ ပါအချက်အရ လူသားတဦးဟာ မိမိနှစ်သက်ရာတိုင်းနိုင်ငံတခုမှာ နိုင်ငံသားအဖြစ်ခံယူ ပိုင်ခွင့်ရှိနေပါတယ်။ ဒါက လူ့အခွင့်အရေးအရပါ။ ဒါပေမယ့် ခုတော့ဖြင့် မိမိတို့ဟာ မူရင်းနိုင်ငံသားအဖြစ်တောင် ခံယူပိုင်ခွင့်မရှိသေးတဲ့ လူသားများဖြစ်နေရတာကိုတော့ဖြင့် ဝမ်းနည်း၍ မဆုံးပါ။ ဘယ်သူတွေကများ ဒီစာသား အနှစ်အဓိပ္ပါယ်ကွာဟကို ဂရုပြုမိခဲ့ကြသလဲ ဆိုတာကိုတော့ဖြင့် မိမိလည်းမသိရှိပါ။
နိုင်ငံတော်ကြီးတိုးတက်ဖို့ကြိုးစားကြဖို့ထက် ဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုအသိအမှတ်ပြုရေးဟာ ပိုလို့ အ ရေးကြီးပါတယ်။ ဒီနိုင်ငံသားဖြစ်မှသာ ဒီနိုင်ငံအတွက် အလုပ် လုပ်တယ်ဆိုတာ ပိုပြီးအဓိပ္ပါယ်ရှိမှာပါ။ ဒီစာသား အဓိပ္ပါယ်ကွာဟမှုကို မိမိအမြင်နဲ့သုံးသပ်ရရင်ဖြင့် နဝတ/နအဖ အစိုးရများဟာ ပြည်သူလူထုကို နားလှည့်ပါး ရိုက်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အလိုလိုနေရင်း နိမ့်ကျစေရန် အခေါ်အဝေါ်ပြုပြင်ပြောင်းလဲခဲ့တယ်လို့ပဲ ရှုမြင် မိပါတယ်။ ဒါ့အပြင် လူအများသိထားကြတဲ့ နိုင်ငံတော်အမည် ပြောင်းလဲခဲ့ခြင်းများမှာလည်း ယနေ့တိုင်အောင် အငြင်းပွါးဖွယ်ရာဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ ပြောင်းလဲခဲ့တာတွေက တခုနှစ်ခုမကပါ အများမှအများကြီးပါ။ နောက်ဆုံး နားလှည့်ပါးရိုက်လုပ်ထားတာကို အထင်အရှားပြောရမယ်ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စောင့်ထန်းကာကွယ် ရမည် နေရမှာ လေးစားလိုက်နာ လို့ပြောင်းလဲပေးခဲ့တာပါပဲ။ ဒီလိုလေးပြောင်းလိုက် လို့လည်း အဓိပ္ပါယ်က ထူးမခြားနားပါပဲ။ ဒီလိုလူမြင်ကောင်းအောင် ထူးမခြားနားအခေါ်အဝေါ်တွေ ပြောင်းခဲ့သ လို လက်ရှိဒီဆောင်းပါးမှာ စာရေးသူတင်ပြနေတဲ့ အမျိုးသားမှတ်ပုံတင် အစား နိုင်ငံသားစိစစ်ရေးကဒ် လို့ ပြောင်းလဲခဲ့တာလည်း အပါအဝင်ဖြစ်ပါတယ်။ သာမန်ကြည့်လိုက်ရင်တော့ဖြင့် ဟုတ်သလိုလိုရှိနေပါတယ်။ ကျနော်ပဲ ဘာသာဗေဒကို မကျွမ်းကျင်လို့ပဲလားဆိုတာတော့ ဘာသာဗေဒ ပညာရှင်များဝေဖန်ထောက်ပြမှသာ လျှင် ကျနော်လည်း အမြင်မှန်ရမှာဖြစ်ပါတယ်။
ဒီတော့ ကျနော့်ရဲ့ တထွာတမိုက်ဦးဏှောက်နဲ့ စဉ်းစားမိတာတော့ဖြင့် အမျိုးသားမှတ်ပုံတင် ဆိုပြီး တချိန်က သုံးခဲ့တဲ့ကဒ်တွေသာလျှင် နိုင်ငံသားအဖြစ်အသိအမှတ်ပြုထားခြင်းဖြစ်တယ်ဆိုတာပါပဲ။ တမူထူးတာ ကတော့ အဲဒီအရင် အမျိုးသားမှတ်ပုံတင်ကဒ်မှာ မှတ်ချက်စာတမ်းလေးပါတယ်လို့ ကိုင်ဆောင်ဖူးသူ တ ယောက်က ပြောပြဖူးပါတယ်။ ကျနော်သေချာမမှတ်မိတာကိုတော့ မိမိစာဖတ်ပရိတ်သတ်များနားလည်ပေးကြပါ လို့ မေတ္တာရပ်ခံအပ်ပါတယ်။ သူ့အဆိုအရတော့ အဲဒီမှတ်ချက်စာတမ်းလေးဟာ သိပ်ကို အဆင့်အတန်းရှိတယ် လို့လည်းဆိုပါတယ်။ ဒါပေမယ့် ယနေ့ ကျနော်တို့ကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ဆိုတာမှာတော့ မှတ်ချက်စာသားတော့ပါပါရဲ့ အဆင့်အတန်းမရှိဘူးလို့ပဲ ဆိုရမှာပါ။ ဒီတော့ ကျနော်ဒီဆောင်းပါးလေးကို နောက ဆုံးအနေနဲ့ အဆုံးသတ်ချင်တာက မိမိတို့ဟာ စာသားအားဖြင့်တောင် နိုင်ငံသားဖြစ်မှုအပေါ် ကန့်သတ်ခံထားရ သူများဖြစ်နေတယ်ဆိုတာကို သတိပြုမိကြစေလိုပါတယ်။
ထို့နည်းတူစွာပင် တပ်မတော်ထဲက သူငယ်ချင်းများကိုလည်း သူငယ်ချင်းတို့ရေ ငါတို့ဟာ နိုင်ငံတော် အတွက် အသက်ကိုစွန့်ပါမယ်လို့ သစ္စာတွေဆိုနေကြတယ်။ ဒါပေမယ့် ငါတို့ဟာ နိုင်ငံသား ဖြစ်ပြီလား၊ နောက် ငါ့နိုင်ငံတော် ငါ့နိုင်ငံသား လို့ဆိုနေကြတဲ့ သစ္စာမှာ ကျနော်ထင်ပါတယ် နိုင်ငံသားအဖြစ်က သူတို့ လူကြီးများ (နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ) သာလျှင်ခံယူထားပြီး (အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားပြီး) ဖြစ်လို့ ကျနော်တို့ ယနေ့တပ်မတော်ကြီးကို အများပြောနေကြတဲ့ လူတစုအတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာလည်း ကျနော်တို့ သစ္စာဓိဌာန်အရတော့ မမှားဘူးလို့ပဲ မြင်မိပါတယ်။ ဘာလို့ဆို မိမိတို့ တပ်မတော်သားများအပါအဝင် ပြည်သူရာခိုင်နှုန်းများများဟာ နိုင်ငံသားအဖြစ် စိစစ်ခံနေရတုန်းမို့ပါ ဆိုတာကို ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။
ဗိုလ်ရဲထက်။

No comments:

Post a Comment

Ads 468x60px

Featured Posts