Thursday, December 22, 2011

ခွင့်တူညီမျှ ရကြပါစေ တပ်မတော်(လေ)

ခေတ်စနစ်တွေ ပြောင်းလဲ နေပါပြီလို့ မိုးမွှန်အောင် ပြောဆိုနေကြတဲ့ အချိန်အခါမှာ အတိတ်မှာ အိပ်ပျော်ကျန်နေဆဲ ဖြစ်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သော တပ်မတော်အတွင်းမှ အဖြစ်မှန်တွေကို သိစေလိုတာကြောင့် နိုင်ငံတော် သီချင်းထဲက ခွင့်တူညီမျှ ရပါရစေ ဆိုတဲ့ စာသားလေးကို ခေါင်းစဉ်ပေးလိုက် ရပါတယ်။


ကျွန်တော်ကတော့ စစ်တက္ကသိုလ် အမှတ်စဉ် (၄၄) မှ ဆင်းသော တပ်မတော် (လေ) မှ လေသူရဲ အရာရှိ တစ်ဦးပါ။ တပ်မတော် (လေ) ရဲ့ လေသူရဲများ အကြားမှာ ဗိုလ်သင်တန်း အပတ်စဉ်ထက် လေယာဉ်မောင်း သင်တန်းအမှတ်စဉ်ကို ပိုမို ဦးစားပေး သုံးစွဲတာမို့ 65P လို့ သုံးစွဲတဲ့ အမှတ်စဉ် (၆၅) လေယာဉ်မောင်း သင်တန်းဆင်း ဆိုရင် ပိုသိကြပါမယ် ထင်ပါတယ်။ လေယာဉ်မောင်း သင်တန်း အမှတ် စဉ် 63P နဲ့ 64P လို့ လူသိများတဲ့ DSA ၄၁ နဲ့ ၄၂ မှ အရေအတွက် များစွာ ခေါ်ယူခဲ့သော နောင်တော် လေသူရဲ အယောက် (၈၀၀) နီးပါး လေတပ်ထဲ ရောက်ပြီးနောက် DSA ၄၃ ကို လေတပ် မခေါ်တော့ဘဲ ကျွန်တော်တို့ DSA ၄၄ ကျမှ ပြန်ခေါ်ခံခဲ့ပြီး လေသူရဲ ဖြစ်လာခဲ့ကြတာပါ။

PC-7
အခုကာလမှာ ရှေ့က 63P+64P ဆင်းများမှ ဗိုလ်မှူးများစွာအတွက် ရာထူးနေရာ အဆင်မပြေမှုတွေ၊ သူတို့တွေရဲ့ နောက်တစ်ဆင့် (ဒု ဗိုလ်မှူးကြီး နေရာ) အဆင်မပြေမှုတွေကြောင့် ပို့ဆောင်ရေး ၀န်ကြီးဌာနကို ပြောင်းလဲဖို့ လေကြောင်းပညာ သိပ္ပံမှာ CPL ခေါ် အရပ်ဘက် လေယာဉ်မောင်း လိုင်စင် သင်တန်းကို အလုအယက် တက်ရင်း အနာဂတ် ပျောက်နေတာကို မြင်နေကြရတာမို့ ရှေ့ကားတွေ နွံနစ်တာကို နောက်ကားတွေက ရင်တမမနဲ့ စောင့်ကြည့်နေရသူ များလာပါတယ်။

ပြီးခဲ့သော နိုဝင်ဘာလ အတွင်းမှာ ခြေလျင် တပ်ရင်းများမှ DSA-44 ကျောင်းဆင်း အရာရှိများဟာ မှူး/ဗက များအဖြစ် Officiating ထွက်သွားပါတယ်။ ထုံးစံအတိုင်း ခြေလျင်သည်သာ အဓိက မူဝါဒ အရ (လေ) တို့ (ရေ) တို့ဆိုတာ နောက်ကျပြီး ရနေကျမို့ မထူးဆန်းခဲ့ပါဘူး။ သို့သော်လည်း အဲဒီအမိန့်နဲ့ တစ်ပတ်ခြားပြီး MiG-29 နဲ့ F-7 မှ DSA-44 ဆင်း လေသူရဲများကို Officiating ကာလ တစ်နှစ် မထားလိုဘဲ ဗိုလ်မှူး (အပွင့်) အဆင့် တန်း တင်ပေးသောအမိန့် ထွက်လာချိန်မှာတော့ မညီမျှသော မူဝါဒများအပေါ် လက်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ သိသင့်တယ်ထင်လို့ ဒီဆောင်းပါးကို တင်ပြပေးလိုက်ရပါတယ်။

လေသူရဲများ အားလုံးဟာ လေယာဉ် မောင်းခန်းအတွင်း ၀င်ထိုင်ပြီးချိန်မှ ပြန်ထွက်လာချိန်အထိ မည်သည့် လေယာဉ်/ရဟတ်ယာဉ် အမျိုးအစားကိုမဆို မောင်းနှင်သည်ဖြစ်စေ အချိန်မရွေး အသက် ပေးသွားရနိုင်သော သဘော သဘာဝချင်း အတူတူပင် ဖြစ်ပါတယ်။ အသံထက်မြန်သော လေယာဉ်ဘဲ မောင်းမောင်း၊ အပေါ့စား လေယာဉ်လို့ ပြောတဲ့ 601 လေယာဉ်ဘဲ မောင်းမောင်း၊ စွန့်စားရတာချင်း အတူတူ ဖြစ်ပါတယ်။ ဒီလိုသာ ခွဲခြားကြကြေး ဆိုရင် ရင်ဆိုင်ကုန်းများ၊ မဆုတ်တမ်း ခံစစ်များမှာ တာဝန် ကျနေသော (ကြည်းတပ်) မှ ခြေလျင်တပ် အရာရှိများကို Officiating ကာလမထားဘဲ အပွင့်တန်း တင်စေခဲ့ဖူး ပါသလားလို့  ပြန်ဆန်းစစ်ကြည့်ကြဖို့ လိုပါတယ်။

တပ်မတော် (လေ) မှာ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဆရာမြတ်ဟိန်း လက်ထက် ခွဲခြားသော၊ အငြိုးကြီးစွာ နှိပ်ကွပ်သော၊ မတရားသော၊ မညီမျှသော ဖြစ်စဉ်ဖြစ်ရပ်များ မရေမတွက်နိုင်အောင် များပြား ခဲ့ပါတယ်။ ဒီအကြောင်းတွေကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုက်ဒ် စာမျက်နှာများထက်မှာ အရေအတွက်များစွာ တင်ပြ ထားတာကိုလည်း တွေ့မြင် ဖတ်ရှုခဲ့ကြပြီး ပါပြီ။ ဒီ အကျိုးဆက်တွေအရ အနာဂတ် မဲ့နေသော အရာရှိများ (လေသူရဲ+ စက်မှုလက်မှု+ အုပ်ချုပ်ရေး) နဲ့ သူတို့ရဲ့ မသာယာသော မိသားစု ဘ၀များကိုလည်း ကျွန်တော်တို့အနီးကပ် တွေ့မြင် ခဲ့ကြရပါတယ်။ အခုတော့ ကျွန်တော်တို့အလှည့် ရောက်လာပါပြီ။

အက်ကြောင်းများစွာနဲ့ တပ်မတော် (လေ) မှာ အရာရှိ များစွာရဲ့ မကျေနပ်မှု၊ အဆင်မပြေမှုများဟာ မညီမျှသော အခွင့်အရေးနှင့် အခြေ အနေများကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ သွေးကွဲစေသော မညီမျှမှုများဟာ ထပ်မဖြစ်သင့်တော့သလို၊ ယခင် ဒဏ်ရာ ဒဏ်ချက် များကိုလည်း အမှန်အတိုင်း အဂတိတရား ကင်းစွာဖြင့် လက်ခံ စဉ်းစားကာ၊ ကျောသား ရင်သား မခွဲခြားဘဲ ကုစားပြင်ဆင်သင့်နေပါပြီ။

လေသူရဲများအဖို့ လေယာဉ် မောင်းနှင်ခြင်းဖြင့် ဘ၀ကို ကျေနပ် ရောင့်ရဲနိုင်စေကာမူ လူသားပီသစွာ မိမိ အနာဂတ်အတွက် မျှော်လင့်ချက် စိတ်ကူးများလည်း ရှိကြပါသည်။ စွန့်စား တာဝန် ထမ်းဆောင်ရသူချင်း အတူတူ တစ်ပတ်စဉ်တည်း အလေးပြုနေရသော အခြေအနေကို မည်သူမှ ခံယူလိုမည် မဟုတ်ပါ။ အလားတူ ဒီမိုကရေစီ နိုင်ငံတော်ခေတ်၏ မျှတသော၊ လွတ်လပ်သော၊ ရပိုင်ခွင့်ကို လေးစားသော၊ ခွင့်တူညီမျှသော ဘ၀ကိုသာ ပိုင်ဆိုင် လိုကြပါသည်။
တင်ပြပါ အခြေအနေများအပေါ် နိုင်ငံတော် သမ္မတမှ စကာ ပြည်သူအများ သိစေကြောင်း တင်ပြ လိုက်ရပါသည်။

ကြိုးကြာ

No comments:

Post a Comment

Ads 468x60px

Featured Posts