Saturday, December 10, 2011

ဘာလိုတာလဲ....

ငါ့စိတ်ဟာခက်ထန်တယ်
နှစ်ဖက်မြင်တတ်ပေမယ့်
တခါတလေ တယူသန်တတ်တယ်
တခါတလေ ဘာမဟုတ်တာလေးနဲ့လည်း
ဒေါသတွေ ထွက်နေတတ်တယ်
ဒါပေမယ့် အရာအားလုံးအတွက်တော့မဟုတ်ဘူး
အမှန်တရား လို့ခေါ်တဲ့ အရာလေးတခုအတွက်…
တခါတလေမှာ အမှန်တရားဟာ
အမှားတွေကြားမှာ ရောက်နေတတ်တယ်….
ငြိမ်းချမ်းရေးလို့ ကြွေးကျော်ပြီးလည်း
ကမ္ဘာမှာ စစ်မျက်နှာတွေ ဖြန့်နေကြတယ်

ဒါပေမယ့်…
နှစ်ဖက်လုံးမှာတော့လည်း အကြောင်းပြချက်ကိုယ်စီနဲ့
ခိုင်လုံလွန်းလှတယ်….
ဆရာတယောက်ကတော့ ပြောဖူးတယ်
လူတိုင်းဟာ ဘက်တစ်ခုစီမှာ ရပ်နေကြတယ်တဲ့…
အလယ်အလတ်လမ်းစဉ် ပါဆိုတဲ့
ခွင့်လွှတ်မှုတွေနဲ့ သည်းခံမှုတွေ ပြည့်နေတဲ့ ဗုဒ္ဓဝါဒမှာတောင်
ခြားခြားသော ဝါဒတရားတွေကို မိစ္ဆာဝါဒ လို့သမုတ်သေးတာပဲတဲ့…
ဟုတ်တယ်… ဟုတ်တယ်…
တခါတလေတော့လည်း စဉ်းစားကြည့်တယ်
ငါ ဆိုတဲ့ အကန်းပုထုဇဉ်ကကော
ဘယ်ဘက်မှာ ရပ်နေတာလဲ…
ငါ တော့ပြောပြောနေခဲ့တယ်… အမှန်တရားအတွက်…
ဒါပေမယ့် အမှန်တရားဆိုတာကို
ငါတို့ ဘာတွေနဲ့ချိန်ထိုးစဉ်းစားကြမလဲ
ဗုဒ္ဓဝါဒ အရဆိုရင် အားလုံးဟာ အနိစ္စ
မမြဲသောတရားတဲ့…
အဲလိုဆိုရင် ငါတို့ပြောနေတဲ့
အမှန်တရားဆိုတာကကော
ဘယ်အချိန်မှာများ၊ ဘယ်ခေတ်ကာလမှာများ
ဘယ်အခြေအနေတွေမှာများ မှားနေလေမလဲ…
မှားပါတယ်ဆိုတဲ့ အကြောင်းအရာတွေကကော
တချိန်ချိန်မှာများ မှန်လာလေမလား …
ပြောင်းလဲလာတဲ့ ရုပ်ဝါဒီမှာတောင်
တချို့အောင်မြင်ကျော်ကြားခဲ့တဲ့ သီအိုရီတွေ
အမှားကြီးမှားသွားကြတာတွေ ရှိခဲ့တာပဲ…
ဒါပေမယ့် အဲဒီမှားပါတယ်ဆိုတဲ့ သီအိုရီတွေကလည်း
သူမှန်နေတုန်းတော့ လူ့ဘောင်လောကကြီးကို အကျိုးပြုခဲ့တာပဲမလား…
မှန်တော့မှန်နေတယ်…
နေရာတိုင်း၊ အချိန်တိုင်း၊ အခြေအနေတိုင်းတော့မဟုတ်ဘူး
အဲဒီ အချိန်အခါ၊ အခြေအနေတွေမှာ ပြောင်းလဲတတ်တယ်…
ဒါဆို ငါတို့ လိုနေတာက အမှန်တွေ၊ အမှားတွေလား…
လူ့လောက ပတ်ဝန်းကျင်ကို အကျိုးပြုဖို့လား…
ဘယ်လိုပဲပြောပြော….
ငါတို့ ပြောင်းလဲမှုကိုတော့ ရင်ဆိုင်ဖို့ခွန်အားတွေလိုလိမ့်မယ်…
ခုမှန်နေပေမယ့် နောက်နေ့မှာ မှားနေရင်
အမှန်ကိုပြောင်းလဲနိုင်ရမယ်…
လူတွေကတော့ ကိုယ့်အမြင်၊ ကိုယ့်အယူအဆပေါ်မှာ
မှန်တယ်၊ မှားတယ် ကိုဆုံးဖြတ်တတ်ကြတယ်…
မှန်တာတွေ မှားတာတွေက အဓိကလား
လူသားနဲ့ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုဖို့က အဓိကလား
တူညီတဲ့လောကဖြစ်ဖို့ အယူအဆတွေကို
တူအောင်လုပ်ကြမလား…
အယူအဆရေးရာ ဝါဒတွေတူမယ်ဆိုရင်တောင်
မြင်တဲ့ ရှုထောင့်ကလည်း လိုသေးရဲ့…
ခက်သေးတယ်… ခက်သေးတယ်…
မှားတာ၊ မှန်တာတွေလား လူသားနဲ့ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုဖို့လား…
ဒီဟန်ချက်တွေအတွက် အားလုံးမှာလိုနေတာက
နားလည်တတ်တဲ့ စိတ်နှလုံးသား…
သူ့နေရာသာ ငါဆိုရင်ကောဆိုတဲ့
ဆန့်ကျင်ဘက်အမြင်အပေါ်မှာ လက်ခံတဲ့စိတ်၊ ကိုယ်ချင်းစာစိတ်…
လိုနေတယ်… လိုနေတယ်…
အဲဒီလိုနေတာတွေကလည်း အမြဲ လိုမြဲလိုနေမှာပါ…


ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts