Saturday, December 10, 2011

တမ်းတမိသည် ဟိုအတိတ်ဆီ

ကျနော် စစ်သားများကိုမုန်းသည်ဆိုသော စစ်သားတစ်ယောက်ရဲ့သမီး ဆိုသည့်ဆောင်းပါးကို ရေးသား ပြီးတော့ ကျနော့်ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာသည်။ ယင်းကား အခြားတော့မဟုတ်။ တစ်ချိန်တစ်ခါက တပ်မတော်ရဲ့ ထောက်ပံ့မှုတွေနဲ့ ယနေ့ခေတ်တပ်မတော်ရဲ့ ထောက်ပံ့မှုတွေအကြောင်းကို နှိုင်းယှဉ်ကြည့်ချင် လာသည်။ ဒါနဲ့ပဲ ကျနော် ၁၉၈၈ ခုနှစ်မတိုင်မှီက တပ်မတော်သား မိသားစုဝင်တစ်ချို့ကို မေးမြန်းကြည့်မိသည်။ ထိုတပ်မတော်သားမိသားစုများကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတိတ်ဆီက တပ်ရင်းမှူးတာဝန်ဖြင့် အနား ယူသွားသော အရာရှိကြီးတစ်ဦး၏ သားတစ်ဦးကို မေးမြန်းကြည့်ခြင်းပင်ဖြစ်သည်။ သူ့ရဲ့ တပ်မိသားစုဝင်အဖြစ် ရပ်တည်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကာလကတော့ ယနေ့ခေတ်နှင့် ပြန်လည်နှိုင်းယှဉ်လျှင် ထောက်ပံ့မှုဆိုင် ရာများ စိတ်ဓါတ်ပိုင်းဆိုင်ရာများမှာ ဆုတ်ယုတ်လာသည်ကိုတွေ့ရတော့ နိုင်ငံတကာတပ်မတော်များနှင့် ယဉ် ဘောင်တန်းမည်၊ ခေတ်မှီတပ်မတော်ကြီးတည်ဆောက်မည် ဟုကြွေးကြော်နေသော တပ်မတော်ကြီးကိုကြည့် ပြီး ဟုတ်မှဟုတ်ရဲ့လားဆိုတာကိုလည်း အတွေးနယ်ချဲ့မိပါတော့သည်။
ကျနော်သူ့ဆီကသိလာခဲ့တဲ့ တစ်ချိန်ကတပ်မတော်ကြီးရဲ့ ပုံရိပ်တချို့ကတော့အလွန်ပင်လွမ်းဆွေး စရာကောင်းလှပါတော့သည်။ အထက်အောက်ပြဿနာတွေလည်း သိပ်မရှိ၊ အားလုံးဟာ မိသားစုလိုနေထိုင် ကြပြီး ဆရာသမားမိဘသဖွယ်ကြည့်ရှုစောင့်ရှောက်ခဲ့ကြပါတယ်။ ကိုယ်တိုင်ကလည်း တပ်ရဲ့ လူကြီးပိုင်းသား သမီးဖြစ်တာမို့လားလို့မသိဘူးလို့လည်း ရယ်ရယ်မောမောလေးပြောသွားတဲ့ သူ့အပြောက တစ်ခုခုတော့ အား နည်းချက်ရှိခဲ့သလိုပါပဲ။ ဒါပေမယ့် ဟိုတစ်ချိန်က ထုတ်ပေးတဲ့ စစ်ဝတ်တွေကလည်း အရည်အသွေးပြည့်မှီခဲ့သ လို၊ ထောက်ပံ့မှုရိက္ခာမှာလည်း တပ်ရင်းအဆင့်မှာ ဖြတ်တောက်မှုတွေသိပ်မရှိတဲ့အကြောင်းကိုပြောပါတယ်။ ဒါပေမယ့် အထက်ကလာတဲ့အနေအထားမှာတော့ အမှန်တကယ်မပြည့်ဝဘူးလို့လည်း ဆိုပါသေးတယ်။
သူကျောင်းတက်တော့လည်း စစ်မှုထမ်းတစ်ယောက်ရဲ့ သားသမီးဖြစ်လို့ ကျောင်းဝင်ကြေး၊ ပညာသင် စရိတ်တွေမှာ အတိုင်းအတာတစ်ခုထိ လျှော့ပေါ့ပေးတာတွေရခဲ့တယ်ဆိုတဲ့ တပ်မတော်သားဖြစ်ရခြင်းရဲ့ ခံစား ခွင့်အချို့ကိုလည်းပြောပြတော့ ကျနော့်မျက်လုံးထဲမှာတော့ ယနေ့ခေတ် တပ်မိသားစုကျောင်းသားတွေကို ထောက်ပံ့ပေးနေတဲ့ ကျောင်းတစ်နှစ်စာအတွက် ထောက်ပံ့မှု ဗလာစာအုပ်တစ်ဒါဇင်နဲ့ ခဲတံ ၃ ချောင်းမှ ၅ ချောင်း ကံကောင်းရင်တော့ ခဲတံတစ်ဒါဇင် ထောက်ပံ့တာတွေကို မျက်လုံးထဲပြေးမြင်လာမိပါတယ်။ အဲဒီလို မြင်မိတော့ သူ့ကိုမေးကြည့်မိပါတော့တယ်။ သိချင်စိတ်ကလည်း များနေတာကိုး။ ဒီတော့သူပြောတာက အဲလို မဟုတ်ဘူးတဲ့။ တကယ်ကို သက်သာတယ်တဲ့။ ကျောင်းကနေလည်း အချို့ စာအုပ်စာတမ်းထောက်ပံ့မှုတွေကို ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က ထောက်ပံ့တာပါတဲ့။ ခုလိုတပ်မတော်ကနေထောက်ပံ့တာမဟုတ်ဘူးတဲ့။ တနည်းပြောရရင်တော့လည်း အစိုးရကိုက အဲလိုအစီအမံကို လုပ်ပေးထားတယ်လို့ဆိုပါတယ်။ အပြည့်အဝမ ဟုတ်တောင် ဒီလောက်ရခဲ့တယ်ဆိုရင်ကိုပဲ မဆိုးလှပါဘူး။ သူ့စကားလေးကိုကြားတော့ ကျနော့်အတွေ့အကြုံ လေးကိုပြန်လည်မြင်ယောင်မိပါတယ်။
သားသမီးများတဲ့ စစ်သည်တွေမှာ ကလေးတွေကို ကျောင်းအပ်ဖို့အတွက် ကျောင်းဝင်ကြေးငွေ မတတ် နိုင်လို့ လစာလေးတွေကြိုရောင်းကြရတဲ့ အဖြစ်လေးတွေ၊ တပ်တွင်းမှာ တပိုင်တနိုင်စီးပွါးရေးလေးတွေ လုပ်ကြ ရတာတွေ အစီအရီနဲ့ ကျနော်စစ်တက္ကသိုလ်နောက်ဆုံးနှစ်မှာ ကျနော်တို့ ဗျူဟာတာဝန်ခံ ကျနော်တို့ အောင်ဇေ ယျတပ်ရင်းရဲ့ တပ်ရင်းမှူးကြီးဖြစ်တဲ့ အဘဒုတိယဗိုလ်မှူးကြီး မြတ်သွင် ရဲ့ပြောစကားများကို ပြန်လည်အမှတ်ရ မိပါတော့တယ်။ တပည့်တို့ မင်းတို့ ကျောင်းဆင်းတာဟာ ပြီးဆုံးတာမဟုတ်ဘူး၊ အဲဒီတော့မှ စမှာဖြစ်တယ်၊ ဒီ တော့မင်းတို့ရဲ့ကျောင်းဆင်းပွဲဟာ တာလွှတ်ပွဲဆိုလည်းမမှားဘူး။ ဒီတော့ တာလွှတ်ပြီးတော့ ဘယ်သူတွေက တော့ဘယ်မှာကျန်ခဲ့တယ်၊ ဘယ်သူတွေဟာ ဘဝပန်းတိုင်ကိုရောက်တယ်ဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြရမှာဖြစ်တယ်။ ဆိုတဲ့ စကားတွေနဲ့ ကျနော်တို့ ကျောင်းဆင်းခါနီး ဗိုလ်လောင်းတွေကြားမှာ ငွေရောင်ပိတ်ကားဆိုတဲ့စကားလုံးဟာ ခေတ်စားခဲ့ရဖူးပါတယ်။ ခုလည်းအဲလိုပဲ ကျနော့်အတွေးငွေရောင်ပိတ် ကားမှာလည်း တစ်ခေတ်တစ်ချိန်က တပ်မတော်နဲ့ ဒီနေ့ တိုင်းပြည်ကြီးတိုးတက်ပြောင်းလဲနေပါပြီလို့ပြောတဲ့ ပြည်ထောင်စုသမတ္တမြန်မာနိုင်ငံရဲ့ တပ်မတော်ထောက်ပံ့မှုနဲ့ ထောက်ပံ့မှုဆိုင်ရာ ပစ္စည်းများရဲ့ ကွာလတီတွေ၊ ထောက်ပံ့မှုစီမံပေးမှုတွေဟာ တစ်ခုချင်း တစ်ခုချင်းနဲ့ ပေါ်လွင်လာရပါတယ်။
ကျနော်တို့ သင်တန်းဆင်းပြီးတော့ ကျနော်က အမြောက်တပ်ဖြစ်တာနဲ့အညီ အမြောက်တပ်စုမှူးသင် တန်းကို မိတ္ထီလာ၊ မုန်တိုင်မှာ သင်တန်းတက်တော့လည်း အဲဒီမှာ ကျနော်တို့ကိုသင်တန်းပြပေးတဲ့ တပ်ရင်းအ ရာခံဗိုလ်ကြီး တစ်ယောက်ရဲ့ တစ်ခေတ်တစ်ချိန်က တပ်မတော်ရဲ့ထောက်ပံ့မှုတွေကိုပြန်ပြောင်းသတိရပြော ကြားနေတဲ့ ဆရာကြီးရဲ့ ပုံရိပ်ကိုလည်း မြင်ယောင်လာမိပါတယ်။ ဆရာကြီးပြောတာလေးကတော့ သိပ်ကိုရိုး ရှင်းပါတယ်။ ဗိုလ်ကြီးရယ် စစ်တပ်ကြီးက လက်နက်တွေခေတ်မှီလာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ရနေတဲ့ ရိက္ခာ၊ စစ်ဝတ်စတာတွေက အရည်အသွေးမမှီတော့ဘူးဗျ။ ဘယ်လိုသိနိုင်လဲဆိုရင် ဒီနေ့ တပ်မတော်က ထုတ်ပေးနေတဲ့ OG တွေကလေ ဗိုလ်ကြီးမြင်တဲ့အတိုင်းပဲ ပါးလိုက်တာမှ လွန်ရော။ ဘာမှကို မလုပ်ရသေးဘူး ပြဲချင်နေပြီ။ အဲဒီ OG တွေက မြန်မာ့တပ်မတော်ထုတ်တွေဆိုပေမယ့် ဘယ်လိုလုပ်လူတော တိုးဝတ်လို့ရမှာလည်း။ ဒီတော့ ခုလို ဘူးလော့တို့၊ ဘာတို့ စတာတွေကို အပြင်မှာချုပ်ဝတ်ရတော့ အပိုကုန်တယ် ဗျ။ ဒါပေမယ့် မချုပ်ဝတ်လို့လည်းမရဘူးလေ။ ထုတ်ပေးတာက ဝတ်လို့မှမသင့်တော်တာ။ ကျနော်တို့ အရင် ၈၈ မတိုင်ခင်တုန်းကဆိုရင် အနွေးဘောင်းဘီ တွေကအစရတယ်။ နောက် ခုလိုစစ်ဆွယ်တာဆိုတာလည်း ထူမှထူ၊ နောက် ထုတ်ပေးတဲ့ OG ဆိုတာ မီးပူလေးများကော့နေလို့ကတော့ ဒီနေ့ခေတ် ဂျင်းအပျော့စားလိုပဲ ရှိုးဝတ်လို့ ရတယ်။ ထုတ်ပေးတဲ့ စောင်ကြားဆိုတာ ဒီနေ့လို နည်းနည်းစွဲပြဲ မဟုတ်ဘူးဗိုလ်ကြီးရဲ့။ သိပ်ကိုခိုင်တာ။ ရှေ့ တန်းမှာ လူနာတင် အေးဆေးပဲ။ တောထဲ တော်ရုံညိတာလောက်တော့ ပြဲမထွက်သွားဘူး။ ပေါက်ပဲသွားရင် သွားမယ်။ ဒီနေ့ထုတ်ပေးနေတာတွေကတော့ဗျာ လက်နဲ့တောင်မထိုးရဲဘူး။
ဒီလိုလေးတွေရင်ဖွင့်ပြောသံလေးတွေနဲ့ တစ်ခါတည်း ကျနော်ပြန်လည်ပြေးမြင်သတိရမိပြန်တာက တစ်ချိန်က တပ်မတော်ကနေ ကလေးမွေးတဲ့ တပ်မိသားစုအတွက်ဆိုရင် ကလေးအတွက်ကို မွေးလာတာနဲ့ အိုဗာတင်း၊ နို့မုန့်၊ သူ့အသက်အရွယ်နဲ့သူ ပေးတယ်။ နောက် ကလေးအနှီးဆိုတာလည်း ပေးသေးတယ်။ ပေးတာတွေကလည်း ဒီနေ့ခေတ်အပြင်မှာရောင်းနေတဲ့ တရုတ်ကလာတဲ့လိုအပေါစားတွေမဟုတ်ဘူး။ တကယ့် ကိုအကောင်းစားတွေပါ။ အပြင်က သာမန်အလတ်တန်းစားလောက်ကတော့ ယှဉ်လို့ရတယ်။ ခုတော့ ကျနော် တို့မှာ အခြားတိုင်းပြည်များက ပိုကောင်းလာမယ့် အနာဂတ်ကိုမျှော်လင့်နေကြချိန်မှာ ကျနော်တို့က အတိတ် ဟောင်းကိုပြန်တမ်းတနေရတာဟာ ပြောင်းပြန်ဖြစ်နေတယ်လို့ ဘယ်သူတွေများတွေးမိသလဲလို့ ကျနော်စဉ်းစား မိတယ်။
နောက်ကျနော်တို့ တပ်မတော်သားတွေ တလွဲဂုဏ်ယူနေကြတာလေးတစ်ခုရှိတယ်။ အဲဒါကတော့ တခြားတော့မဟုတ်ပါဘူး။ ငါတို့တပ်မတော်က ဘာမှမရှိဘဲ ငါတို့တွေ ဘာမှအကျိုးခံစားခွင့်မရှိဘဲ တာဝန်ထမ်း ဆောင်နေကြတာဖြစ်တယ်ဆိုတာပါဘဲ။ ဒါကိုလည်း အထက်လူကြီးများက ဖြည့်ဆည်းပေးဖို့မတွေးကြဘဲ သူတို့ တွေရတဲ့ခံစားခွင့်ကြတော့ သူ့အဆင့်နဲ့သူတဲ့။ ဘယ်ရဲဘော်ကမှလည်း ဗိုလ်ချုပ်တစ်ယောက်လို ကားနဲ့တိုက်နဲ့ ဆိုတာကိုမမျှော်လင့်ပါဘူး။ စာရေးဆရာတစ်ယောက်ရဲ့စာအုပ်ထဲမှာတော့ ဖတ်ဖူးပါတယ်။ ဘယ်သူကမှ အ လှမ်းကွာဝေးတဲ့သူကို မနာမလိုပါဘူးတဲ့။ သူတို့ရဲ့ ဘဝတွေကိုလည်း မမျှော်လင့်ပါဘူးတဲ့။ ကိုယ်နဲ့ ထိုက်တန်ရာ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ စံထားပါတယ်လို့ဆိုထားပါတယ်။ ကျနော်ဟုတ်မဟုတ်ကို ပြန်တွေးကြည့်တယ်။ ဟုတ် တယ် ကျနော်တို့က ခံစားခွင့်ဘာညာပြောနေလို့ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေရနေတဲ့ အကျိုးခံစားခွင့်တွေကို ပြောနေခြင်းမဟုတ်ဘူးဆိုတာပါဘဲ။ ကျနော်တို့ပြောနေသောခံစားခွင့်ဆိုတာမှာလည်း အဆင့်လိုက် အဆင့် လိုက်ရဲ့ ခံစားခွင့်များကိုပြောနေခြင်းပါ။ ထိုခံစားခွင့်က လူတစ်ယောက်အတွက် ဖူလုံမှုရှိတယ် အနည်းငယ်မျှ ပိုလျှံမှုရှိတယ်ဆိုရုံလေးကိုသာ ကျနော်တို့ ပြောဆိုနေခြင်းဖြစ်ပါတယ်။ ဒါကို ငါတို့တပ်မတော်က ငပိစားပြီး တိုက်တဲ့ တပ်မတော် သူများတပ်မတော်တွေလို ချောကလက်စားရမှ တိုက်တဲ့တပ်မတော်မဟုတ်ဘူးတဲ့။ သိပ်ကိုဝမ်းနည်းဖို့ကောင်းတဲ့ စကားတွေပေါ့။ လွဲနေလိုက်တာများနော်။ အဲဒီစကားကိုပြောနေကြတဲ့ ဗိုလ်ချုပ် ကြီးများကကော တစ်ချိန်က သူတို့တွေ အရာရှိငယ်ဘဝတွေက သူတို့ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ယနေ့ခေတ် အရာရှိငယ်များနဲ့ ရဲဘော်များရနေကြတဲ့ အခွင့်အရေးများဘယ်လိုကွာဟနေတယ်ဆိုတာကို မသိလေရော့သ လားလို့လည်း စဉ်းစားမိပါတယ်။
ဆရာလယ်တွင်းသားစောချစ်ကတော့ပြောထားတယ် စာပေဟောပြောပွဲလေးတစ်ခုမှာ ဆရာပြောထား တာလေးကို ကျနော်အရမ်းသဘောကျတယ်။ ဆရာကဘာပြောထားတာလဲဆိုတော့ ဆင်းရဲတာဟာ မရှိတာ ဟာ မပြည့်စုံတာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူးတဲ့။ ချမ်းသာလာအောင် ရှိလာအောင် ပြည့်စုံလာအောင် ကြိုးစား ပြီး အနည်းအကျဉ်းလောက်တိုးတက်လာတာလေးကိုပဲ ကျနော်တို့က ဂုဏ်ယူသင့်ပါတယ်တဲ့။ ခုတော့ ကျနော် တို့ တပ်မတော်သားတွေရဲ့စိတ်ထဲမှာ အဲလိုမရှိတာကိုပဲ မပြည့်စုံတာကိုပဲ ဂုဏ်ယူနေကြတော့ ယနေ့ကမ္ဘာကြီး နဲ့လွဲနေတယ်ဆိုတာကို မသိကြလေတော့ တပ်မတော်ကြီးအတွက် ကျနော်ဝမ်းနည်းမိပါတယ်။ ဒီလိုပြောတော့ ငါတို့ကို လစာတွေ တိုးပေးထားတာပဲဆိုရင်တော့ ဒါက ခံစားခွင့်တိုးပေးတာမဟုတ်ပါဘူး။ ခေတ်ကာလအရ ကုန်ဈေးနှုန်းတိုးမြင့်လာမှုအပေါ်မှာ တိုးမြှင့်ပေးလိုက်တဲ့ လစာပါ။ ဒါဟာ ခံစားခွင့်တိုးလာတာမဟုတ်ပါဘူး ဆိုတာကိုလည်း ကျနော်တို့ သိရပါမယ်။ တကယ်လို့များ ကျနော်တို့ရဲ့ ငွေတန်ဖိုးဟာ တက်နေမယ်ဆိုရင် ကုန်ပစ္စည်းတွေဟာ ဈေးကျလိုက်ရင် ကုန်ဈေးနှုန်းကို ထိန်းချုပ်လာနိုင်ရင် ကျနော်တို့ လစာတွေလည်း တိုးလာ စရာအကြောင်းမရှိပါဘူး။
လစာတွေတော့တိုးလာပါတယ် ဒါပေမယ့် ပေးနေတဲ့ ရရမယ့် ရိက္ခာတွေက အလျှော့ခံရတယ်၊ ဖြတ် တောက်ခံရတယ်။ အဆိုးဝါးဆုံးဖြတ်တောက်ခံရခြင်းကတော့ ကုလားပဲပါ။ ဒီတော့ဘာထူးမှာလဲ။ တစ်ဖက်က ရိက္ခာဖြတ်တောက်ခံရလို့ ဝမ်းစာအတွက် လျော့ပါးသွားချိန်မှာ တိုးလာတဲ့လစာနဲ့ ပြန်လည်ဝယ်ယူပြီး ဖာထေးရ ပါတယ်။ ဒီတော့ ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ပြန်တွက်လိုက်တော့ ကျနော်တို့ ရှုံးတောင်နေပါသေးတယ်။ ဒါက ဝမ်းရေးပဲရှိပါသေးတယ်။ အခြားအခွင့်အရေးများဖြစ်တဲ့ တပ်မတော်မိသားစုများရဲ့ နောင်ရေး၊ တပ်မတော်သား များရဲ့ ဘဝအာမခံချက် စတာတွေကိုကော ဘယ်လောက်များ နိုင်ငံတော်နဲ့ တပ်မတော်က တာဝန်ယူထားပေး ပါပြီလဲ။ အနာဂတ်ကို မမျှော်နိုင်ဘဲ အတိတ်ကိုသာ ပြန်တမ်းတနေရတဲ့ နောက်ကြောင်းပြန်တပ်မတော်ကြီး ကနေ အနာဂတ်ကိုမျှော်တွေးနိုင်တဲ့ အမှန်တကယ် ခေတ်မှီပြီး တိုးတက်တဲ့ အတွေးအခေါ်များရှိတဲ့ တပ်မတော် ကြီးဖြစ်ပေါ်လာစေချင်သော ရင်တွင်းဆန္ဒကတော့ အမှန်တကယ်ရှိရပါတော့တယ်။
တပ်မတော်သားများနှင့် တကွ ပြည်သူတွေရဲ့ ဘဝအာမခံချက်များကို အမှန်တကယ်အာမခံချက်ပေး နိုင်သော အစိုးရတစ်ရပ်ဖြစ်လာအောင်လည် လက်ရှိ အစိုးရမှ ကြိုးစားဆောင်ရွက်လိမ့်မည်လို့လည်း ယုံကြည်မိ ပါသည်။ ပြောင်းလဲလာသော တပ်မတော်ခေါင်းဆောင်များမှလည်း မိမိတို့ တပ်မတော်သားများနဲ့ တပ်မတော် သားမိသားစုများအတွက် စဉ်းစားပေးပြီး ဖြည့်တင်းပေးလိမ့်မည်လို့လည်း ယုံကြည်မိပါတယ်။ မိမိတို့ တပ်မ တော်သားများကိုသာ မဟုတ်ပါ။ နိုင်ငံတကာရှိ အခြားနိုင်ငံများနည်းတူ အကျိုးခံစားခွင့်များ ရရှိစေရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း အခွင့်အရေးများ အခွင့်အလမ်းများ ဖန်တီးပေးနိုင်လိမ့်မည် လို့လည်း ယုံကြည်မိပါသည်။ လောလောဆယ်တော့ ကျနော် အတိတ်က တပ်မတော်ကြီးကိုသာ ပြန်လည် လွမ်းဆွတ်လိုက်ပါဦးမည်။ မိမိလွမ်းဆွတ်မည့် အတိတ်တပ်မတော်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က ပြည်သူချစ်သောတပ်မတော်နှင့် ဦးနေဝင်းလက်ထက် ယနေ့ထက်သာသော အုပ်ချုပ်ထောက်ပံ့မှုများ၊ အဆင့်အ တန်းမှီသော စစ်ဝတ်များရရှိတဲ့ တပ်မတော် နှစ်ရပ်ကို ပေါင်းစပ်ဖို့ကြိုးစားရင်းပဲ အတိတ်မှာရှိခဲ့တဲ့ ကွဲပြားတဲ့ တပ်မတော်ကြီးကိုပဲ တမ်းတရင်း ယနေ့တပ်မတော်ကို လွမ်းမိပါတော့သည်။

ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts