Monday, December 12, 2011

ရာဇဝင်ပျောက်ခဲ့ပြီ အဖေ

          သမိုင်းတွင်ထင်ရှားခဲ့သောမိမိတို့တပ်မတော်သည် ယနေ့အချိန်ကာလတွင် ဦးဆောင်နေသူ တပ်မတော်ခေါင်းဆောင်အချို့နှင့် အာဏာကိုမက်မောနေသောလူတစ်စုတို့ကြောင့် အသက်ကိုပင်ပဓါနမ ထားဘဲတိုင်းပြည်နှင့်လူမျိုးအတွက်အသက်သွေးချွေးများကိုပေးလှူထားသောတပ်မတော်ဟု နာမည်ရှိသော မိမိတို့တပ်မတော်သည် ယနေ့အချိန်တွင် ပြည်သူဘက်မှမရပ်တည်နိုင်ပဲ လူတစ်စု၏အကျိုးစီးပွါးအတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင်လူရမ်းကားတပ်အသွင်သို့ကူးပြောင်းသွားလိုက်သည်မှာ လူမသိသူ မသိကူးပြောင်းနေရာမှ ပေါ်ပေါ်ထင်ထင်ပင်ကူးပြောင်းသွားလိုက်လေရာ ယနေ့အချိန်တပ်မတော်ကိုများ အဖဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ လွတ်လပ်ရေးရအောင်ကျိုးပမ်းပေးခဲ့ကြပါ သောပြည်သူချစ်တဲ့ ကျဆုံးလေပြီးသောတပ်မတော်သားများ မြင်တွေ့ရင်ဖြင့် ဘယ်လိုများပြောလိမ့်မည် မသိပေ။
အဖေ အဖေကြိုးစားပေးခဲ့တဲ့ဦးဆောင်ပေးခဲ့တဲ့အောက်မှာ အားလုံးဟာလိုက်ပါကြိုးစားခဲ့ကြလို့ သားတို့နိုင်ငံတော်ကြီး လွတ်လပ်ရေးတော့ရခဲ့ပြီအဖေ။ ဒါပေမယ့်အဖေရယ် အဖေ့သွေးသောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းတစ်ဖြစ်လဲ ဦးနေဝင်းကနေစလို့ တိုင်းပြည်ကိုဖျက်ဆီးလာခဲ့လိုက်တာ ခုဆိုသားတို့တိုင်းပြည်ဟာလေ အဖေပြောသလို ဖာနိုင်ငံရယ်လို့ပြောခံနေရပြီ ဒါတင်ပဲလားဆိုတော့ ဘယ်ကဦးမလဲအဖေ သူခိုးနိုင်ငံ၊ သူတောင်းစားနိုင်ငံတဲ့။
          အဖေမေးမှာပေါ့နော် မင်းတို့တပ်တွေကကော ဘာတွေလုပ်နေလဲ ဒီလိုတွေဖြစ်နေရအောင်ဆိုရင် သားပြောပြပါမယ်အဖေ။ အဖေတည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီးထဲက သားတို့တပ်မတော်သားတွေ ဟာလေခုဆိုဘာမှကိုမလုပ်ရဲတော့လောက်အောင်ဖြစ်နေပြီအဖေ။ အဖေမျှော်လင့်တကြီးနဲ့ တစ်နေ့မှာ အမေရိကန်နိုင်ငံက West Point စစ်တက္ကသိုလ်လို ငါတို့နိုင်ငံမှာလဲ စစ်တက္ကသိုလ်ပေါ်ထွန်းချင်ခဲ့တဲ့အဖေ့ ဆန္ဒကိုသားရိပ်မိပါတယ်။ အဖေမျှော်လင့်ခဲ့တာက တိုင်းတစ်ပါးရဲ့ကျူးကျော်မှုတွေကို ကိုယ်ပိုင်တပ်မတော် တစ်ရပ်နဲ့ တွန်းလှန်အောင်မြင်နိုင်အောင် ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင်အဖေလုပ်ချင်ခဲ့တယ်ဆို တာပေါ့။ ဒါပေမယ့်အဖေရယ် အဖေမျှော်လင့်ခဲ့သလိုဖြစ်မလာဘူးအဖေ။ အားလုံးကတော့ အဖေဖြစ်ချင်ခဲ့ သလိုတော့ဖြစ်ထွန်းပေါ်ပေါက်လာပါတယ်။ ဒါပေမယ့်ရည်ရွယ်ချက်တွေကပျောက်ကုန်ပြီအဖေ။ အဖေက ပြောခဲ့တယ် ဖက်ဒရယ်ပုံစံနဲ့ တိုင်းပြည်ကိုတည်ထောင်မယ် တိုင်းရင်းသားလူမျိုးစုတွေနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေနဲ့ ချစ်ချစ်ခင်ခင်နေထိုင်မယ်ဆိုတဲ့ အဖေ့မျှော်လင့်ချက်တွေနဲ့ အဖေ့လုပ်ငန်းစဉ်တွေကို သားလေးစားတယ် အားကျတယ်။ သားလဲ အဖေ့လုပ်ငန်းစဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကာကွယ် ရေးလုပ်ငန်းကိုအုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။ ဒါပေမယ့်အဖေရယ် ခုတော့လေ အဖေတည်ထောင်ပေးခဲ့တဲ့တပ်မတော်ကပဲ အဖေမျှော်လင့်ခဲ့တဲ့ တိုင်းရင်းသားတွေအချင်းချင်း ချစ်ခင်စည်းလုံးစွာနဲ့ အတူတကွနေထိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကိုရိုက်ချိုးပြီး လက်နက်ကိုင်တိုက်ခိုက် နေတယ်အဖေ။ ဒါတင်ပဲလားဆိုတော့ဘယ်ကမလဲအဖေရယ်။ ပြည်သူတွေကိုလဲ ဟိုးတုန်းက ဘုရင်ခေတ် ကဓါးမိုးအုပ်ချုပ်သလို သေနတ်မိုးအုပ်ချုပ်နေတယ်အဖေ။ သားလေအဖေ့လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ချင်လို့ သားလေ့လာတော့ အဖေချမှတ်သွားတဲ့ လမ်းညွှန်ချက်လေး(၇)ချက်ကို သွားတွေ့တယ်အဖေ။ သားအရမ်းသဘောကျတယ်။ အဖေပြောသွားတာကနော်-
          ၁။       နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော် ဟုခေါ် တွင်စေသောလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေ ရမည်။ထို့ပြင်-
          ၂။       ပြည်ထောင်စုနိုင်ငံအတွင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့်တသီး ပုဂ္ဂလပြည်နယ်များသည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရှိစေရမည်။ထို့ပြင်-
          ၃။       အချုပ်အခြာအာဏာပိုင်လွတ်လပ်သောသမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ် သည့်ပြည်နယ်များနှင့်အစိုးရအဖွဲ့အစည်းအားလုံး တို့၏အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားများ ထံမှသက်ဆင်းစေရမည်။ထို့ပြင်-
          ၄။       ပြည်ထောင်စုမြန်မာနိုင်ငံတော်၏တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌၎င်း၊ စီးပွါး ရေါ်ရာ၌၎င်း၊ နိုင်ငံရေး၌၎င်းတရားမျှတစေလျက်၊ အဆင့်အတန်းအခွင့်အရေး ဥပဒေသက်ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့စောင့် စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။ထို့ပြင်-
          ၅။       ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သောကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။ထို့ပြင်-
          ၆။       လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းထဲ တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံ၏ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်းဥပဒေအရစောင့်ထိန်းထားရှိစေရမည်။ထို့ပြင်-
          ၇။       ရာဇဝင်တွင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည်ကမ္ဘာတွင်မိမိ၏ဂုဏ်ကျက်သရေနှင့် လျော်စွာရသင့်ရထိုက်သောအဆင့်အတန်းသို့ရောက်ရှိစေရမည့်ပြင်၊ လူသတ္တဝါတို့၏တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့်အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ရကာ ပြည်ထောင်အချင်းချင်းဆိုင်ရာတရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကိုအခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေးရှုလျက် နိုင်ငံတကာတို့နှင့်မိတ်ဝတ်မပျက် တွဲဘက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဌာန်ဖြင့်စောင့်ထိန်းတော့ အံ့။
          အဖေ အဖေ့ရဲ့ချမှတ်သွားတဲ့ လမ်းစဉ်လေးတွေကနော် တိုင်းရင်းသားတွေအားလုံးနဲ့ ပြည်သူပြည် သားတွေအတွက်ကိုအဓိကစေတနာထားပြီးပြောသွားသလို အနာဂတ်တိုင်းပြည်အရေးအတွက် ရေရှည် လက်တွဲနိုင်မယ့်မူတွေကိုချပြသွားခဲ့တယ်။ ဒါပေမယ့်အဖေရယ် အဖေကျဆုံးသွားတာနဲ့ ဘယ်ကတည်းက အကောက်ကြံနေမှန်းမသိတဲ့ လူတစ်စုကဦးဆောင်လို့ အဖေ့ရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော် မယ်ဆိုပြီးလုပ်ကြတော့ ပြည်ထောင်စုပြိုကွဲမယ့်အရေးဆိုပြီး အကောင်းဆုံးစကားလုံးလေးတွေနဲ့ တိုင်းပြည် အပေါ်ကာကွယ်ချင်တဲ့ အဖေ့သားမောင်တွေဖြစ်တဲ့ တပ်မတော်သားတွေကိုခုတုံးလုပ်အသုံးချသွားတာများ ခုဆိုတိုင်းပြည်ကချွတ်ခြုံကျနေပါပေါ့လားအဖေရယ်။ ခုထိလဲ လှပတဲ့ စကားလုံးလေးတွေနဲ့ ပဲတိုင်းပြည်ကို အုပ်ချုပ်နေတယ်၊ တိုင်းပြည်အတွက်တော့ ဘာတစ်ခုမှ မလုပ်ပေးပဲ မိသားစုကောင်းစားရေး နဲ့ အာဏာ တည်မြဲရေးတစ်ခုကိုပဲ တစ်စိုက်မတ်မတ်လုပ်လာလိုက်တာများခုဆိုရင်အဖေ နိုင်ငံကို ဘုရင်စနစ်များပြန် လုပ်မလားမသိပါဘူးအဖေရယ်။ နောက်တစ်ခုလေ ဆင်ဖြူတော်ပေါ်မှာတောင်ကြောက်နေရပြီအဖေရယ်။ ဘာလို့ဆို ဆင်ဖြူတော်ပေါ်တဲ့ကာလအတိုင်းအတာတစ်နှစ်အတွင်းတိုင်းပြည်ဟာ သွေးချောင်စီးရင်စီး မစီးရင်သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံကြရတယ်အဖေ။ ဒါကိုတောင်သူက မင်းကျင့်တရားနဲ့ညီတဲ့ တိုင်းပြည်ခေါင်းဆောင်တွေလက်ထက်မှာသာလျှင်ပေါ်ထွန်းတဲ့ ဘာတဲ့ညာတဲ့နဲ့ တိုင်းပြည်ကပြည်သူတွေ ကိုမစားရဝမခန်းပြောနေလိုက်တာများ အဖေရယ် အဖေကြားရင် ရယ်နေလေမလား၊ မချိပြုံးပဲပြုံးနေမလား  ဒေါသတွေထွက်ပြီးစေတနာစကားတွေနဲ့ အဖေ့မိန့်ခွန်းတွေထဲကလို ခင်ရင့်ရင့်နဲ့ပဲ သူတို့ကိုပြောမလား ဒါမှမဟုတ် ပြည်သူဘက်ကမရပ်တည်ရဲဘဲဖြစ်နေတဲ့ အဖေ့သားမောင်စစ်သည်တွေကိုပဲ အဖေအပြစ်တင် နေမလား သားသိချင်လိုက်တာအဖေရယ်။ ငါတို့တောင်ဗြိတိသျှနယ်ချဲ့ ကိုတောင်တိုက်ထုတ်နိုင်တာ အဲဒီလိုစဖို့ ရဲဘော်သုံးကျိပ်နဲ့စတာပဲဆိုပြီးများ အားမလိုအားမရနဲ့ အဖေ့သားမောင်တွေကိုအပြစ်တင်နေ မလား။ အဖေ အဖေ့သားတွေကမလုပ်ရဲဘူးအဖေ ဒီလူတစ်စုဟာ တိုင်းပြည်အပေါ်မှာကော ပြည်သူတွေအ ပေါ်မှာပါသစ္စာဖောက်ပြီး ကိုယ်ကျိုးရှာနေတယ်ဆိုတာ အားလုံးသိနေပါလျက်နဲ့ ဘာလို့ခံနေရလဲ သားအဲဒီအဖြေကိုသိချင်နေတယ်အဖေ။ အားလုံးဟာမကျေနပ်ပါပဲ ဘာလို့မစည်းလုံးနိုင်ဖြစ်နေပြီး ကြောက် နေကြတာလဲ။ ပြည်သူတွေထားပါအဖေရယ် အဖေ့သားမောင်တွေဖြစ်တဲ့ ပြည်သူ့အတွက်ဆို အသက်၊ သွေး၊ ချွေးတွေကိုပေးဆပ်ထားတယ်ဆိုတဲ့သူတွေတောင်ဘာမှပြန်မလုပ်နိုင်ဘူး။ နောင်တော်တွေထဲက တစ်ချို့ကလဲ ငါတို့ကဘာမှမှမလုပ်နိုင်တာတဲ့လေ။ ဒီလိုစကားကိုအားလုံးပြောနေတာပါ။ သားတို့နှစ် ၄၀ ကျော်မကျေခဲ့တဲ့တာဝန်တွေနဲ့ ပြည်သူတွေအပေါ်မှားခဲ့တဲ့အမှားတွေ၊ တင်နေတဲ့အကြွေးတွေကိုသား တို့ပြန်ဆပ်သင့်ပြီလို့ထင်တယ်နော်။ သားရဲ့ နောင်တော် ညီတော်တွေနဲ့တကွ သားရဲ့ရဲဘော်ရဲဘက်တွေ ကိုဒီအကြွေးကိုပြန်ဆပ်ရအောင်လို့သားပြောချင်တယ်အဖေရယ်။ ဒါပေမယ့်သားမှာ အဖေ့လိုအားမာန်တွေ မရှိဘူး။ အဖေ့လိုယုံကြည်မှုတွေမရှိဘူး။ အဖေ့လိုအရည်အချင်းမရှိဘူးအဖေ။ သားမလုပ်နိုင်မှာပဲကြောက် ပါတယ်။ သားဘာကိုမှမကြောက်ဘူးအဖေ။ သားအကုန်ဆုံးရှုံးခံရဲတယ်အဖေ။ ဒါပေမယ့်သားရဲ့ ရဲဘော်ရဲဘက်တွေကို သားဘယ်လိုပြောပြရမလဲ။ ခုလဲလုပ်ပြန်ပြီအဖေ သားတို့တွေဦးညွတ်တဲ့နိုင်ငံတော် အလံကို ပြောင်းလဲလိုက်ပြန်ပြီ။ သူတို့တွေလုပ်ချင်တိုင်းကိုလုပ်နေတော့တာပါပဲအဖေရယ်။ တိုင်းပြည်ကို သူတို့ပိုင်တယ်လို့များထင်နေလေရော့လားမသိပါဘူး။ တကယ်ဆို တိုင်းပြည်က ဒီတိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်သူအားလုံးနဲ့သက်ဆိုင်တာပဲလေနော်။ ဒါကိုသူတို့ပိုင်လုပ်ထားတယ်အဖေရယ်။ အစကတော့ လေသားသူတို့ပြောသလို တိုင်းရင်းသားတွေကအဖေတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြီးကိုပြိုကွဲစေချင် တယ်လို့ထင်နေခဲ့တာ သားလိုအထင်တွေနဲ့ အဖေတည်ထောင်ခဲ့တဲ့တပ်မတော်ထဲမှာ အများကြီးအဖေ သိတဲ့သူတွေကလဲ မသိကျိုးကျွံပြုနေကြတယ်။ နောက်တော့မှ တိုင်းရင်းသားတွေတောင်းဆိုတာက တကယ်တော့တရားတယ်ဆိုတာသားသိလာတယ်အဖေ။ တကယ်တော့သူတို့တောင်းဆိုတာက အဖေချ မှတ်သွားတဲ့လမ်းကြောင်းထဲကအတိုင်းပဲတောင်းဆိုကြတာဆိုတာလေ။ သူတို့ကဘာတွေတောင်းဆိုတယ် ဆိုတော့ အဓိကအချက်တွေကတော့-
          ၁။       ဗမာပြည်မအား ပြည်ထောင်စုအဖွဲ့ဝင်သီးခြားပြည်နယ်တစ်ခုအဖြစ်ဖွဲ့စည်းေ၇း။
          ၂။       ပြည်ထောင်စုအစိုးရအား အများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအတွက်သာ အာဏာခွဲဝေ ပြီးပြည်နယ်များအား ကျန်အာဏာများကိုချုပ်ကိုင်ခွင့်ပေးရေး။
          ၃။       လူမျိုးစုလွှတ်တော်သည် ပြည်သူ့လွှတ်တော်နှင့်တန်းတူအာဏာရှိရမည့်အပြင် ပြည်နယ် တိုင်းမှ ညီမျှသည့်ကိုယ်စားလှယ်ဦးရေ စေလွှတ်ခွင့်ရှိရေး။
          ၄။       နောင်တွင်ရေးစွဲမည့် ပြည်ထောင်စုစစ်စစ်အခြေခံဥပဒေတွင် ပြည်ထောင်စုဘဏ္ဍာတော် ခွဲဝေရေးကိစ္စနှင့်ပတ်သက်၍ အလေးအနက်စဉ်းစားပြီး အတိအကျပြဌာန်းထားရှိရေး။
          ၅။       ပြည်ထောင်စုဗဟိုအစိုးရကသော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းကသော်လည်း ကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိ စေရန် နှင့်လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးရရှိစေရန် အခြေခံဥပဒေတွင် အခိုင်အမာပြဌာန်းထားရှိရေး။
          ၆။       ဗဟိုပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်သောသီခြားပြည်နယ် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေရှိရမည့်အပြင် သီးခြားဥပဒေပြုလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရေး။
          ၇။       သီးခြားပြည်နယ်ဖွဲ့စည်းနိုင်သည့်လူမျိုးစုဒေသ National Areas များဖွဲ့စည်းပေးပြီး လူမျိုးစုအခွင့်အရေးများကာကွယ်နိုင်ရန် အခြေခံဥပဒေတွင် လုံလောက်စွာပြဌာန်းပေးထားရေး။
          ၈။       မူလ(၁၉၄၇)အခြေခံဥပဒေ၏ဖွဲ့စည်းပုံစနစ်တစ်ခုလုံးကို ပြောင်းလဲပြင်ဆင်ကာ အသစ်ထပ် မံဖွဲ့စည်းရမည့် ပြည်ထောင်စုစစ်စစ်၏ပုံစံအတိုင်းလိုက်နာပြုလုပ်ဆောင်ရွက်မှသာ ဖြစ်မြောက်အောင်မြင် နိုင်မည်။
          ယင်းအထက်ပါအချက်များသည် တိုင်းရင်းသားများထံမှ အဓိကထားတောင်းဆိုခဲ့သော အချက်များ ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် ကျနော်တို့သိထားသည့် တိုင်းရင်းသားများက ခွဲထွက်ခွင့်တောင်းဆိုခဲ့သဖြင့် တပ်မတော်မှ နိုင်ငံတော်အာဏာကိုရယူခဲ့ရပါသည်ဆိုလျှင် မှန်နိုင်ပါ၏လော။ ယင်းတောင်းဆိုချက်များကို ၁၉၆၂ ခုနှစ်တွင် တိုင်းရင်းသားများမှ အဆိုပြုခဲ့ရာတွင် ထိုစဉ် ဗိုလ်ချုပ်နေဝင်းမှ ပြည်ထောင်စုကွဲထွက် တော့မည်ဆိုသောအကြောင်းပြချက်ဖြင့် တပ်မတော်မှအာဏာသိမ်းသည် ဆိုကာနောက်ပိုင်းတွင် ကိုယ်တိုင်ပါတီဖွဲ့ အာဏာကိုတစ်ယောက်တည်းချုပ်ကိုင်ခဲ့ပြီး မိမိတို့တပ်မတော်ခေါင်းဆောင်များကိုလဲ အရည်အချင်းရှိသည်ထက် ယင်း၏စိတ်တိုင်းကျအမိန့်ပေးနိုင်မည့် သူများကိုသာဦးဆောင်စေခဲ့ရာမှ ယနေ့ အချိန်ကဲ့သို့သောပြသနာများဖြစ်ပေါ်လာသည်မှာ အားလုံးသိထားသည့်အတိုင်းပင် တပ်မတော်သည်လဲ ရာဇဝင်ရိုင်းခဲ့ပြီ၊ တစ်ချိန်ကရှိခဲ့သည့် ကောင်းမြတ်သောလက္ခဏာများပျောက်ပြက်ကုန်ပြီ။ ဒါကိုကျနော်တို့ တပ်မတော်သားတွေက ဒီအတိုင်းပဲလက်ပိုက်ကြည့်နေမည်ဆိုရင်ဖြင့် တစ်ချိန်မှာ ရာဇဝင်ပျောက်သွားမည် မှာမလွဲဧကန်ပင်ဖြစ်ပေတော့သည်။ ဒါကြောင့် ကျနော်တို့အမျိုးသားဖခင် တပ်မတော်ဖခင် လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်များပီပီ မိမိတို့၏လှပခဲ့သောရာဇဝင်နှင့်သမိုင်းကိုပြန်လည်ဖော် ထုတ်ရေးသည် မိမိတို့ မျိုးဆက်သစ်တပ်မတော်သားများ၏တာဝန်ပင်ဖြစ်ပေတော့သည်။ သို့အတွက် မိမိတို့ တပ်မတော်ညီအကိုများနှင့်ရဲဘော်ရဲဘက်များ မှပူးပေါင်းပါဝင်ကာ အမျိုးသားရေး နိုင်ငံရေးနှင့်တကွ ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းစဉ်(၇) ချက်ကိုအကောင်အထည်ဖော်ရန်ကြိုးပမ်းကြပါစို့လို့ အဖဗိုလ်ချုပ်ကို သတိရတမ်းတရင်း မိမိတပ်မတော်သားညီအကိုများကို လေးစားစွာတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။


ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts