Monday, December 12, 2011

တအိပ်တည်းနေမိတ်ဆွေများနှင့် ကျနော်

နို့ဖိုးဒုက္ခသည်စခန်းထဲ ၀င်ရောက်ချိန်မှစပြီး ကျနော့်ဘ၀တွင် ပထမဦးဆုံးအကြိမ် အိမ်လေးတစ်လုံးကိုယာယီ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။ ထိုအိမ်ကလေးကို UNမှစာနာထောက်ထားမှုဖြင့် နေရာချထားပေးခြင်းဖြစ်ပြီး အိမ်ကလေးနှင့် ကျနော်တို့မိသားစု၏ အနာဂတ်သည် UN ၏စီစဉ်ဆုံးဖြတ်မှု၌သာ မူတည်နေတော့သည်။ ကျနော်စခန်းထဲသို့ ၀င်မလာမီ ၂ နှစ်ခန့်က ကြိုတင်ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ယခုအချိန်ထိဆိုလျှင် အိမ်ကလေး၏သက်တမ်းမှာ ၇နှစ်ကျော် ၈နှစ်အတွင်းရောက်ရှိနေပေပြီ။

ရာသီဥတု၏ နှိပ်စက်မှုဒဏ်ကြောင့် အိမ်ကလေးမှာ အတော်ပင်ယိမ်းယိုင်ယိုယွင်း ပျက်စီးနေပြီဖြစ်သည်။ ယခုနှစ်နွေရာသီမှာ အိမ်ကလေးကို ပြန်ပြင်မဆောက်လျှင်မဖြစ်တော့။ မိတ်ဆွေဟောင်းတို့အစား မိတ်ဆွေသစ် တို့ဖြင့်အစားထိုးမည်ဟုစိတ်ကူးကာ မလုံ့တလုံ ၀ါးကြမ်းခင်းပေါ် ပက်လက်လှန်ရင်း အိမ်မိုးပေါ်သို့ ရုတ်တရက် အကြည့်ရောက်သွားသည့်အခိုက်...
 “ဟေ့ကောင်..ဟေ့ကောင်..မင်းကြည့်တဲ့အကြည့်က မလိုတမာနဲ့ မင်းငါတို့နဲ့ လမ်းခွဲဖို့ဆုံးဖြတ်တော့မလို့လား၊ မင်းဒီအိမ်လေးကိုရောက်လာလို့ မကြာဘူး ငါနဲ့ငါ့မိတ်ဆွေတွေက မင်းမိသားစုရဲ့ ဒုက္ခအခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲတယ်လေကွာ” ဟုပြောသဖြင့် ကျနော်လည်း အားကျမခံ ဆိုသလိုပင်.... “လမ်းတော့ဘယ်ခွဲချင်ပါ့မလဲဗျာ..ဒါပေမယ့် ခင်ဗျားတို့လည်းအိုမင်းနေပြီဆိုတော့ ကျနော့်မိသားစုကို လုံခြုံမှု အပြည့်အ၀မပေးနိုင်တော့ဘူးမို့လား.. ဒါကြောင့်မို့.”
“မင်းတို့မိသားစု လုံလုံခြုံခြုံနေဖို့အရေး နေပူမရှောင် မိုးရွာမရှောင် ကျရာနေရာက ငါတို့တာဝန်ကျေခဲ့ပါတယ်၊ အခုတော့ တတိယနိုင်ငံမှာရောက်နေတဲ့ မင်းရဲ့မိတ်ဆွေတွေက ငွေပို့ပေးမယ်ဆိုတာနဲ့ မင်းစိတ်ကူးယဉ်ပြီး ငါတို့နဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာမို့လား..နောင်တဆိုတာ နောင်မှရတတ်တာမျိုးမဖြစ်စေချင်ဘူး၊ မင်းတို့ မိတ်ဆွေတွေက ပုံပြင်တွေ၊မျှော်လင့်ချက်တွေ ပေးတတ်ကြတယ်။ လက်တွေ့ဖြစ်မလာတဲ့အခါမှာ မင်းပဲစိတ် ဆင်းရဲရမှာမို့ သေသေချာချာစဉ်းစားစေချင်တယ်။“ စကားကို ခေတ္တရပ်နားပြီး သူကကျနော့်ကို မထီတရီ ပြုံးစေ့စေ့ ကြည့်နေရင်းမှ..
 “ ငါကလူတွေရဲ့အကြောင်းကိုနောကျေအောင် သိနေပြီလေ၊ အတ္တတွေနဲ့ ဟန်လုပ်နေကြတာ၊ သစ္စာမရှိဘူး၊ အာဏာရဖို့ နေရာဖို့အတွက်ဆို ရာသီအလိုက် အရောင်ပြောင်းသွားတတ်ကြတယ်ဆိုတာ မင်းသတိမထားမိ ဘူးလား.. ပေးဆပ်မှုထက် ရယူပိုင်ဆိုင်လိုတဲ့ စိတ်ကပဲ အနိုင်ယူသွားတတ်ကြသလို၊ ကိုယ်ကျင့်တရားတွေ က လည်း အခုတော့ အရောင်းအ၀ယ်တွေလုပ်ကုန် ကြပြီ။ အချို့ဆိုရင် နေရာတကာ အသံကောင်းဟစ်ရလွန်းလို့ အသံတွေတောင်ပြာကုန်ကြပြီ၊ သူတို့ဘ၀အတွက် တော့ ဟစ်နိုင်မှအကျိုးလို့ မြင်သွားလို့ထင်ပါရဲ့.. ထား ပါတော့ အယောင်ဆောင်တွေများလွန်းတဲ့ လူသားတွေ ထက်ငါတို့ဘ၀တွေကမှ ဂုဏ်သိက္ခာအပြည့်ရှိ ပါသေးတယ်”
“ခင်ဗျားဆိုလိုတဲ့ ဂုဏ်သိက္ခာရဲ့သဘောက ဘာတုန်း”
“ငါတို့က လူသားတွေအသုံးလိုတဲ့နေရာတိုင်းမှာ မညည်းမညူ အဖြည့်ဆည်းခံဘ၀နဲ့ ကျေကျေနပ်နပ်ကြီး ခံယူနိုင်ကြတယ်။ ပေးဆပ်အနစ်နာခံရတာကိုပဲ ၀မ်းသာဂုဏ်ယူတယ်။ ကိုယ့်ကိုကျိုးအတွက် ဘာအခွင့်အရေး မှလည်းမတောင်းဆိုဘူး၊ အဲဒါငါတို့ရဲ့ ရိုးသားတဲ့ဂုဏ်ဒြပ်တွေပဲပေါ့”
ကျနော်ကြမ်းပြင်ပေါ်က ထမည်အလုပ်...
 “မိတ်ဆွေ ဖြည်းဖြည်းထပါကွာ..မတော်တဆ ကြမ်းပေါက်ကျွံမှဖြင့် တောင်မင်းကိုမြောက်မင်း မကယ်နိုင်ဖြစ် နေအုံးမယ်၊ မင်းဘ၀ကိုလည်း ငါစာနာနားလည်တယ်၊ ငါ့ဘ၀ကလည်း အဖြည့်ဆည်းခံရလွန်းလို့ ကျိုးကြေနေပြီ၊ ငါမင်းတို့အတွက် ပေးဆပ်တာ အခွင့်အရေးတစ်ခုပြန်ရဖို့မျှော်လင့်ချက်နဲ့ မဟုတ်ဘူးဆိုတာ မင်းသိစေချင်တယ်။ တခါတရံ မင်းတို့လူသားတွေက မထင်ရင်မထင်သလို နင်းချင်နင်း ကန်ချင်ကန် မကျေနပ်လို့ လိမ်ချိုး၊ တံတွေးနဲ့ လှမ်းထွေးတောင်မှ အပြုံးမပျက်ပေးဆပ်နေရတဲ့ ငါတို့ဘ၀တွေကလည်း မင်းနဲ့ထပ်တူထပ်မျှမိတ်ဆွေကောင်း တွေပါပဲ” လို့ နောက်တစ်ဦးက ဆိုလာပြန်သည်။
ကျနော်လည်း သူတို့နဲ့ဆက်ပြီးအငြင်းမပွားလိုတာကြောင့် အိမ်အောက်ကို ဆင်းလာခဲ့မိသည့်အချိန်တွင်..
“မင်းငါတို့နဲ့ တကယ်လမ်းခွဲဖို့ဆုံးဖြတ်လိုက်လို့ စိတ်မကောင်းဖြစ်မိတယ်” ဟု ခြေကျင်းဝတ်မှာပတ်တီးစီးထားသူ တစ်ဦးက လှမ်းပြောလိုက်သည်။
“မင်းသေသေချာချာ စဉ်းစားကြည့်စမ်းပါအုံး.. ငါတို့က ဘာမျှော်လင့်ချက်နဲ့မှ အလုပ်လုပ်နေတာမဟုတ်ဘူး၊ ပေးဆပ်ရတဲ့ ပီတိကိုပဲ ချိုမြိန်စွာသောက်သုံးနေရရင် အရာရာပြီးပြည့်စုံနေပါပြီ” ဟုနောက်ဆုံးပြောလိုက်သော စကားကြောင့် ကျနော့်ရင်မှာ နင့်ကနဲဖြစ်သွားမိပါသည်။
ကျနော်နှင့်စကားပြောဖြစ်ခဲ့သော မိတ်ဆွေများနှင့် မိတ်ဆက်ပေးလိုပါသည်။
ပထမဆုံး ခေါင်မိုးပေါ်မှာရှိနေသူက ကျနော်ဈေးဝယ်သွားတိုင်း စားသောက်စရာပစ္စည်းများကို မဖိတ်မစင် အောင်ထိန်းသိမ်းကာကွယ်ရင်း ကျနော့်နှင့်အတူကောက်ကောက်ပါအောင် လိုက်လာသူ။ အိမ်ရောက်တော့ လည်း သူ့တာဝန်ကမပြီးဆုံးသေး။ မိုးရွာတိုင်း ရေယိုကျသောခေါင်းမိုးပေါက်ကို သူ့ကျောပြင်နှင့်ကာရံပေးထား သော  ကြွပ်ကြွပ်အိတ်။
ဒုတိယက ကျနော်တို့မိသားစုခြေနင်းလျှောက်လှမ်းသမျှကို အပြုံးမပျက်အနွံတာခံပြီး ရာသီဥတုဒဏ်ကလည်း အကာအကွယ်ပေးနေသူ ၀ါးကြမ်းခင်း။
နောက်ဆုံးတစ်ယောက်ကတော့ ကျနော်တို့နေထိုင်ရာ အသိုက်အမြုံကြီးတစ်ခုလုံး ယိုင်နဲ့ပြိုလဲမသွားအောင် သူ့ခြေထောက်တွေ ဒဏ်ရာပလပွရသည့်တိုင် ကြံ့ကြံ့ရပ်တည်ထောက်မပေးထားသူ အနှစ်မပါလူမဖြစ်သော ယူကလစ်မျောတိုင်။
သူတို့အားလုံး ကျနော်တို့မိသားစုအပေါ် မခွဲနိုင်မခွာရက် သံယောဇဉ်ရစ်နှောင်ဖွဲ့နေသလို ကျနော်လည်း သူတို့နဲ့ လမ်းမခွဲလိုပါ။ သို့သော်...သို့သော်....... 
အိမ်ကလေးနှင့်ကျနော်တို့မိသားစု၏ အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.. မသေချာ မရေရာ..။

အုပ်ကြီးဖေ

No comments:

Post a Comment

Ads 468x60px

Featured Posts