Sunday, July 15, 2012

ပြည်သူပါဝင်မှ အောင်မြင်မယ့် ''မ'' သုံးလုံး ပညာရေး

“မ”သုံးလုံး ပညာရေးဆိုတာ “မ” သင်      “မ” နေရ “မူ” လတန်း ပညာရေးပါ၊ နိုင်ငံတော်ရဲ့ အမျိုးသား ပညာရေး ရည်မှန်းချက် ပါ။ ကျောင်းအပ်နှံရေး သီတင်းပတ် လှုပ်ရှားမှု ပြီးသွားပါပြီ။ သတင်းစာနဲ့ မီဒီယာမျိုးစုံမှာ ကျောင်းအပ်နှံတဲ့ သတင်းတွေ အပြည့်ပါ။
ထို့အတူ ကျောင်းနေအရွယ်ကလေးတွေ (အသက် ၅ နှစ် ပြည့်ပြီးသူ) ကျောင်းကို လာပြီး စအပ်တဲ့ နှုန်းဟာလည်း အားရစရာပါ၊ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ ဒီအလုပ်ဟာ “စ” (ကျောင်းအပ်နှံခြင်း)၊ “လယ်” (ကျောင်းတက်မှန်၍ ကျောင်းမြဲနှုန်း   မြင့်မားခြင်း)၊ “အဆုံး” (စာတတ်မြောက်ပြီး လူသားရဲ့ အခြေခံ စွမ်းရည်များ ပိုင်ဆိုင်အောင် လေ့ကျင့်မွေးထုတ်ခြင်း) အောင်မြင် အောင် လုပ်ရမယ့် အလုပ်ပါ။
         ကျောင်းအပ်တာဟာ မသုံးလုံး ပညာရေးရဲ့ ပထမခြေလှမ်းသာ ဖြစ်ပါတယ်။ ကျောင်းသား တစ်နှစ်လုံး ကျောင်းမြဲပြီး သင်တန်းပြီးဖို့ လိုပါတယ်။ အဲဒီကိစ္စဟာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ငန်းလို့သာ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ်။ သူတို့နဲ့တင် ပြီးမည့် လုပ်ငန်း မဟုတ်ပါ။ ပညာရေး ၀န်ကြီးဌာန တစ်ခုတည်း အနေဖြင့်လည်း စွမ်းဆောင်နိုင်ခြင်း မရှိပါ။ ပြည်သူအားလုံး ပါဝင်ပါမှ အောင်မြင်မည့် အမျိုးသားရေး လုပ်ငန်းပါ။
          နှစ်စဉ် ကျောင်းအပ်ရာသီမှာ ကျောင်းနေအရွယ် ကလေးတွေ ကျောင်း လာအပ်ပေမယ့် (၂၀၁၁-၁၂ ပညာသင်နှစ်မှာ သူငယ်တန်းကို ၉၈.၄၇ ရာခိုင်နှုန်း လာအပ်ခဲ့ပါသည်)  အကြောင်းအမျိုးမျိုးကြောင့် စာသင်နှစ်မကုန်မီ ကျောင်းထွက်ရတဲ့ ကလေးတွ အတော်များပါတယ်။ ပညာရေ ယိုပေါက် (ပညာရေး အဟောသိကံ) လို့ ခေါ်ပါတယ်။ မိဘတွေ စီးပွားရေး မပြေလည်လို့ တစ်ဖက် တစ်လမ်းက ၀င်ငွေ ရှာရတာမို့၊ ကောက်ရိတ်သိမ်းချိန်မို့၊ မိဘကူရတာတို့၊ အိမ်မှာ ကလေးဝိုင်းထိန်းမယ့်သူ မရှိတာတို့.... စတဲ့ အခက်အခဲတွေကြောင့် ကလေးတွေ ပညာသင်နှစ်ဆုံးအောင် မတက်နိုင်ဘဲ ကျောင်းထွက်ခဲ့ကြရပါတယ်။ ဒီပညာရေး အဟောသိကံဖြစ်စဉ် အမြစ်တွယ်နေတာ နှစ်တွေ ကြာခဲ့ပါပြီ။ မိဘပြည်သူများ သတိမထားမိကြပါ။
          ကျောင်းမြဲပြီး မူလတန်း အောင်မြင်တဲ့ ကလေးတစ်ယောက်အနေနှင့် လူသား တစ်ဦးရဲ့ အခြေခံ အရည်အသွေးတွေကို ပိုင်ဆိုင်ပါတယ်။ အဲဒီ အရည်အသွေးတွေ ပိုင်ဆိုင်ဖို့ မူလတန်း ပညာရေးကို အဓိက ရည်မှန်းချက် ၂ ချက်ထားပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဆောင်ရွက်နေကြပါတယ်။
အဲဒီ ရည်မှန်းချက် ၂ ချက်ကတော့-
၁။     မိသားစု၊ မိမိ ပတ်ဝန်းကျင်နှင့် အလုပ်ခွင်တို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများကို စနစ်တကျ ရင်ဆိုင် ဖြေရှင်းပေးနိုင်မည့် စာပေတတ်မြောက်မှု (အရေး၊ အဖတ်၊ အတွက်နှင့် အခြေခံ ၀ိဇ်္ဇာ၊ သိပ်္ပံပညာရပ်များ) နှင့် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားသည့် ပြည်သူ ပြည်သားကောင်းများ မွေးထုတ်ပေးရန်။
၂။     စဉ်ဆက်လေ့လာ ပညာသင်ယူနိုင်ရေးအတွက် အခြေခံ အုတ်မြစ်ချ ပေးရန် ... တို့ ဖြစ်ပါတယ်။
          အထက်ပါ အရည်အသွေးတွေကို ပိုင်ဆိုင်ပြီဆိုလျှင် လူသား တစ်ဦးစီမှာ
(က)   လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် လက်ရှိ အခြေအနေမှန်များနှင့် လျော်ညီစွာ ကြိုးပမ်း အားထုတ်နိုင်စွမ်း ရှိစေခြင်း၊
(ခ)     အသိပညာနှင့် နားလည် သဘောပေါက်မှု မြင့်မားစေခြင်း
(ဂ)     စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းစေခြင်း
၁။ စူးစမ်းလေ့လာလို စိတ်ပွားများခြင်း
၂။ ကိုယ်ကျင့်တရား ခိုင်မာမှုကို တန်ဖိုးထားခြင်း
၃။ အမြင်ကျယ်ခြင်းနှင့် ရှေ့ရေးကို ကြိုတင် မြော်မြင်တတ်ခြင်း၊
၎။ အစပျိုး တီထွင် ဆောင်ရွက်တတ်ခြင်း - (Initiative ability)
ဥပမာ - ဒေသတွင်း အခြားသူများ လူမှုစီးပွား ဆုတ်ယုတ်နေချိန်တွင် သမားရိုးကျ လမ်းဟောင်းမှ ဖည်ခွာ၍ သမ္မာအာဇီဝ ကျစွာ နည်းလမ်းသစ်များ ရှာကြံ စီးပွားရှာနိုင်ခြင်း၊
၅။ လိုအပ်လျှင် အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ရန် အစွမ်းရှိခြင်း၊
၆။ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘုံရည်မှန်းချက်အတွက် ရပ်ရွာအကျိုး ဆောင်ရွက်နိုင်စွမ်းရှိခြင်းတို့ ဖြစ်ပါတယ်။
          မူလတန်း ပညာရေးဆိုတာ စာ သက်သက် သင်ဖို့မဟုတ်ပါ၊ စာပေ တတ်မြောက်တာနှင့်အပြိုင် အထက် ရည်ညွှန်းပါ လူသားတိုင်းမှာ ပိုင်ဆိုင်ရမယ့် အနိမ့် ဆုံး ဥာဏ်ပညာ အရည်အသွေးတွေကို ပိုင်ဆိုင်သွားအောင် လေ့ကျင့်ခြင်းပါ။ အဲဒီ တန်ဖိုးတွေ ဖြည့်ဆည်းနိုင်တာကြောင့် လူ့အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ မူလအစ မူလတန်းပညာရေး ဆိုတာကို သိမြင်လာကြပြီး မြန်မာနှင့် ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ကြီးက မသင်မနေရဆိုပြီး ချမှတ် အကောင်အထည် ဖော်နေကြတာပါ။
အားလုံး ပါဝင်
အကောင်အထည် ဖော်ကြစို့
၁။ ကျွန်တော်တို့ ကျောင်းဆရာ၊ ဆရာမများ 
အစဉ်အလာအားဖြင့် ကျေးလက်နှင့် ဆင်ခြေဖုံးမှာရှိတဲ့ မူလတန်း ကျောင်းတွေက ဆရာ၊ ဆရာမတွေဟာ ကလေးတွေ ကျောင်းမတက်ရင် နေမကောင်းလို့လား၊ ဘာအဆင်မပြေလို့လဲ ဆိုပြီး အိမ်တိုင်ရာရောက် လိုက်မေးတယ်၊ ဆွေးနွေးတယ်၊ မိဘတွေကို နှစ်သိမ့်တယ်၊ ကလေးထိန်းဖို့ဆိုရင် ကျောင်းခေါ်လာလို့ ရတဲ့ အရွယ်ဆို ခေါ်လာစေတယ်၊ အလုပ်ကူလုပ်ဖို့ (နွားကျောင်း၊ ကျွဲကျောင်း၊ ထမင်းပို့)၊ ၀င်ငွေ အဆင်မပြေလို့ ပိုက်ဆံရှာရတာတို့ကျတော့လည်း ဆရာ၊ ဆရာမတို့ မတတ်နိုင်ခဲ့ပါ။ ရွာတွေမှာတော့ အဲဒီကလေးတွေကို ညဘက်အိမ်ခေါ်ပြီး သင်ပေးတယ် (ငွေပေးရတဲ့ ကျူရှင်မျိုး လုံးဝ မဟုတ်ပါ)။ ရွာပြင်လယ်တဲနေသူအတွက်တော့ မတတ်နိုင်ရှာခဲ့ပါ။ ကျောင်းဆရာဆိုတာ မိမိ ကျောင်းသားတွေကို ပညာမျက်စိ ဖွင့်ပေးရေးမှာသာ တာဝန် ရှိတာ မဟုတ်ပါ။ ကျောင်းတည်ရှိရာ ၀န်းကျင်မှာရှိတဲ့ လူ့အဖွဲ့အစည်း ဥာဏ်ပညာ ထွန်းတောက်ရေးကိုပါ ဆောင်ရွက်ပေးရမှာမို့ မိဘများ၏ ပညာရေးအမြင် ကျယ်အောင်လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ရပ်မိရပ်ဖ၊ ကျေးရွာ အာဏာ ပိုင်တွေနဲ့ ပူးပေါင်း အသိဥာဏ် ဖွင့်ပေးနိုင်ပါမှသာ ပညာရေး ယိုပေါက်ကို ပိတ်နိုင်မှာ။
၂။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဆိုတာ “မိဘဆရာ ပူးပေါင်း ကလေးပညာ ကောင်း” ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်နေကြ သူတွေပါ။ ကျောင်းမှာ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်း၊ သောက်ရေ၊ အဆောက်အဦ၊ လမ်းတွေတိုးဖို့ ပြင်ဖို့သာ အစဉ်အလာအားဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ အဓိက အလုပ်က ကလေးတွေရဲ့ ပညာရေးကောင်းဖို့ ၀ိုင်းဝန်း ကူညီရမှာပါ။ အဲဒါကို သတိပြုပြီး ကိုယ့်ကျောင်းက ကျောင်းသားတွေ ကျောင်းထွက်တဲ့ ယိုပေါက်ကိုလည်းကို ဂရုပြုရပါလိမ့်မယ်။ ပညာရေး ခြံစည်းရိုးရဲ့ အပေါက်ကို ပိတ်နိုင်စွမ်းရှိရပါလိမ့်မယ်။ ပြီးတော့ ကလေးတွေ မဖြစ်မနေ ကျောင်းပြန်တက်နိုင်အောင် မိဘတွေနဲ့ ဆွေးနွေး၊ နှစ်သိမ့်၊အကြံပြု၊ လိုတာကူညီ ဖြည့်ဆည်းပေးပြီး ကျောင်းကို မရောက်ရောက်အောင် ပြန်ပို့တဲ့အလုပ်ကိုလည်း လုပ်သင့်ပါတယ်။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် တွေဟာ ရပ်ရွာအပေါ်မှာ စေတနာ အလွန်ကြီးမားကြသူတွေပါ။ လူမှုရေး ဆောင်ရွက် တတ်ပြီး ရပ်ရွာအပေါ်မှာ သြဇာတိက္ကမ ကြီးသူများမို့ ပညာရေး ယိုပေါက်ကို ပိတ်နိုင်ကြပါတယ်။ ကလေးပညာကောင်းဖို့ တို့တာဝန်ဆိုတာရယ်၊ ကလေး တစ်ယောက် ကျောင်းထွက်တာဟာ တို့ရပ်၊ တို့ရွာမှာ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်စေတာမို့ တို့ရပ်၊ တို့ရွာဖွံ့ဖြိုးစေရန် ကလေး အားလုံး ကျောင်းတက်ကာ မူလတန်းပြီးဖို့  လိုပါတယ်ဆိုတဲ့ သတိအမြဲချပ်ပြီး ဆောင်ရွက်နေရပါမယ်။
၃။ ရပ်မိ၊ ရပ်ဖများ
တိုင်းပြည် ဆင်းရဲနွမ်းပါးမှုရဲ့ တရားခံဟာ ရုပ်ဝတ္ထု ရှားပါးခြင်းမဟုတ်ပါ။ ပြည်သူ တွေရဲ့ အသိဥာဏ်ပညာ ဆင်းရဲမွဲတေမှုပါ။ ဆင်းရဲမှု သံသရာကို ယနေ့ ကလေးငယ်တွေဆီကနေ သူတို့ရဲ့ နောက်မျိုးဆက်ဆီ မရောက်အောင် အပြီးတိုင် အမြစ်ဖြတ်ရပါလိမ့်မယ်။ ဖြတ်ဖို့နည်းကတော့ သူတို့တစ်တွေ မူလတန်းပညာ ဆုံးခန်းတိုင်အောင် အနည်းဆုံး သင်ကြားပေးရဖို့ပါပဲ။ ရှေးရိုးစွဲ ကျောင်းအပ် ပြီးရင်ပြီးရော၊ ကျောင်းရောက်ရင် စာတတ်ဖို့က ဆရာ ဆရာမတွေ တာဝန်၊ မိဘနဲ့ မဆိုင်၊ ရပ်ရွာနဲ့ မဆိုင်၊ ကျေးရွာ၊ ရပ်ကွက် အာဏာပိုင်တွေနဲ့ မဆိုင်ဆိုတဲ့ အစွဲပျောက်ဖို့ပါ။
          ပြီးတော့ တို့ရပ်၊ တို့ရွာ ဖွံ့ဖြိုးရေးဟာ ကလေးတွေရဲ့ ပညာဥာဏ် မြင့်မားမှု တစ်နည်းအားဖြင့် အခြေခံပညာ မူလတန်း  ပြီးမြောက်မှုပေါ် မူတည်နေတယ် ဆိုတာ ပါပဲ။ တစ်ယောက်၊ နှစ်ယောက် တတ်ရုံနှင့် မပြီးသေးပါ၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးမှသည် တစ်နိုင်ငံလုံး မူလတန်းပညာ ရေးပြီးမှ ဖြစ်မှာမို့ပါ။ ဒါ့ကြောင့် တို့ဝိုင်းကူရမယ်ဆိုတဲ့ သဘောထားက ရပ်မိရပ်ဖတွေ ကျေးရွာ ရပ်ကွက် အာဏာပိုင် အဖွဲ့အစည်း အားလုံးမှာ ရှိဖို့ လိုပါတယ်။
မိတ်္ထီလာနားက တပည့်တစ်ဦး ရှင်ပြုပွဲ အတွက် အနီးဆုံးမြို့က ဆိုင်းငှားရင် ၂ သိန်းခွဲလောက်သာ ကုန်မှာပါ၊ ဒါပေမဲ့ ရပ်ရွာ (တစ်ရွာလုံးက သူ့အမျိုးတွေ) က မန္တလေးက ဆိုင်းမှဆိုင်းဆိုတော့ ကြိုပို့တာ အပါအ၀င် ၁၇ သိန်း ကုန်ပါတယ်၊              မဏ္ဍပ်နဲ့ ပြင်ဆင်စရိတ် ၈ သိန်း ပေါင်းလိုက်တော့ ၂၅ သိန်း ပါတဲ့၊ ၂၅ သိန်း ရေထဲကျသလိုပါပဲ။ ပန်ကြားချင်တာကတော့ မိမိရပ်ရွာမှာ လှူတဲ့တန်းတဲ့ နေရာမှာ ဆိုင်း၊ မဏ္ဍပ် စတဲ့ ပကာသနတွေအတွက်  ကုန်ကျမယ့် ခုနလို ၂၅ သိန်းမျိုးကို ကျောင်းမနေနိုင်တဲ့ ရွာကလေးတွေ ကျောင်းနေနိုင်အောင် ၀ိုင်းဝန်း ပံ့ပိုးတဲ့ နေရာမျိုးမှာ ပညာဒါနအဖြစ် လှူဒါန်းကြဖို့ ရပ်မိရပ်ဖများက ၀ိုင်းဝန်း တိုက်တွန်း ပေးစေချင်ပါတယ်။
၎။ NGO အဖွဲ့များ
မြန်မာ့ပညာရေး ကောင်းမွန်ဖို့ ပြည်တွင်း အင်န်ဂျီအို အဖွဲ့ပေါင်းစုံက မိမိတို့နိုင်သမျှ အားနဲ့ဟောကြ၊ ပြောကြ၊ ဆော်သြကြပြီး မျိုးစုံ ၀ိုင်းဝန်း ထောက်ပံ့ကြပါတယ်။ ကျောင်း အဆောက်အဦ၊ သင်ထောက်ကူ ပစ္စည်း၊ စာရေးကိရိယာ အစုံပါ။ တချို့ဆို ရန်ပုံငွေအဖွဲ့ ထောင်ပြီး ရေရှည်ဖြစ်ဖို့ ကြိုးပမ်းနေပါတယ်၊ ဘုန်းတော်ကြီးနှင့် သီလရှင် မူလတန်းကျောင်းတွေအတွက်ဆိုရင် ဆရာ/မ လစာတွေပါ ၀ိုင်းဝန်း ထောက်ပံ့ ပေးပါတယ်။ ကျောင်းသားတစ်ဦးချင်း တစ်နှစ်စာ ထောက်ပံ့တာလည်း ရှိပါတယ်၊ အစုံစုံပါ၊ ဘုန်းတော်ကြီး၊ သီလရှင်တွေ ဦးစီးတဲ့ မူလတန်းကျောင်းတွေဆိုရင် ကျောင်းသားတွေကို အစားအစာပါ ကြိုးစားပြီး ကျွေးပါတယ်၊ အားရစရာပါ၊ အင်န်ဂျီအို အဖွဲ့မျိုးစုံက ထောက်ပံ့ကူညီတဲ့ အထဲမှာ ကျောင်းအပ်ပြီး ကျောင်းထွက်သွား၊ အလုပ်လိုက်လုပ်နေသူ မိဘကူနေသူ စတဲ့ “ပညာရေး ယိုပေါက်” ကနေ စာသင်ကျောင်းအပြင် ရောက်နေသူတွေ အားလုံးကို ကျောင်းဆရာများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်၊ ရပ်မိရပ်ဖ၊ ကျေးရွာအာဏာပိုင်၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့နှင့် ပူးပေါင်း ညှိနှိုင်း ကူညီ ဖြည့်ဆည်းပေးပြီး ကျောင်းအတွင်း ပြန်လည် ရောက်ရှိကာ ကျောင်းမြဲတဲ့ ကလေးတွေ ဖြစ်အောင် ကူညီပံ့ပိုးပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။
၅။ မီဒီယာ သမားများ၊ စာရေးဆရာများ၊ အနုပညာရှင်များ
မီဒီယာ သမားများသည် လူထု၏ အသိဥာဏ် ပွင့်လင်းရေးကို ရှုထောင့် မျိုးစုံမှ တာဝန်ယူနေကြသူများပါ။ ယနေ့ မြန်မာ့လူ့ဘောင် ဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့ ရေးသားချက်၊ ထုတ်လွှင့်ချက်တွေ အားလုံးဟာ လှည်းနေ လှေအောင်း မြင်းဇောင်းမှာရှိတဲ့ လူတွေဆီ ရောက်ရမှာပါ။ ဒါပေမဲ့ မနက်စာ၊ ညစာအတွက် လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တဲ့ “ဘ၀ သမား” တွေဆီကို ယနေ့ ထုတ်နေတဲ့       “အသိဥာဏ် ပွင့်လင်းရေး” သတင်းစာ၊ ပညာပေးဂျာနယ်၊ မဂ္ဂဇင်းတွေ မရောက်ပါ။ ဟိုဝေးလံတဲ့ အရပ်တွေ မပြောပါနှင့်၊ ရန်ကုန်မြို့ အစွန်က ရွှေပြည်သာ၊ လှိုင်သာယာတို့ပဲ ဆင်းလေ့လာရင်တောင် ဒီစာတွေ မဖတ်ကြတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ၀ယ်ဖတ်နိုင်စွမ်းလည်း မရှိပါ။ “မသုံးလုံး”ပညာရေးပြီးအောင် သင်ခဲ့ရင် သူတို့ ကလေးတွေရမယ့် ကောင်းကျိုးနဲ့ မသင်ခဲ့ရရင် တွေ့ကြုံရမယ့် ဆိုးကျိုးတွေလည်း သူတို့မသိပါ။ အဲဒါထက် သူတို့ကလေး တွေရဲ့ ၀မ်းတစ်ထွာပြည့်ရေးက အရေးကြီးနေပါတယ်၊ သူတို့မှာ ဆရာကြီးမြို့မငြိမ်းရဲ့ “ကမ္ဘာကြည့် ကြည့်မြင်” နိုင်ဖို့ နေနေသာသာ “ရွာကြည့်ကြည့်မြင်” နိုင်အောင်တောင် မနည်း ကြိုးပမ်းရပါတယ်။ မိသားစု စားဝတ်နေရေးက ခက်ခဲတာကိုး။ စာရေး ဆရာများနှင့် မီဒီယာသမားများအနေဖြင့် ဘ၀မှာ ဓနရော၊    အသိရော ချို့တဲ့ မိဘတွေကို မူလတန်း ပညာရေးရဲ့ အနှစ်သာရကိုသိပြီး သားသမီးတွေကို ကျောင်းထားနိုင်အောင် ကျေးရွာ၊ ရပ်ကွက်တွေအထိ ဆင်းပြီး ရပ်မိရပ်ဖ၊ ကျေးရွာ ဆရာတော်များ၊ ကျေးရွာအာဏာပိုင်များနှင့် တိုင်ပင်ကာ ဟောပြောပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဇာတ်သဘင်၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ အနေဖြင့်လည်း ဆရာကြီး ဦးသုခရဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” လို အ သုံးလုံးပညာပေး ရုပ်ရှင်လိုမျိုး “မသုံးလုံး ပညာရေး” အောင်မြင်ရေးအတွက် လှုံ့ဆော်ရေး ဇာတ်ကား၊ ဇာတ်လမ်း၊ သီချင်းတွေ ပြည်သူတွေဆီ ရောက်မယ့် မီဒီယာ အမျိုးမျိုးကနေတစ်ဆင့် ထုတ်လွှင့်ပေးနိုင်အောင်လည်း ၀ိုင်းဝန်း ကြိုးပမ်းပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
၆။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ
လွှတ်တော် အသီးသီး (ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်) ကို တက်ရောက်ရန် ပြည်သူက ရွေးချယ်ပေးလိုက်ကြတဲ့ လွှတ်တော် ကိုယ်စား လှယ်များကို အထူး ပန်ကြားလိုပါတယ်။ မိမိအရပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထင်သာမြင်သာတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆည်မြောင်း၊ ဆေးပေးခန်းစတဲ့ အခြေခံ အဆောက်အအုံတွေ ပြည့်အောင် စွမ်းဆောင်ပေးနေတာ တွေ့ရလို့ ၀မ်းသာပါတယ်။ အဲဒါတွေကို ထိန်းသိမ်းနိုင်စွမ်းရှိပြီး မိမိ ရပ်ရွာဒေသကို ပိုမို ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ဖွံ့ဖြိုးပြီး ပွားများ စည်ပင်အောင် အားကြိုး မာန်တက် ဆောင်ရွက်ပေးကြပါ။ စွမ်းအားမြင့် ပြည်သူတွေပေါမှ လူကြီးမင်းတို့ ဆောင်ရွက်နေတဲ့ နိုင်ငံဖွံ့ဖြိုးမှု အရှိန်နှုန်းလည်း မြင့်တက်လာမှာမို့ပါ။ ထိုသို့ ဆောင်ရွက်ရာမှာ အခြေခံ ပညာကျောင်းတွေမှာ ကျောင်းမြဲနှုန်း မြင့်မားအောင် ပညာရေး ယိုပေါက်တွေကို ၀ိုင်းပိတ်ခြင်းက အဓိကလို့ ထင်ပါတယ်။ သို့ပါ၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိဘ၊ ဆရာ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာတော် သံဃာတော်များ၊ အင်န်ဂျီအို အဖွဲ့များ၊ မီဒီယာသမားများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ၊ ရပ်ကွက် အာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်ပြီး လူသား အရင်းအမြစ် ညံ့သွားစေမယ့် အခြေခံပညာရေး ယိုပေါက်ကိုပိတ်ပြီး ကျောင်းမြဲနှုန်း မြင့်မားပြီး ဥာဏ်ပညာ မြင့်မားသူ ပွားများလာအောင် မိမိတို့ရပ်ရွာ၊ ဒေသတွေမှာ စွမ်းဆောင်ပေးကြပါရန် မေတ္တာရပ်ခံ လိုပါတယ်။
          အားလုံးကို ခြုံပြောရလျင် နိုင်ငံတော် က မျှော်မှန်းတဲ့ “မသင်မနေရ မူလတန်း ပညာရေး” (“မ” သုံးလုံးပညာရေး) ဟာ “စ” (ကျောင်းအပ်နှံခြင်း) “လယ်” (ကျောင်းမှန်မှန်တက်ကာ ကျောင်းမြဲနှုန်း မြင့်မားခြင်း) “အဆုံး” (စာပေ တတ်မြောက်ကာ လူသားရဲ့ အခြေခံစွမ်းရည် ပိုင်ဆိုင်သူများ လေ့ကျင့် မွေးထုတ်ခြင်း) ဆိုတဲ့ သုံးပါးစလုံး ကောင်းမွန်ဖို့တော့ ပြည်သူ့အားနဲ့ ၀ိုင်းဝန်း အကောင်အထည်ဖော်မှ အောင်မြင်မှာပါ။ ကျောင်းအပ်ပြီးရင် ပြီးရောဆိုတဲ့ ခေတ်ဟောင်း အမြင်ကို ကျွန်တော်တို့ အားလုံး ပစ်ပယ်ရပါလိမ့်မယ်။ ကျောင်းနေအရွယ် ကလေးတွေ ကျောင်းမြဲပြီး အခြေခံပညာ မူလတန်း ပြီးမြောက်နှုန်း မြင့်မားစေရန် ဆက်လက် ၀ိုင်းဝန်း ပံ့ပိုးမှုတွေ လုပ်ရပါမယ်။ ဒါမှသာ သူတို့ မိဘတွေရဲ့ “ရွာကြည့်ကြည့်မြင်” ဘ၀ထက်သာတဲ့ “ခေတ်မီ ကမ္ဘာ ကြည့်ကြည့်မြင်” နိုင်စွမ်းရှိတဲ့ မျိုးဆက်သစ်တွေဘ၀ ရောက်ကြကာ ဆင်းရဲနွမ်းပါးမှု သံသရာ (အသိဥာဏ် အပါအ၀င်) ကို သူတို့တစ်တွေရဲ့ နောက်မျိုးဆက်ထိ မရောက်အောင် အမြစ်ဖြတ် သုတ်သင်နိုင်မှာ။        
ဒေါက်တာမောင်သင်း
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၂၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၂)

No comments:

Post a Comment

Ads 468x60px

Featured Posts