Monday, December 12, 2011

မှားယွင်းနေတဲ့ "ငါ"

မှားယွင်းမှုကအဲဒီကစခဲ့တာပဲ…
ကမ္ဘာကြီးကိုထမ်းချင်ခဲ့တာလေ
အဲဒီလိုနဲ့…
အမှောင်ယံမှာကမ္ဘာမှာ
ခြေဗလာနဲ့အတောင်ပံရှာခဲ့တယ်.


ငါနဲ့ငါစီးချင်းထိုး အတ္တတွေပဲကြီးစိုးခဲ့တယ်
ဟစ်တလာကိုသိတယ်
အိုင်းစတိုင်းကိုသိတယ်

ဒါပေမယ့်
မိဘမေတ္တာကိုလဘက်ရည်ဆိုင်နာမည်မှတ်လိုမှတ်
ကိုယ့်ဘာသာကိုဘာကောင်မှန်းမသိခဲ့ဘူး

သီအိုရီအလွတ်ရတဲ့နူတ်ဖျား
ချစ်ခြင်းစကားရှားပါးခဲ့တယ်
ရင်ခွင်ရဲ့ ဘယ်ဘက်အခြမ်း
ပန်းတပွင့်လိုမလန်းခဲ့ဘူး

မိဘမေတ္တာကို
ရင်ခွင်ဟောင်းလောင်းနဲ့
စာလုံးမပေါင်းတတ်ခဲ့ဘူး

မိန်းမတယောက်ကိုဘာသာမပြန်တတ်ခဲ့ဘူး
နားထင်ကိုလာဆောင့်တဲ့သွေးတွေအကြောင်းငါမသိခဲ့ဘူး

ကောင်းကင်ကိုမှန်းမျှော်ခဲ့ပေမဲ့
ငါ့လက်နှစ်ဖက်မှာမြေမှုန်တွေ….ခုထိကပ်လျှက်ပါပဲ

ကမ္ဘာကြီးရေ
ခင်များကိုထမ်းဘို့နေနေသာသာ..
ကျုပ်ကိုကျုပ်တောင်အနိင်နိင်ဗျာ

အဲဒီလိုနဲ့..
အချိန်တွေပြိုဆင်းလူလဲအိုမင်းခဲ့တယ်

နောက်ဆုံး…
ကမ္ဘာမြေရဲ့ ဒေါင့်အစွယ်မှာ
ငါ့နာမည်လည်းပျောက်ကွယ်ခဲ့တယ်..

ကမ္ဘာကြီးကတော့လည်လျှက်ပါပဲ…………
 မှားယွင်းနေလား..ငါရေ…
ရွှေအိမ်စည်

No comments:

Post a Comment

Ads 468x60px

Featured Posts