Monday, December 12, 2011

စစ်သား မှ စစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ

“… တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့ အကျိုးနဲ့ ကိုယ့်နိုင်ငံဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာဘဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းဘဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့အပေါ်မှာလဲ တည်တယ်။ ဥပမာ- မတရားတဲ့ အကြီးအမှူးတယောက်က ဝတ္တရားနဲ့မဆိုင်တဲ့၊ နိုင်ငံနဲ့လူမျိုး အကျိုးနဲ့မပတ်သက်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊တရား မတရား၊ နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိ မရှိ ကြည့်ရမယ်။ အဲ့သလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာမရှင်းရင်၊ သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြားအကြီး အမှူးတယောက်ယောက် ဖြစ်ဖြစ် သွားမေးရမယ်၊ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။"

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကဘဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကဘဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိ တယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”
“ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်၊ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်၊ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာမဟုတ်၊ တနိုင်ငံလုံး တမျိုးသားလုံး အတွက်ဖြစ်တယ်။
“တခြားမှာကြားလိုတဲ့အချက်ကတော့ ပြောနေကျစကားဘဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက်အောင် ပြောပြ လိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည် အောင် ပြောပြတဘဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းဘဲ။”
“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေဘဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက်အားကိုး အာဏာ အားကိုး လုပ်ချင်တယ် ပြောကြတယ်၊ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေ မေ့ပြီး တမျိုးလုပ်ကြတာဘဲ။ ဒါ ထုံးစံအတိုင်းဘဲ။ ငါတို့က ဒီလိုမဟုတ်။ အားနည်းတဲ့အခါ လဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ်တယ်လို့ ပြောတာဘဲ။”

“နောက်ဆုံးတခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ဘဲ။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံ တွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘော ထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည် လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန်ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းဘဲ။”
“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေဘဲ။ သည့်ပြင်လူတွေ ဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”
(၁၉၄၄ မတ်-၁၃၊ မင်္ဂလာဒုံဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့တပ်မတော်စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း။)

No comments:

Post a Comment

Ads 468x60px

Featured Posts