Thursday, December 22, 2011

ဒါဘာဆိုတာ ဒါပါပဲ

တိုးတက်ပြောင်းလဲမှုဆီကို ဦးတည်ရွေ့လျားနေပြီဆိုသော မြန်မာပြည်မှာ ကျွဲကူးရေပါ အနေနဲ့ တပ်မတော်တွင်း ကအပြောင်းအလဲဖြစ်စဉ်များကို မြင်တွေ့ချင်လှပါတယ်။ မြန်မာ့တပ်မတော်အတွင်းမှာလည်း ဒီမိုကရေစီအငွေ့ အသက်မကင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ နဂိုကတည်းက ရှိနေပြီးသားပါ။ တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ရင်း၊တပ်ဖွဲ့တွေမှာ အရာရှိ/စစ်သည်တွေနဲ့ မိသားစုအခက်အခဲတွေကို တင်ပြ နိုင်ရန်အတွက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ် ဖြေရှင်းပေးရတဲ့ ထုံးစံရှိပါတယ်။




ဆန္ဒဖော်ထုတ်ပွဲကို လစဉ်နောက်ဆုံး ရက်သတ္တပတ်ရဲ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပပြုလုပ်ရတာပါ။
အဲဒီမှာ အရာရှိ/စစ်သည်များရဲ့ တင်ပြချက် များအပေါ် တပ်ရင်း/ တပ်ဖွဲ့အဆင့်၊ တိုင်း/ တပ်မအဆင့် စသဖြင့် အဆင့်လိုက် ဖြေရှင်းဆောင်ရွက် ပေးရပါတယ်။ တိုင်း/တပ်မ အဆင့်က ဖြေရှင်းမပေးနိုင်တဲ့ ကိစ္စရပ်တွေကိုတော့ မှတ်တမ်းပြုစုပြီး (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ အလိုက် သက်ဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးတွေကို အစီရင်ခံတင်ပြဖို့လည်း ညွှန်ကြားချက် တွေရှိထား ပြီးသားပါ။ ဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအစီရင်ခံစာ(ဒါဘာပြန်တမ်း) ကို လစဉ် (၁၀) ရက်နေ့အရောက် ပေးပို့ရပါတယ်။ အထက်ပါ စာသားတွေကတော့ ဦး/ရေး/ထောက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာစောင်မှာ ပါရှိသော ပြဌာန်း ချက်များဖြစ်ပါတယ်။ ကျနော် ဒီခေါင်းစဉ်နဲ့ အစပျိုးထားတာကြာပါပြီ။ အကြောင်းကြောင်း ဦးစားပေးကိစ္စလေး တွေရှိနေတာမို့ အဆုံးမသတ်ဖြစ်တာပါ။ ဒီရက်ပိုင်းထဲထွက်လာတဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ဒီဆောင်းပါးကို အဆုံးသတ်ဖို့ အကြောင်းဖြစ်လာ ပါတယ်။ ပြည်သူ့လွှတ်တော်ရေးရာနှင့် အထူးကိစ္စရပ်များကော်မရှင်၏ ရန်ကုန် တိုင်း ရုံးဖွင့်ပွဲအခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ တပ်မတော်က ပါဝင်ဆောင်ရွက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့တာပါ။

သူက “တပ်မတော်တွင် ဒီမိုကရေစီ သဘောတရားများ စိမ့်ဝင်ပြီး ဖြစ်ကြောင်း၊ တပ်မတော် တပ်ရင်း/ တပ်ဖွဲ့များ တွင် ဒီမိုကရေစီ စနစ်ကျင့်သုံးသည့် “ဒါဘာ” အခမ်းအနားမှာ ယခင်ကတည်းက ရှိနေပြီး တပ်မတော်သားတိုင်း သည် မိမိဖြစ်ပေါ် နေသော ပြဿနာကို လွတ်လပ်စွာ တင်ပြနိုင်ခွင့်ရှိသလို သက်ဆိုင်ရာအရာရှိက ပြန်လည်ဖြေ ရှင်း ဆောင်ရွက်ပေး ရကြောင်း ထောက်ပြလိုက်ပြီး- ဒါက ဒီမိုကရေစီရဲ့ အစိတ်အပိုင်း တစ်ခုပါ” လို့ပြောဆိုသွား တာကို ဖတ်လိုက်ရလို့ပါ။




ဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားမှာ တပ်မတော်သားတိုင်း မိမိတို့ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာ တွေကို လွတ်လပ်စွာတင်ပြခွင့်ရတယ် ဆိုတာက ယေဘူယျသတ်မှတ်ချက်သဘောပါ။

တကယ်တန်း လက်တွေ့ ကျင်းပပြုလုပ်တဲ့အခါ ကြိုတင်ကန့်သတ်ချက်တွေရှိပါတယ်။

တင်ပြချက်တွေကို အခမ်းအနားမကျင်းပမီ (၂၄) နာရီကြိုတင်ပြီး တပ်မှူးထံတင်ပြထားရပါတယ်။
တင်ပြတဲ့ကိစ္စရပ်တွေဟာလည်း ကိုယ်ရေးကိုယ်တာ အခက်အခဲ မဟုတ်တဲ့ အများနဲ့ပတ်သက် အကျုံးဝင်နေတဲ့ အခက်အခဲ တွေကိုသာ တင်ပြခွင့် ရှိတာပါ။

ဥပမာ- လူပျိုဆောင် စားရိပ်သာ ယိုယွင်းပျက်စီးနေတာမျိုး၊
မိလ္လာကန်ပြည့်လျှံပြီး အနံ့အသက်ဆိုးတွေထွက်နေတာမျိုး၊
အိမ်ထောင်သည်လိုင်းခန်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ဖို့လိုအပ်နေတာမျိုး စတာတွေပါ။

လူပျိုစစ်သည်များအတွက် တစ်ဦးချင်းအခက်အခဲ သိပ်မရှိနိုင်သော်ငြားလည်း အိမ်ထောင်သည် စစ်သည်တွေ မှာ မိသားစုအခက်အခဲ ကိုယ်စီရှိ နေတတ်ပါတယ်။

စစ်သည်တွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမရှိတဲ့ လခစားဝန်ထမ်း တွေဖြစ်နေတဲ့အပြင် (၂၄) နာရီတာဝန် ထမ်းဆောင်ဖို့ အသင့်ရှိနေ ရသူတွေဖြစ်တဲ့အတွက် မိသားစု အခက်အခဲကို အလေးထားဖြေရှင်း မပေးနိုင်သူတွေများပါတယ်။

တချို့အချိန်တွေမှာ တာဝန်ထမ်း ဆောင်ဖို့အခက်အခဲဖြစ်တဲ့ အခြေအနေမျိုးတွေရှိတတ်ပါတယ်။
အဲဒီအချိန်မျိုးမှာ စစ်သားဆိုတာ တာဝန်ပေးရင် မငြင်းတမ်းထမ်းဆောင်ရတယ် ဆိုတဲ့စကားကို လက်ကိုင်ပြုပြီး စစ်သည်ရဲ့ကိုယ်ရေးကိုယ်တာ အခက်အခဲကို ဥပေက္ခာပြု ခိုင်းစေတတ်တဲ့ တာဝန်ရှိသူတချို့ကြောင့် စိတ်မချမ်းမြေ့မှုတွေ မကြာခဏကြုံကြရပါတယ်။

အဲဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ခံစားရတဲ့အခါ “ဒါဘာ” မှာတင်ပြနိုင်တဲ့ အခွင့်အရေး မရှိတော့ဘူးလား။

တပ်လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်တင်ပြပြန်တော့လည်း တပ်မှူးနားပေါက်တဲ့ အဆင့်ထိမရောက်တာ များပါတယ်။

“ဒါဘာ” လုပ်တယ်ဆိုတိုင်းလည်း ထိရောက်မှုရှိတာ မဟုတ်ပါဘူး။
ကျနော်ကြားသိဖူးတဲ့ “ဒါဘာ” မျိုးဆိုရင် အတော် ရုပ်ဆိုးအကျည်းတန်လှပါတယ်။

တပ်မတော် ဌာနကြီးတစ်ခုမှာလုပ်တဲ့ “ဒါဘာ” ပွဲအကြောင်းပါ။ အဲဒီမှာ ဌာနတွေက အများကြီးဆိုတော့ တစ်လတစ်လ တင်ပြတိုင်ကြား ချက်တွေလည်း တစ်ပုံကြီးပေါ့။

ဌာနအလိုက် တိုင်ကြားတင်ပြချက်တွေကို တပ်မှူးက တစ်စောင်ချင်းဖတ်ပြလိုက် သက်ဆိုင်ရာ ဌာနတာဝန်ခံကို တကယ်ပဲ စစ်ဆေးမေးမြန်း တော့မလို လူပုံလယ်မှာ မတ်တတ်ရပ်ခိုင်းထားလိုက်နဲ့ စာတွေ အားလုံးဖတ်ပြီး တဲ့အခါ “အေး.. ရေးသား တိုင်တန်းချက်တွေက ရှေ့နေတွေ အရှုံးပေးလောက်အောင် ပြောင်မြောက် လှပါတယ်။

ဒါပေမဲ့ အမှန် တွေဟုတ်ချင်မှဟုတ်မှာ။ တမင်ဇာတ်နာအောင် ရေးထားတွေလည်း ဖြစ်နိုင်တာပဲ” ဆိုပြီး ဘာမှဟုတ်တိ ပတ်တိ အရေးယူဖြေရှင်း ပေးတာမျိုး မရှိဘဲ “ဒါဘာ” ပွဲကို ရုတ်သိမ်းလိုက်ပါသတဲ့။




ပိုပြီးဆိုးတာက ကျနော်ကြုံတွေ့ခဲ့သမျှတပ်တွေမှာ “ဒါဘာ” ပြန်တမ်းကို လစဉ်မှန်မှန် ပေးပို့နေရပေမယ့် “ဒါဘာ” ပွဲကိုတော့ တစ်နှစ်တစ်ခါ တောင် မလုပ်ဖြစ်တဲ့အခြေအနေပါ။

ဒီတော့ “ဒါဘာ” ပြန်တမ်းဆိုတာ ရုံးက စာရေးကြီး တွေ လက်စွမ်းပြတဲ့အတိုင်း အဆင်ပြေသလို ရေးသားတင်ပြတာကို တပ်မှူးလက်မှတ်ထိုးပြီး အချိန်မီပေးပို့ရတဲ့ ပြန်တမ်းတစ်ခုပဲ ဖြစ်နေပါတယ်။

မဖြစ်မနေ လိုအပ်လို့ “ဒါဘာ” အခမ်းအနား ကျင်းပပြီဆိုရင်လည်း အထူး တလည် တင်ပြဆွေးနွေး မှုတွေမရှိဘဲ တပ်မှူးသြ၀ါဒ နာခံပွဲ အဖြစ်လောက်နဲ့ပဲ အဆုံးသတ်သွားတာများတော့ စစ်သည်တွေ၊ ရဲမေတွေ ပါးစပ်ဖျားမှာပါ “ဒါဘာဆိုတာ ဒါပါဘဲ” ဆိုတဲ့ အသုံးအနှုန်း တစ်ခု ရေပန်းစား နေတာ ယနေ့ထက်တိုင်ပါပဲ ခင်ဗျာ။

နေမင်းသူ -၂၁။ဒီဇင်ဘာ။- ၂၀၁၁

No comments:

Post a Comment

Ads 468x60px

Featured Posts