Saturday, December 10, 2011

သူငယ်ချင်းရေ (၂)

သူငယ်ချင်းရေ
မင်းနေကောင်းကျန်းမာပြီးတော့ တာဝန်တွေကို ကောင်းမွန်စွာထမ်းဆောင်နေနိုင်တယ်ဆိုတာကို ကြားသိရလို့ ငါအရမ်းဝမ်းသာမိပါတယ်။ မင်းတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတယ်ဆိုတာ သိရလို့လည်း ငါ ဝမ်းသာမိပါတယ်။ ဒါပေမယ့်ငါပြောခဲ့ဖူးသလိုပဲ တာဝန်ဆိုတာကိုတော့ မင်းတစ်ယောက်ခွဲခြားသိနိုင်လိမ့်မယ် လို့မျှော်လင့်မိပါတယ်။ ခုလည်းသူငယ်ချင်းရယ် ငါကြားနေရတာ သိပ်ဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း အရမ်းကောင်းတဲ့ သတင်းတွေကို ကြားနေရတယ်ကွာ။ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်နေတယ်ဆိုတာ တွေ နေ့စဉ်နဲ့အမျှ ဒို့တပ်မတော်သားတွေအကျအဆုံးဘယ်လောက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဘယ်လောက်ဆိုတာတွေပေါ့။ ငါပြန်တွေးကြည့်နေမိတယ်။ ငါလည်းပဲ စစ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲဆို တော့ ခုတိုက်နေကြရတဲ့ ဒို့တပ်မတော်သားတွေကော တိုင်းရင်းသားတွေဘက်ကကော ဘယ်သူတွေကများ တိုက်ချင်မှာလဲနော်။ ဒါပေမယ့် အမိန့်ဆိုတာတစ်ခုနဲ့ တိုက်နေကြရတယ်။ ဘာမှလည်းပြန်ပြောပိုင်ခွင့်မရှိပြန် ဘူး။ သိပ်ကို အောက်တန်းကျတဲ့ မျိုးချစ်စိတ်ဓါတ်ရှိရေးဆိုတဲ့ အပေါစားစည်းရုံးမှုတွေကြားမှ နစ်မွန်းနေ လိုက်ကြတာနော်။
အထိအခိုက်အကျအဆုံးတွေကိုပြန်ကြည့်လိုက်ရင် ဘယ်သူ့ဘယ်သူအတွက်မှ မကောင်းပါ ဘူး သူငယ်ချင်းရယ်။ တိုင်းရင်းသား တပ်တွေဘက်က ကျတယ်ဆိုလည်း ဒို့ တိုင်းရင်းသား ညီအစ်ကိုတွေ ပဲမလား။ တပ်မတော်သားတွေကျတယ်ဆိုပြန်ရင်လည်း ငါတို့ ရဲဘော်ရဲဘက်တွေဖြစ်သလို သူတို့လည်းပဲ ဒီပြည်ထောင်စုကြီးထဲက ပေါက်ဖွားလာတဲ့ တိုင်းရင်းသားညီအစ်ကိုတွေပဲမလား။
နောက်တစ်ခုသူငယ်ချင်းရယ် လက်နက်ကြီးတွေသုံးတယ်ဆိုတာ မတရားလိုက်တာသူငယ်ချင်းရယ်။ နိုင်ငံတော် စစ်တပ်ကြီးက တိုင်းရင်းသားတပ်တွေကို ရင်ဆိုင်တာကို လက်နက်အင်အားမမျှမတနဲ့တိုက်နေလိုက်တာများ ဟိုးပဒေသရာဇ်ခေတ် ရိုင်းရိုင်းပြောရရင် လူရိုင်းခေတ်ကိုပြန်ရောက်နေသလားအောက်မေ့မိတယ်ကွာ။ လက် နက်အင်အားသာသူက နိုင်တယ်ဆိုတာ ဒီခေတ်မှာမရှိတော့ဘူးသူငယ်ချင်းရဲ့။ ဒါတွေမင်းလည်းသိမှာပါ ငါ သိပ်ပြီးပြောနေစရာမလိုပါဘူး။ နောက်ငါ သတင်းတစ်ခုမှာဖတ်လိုက်ရတာလေးရှိသေးတယ် လေတပ်ကို သုံးပြီး ဗုံးကျဲတယ်တဲ့ နောက်တစ်ခုက ဓါတုဗေဒလက်နက်သုံးတယ်တဲ့လေ။ ငါတို့ နိုင်ငံရေးအရ ဖြစ်တဲ့ နိုင်ငံရေး ပြဿနာအရ ဖြေရှင်းရမယ့် ကိစ္စကိုမဖြေရှင်းနိုင်လို့ လက်နက်ကိုင် တော်လှန်နေကြတဲ့ ဒို့ တိုင်းရင်းသား ညီအစ်ကိုတွေအချင်းချင်းကိုကွာ လူမျိုးသုန်းသတ်ဖြတ်မလားအောက်မေ့ရတယ်။ ဓါတုဗေဒလက်နက်သုံးတယ် တဲ့။ နောက် လေကြောင်းသုံး ဗုံးကျဲတိုက်ခိုက်တယ်တဲ့။ ပြည်တွင်းစစ်မှာ လေယာဉ် မသုံးရဘူးဆိုတာ နိုင်ငံတကာ ဥပဒေကပြဋ္ဌာန်းထားတာ မင်းတို့ ငါတို့လို လူတွေတောင်သိတာကို နိုင်ငံခေါင်းဆောင် တပ်မတော် ခေါင်းဆောင်များက မသိကြလေသလားကွာ လို့တောင်ငါစဉ်းစားမိတယ်သူငယ်ချင်းရယ်။  
ဓါတုဗေဒလက်နက်တွေရဲ့ဆိုးကျိုးကို မင်းလည်းသိပါတယ်နော်သူငယ်ချင်း။  သားစဉ်မြေးဆက် အဲဒီ ဓါတုဗေဒ ရဲ့ဆိုးကျိုးတွေကို ခံစားရမှာကိုလည်း မင်းအသိပါကွာ။ ဘာလို့များအဲလောက်ထိ ဆိုးကျိုးဖြစ်မယ့်လက်နက်ကို ကိုယ့်အမျိုးသားချင်း တိုက်ပွဲမှာ သုံးရတာလဲကွာ။ ငါဖြင့်စဉ်းစားလို့ကို မရဘူးသူငယ်ချင်းရယ်။ အဲဒီဆိုးကျိုး တွေကို ပြန်ကြည့်ရအောင်သူငယ်ချင်းရယ်။ ဘယ်လိုဓါတုပစ္စည်းအမျိုးအစားပဲ ဖြစ်ဖြစ်ပေါ့ကွာ အများဆုံး ဖြစ် နိုင်ချေရှိတဲ့ အန္တရာယ်တွေကို ငါတို့ စဉ်းစားကြည့်ရအောင်ကွာ။ အရင်ဆုံး ဓါတုဗေဒကြောင့် အဲဒီဒေသရဲ့ လေထု မြေထု ရေထုကတော့ ညစ်ညမ်းသွားမယ်ဆိုတာ မင်းသိပါတယ်နော်။ ဒီတော့ ငါတို့ တစ်ခုချင်းဆီနဲ့ သုံးသပ်ကြည့်ရအောင်သူငယ်ချင်းရေ။
မြေထုညစ်ညမ်းမယ်ဆိုရင် ဘာတွေဖြစ်မလဲ။ ငါတို့ နိုင်ငံက ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် စိုက်ပျိုးရေးကို အဓိက အားထားနေရတယ် ဆိုတာ မင်းလည်းအသိပါနော်။ အထူးသဖြင့်တော့ ခုလိုတိုင်းရင်းသားဒေသတွေ ဟာ စိုက်ပျိုးရေးနဲ့ သူတို့ရဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသလို ပတ်ဝန်းကျင်ဒေသအတွက် စားနပ် ရိက္ခာထုတ်ပေးနေတာဆိုလည်းမမှားဘူးပေါ့ကွာ။ နဂိုကတည်းကမှ ခေတ်မှီစိုက်ပျိုးရေး နည်းပညာတွေကို မသိလို့ မြေဆီလွှာတွေ ပျက်သုဉ်းပြီး အသီးအနှံအထွက်နှုံးတွေကျဆင်းနေရတာတွေ၊ အဟာရမပြည့်လို့ နောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်နေတာတွေ၊ လယ်ယာမြေစနစ်က မကောင်းလို့ အတည်တကျ မရှိဘဲ ရွှေ့ပြောင်းတောင်ယာစနစ်တွေကြောင့်တောပြုန်းနေတာတွေ စတဲ့ ပြဿနာတွေကို ငါတို့ နိုင်ငံတော် အစိုးရ အနေနဲ့ ဖြေရှင်းမပေးတဲ့အပြင် ခုလို ဓါတုဗေဒလက်နက်သုံးတယ်ဆိုတော့ နောက်ဆက်တွဲ ထပ်ဖြစ်လာ မယ့် ပြဿနာတွေကို မင်းစဉ်းစားကြည့်စမ်းပါဦးသူငယ်ချင်းရယ်။ မင်းလည်း ခေတ်ပညာတတ် တစ်ယောက် ပဲကွာ။
ဒီဓါတုဗေဒ လက်နက်တွေမပြောနဲ့ သာမန်လူ့အသုံးအဆောင် တွေမှာပါတဲ့ ဓါတုဗေဒပစ္စည်းပါဝင်မှု နှုံးထားမြင့် မားရင်တောင် အသုံးပြုသူတွေမှာ အန္တရာယ်ဖြစ်စေလို့ ကမ္ဘာကြီးက ကန့်သတ်မှုတွေလုပ်နေကြတာတွေ၊ လုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကြောင့် လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား တွေကို အန္တရာယ်ရှိစေလို့ အစိုးရတွေက ကန့်သတ်မှုတွေ အလုပ်သမားတွေအတွက် နစ်နာစေ မယ့်အချက် တွေ အတွက် ဥပဒေတွေပြဋ္ဌာန်းပေးနေတာတွေလုပ်နေကြတယ်သူငယ်ချင်း။ အနီးစပ်ဆုံးပြောရမယ် ဆိုရင် တော့ ခုငါရောက်နေတဲ့ ထိုင်းနိုင်ငံမှာတောင် ထိုင်းနိုင်ငံအစိုးရက ငါတို့ မြန်မာနိုင်ငံသားအလုပ်သမားတွေ အတွက် လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုတွေ အလုပ်သမားတွေကိုယ်တိုင်ကလည်း နားလည် လာအောင် သင်တန်းပေးတာတွေ အလုပ်ရှင်တွေဘက်ကနေလည်း နည်းစနစ်တကျသင်တန်းပေးထားသူတွေ ကိုသာ လုပ်ကိုင်ခိုင်းအောင် စတဲ့ အချက်တွေအတွက်လုပ်ပေးနေတယ်သူငယ်ချင်း။ ဘယ်လောက်ထိ ထိ ရောက်သလဲဆိုတာကတော့ လိုက်နာကျင့်သုံးမယ့် ငါတို့ မြန်မာနိုင်ငံသားတွေအပေါ်မှာလည်း မူတည်တာပေါ့ သူငယ်ချင်းရယ်။ ငါပြောချင်တာက တိုင်းတပါးသားအစိုးရကတောင် သူ့နိုင်ငံသား သူ့လူမျိုးမဟုတ်တဲ့ ဘယ် လိုပဲပြောပြော မင်းတို့ငါတို့ ရာဇဝင်အရ သူ့နိုင်ငံကို တက်ပြီး အနိုင်ကျင့်ခဲ့တယ်ပဲပြောပြော ပေါ့ကွာ အဲလို နိုင်ငံကလာခဲ့တဲ့ ငါတို့ နိုင်ငံသားတွေကိုတောင် ခုလိုဥပဒေတွေ ပြဋ္ဌာန်းကာကွယ်ပေးနေတဲ့အချိန်မှာ ကိုယ့်တစ် မြေထဲနေ တစ်ရေထဲသောက်ပြီး ရှင်သန်ပေါက်ဖွါးလာတဲ့ ပြည်ထောင်စုအစိုးရက ကိုယ့်အမျိုးသား တိုင်းရင်း သားတွေအပေါ်မှာ တိုင်းရင်းသားနယ်မြေတွေမှာ ခုလို ရေရှည်အတွက်ပါ အကျိုးယုတ်စေမယ့် ဓါတုလက်နက် တွေကို သုံးတယ်ဆိုတာကတော့ လုံးဝကို ကြည့်မကောင်း မြင်မကောင်းတဲ့လုပ်ရပ်ပါကွာ။
မင်းတို့ငါတို့ စစ်သားတွေလည်း သိက္ခာကျပါတယ်။ လက်နက်အင်အား လူအင်အား ဓနအင်အားအစစအရာရာ သာနေတာတောင် ခုလိုဓါတုလက်နက်သုံးတယ်ဆိုတော့ကွာ ငါတော့လေ ရှက်လိုက်တာသူငယ်ချင်းရယ်။ မြေထုညစ်ညမ်းမှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပြန်ကြည့်မယ်ဆိုရင်သူငယ်ချင်းရယ် မြေဆီလွှာတွေ ပျက် သုဉ်းတဲ့အတွက် စိုက်ပျိုးမှုထုတ်ကုန်ကျဆင်းမယ်သူငယ်ချင်း အဲလိုကျဆင်းလာတာနဲ့အတူ စိုက်ပျိုးရေး လုပ် ကိုင်တဲ့ တိုင်းရင်းသားမိသားစု ဝင်ငွေကျဆင်းမယ် နောက်စားသုံးသူဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာ ဖူလုံမှု ကျဆင်းမယ် စားနပ်ရိက္ခာမလုံလောက်မှုရဲ့နောက်ဆက်တွဲထပ်တိုးပြဿနာက စီးပွါးရေးပညာအရ ဝယ်လိုအား များလာမယ် ဝယ်လိုအားများလာတဲ့အခါ ကုန်ဈေးနှုန်းကြီးမြင့်လာမယ် သူငယ်ချင်း။ နောက်ဆုံး အဲဒီအကျိုး ဆက်တွေက ဘယ်ထိရိုက်ခတ်လာမလဲ။ နိုင်ငံတော်တစ်ခုလုံးကိုပဲ ပြန်ရိုက်လာမယ်သူငယ်ချင်း။ ပြောရရင် တော့ ကိုယ့်ရှုးကိုယ်ပက်မယ့် လုပ်ရပ်ကြီးပဲသူငယ်ချင်း။ နောက်ဆုံး အဆုံးစွန်ပြောရမယ်ဆိုရင်သူငယ်ချင်းရယ် ငါတို့ ဒီပြဿနာတွေ ငြိမ်းအေးသွားမယ့်တစ်နေ့မှာ ပြန်လည်ထူထောင်ရေးတွေလုပ်ကြရင် အဲဒီဓါတုပစ္စည်း အဆိပ်သင့်နေမယ့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး အတွက် အသုံးပြုရမယ့် နိုင်ငံ့ဘဏ္ဍာပိုမကုန်ဘူးလား။ အလုပ်လည်းမပိုဘူးလားသူငယ်ချင်းရယ်။
နောက်လေထုကိုဆက်ကြည့်မယ်ဆိုရင် သစ်ကို အဆမတန်အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီးကိုယ်ကျိုးရှာ ထုတ်နေ လို့ တောပြုန်းလာတဲ့အပေါ် လေကောင်းလေသန့်ကလည်းရှားပါးလာတယ်။ ဒီအထဲကနေမှ လက်သင့်ရာ နိုင်ငံတွေကို လုပ်ကိုင်ခွင့်ပြုထားတဲ့ စက်ရုံအလုပ်ရုံတွေက ထွက်တဲ့ ဘေးထွက်မီးခိုးတွေကြောင့် လေထုက ညစ်ညမ်းလာလို့ အနည်းဆုံးတော့ လည်ချောင်းပိုင်းဆိုင်ရာရောဂါတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ တွေနဲ့ သားစဉ်မြေးဆက် လူညွန့်တုံးမယ့်အပေါ်မှာ တားဆီးဖို့ကိုတောင် လုပ်နေကြရတာသူငယ်ချင်း။ ခုလို လက်နက်ကိုပါသုံးတော့ ပိုဆိုးမကုန်ဘူးလား။ ဓါတုဗေဒပစ္စည်းပါဝင်မှုနှုံးထားများတော့ လေထုသဘောတရား အရ အပေါ်ကိုတက်မယ် ရေခိုးရေငွေ့နဲ့တူ ငွေ့ရည်ဖွဲ့မယ် အဲဒီကနေမှ အက်ဆစ်မိုးတွေရွာမယ်ဆိုရင် နောက် ဆက်တွဲပြဿနာတွေက မတွေးဝံ့စရာပဲသူငယ်ချင်း။ လုပ်တုန်းကတော့ ခဏပဲဆိုပေမယ့် ပြန်လည်ပြုပြင် တည်ဆောက်ယူတဲ့အခါ အချိန်အားဖြင့်ကော နည်းပညာအားဖြင့်ကော ငွေအားဖြင့်ကော ဘက်ပေါင်းစုံက အကုန်အကျများတယ်ဆိုတာ မင်းလည်းအသိပါကွာ။
ရေထုကိုဆက်ကြည့်မယ်ဆိုရင် ငါတို့နိုင်ငံက မြစ်ချောင်းအင်းအိုင်တွေအပေါ်မှာ အဓိကမှီတည်ပြီး သောက်သုံး ရေကို အသုံးပြုနေရတယ်ဆိုတာ မင်းသိပါတယ်နော်။ နောက်တစ်ခါ အဲဒီမြစ်ချောင်းတွေထဲမှာနေ ထိုင်ရှင် သန်တဲ့ ရေချိုနေ သတ္တဝါတွေကိုပဲ ငါတို့ရဲ့ ဝမ်းစာရေးအတွက် ဖြေရှင်းနေရတယ်ဆိုတာလည်း မင်းသိပါတယ် နော်။ ဒီတော့ သောက်သုံးရေမသန့်တဲ့ပြဿနာတွေ အဲဒီမြစ်ချောင်းတွေမှာ ရှင်သန်နေထိုင်တဲ့ သားငါးတွေ ကနေကတဆင့် ပြန်လည်ရရှိလာမယ့် ဘေးထွက်ဆိုးကျိုးတွေကလည်းအများသား သူငယ်ချင်းရယ်။ ကဲ ဟုတ် ပါပြီတဲ့ ငါအမြင်ခပ်ကျဉ်းကျဉ်းပဲပြောမယ်ကွာ။ အဲဒီဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မင်းတို့ငါတို့ တပ်မတော်သားညီအစ်ကိုတွေကကော အဲဒီသဘာဝ ရင်းမြစ်တွေကို မမှီခိုတော့ဘူးတဲ့လား။ ငါတို့ တပ်မတော် ကြီးရဲ့ ထောက်ပံ့မှုကိုမင်းလည်းအသိပါပဲ ဒီလိုညံ့ဖျင်းလှတဲ့ ထောက်ပံ့မှုတွေကြားမှာ သက်ဆိုင်ရာဒေသရဲ့ ဒေသထွက်ကုန်တွေကို မှီတည်နေတဲ့ မင်းတို့ငါတို့ တပ်မတော်သားတွေကိုကော ဒီဆိုးကျိုးတွေက မသက် ရောက်တော့ဘူးတဲ့လား။ ရောဂါဝေဒနာဖြစ်လာရင် ဘယ်လောက်များ ငါတို့တပ်မတော်ကြီးက ဆေးဝါးထောက် ပံ့မှုများကောင်းနေလဲဆိုတာ မင်းလည်းအသိပါပဲ။
ဒီတော့သူငယ်ချင်းရယ် ဒီဓါတုလက်နက်တွေသုံးတဲ့ကိစ္စကို မင်းတို့ငါတို့ တပ်မတော်သားတွေက အဓိက ကန့်ကွက်ကြရမယ်သူငယ်ချင်း။ နောင်မျိုးဆက်တွေအထိကိုပါ ဒုက္ခမပေးသင့်ဘူးလို့ထင်ပါတယ် သူငယ်ချင်း ရယ်။ မင်းတစ်ယောက်အဲဒီ အနာဂတ်မျိုးဆက်တွေကို ဒုက္ခပေးတဲ့ တပ်မတော်သားထဲမှာ ပါမသွားပါစေနဲ့ လို့လည်း ငါဆုတောင်းပါတယ် သူငယ်ချင်း။ အဲဒီတိုက်ပွဲတွေ စစ်ဆင်ရေးတွေမှာ မင်းမပါဘူးဆိုပေမယ့်လည်း အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း မင်းအသိပါပဲ။ ငါမပါလို့ ငါနဲ့မဆိုင်ဘူး ဆိုရင်တော့ ငါတို့က ခေါင်းဆောင်ကောင်းတွေမဟုတ်တော့ဘူး။ နိုင်ငံတော်အလံကိုင်ပြီး အသက်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးလှူပါတယ်လို့ သစ္စာဆိုထားတဲ့ မင်းတို့ ငါတို့ တပ်မတော်သားတွေအနေနဲ့ ကိစ္စတိုင်းဟာ ငါတို့နဲ့ သက်ဆိုင် တယ်ဆိုတာကိုလည်း မင်းတစ်ယောက် အမှတ်ရနေပါစေလို့ ငါ ဆန္ဒပြုလိုက် ပါတယ်သူငယ်ချင်း။ နဂိုကမှ သမိုင်းမှတ်တမ်းမှာ အမဲစက်စွန်းနေကြရတဲ့ ငါတို့ တပ်မတော်ကြီး ခုတော့အမည်းစက်မဟုတ်တော့ဘူး သူငယ် ချင်း အမည်းရောင်ကြီးဖြစ်သွားပြီ။ အဲဒီအမည်းရောင်ကြီးအဖြစ်ပြောင်းလည်းသွားတဲ့ ငါတို့တပ်မတော်ကြီး  ပြန် လည်ဖြူစင်လာစေဖို့ မင်းတစ်ယောက် အဖြူစက်လေးဖြစ်ခဲ့မယ်ဆိုရင်ကို ငါကျေနပ်ပါတယ်။

ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts