Saturday, December 10, 2011

မြန်မာ့တပ်မတော်ကို ဘယ်လိုပုံစံ ဖြစ်စေချင်ပါသလဲ။

မြန်မာ့တပ်မတော်ကို ဘယ်လိုပုံစံ ဖြစ်စေချင်ပါသလဲ။

တပ်မတော် ဆိုတာ ပြည်ပကျူးကျော်ရန်ကို ခုခံကာကွယ်ဖို့နဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်လာရင် ပြည်သူတွေကို ကယ်တင် စောင့်ရှောက်ဖို့ ဆိုတဲ့ အဓိက တာဝန်ကြီး ၂ ခု ရှိပါတယ်။ လိုအပ်ရင် ရွေးကောက်ပွဲကို မပျက်အောင် ကာကွယ်စောင့်ရှောက်ပေးရပါတယ်။

အဲဒါကို အရင် စစ်အာဏာရှင် ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုးအတွက် လှည့်စားထားခဲ့ပါတယ်။ တပ်မတော်ကို ကိုယ်ပိုင်ကြေးစားစစ်တပ်လို ပုံစံပြောင်းပြီး သူတို့အာဏာ တည်မြဲရေးအတွက် ကာကွယ်ခိုင်းထားခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေခြင်းအားဖြင့် ကြေးစားစစ်တပ်ရဲ့ သက်တမ်းကို ရှည်အောင် လုပ်ထားတာ သဘောပေါက်စေချင်ပါတယ်။

အာဏာရှင်တွေဟာ တပ်မတော်ကို ဝါဒမှိုင်းတွေ ရိုက်သွင်းပြီး တပ်မတော်သားတွေနဲ့ ပြည်သူတွေကို လှည့်စားထားခဲ့ပါတယ်။ သွေးခွဲထားခဲ့ပါတယ်။ တပ်မတော်သား စစ်သည်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ စစ်အာဏာရှင် ခေါင်းဆောင်တွေအတွက် အသေခံပေးနေခဲ့ရပါတယ်။ ကိုယ့်လူမျိုးအချင်းချင်းသတ်တဲ့ စစ်ပွဲတွေမှာ သေနာကျိုးကန်း ဖြစ်နေခဲ့ရပါတယ်။

အခြားတဘက်မှာလည်း ပြည်သူတွေ ဒုက္ခအကြီးအကျယ် ရောက်ကြရပါတယ်။ စစ်ကို မုန်းတီးသူတွေတောင် သေနတ်ကိုင်ပြီး လူသတ်တဲ့အဆင့် ဖြစ်လာရပါတယ်။ ဒီလိုအချင်းချင်း မညီမညွတ်ဖြစ်နေတာကို အကြောင်းပြုပြီး နယ်စပ်က ဘိန်းမှောင်ခို စီးပွားရေးသမားတွေက လူမျိုးရေး အကြောင်းပြ၊  လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းလာတာ အတော်ကို ရင်နာစရာ ကောင်းလှပါတယ်။ ဒါကိုလည်း အာဏာရှင် ဆိုသူတွေက သိရက်နဲ့ သူတို့အကျိုးစီးပွား အပျက်မခံလိုတဲ့အတွက် မျက်စိတဘက်မှိတ် လက်သပ်မွေးထားကိုက ပိုလို့တောင် ရင်နာစရာကောင်းလှပါတယ်။     

နှစ်ပေါင်း ၆ဝ လောက် ဝါဒမှိုင်းနဲ့ အကျင့်စရိုက်ကို ရိုက်သွင်းထားတာကြောင့် ပြည်သူတွေ အထင်မှားစရာ ဖြစ်လာခဲ့ရပါတယ်။ အထင်မမှားသူတွေလည်း ရှိကြပါတယ်။ တနည်းအားဖြင့် ပြည်သူတွေ ညီညွတ်လာမှာစိုးလို့ ထပ်ဆင့် သွေးခွဲထားတာလည်း ဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ အရင် အမူအကျင့်ဆိုးတွေနဲ့ ဝါဒမှိုင်းကနေ ရုန်းထွက်လာတဲ့ တပ်မတော် စစ်သည်တွေ ရှိနေကြပါပြီ။ ကျန်နေသူတွေလည်း ရှိနေပါသေးတယ်။ ဒါကို ပြည်သူတွေဘက်က ကောင်းကောင်းမြင်တတ်ဖို့ သိပ်ကို လိုအပ်နေပါပြီ။  ဒီမိုကရေစီကို ကျနော်တို့ မြတ်နိုးတန်ဖိုးထားသလို တပ်မတော်ထဲမှာလည်း အလားတူ စစ်သည်တွေ ရှိကြပါတယ်။ ကျနော်တို့ပြည်သူတွေက ဒီမိုကရေစီရဲ့ အရသာ (ရပိုင်ခွင့်) တွေကို ခံစားရရင် စစ်သည်တွေနဲ့ သူတို့ မိသားစုတွေလည်း ထပ်တူ ခံစားပိုင်ခွင့် ရှိပါတယ်။

ကနေ့အချိန်အခါမှာ facebook ပေါ်မှာ စာ လာမဖတ်နိုင်ကြတဲ့ ဆင်းရဲသား ပြည်သူတွေ သန်းနဲ့ချီပြီး ရှိနေပါသေးတယ်။ တချိန်တည်းမှာပဲ ဆင်းရဲနွမ်းပါးနေတဲ့ အောက်ခြေတပ်မတော်သားတွေနဲ့ သူတို့ မိသားစုတွေကလည်း သိန်းပေါင်းများစွာ ရှိနေနိုင်ပါတယ်။ ဒါတွေကို ကျနော်တို့ ငဲညှာရပါမယ်။ သူတို့ကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာကြံပေးရပါမယ်။   

အခုလို ဒီမိုကရေစီအတွက် ပွင့်လင်းလာတဲ့ အခြေအနေမှာ လက်နက်ကိုင် စစ်သည်တိုင်းကို ဒီမိုကရေစီဘက်ကို လက်ကမ်းဆွဲခေါ်မှာလား၊ ဒါမှမဟုတ် အာဏာရှင်စနစ်ဘက်ကို ပြန်တွန်းလွှတ်မှာလား၊ ဒါမှမဟုတ် ပိုနေမြဲ ကျားနေမြဲ ဆက်ထားမလား ဆိုတာ ပြည်သူတိုင်းက ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ကြပါ။ မြန်မာ့တပ်မတော်ကို ဘယ်လိုပုံစံ ဖြစ်စေချင်ပါသလဲ။

လွင်အောင်စိုး
၉-၁၂-၂ဝ၁၁
.....................................
သောင်တင်သဖြင့် ရေဝင်နေသော အောင်တံခွန် (၂) သင်္ဘောနှင့် ခရီးသည်များအား ရေတပ်စစ်သည်များက ကယ်တင်ပေးသည့် ဓါတ်ပုံများကို အောက်ပါ Link တွင် ကြည့်နိုင်ပါသည်။


Facebook Post - Eleven Media Group (EMG)

No comments:

Post a Comment

Ads 468x60px

Featured Posts