Saturday, December 10, 2011

နိုင်ငံရေးနှင့်မပတ်သက်ချင်ဟု ဆိုရာဝယ်

တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်တို့ကြောင့်သော်လည်းကောင်း၊ တပ်မတော်တွင်းဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်တို့ကြောင့်လည်းကောင်း မိမိကဲ့သို့ ပြည်ပသို့ရောက်ရှိလာကြသူများ အတွင်း  ကြားသိနေရသည့် စကားတစ်ခွန်းအပေါ် မိမိအနေဖြင့် များစွာ ဘဝင်မကျဖြစ်မိပါသည်။ ယင်းစကားတစ်ရပ်သည်ကား “နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူး အထူးသဖြင့် နိုင်ငံရေး လုပ်နေကြတဲ့ အသိုင်းအဝိုင်းနဲ့ မပတ်သက်ချင်ဘူး၊ ဘာလို့ဆို ပြည်တွင်းမှာ ကျန်နေတဲ့ မိသားစုတွေကို ဒုက္ခ ရောက်မှာစိုးလို့” ဟု ဆိုသောစကားတစ်ရပ်ပင်ဖြစ်ပါသည်။ ယင်းစကားရပ်ကို လက်ရှိမိမိအများဆုံး မြင်တွေ့နေ ရသော တိုင်းပြည်၏ပြည်တွင်းစစ်များကြောင့် ပညာမသင်ကြားခဲ့ရသော ပညာရေးဆုံးခန်းမတိုင်ခဲ့ကြသော၊ အကြောင်းအမျိုးမျိုးသော ဘဝပေးအခြေအနေအရပ်ရပ်ကြောင့် စာပေဗဟုသုတလေ့လာမှုမရရှိခဲ့သော သူများ ပြောဆိုခြင်းကိုမူ မိမိအနေဖြင့် လက်ခံပေးနိုင်ပါသည်။ သို့သော် မိမိအနေဖြင့် လက်ခံ၍မရသည့်သူများမှာ အခြား သူများမဟုတ်ပေ။ မိမိတို့ တပ်မတော်မှနေ၍ အကြောင်းအမျိုးမျိုးကြောင့်ထွက်လာသူများပြောဆိုသည် ကိုဖြင့် မိမိအနေဖြင့် မည်သို့မှ ဘဝင်မကျပေ။ ဤသို့ပြောရခြင်းမှာ မိမိကိုတိုက်ရိုက်ပြောဆိုခဲ့သော သူများရှိ သောကြောင့်ပြောရခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် အခြေအမြစ်မရှိဘဲ မပြောလိုပေ။

          မှန်ပါသည်။ မိမိတို့အနေဖြင့် တပ်မတော်တွင်းရှိစဉ်က ကောင်းတာလုပ်ခဲ့သည်များလည်းရှိပါသည်။ မကောင်းတာလုပ်ခဲ့သည်များလည်း ရှိပါသည်။ မိမိကိုယ်တိုင်လည်း မကောင်းတာလုပ်ခဲ့သည်များလည်းရှိပါ သည်။ သို့သော် မည်သို့ဆိုစေကာမူ မိမိအနေဖြင့် ပြည်ပတော်လှန်ရေးနယ်မြေသို့ရောက်ရှိလာခြင်းသည်လည်း အမှန်အတိုင်းဝန်ခံရပါလျှင်မူ ယခုလက်ရှိမိမိသိရှိသမျှသော နိုင်ငံရေးအသိများကြောင့်တော့မဟုတ်ပေ။ မိမိထွက်လာစဉ်က မိမိ၌ရှိသည့် အတွေးအခေါ်တစ်ရပ်မှာ “ငါတို့ လုပ်နေတာမဟုတ်သေးဘူး၊ ငါလည်းမမှန်ဘူး ဒါဘာကြောင့်လည်း အစိုးရကြောင့် ငါတို့စစ်တပ်ကို ဘာလို့ဒီလောက်မုန်းနေတာလဲ ဘာလို့မကောင်းပြောနေရ တာလဲ၊ ငါဖြစ်ချင်ခဲ့တာက ဒီလိုမဟုတ်ဘူး ဒါဆိုငါဘာလုပ်မလဲ ဟုတ်ပြီ ငါ KNU ကိုသွားမယ် တောခိုမယ် ဒီအစိုးရကို ပြန်တိုက်မယ်” ဒီလောက်သာရှိခဲ့ပါသည်။ သို့သော် မိမိပြည်ပသို့ရောက်ရှိသည့်အခါ မိမိနှင့် ထိတွေ့ ရသည့်သူများက မိမိအားအကောင်းဆုံးအကြံဥာဏ်များပေးစွမ်းခြင်း၊ ကူညီထောက်ပံ့ခြင်းများပြုလုပ်ပေးပြီး မိမိအား တောထဲ၌ မနေဘဲ ပညာများကိုလေ့လာဆည်းပူးပါ ဒီထက်မကတဲ့ လုပ်ဆောင်မှုကြီးများကို လုပ်ပါဆိုသည့်အကြံဥာဏ်များပေးစွမ်းခဲ့သလို၊ ကူညီထောက်ပံ့ပေးခဲ့သူများလည်းရှိပါသည်။ မိမိအနေဖြင့် ဖတ်မှတ်လေ့လာသင့်သည်များကို သွန်သင်ဆုံးမပေးခဲ့သည်များလည်းရှိခဲ့ပါသည်။ ထိုသို့ဖြင့် ယနေ့မိမိသိရှိလာ ရသောအသိဥာဏ်အတိုင်းအတာတစ်ခုကို ရောက်ရှိလာရပေသည်။
          မိမိယနေ့ခံယူသည်မှာ မည်သို့ပင်ဆိုစေ ကျနော်တို့တပ်မတော်သားများသည် ကိုယ်တိုင်ခံယူချက်အရ တော့တိုင်းပြည်ကို ဖျက်ဆီးရာမဟုတ်သော်ငြား မိမိတို့တပ်မတော်မှ ခေါင်းဆောင်များ၏ လုပ်ငန်းများပိုမိုအဆင် ပြေချောမွေ့နေစေရေးအတွက် တစ်ပိုင်းတစ်ကဏ္ဍ ပံ့ပိုးခဲ့ရာရောက်ခဲ့ပါသည်။ မိမိတို့လုပ်ကိုင်ခဲ့မှုအရ တိုင်းပြည် သည်ပိုမိုဆင်းရဲမွဲတေလာရသည်။ မိမိတို့ အင်အားကိုအသုံးချကာ အာဏာတည်မြဲရေးအတွက် မိမိတို့ တိုင်းရင်း သားညီအစ်ကိုများအပေါ် လက်နက်ဖြင့် အနိုင်ကျင့်မှုပိုမိုပြုလုပ်လာနိုင်သည်။ သို့အတွက် မိမိတို့သည် တိုင်းပြည်နှင့် လူမျိုး တပ်မတော်သစ္စာဓိဌာန်အနေဖြင့်ဆိုလျှင် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်” ဟုဆိုသော သစ္စာအဓိဌာန်ကို မနက်နှင့် ည ဆိုခဲ့ကြသည်။ ထို့ပြင် ထမင်းစားသစ္စာအနေဖြင့် “ငါတို့သည် နိုင်ငံတော်မှ ကျွေးသော ထမင်းများကို စား၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိ ရိုသေပါမည်” ဆိုတာကိုလည်း ကျနော်တို့ တပ်မတော်သားများ ထမင်းစား တိုင်းရွတ်ဆိုခဲ့ကြရပါတယ်။ ဒီနေရာမှာ နိုင်ငံတော်ဆိုတာကို နားလည်ဖို့လိုပါတယ်။ ဒီတော့ ကျနော်တို့ဟာ အကြောင်းအမျိုးအမျိုးကြောင့် အမှားတွေလုပ်လာခဲ့ကြတာကို ယခုကဲ့သို့ ပြည်ပကို ရောက်ရှိလာချိန်မှာတော့ မိမိတို့ တိုင်းပြည်မှ ပြည်သူပြည်သားများအတွက် မိမိတို့ တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ကြရမည်ဟု ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင်ဖော်ပြသော သစ္စာများကို ဆိုထားသည်မဟုတ်ပါလော။ ထိုဆိုထားသောသစ္စာတွင် မိမိအသက်ကိုပင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပင်ပေးလှူထားပြီး အဘယ်အတွက်ကြောင့် ငါ့မိသားစုအထဲမှာရှိသေးတယ်။ ငါ့အဖေကတော့ ဘယ်ဌာနမှာ လုပ်နေတာ၊ ငါ့ဆွေမျိုးတွေထဲကတော့ ဘယ်နေရာ ဘယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတာ စသည်တို့ကိုတွေးနေပါလျှင် ကျနော်တို့ ဆိုထားသော သစ္စာသည် အဘယ်သို့နည်း။
          ထို့အတွက် ၈ ရက် ၈ လ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်လာသော ပြည်သူ့အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားပြီး ယနေ့ထက်တိုင် မိမိတို့တိုင်းပြည်မှ တိုင်းသူပြည်သားများအတွက် တတ်စွမ်းသရွေ့ ကြိုးပမ်းနေသော ယနေ့ထက်တိုင်ပင် တပ်မတော်သားတစ်ယောက်အနေဖြင့် အမှန်တကယ်ထမ်းဆောင်ရမည့် စစ်မှန်သည့်တာဝန်များကို ထမ်းဆောင်နေသည်ဟု အားမာန်အပြည့်ဖြင့် ပြောတတ်သော တပ်မတော်သာတစ်ယောက်၏ မှန်ကန်သော မာန်အပြည့်ဖြင့် စကားပြောတတ်သော အမှတ် (၅၀၁) လေတပ်စခန်းမှ ဒုတပ်ကြပ်မြင့်ဝေ၏ အချို့သောပြောပြချက်များအရ တစ်ချိန်က ABSDF ကျောင်းသားတပ်မတော်တွင် စစ်ရေးနည်းပြနှင့် နောက်ပိုင်းတွင် အေဘီအက်စ်ဒီအက်တောင်ပိုင်းတိုင်း တပ်ရင်းမှူးတာဝန် ထမ်းဆောင်သွားသော တပ်ကြပ်ကြီး ချစ်ကိုကို (ခမရ ၅၅) ၏ မျက်ရည်ဝဲဝဲပြောဆိုခဲ့သည့် စကားတစ်ခွန်းကိုလည်း ဝမ်းနည်းသည့်မျက်နှာ ဂုဏ်ယူသည့်မျက်ဝန်းနှင့် မာန်ပါသော အပြောဖြင့် ပြောပြသည်မှာ “ကျွန်တော်တို့  တပ်မတော်က မှားခဲ့တဲ့ သွေးကျွေးကို ဆပ်ဖို့ ကျောင်းသားတွေ ပုဆိုးစကိုဆွဲပြီး ကျနော်တို့  တောခိုခဲ့တယ်” လို့  အေဘီအကိဒီအက် တပ်ရင်း ( ၁၀၁ ) ဘုရားသုံးဆူနယ်မြေက စာကြည့်တိုက်မှာ 1989 ခုနှစ် ဂျူလိုင်လအတွင်းက ညတညမှာ ပြောခဲ့တယ်လို့  ပြောပြဖူးပါသည်။ ထို့ပြင် ထိုသွေးကျွေးကို တနင်္သာရီတိုင်း ရှေ့တန်းတစ်နေရာတွင်ပင် အသက်စွန့်သွားကြောင်းကိုလည်း ပြောပြပါသည်။ ထို့ပြင် ပြည်တွင်းအရေးအခင်း လှုပ်ရှားမှူများမှာပါဝင်ခဲ့သူ အတူတကွ တောခိုဖို့ ထွက်ခွာလာစဉ် ပါဝင်ခဲ့သူ  လေတပ်မှ တပ်မတော်သားတစ်ဦးကလည်း နယ်စပ်တစ်နေရာအရောက်တွင် တာဝန်မဲ့စွာ ပြောဆိုခဲ့သော စကားကိုတော့ ရှက်ရွံ့တဲ့မျက်နှာ၊ ဒေါသမျက်ဝန်းနှင့် မထီသောအပြောနှင့် ပြောပြသည်မှာ “ကိုမြင့်ဝေ ကျနော်တို့ ခုလုပ်ချင်တာ လုပ်လို့ရပြီ ပြည်တွင်းက လူကြီးတွေကလည်းမှာလိုက်တယ် မင်းတို့ တာဝန်ကျေပြီ ဟိုဘက်ရောက်ရင် လုပ်ချင်တာ လုပ်တော့လို့ ပြောလိုက်တယ်” ဟု ထိုင်းနိုင်ငံ ရနောင်းမြို့ ကို စက်လှေပေါ်က ဆင်းဆင်းချင်း ပြောခဲ့သည်ဟု လည်းပြောပြပါသည်။
          ဟုတ်ကဲ့ ယနေ့ပြည်ပကိုရောက်ရှိလာတဲ့ တပ်မတော်သားများတွင် မိမိအနေဖြင့် အထူးပြောလိုသည်မှာ တပ်မတော်သား အရာရှိများကို ဖြစ်ပါသည်။ ယင်းအရာရှိများသည် အာဏာသိမ်းစစ်စိုးရက  ပြည်သူ့ထံမှ အတင်းအကျပ် အခွန်ကောက်ခံတားသော ယင်းအခွန်ဖြစ်သည့် နိုင်ငံတော်ဘဏ္ဍာကိုသုံးပြီး တပ်မတော်သားများကို အဆင့်မြင့် အသိပညာ၊ အတတ်ပညာများ ပြည်တွင်းတွင် သင်ကြားတတ်မြောက်ရုံမျှမကဘဲ ပြည်ပ ပညာတော်သင် ပင်သွားခဲ့ကြသော တပ်မတော်သားများလည်း ပါဝင်ခဲ့ကြပါသည်။ နိုင်ငံရေးနဲ့ ကင်းကင်းနေချင် တယ်ဟုပြောသည်မှာလည်း ထိုပညာတတ်အရာရှိများပင်  ဖြစ်ပေသည်။ ထိုသူတို့  ထိုသို့ သော ပြောစကားကို ကြားရလျှင် မိမိအနေဖြင့် များစွာ ရှက်ရွံ့လှပါသည်။ ဝမ်းလည်းနည်းပါသည်။ မိမိတို့ အသက်ကို ပေးလှူထားပါသည်ဆိုသော၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်ပါသည်ဆိုသော၊ တပ်မတော်ကြီးကို ချစ်ပါ သည်ဆိုသော တပ်မတော်အရာရှိပိုင်းများမှ ထိုသို့ပြောခြင်းအတွက် မိမိအနေဖြင့် မျက်နှာပင် မပြဝံ့ပါ။ သို့သော်လည်း နယ်စပ်သို့ရောက်ရှိလာသော ယင်းနိုင်ငံရေးနှင့်မပတ်သက်ချင်ဟုဆိုသော အရာရှိများလောက်ပင် [WA1] ပြည်သူလူထုထံမှ ရရှိသည့် တိုင်းပြည်ဘဏ္ဍာငွေများ မသုံးခဲ့ရပါသော၊ ပညာများ မသင်ပေးခဲ့ရသော၊ တပ်မတော်၏ မည်သည့်အခွင့်အရေးမျှ မရရှိခဲ့သော စစ်သည်များကတော့ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်သော်လည်းကောင်း ကျောင်းသားတပ်မတော်နှင့်လည်းကောင်း ပူးပေါင်းလက်တွဲကာ အာဏာရှင်စနစ်ဆိုးကြီးအတွက် အထက်တွင်ဖော်ပြခဲ့သော တပ်ကြပ်ကြီးချစ်ကိုကို ပြောသကဲ့သို့ တပ်မတော်ရဲ့သွေးကျွေးအတွက် ဝင်ရောက် လုပ်ကိုင်နေသူအချို့ကို မြင်တွေ့ပြန်တော့လည်း မိမိ အနေဖြင့် များစွာ ဂုဏ်ယူမိပါသည်။ အလေးပြုမိပါသည်။ လေးစားမိပါသည်။ ထိုတစ်ချိန်ထဲတွင်ပင် တိုင်းပြည်ဘဏ္ဍာများသုံးပြီး ပညာတွေသင်ပေးလိုက်တဲ့ ထိုင်းပြည်နဲ့  တပ်မတော်အရေးကို စိတ်မဝင်စားတဲ့ အရာရှိများအတွက်တော့ တိုင်းပြည်ဘဏ္ဍာကို နှမြောမိပါသည်၊ ထိုသူတို့၏ တစ်ကိုယ်ကောင်းစိတ်ဓါတ်၊ ပြည်သူကို မိသားစုလို့မမြင်ဘဲ မိမိရဲ့တစ်ကိုယ်ရေ မိသားစုကိုသာ မိသားစုလို့ မြင်တတ်သော စိတ်ဓါတ်များအတွက်တော့ ရှက်ရွံ့မိပါသည်၊ နာကျည်းမိပါသည်။
                    သို့သော် ၈၈၈၈ ကဲ့သို့သော လူထုအရေးတော်ပုံမှ ထွက်လာသော တပ်မတော်သားအချို့သည်ပင် ယခုအခါ မပတ်သက်တော့သည့် သူများရှိသကဲ့သို့ ခံယူချက်အပြည့်ဖြင့် အသက်ကိုပင် ပေးဆပ်သွားသူများ ဆိုပြီး ရှိနေသေးသည်ပဲ ကျနော်ဘာများသွားတတ်နိုင်မှာလဲ။ ယခုကဲ့သို့ နှိုင်းယှဉ်ပြသည်မှ လွဲ၍ ကျနော်လည်း ဘာမှမတတ်နိုင်ပါ။ သို့သော် လူထုအတွက် တော်လှန်ရေးအတွက် သစ္စာရှိရှိ လုပ်ကိုင်နေသော တပ်မတော်သားများကိုတော့ သမိုင်းတစ်ခုအတွက် ကျနော့်အနေဖြင့် တပ်မတော်သားတစ်ယောက်ပီသစွာ သမိုင်းမှတ်တမ်းတင်လိုပါသည်။ ထိုနည်းတူစွာ ယနေ့ကျနော်တို့ခေတ်တွင် တစ်ကိုယ်ရေစာကိုသာကြည့်သူများ ရှိခဲ့သည်ဆိုသည်ကိုလည်း နှောင်းလူတို့ကို သိအပ်စေလိုပါသည်။ ဤကားကျနော်စာရေးသူ၏ စိတ်ဆန္ဒပင် ဖြစ်ပါသည်။ သို့အတွက် မြန်မာနိုင်ငံအတွက် ပြည်သူလူထုအတွက် အသက်ပေးသွားသော တော်လှန်လှုပ်ရှားနေကြပါသော တော်လှန်ရေးရဲဘော်ရဲဘက်များနှင့်တကွ တော်လှန်ရေးနယ်မြေမှ တပ်မတော်သားများ တပ်မတော်တွင်းပင်ရှိသော်လည်း အခြေအနေအကြောင်းကြောင်းအရ မရပ်တည်နိုင်သော်လည်း မိမိတို့ စွမ်းအားရှိသလောက် ကူညီနေကြပါသော၊ မိမိတို့နှင့် ချိတ်ဆက်ကာ တိတ်တဆိတ် မော်ကွန်းတင်ရန် ချိန်ခါမသင့်သေးသော တပ်မတော်သားညီအစ်ကိုများအားလည်း ဤဆောင်းပါးဖြင့် အလေးပြုပါသည်။ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။


ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts