Sunday, December 25, 2011

ဘေးမှရပ်ကြည့်သူတစ်ယောက်ဧ။် စိုးရိမ်သောကများ

နိဒါန်း

သိပ်မကြာလှသေးမီကပင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သော
စာတစ်ပုဒ်ရေးဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ထုတ်
“၇ရက်သတင်းဂျာနယ်”ပါ “စာအုပ်သစ်၊ မျှော်လင့်ချက်သစ်၊ လမ်း
သစ်”ဆိုသော ဆောင်းပါး။ ဤဆောင်းပါး၏နောက်ဆုံးစာကြောင်းကို
ယခုလိုရေးခဲ့သည်။ ““ယခုအခါ အသက်ခြောက်ဆယ်နီးပြီဖြစ်သော
စာရေးသူတစ်ယောက်၊ အိုဇာတာကောင်းတော့မည်ထင်ပါသည်...။””

အမှန်စင်စစ် ဤသည်မှာ မင်္ဂလာသတင်းသုံးရပ်ကို တစ်ပြိုင်
နက်ကြားလိုက်ရရာမှ ၀မ်းသာအားရ ရေးဖြစ်လိုက်သော စာစုဖြစ်
သည်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်မည်၊ ရွေး
ကောက်ပွဲဝင်တော့မည်ဆိုသောသတင်း၊ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုသောသတင်းနှင့် မြန်မာ
အာဆီယံဥက္ကဋ္ဌဖြစ်ရေး အတည်ပြုလိုက်ပြီဆိုသောသတင်းတို့ဖြစ်
သည်။) နှစ်ပေါင်းနှစ်ဆယ်ကျော် ၀င်္ကပါထဲပိတ်မိနေသော မြန်မာ့
နိုင်ငံရေးလမ်းစပေါ်ပြီဟုလည်း အမှန်ပင်ယုံကြည်မျှော်လင့်ခဲ့ပါသည်။
သို့နှင့်တိုင် အဆိုပါဆောင်းပါးရေးပြီး ရက်ပိုင်းမျှအကြာမှာပင်
ထွက်ပြူကာစ လမ်းစထက်တွင် “မြူ”တွေဆိုင်းနေဆဲဆိုသည်ကို
သတိပြုမိလိုက်ရာ ယခုစာစုရေးဖို့ အကြောင်းဖန်လာရတော့သည်။
အသက်ကြီးလာသည်နှင့်အမျှ စိုးရိမ်ကြောင့်ကြစိတ်တွေများ
လာသည်လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စာရေးသူအနေနှင့်မူ
ခေတ်ပြိုင်ပညာရှင်တစ်ဦး၏ သတိပေးစကားကို မြန်မာ့နိုင်ငံရေး
သမိုင်းပေါ်တင်ကြည့်ရာမှ၊ လျှံကျလာသော မှိုင်းပြာမှုံဝေအတွေးများ
ဟူ၍သာဆိုချင်ပါသည်။ ဟားဗတ်ပါမောက္ခ “စတီဗင်ဝေါ့(တ)“၏
စကား ..၊ ယခုလို ““အန္တရာယ်ကြီးသော အိုင်ဒီယာဆိုးတွေမှာ ပင်လယ်
ကဏန်းတွေလို၊ မြက်ရိုင်းတောလို၊ ကုဇုပေါင်းပင်တွေလို စိတ်ပျက်
ဖို့ကောင်းလောက်အောင် သက်ဆိုးရှည်တတ်သည်””ဟူ၏။ ပါမောက္ခ
ဝေါ့(တ)သတိပေးသောအန္တရာယ်ဆိုးတွေကို ခေတ်ပြိုင်မြန်မာ့နိုင်ငံရေး
တွင် ရှာကြည့်လိုက်ရာ အုံနှင့်ကျင်းနှင့် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်
လျက်ရှိသည်ကို ကံမကောင်းအကြောင်းမလှစွာ တွေ့လိုက်ရသည်။
ဘာတွေလဲ ... ဘယ်လိုလဲ ...။

၁။ တစ္ဆေနှင့်သိကြားမင်း

စစ်အေးခေတ်လွန်ခဲ့သည်မှာ အနှစ်၂၀ကျော်ကြာခဲ့ပြီဖြစ်
သော်လည်း စစ်အေးအိုင်ဒီယာများကို ကိုယ်စားပြုသော ဝေါဟာရ
တွေမှာ မြန်မာ့နိုင်ငံရေးလောကတွင် ယခုထက်တိုင် တွင်ကျယ်နေဆဲ
ရှိသည်။ ဥပမာ “ကွန်မြူနစ် တစ္တေ”နှင့် “အမေရိကန်တစ္ဆေ” ..။ တစ်
ဖက်က “ကွန်မြူနစ်တစ္ဆေအခြောက်ခံရသူများ”ဟု “ရိ“သလို ကျန်
တစ်ဖက်ကလည်း “အမေရိကန်တစ္ဆေခြောက်ခံရသူများ”ဟု ပြန်ပက်
သည်။ အမှန်တကယ်တွင်လည်း စစ်အေးခေတ်ဆိုသည်မှာ တစ်ဖက်
နှင့်တစ်ဖက် အပြန်အလှန်လန့်နေကြရသော “ရန်-လန့်၊ ငါ-လန့်”
ကာလကြီးမဟုတ်ပါလား။ တစ္ဆေဆိုသောအရိပ်အယောင်ကို အကောင်
အထည်ထင်ပြီး အကြောက်လွန်နေကြခြင်းဖြစ်ပါသည်။ အကြောက်
လွန်မှုက တံခါးတွေကိုပိတ်စေသည်။ ဒီမိုကရေစီ၏ အနှစ်သာရ
“ဗဟု အမြင်”ကို အခြေမှလှိုက်စားတတ်သည်။ “သတိ” ...။
အဆိုပါ“တစ္ဆေကြောက်ရောဂါ”နှင့်အပြိုင် “သိကြားမင်းမျှော်
ဝါဒ”လည်းရှိသေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အတွေ့ရများသည်ဟု
ဆိုသည်။ အထူးသဖြင့် မြန်မာ့ဓလေ့နှင့် ဆက်စပ်နေမည်လား စဉ်းစား
ဖို့ရှိသည်။ ဥပမာ- မြန်မာဇာတ်ပွဲများကိုကြည့်လိုက်လျှင် ဇာတ်ဘယ်
လောက်နာနာ၊ ဘယ်လောက်ရှုပ်ရှုပ်၊ ကိစ္စမရှိ။ နောက်ဆုံး သိကြားမင်း
ကြီးဆင်းလာပြီး ပြဿနာအားလုံးနိဂုံးချုပ် ပျော်ပျော်ကြီးဇာတ်ပေါင်း
ဒါပဲ ....။ နိုင်ငံရေးတွင်လည်း ထိုနည်းလည်းကောင်း။ သိကြားမင်း
မျှော်ချင်ကြသည်။ စာရေးသူတို့ငယ်ငယ်က အရှေ့မှသိကြားမင်းကို
မျှော်သည်။ ယခုနောက်ပိုင်း အနောက်မှသိကြားမင်းကိုမျှော်သည်
အရှေ့နှင့်အနောက်သာပြောင်းသွားသော်လည်း မိမိကိုယ်ကိုအားမကိုး
လိုသည့် “သိကြားမင်းမျှော်”အကျင့်ကား အတူတူပင်။ ဘာမှအပြောင်း
အလဲမရှိ။ စာရေးသူက ဒီမိုကရေစီရေးမှာ “ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ”
ရမည့်ဖြစ်စဉ်ဟု မြင်သည်။

(၂) “ဖြူ-မည်း”နှင့် “သက်တံရောင်စဉ်”

“RAND မဟာဗျူဟာလေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီး”၏
၂၀၀၉ အစီရင်ခံစာတွင် အမေရိကန်နိုင်ငံရေးဘ၀၏အန္တရာယ်လမ်း
ကြောင်းများကို ထောက်ပြထားသည်မှာ စိတ်ဝင်စားစရာကောင်းလှ
သည်။ အဆိုပါအန္တရာယ်များထဲမှ တစ်ခုမှာ “ဖြူ-မည်း နိုင်ငံရေးလမ်း
ကြောင်း” (POLARIZED POLITICAL TREND) ဖြစ်ပါသည်။ အဓိကနိုင်ငံရေး
ပါတီကြီးနှစ်ခုကြား အကွဲအပြဲများမှာ အိုင်ဒီအိုလိုဂျီသဘောပို၍
ဆောင်လာရာမှ အဆိုပါ “ဖြူ-မည်းနိုင်ငံရေး”သို့ ဦးတည်လာခြင်းဖြစ်
သည်ဟုဆိုသည်။ ဤသို့သော နိုင်ငံရေးမျိုး ထွန်းကားနေသမျှ
“ဘုံတူညီချက်” (COMMAND GROUND) ပျောက်ပြီး တစ်မျိုးသားလုံး
အတိုင်းအတာ ပေါ်လစီမျိုးအောင်မြင်စွာ ခင်းနိုင်ဖွယ်မမြင် ဟုလည်း
သုံးသပ်ဝေဖန်ထားသည်။
ဖွံ့ဖြိုးဆဲ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံများတွင်မူ ပါတီတစ်ခု၊
နှစ်ခုမက အမြောက်အမြားပင်ရှိနိုင်သည်။ နိုင်ငံရေးပါတီတွေများ
နေသည်မှာ သက်တမ်းနုဒီမိုကရေစီ၏ လက္ခဏာတစ်ရပ်ပင်ဖြစ်လေ
ရာ (ကြိုက်-မကြိုက် အသာထား) အရှိတရားအဖြစ် လက်ခံကြရ
ပါလိမ့်မည်။ ဤအရှိတရားတွင် “ဖြူ-မည်း နိုင်ငံရေး”ထက်ပင် “ဘုံ
တူညီချက်”ရှာဖို့ခက်သော “သက်တံရောင်စုံနိုင်ငံရေး” (SPECTRUM POLITICS)
မျိုးထွန်းကားလာနိုင်စရာရှိသည်။ စာရေးသူက မြန်မာ့
ဒီမိုကရေစီခရီးမှာ “ဘုံတူညီချက်”ရှာသွားကြရမည့် “သမူဟလမ်း
ကြောင်း”ဟုမြင်သည်။ “ဘုံတူညီချက်”ရှာဖို့ခက်နေလျှင် “သမူဟ” မဖြစ်
ဘဲ “ပဋိပက္ခလမ်းကြောင်း”ထဲပိတ်မိသွားမှာစိုးရိမ်ရသည်။

၃။ ဒီမိုကရက်တစ်ညီညွတ်ရေး

ဆိုခဲ့ပါ သမူဟလမ်းကြောင်းတွင် “ဆုံချက်”အကျဆုံးဖြစ်ဖွယ်ရှိ
သည်မှာ “ညီညွတ်ရေး”ဟု သဘောရပါသည်။ အထူးသဖြင့်
“ဒီမိုကရေစီအင်အားစုများကြားညီညွတ်ရေး”၊ “ဒီမိုကရက်တစ် ညီညွတ်
ရေး”ဆိုပါစို့။ ဤကိစ္စနှင့်ပတ်သက်လျှင် မြန်မာ့ခေတ်သစ် နိုင်ငံရေး
သမိုင်းတွင် အစဉ်အလာကောင်းများရှိခဲ့သလို သတိပြုဆင်ခြင်စရာ
များလည်း မနည်းမနောရှိသည်။ ဤသည်တို့ကို စာရေးသူ ဉာဏ်မီ
သလောက် ထုတ်နုတ်ကြည့်ပါမည်။ လက်ရှိအခင်းအကျင်းနှင့် ဆက်စပ်
သင်ခန်းစာယူကြဖို့ဖြစ်သည်။

(က) “ဂိုဏ်းဂဏ”နှင့် “ငါတကော”

ဖက်ဆစ်တော်လှန်ရေး အကြိုကာလမှစ၍ ဗိုလ်ချုပ်အောင်ဆန်း
ချမှတ်ခဲ့သော မဟာဗျူဟာမှာ “လက်ဝဲညီညွတ်ရေးကို မဏ္ဍိုင်ပြုပြီး
လွတ်လပ်ရေးအရယူဖို့” ဖြစ်သည်ဟု နားလည်ရပါသည်။ ဤဗျူဟာ
နှင့်ပင် ဖဆပလအဖွဲ့ကြီးကို အုတ်မြစ်ချခဲ့ခြင်းဖြစ်သည်။ ဤဗျူဟာ
ကြောင့်ပင် ဖက်ဆစ်တော်လှန်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့ခြင်
ဖြစ်သည်။ သို့တစေ- ဗိုလ်ချုပ်မျှော်လင့်သလိုကား အပြည့်အ၀ဖြစ်
မလာခဲ့ပါ။ ဗိုလ်ချုပ်အလိုအရဆိုလျှင် လက်ဝဲ၀ါဒသက်ဝင်ယုံကြည်
ကြသူချင်းဖြစ်ပါလျက် နှစ်ပါတီကွဲနေသည်ကို မလိုလား။ ကွန်မြူနစ်
ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ(နောင်-ဆိုရှယ်လစ်ပါတီ)ကို
“တော်လှန်ရေးတပ်ဦး”အဖြစ် ပေါင်းစည်းဖို့အကြံပြုခဲ့သည်ဟု သိရသည်။
သို့တိုင်အောင် ထိုစဉ် ကွန်မြူနစ်ခေါင်းဆောင် သခင်စိုးက
“တစ်ဦးချင်းလျှောက်လွှာတင်ရမည်၊ စိစစ်ပြီးမှလက်ခံမည်”ဆိုသော
“ပါတီကြီးအတိုင်း” ဖြင့် တုံ့ပြန်သည်။ နောက်တော့ တော်လှန်ရေး
တပ်ဦးကို သူ့သဘောနှင့်သူ တစ်ဖက်သတ်ဖျက်သိမ်းပစ်လိုက်သည်။
ဤကာလမှစခဲ့သော ဂိုဏ်းဂဏသန္ဓေသား တစ်စစကြီးထွားလာရာ
မှ အမျိုးသားညီညွတ်ရေးပြိုကွဲကာ ပြည်တွင်းစစ်အထိပင် ဦးတည်
ခဲ့ရသည်။ ယနေ့အရေးတကြီးလိုအပ်နေသော “ဒီမိုကရက်တစ်
ညီညွတ်ရေးကိုမဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်
ရေး-မဟာဗျူဟာ”တွင်ကော သမိုင်းကိုအကျည်းတန်စေခဲ့သည်။
ဂိုဏ်းဂဏ၀ါဒနှင့် “ငါတကောလုပ်ဟန်”တို့ကို နေရာပေးကြဦးမည်လော ...။

(ခ) “ဆန်း”နှင့် “သန်း”

““ဒီနေ့ ရန်သူက ကျွန်တော်တို့နှင့်လာပေါင်းလျှင် လက်ခံနိုင်တယ်။
လက်ခံမယ်။ ဒါပေမဲ့ ပါတီသစ္စာဖောက်တစ်ယောက်က သူတတ်နိုင်
လို့ နိုင်ငံတော်အာဏာလာအပ်ရင်တောင်မှ အာဏာကိုယူပြီး ဒီလူ့ကို
တော့အရေးယူရမှာပဲ ...။”” ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်
သန်းထွန်း၏စကားဟု မှတ်သားရပါသည်။ “လီနင်ပါတီတည်ဆောက်
ရေးမူ”ဟုလည်းဆိုကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏သဘောထားကား
ဤသို့မဟုတ်။ ထောင့်သုံးရာပြည့်ကာလ ဗိုလ်အောင်ကျော်ကျဆုံးစဉ်
က နန်းရင်းဝန်ဖြစ်ခဲ့သူ ဒေါက်တာဘမော်ကိုပင် “ဗမာ့ထွက်ရပ်ဂိုဏ်း”
၏ဥက္ကဋ္ဌအဖြစ် ကြည်ကြည်ဖြူဖြူလက်ခံပြီး “ဘုံတူညီချက်”အတွက်
လက်တွဲအလုပ်လုပ်သည်။ စစ်ပြီးခေတ် ဖဆပလ တိုးချဲ့ဖွဲ့စည်းရာ
တွင်လည်း ၂၁ ဦး ဦးဘဖေလို စစ်ကြိုခေတ်အလိုတော်ရိ နိုင်ငံရေး
သမားကြီးများကိုပါ ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးသည်။
ဤသို့မူကွဲနှစ်ခုရှိသည့်အနက် ယနေ့သမူဟလမ်းကြောင်းကို
ဘယ်မူနှင့် အကောင်အထည်ဖော်ကြမည်နည်း။ “ဆန်း”လော၊ “သန်း”
လော...။ ကမ္ဘာမကြေရန်-ငါအစွဲတွေဖြုတ်ကြမှ တော်မည်ထင်သည်။

(ဂ) သခင်မြ-လမ်းကြောင်း

“သမူဟ”ဆိုသည်နှင့် အစစအရာရာ အကြွင်းမဲ့တူရမည်ဟုဆို
သည်တော့မဟုတ်ပါ။ “တစ်သွေး၊ တစ်သံ၊ တစ်မိန့်”မှာ ဒီမိုကရေစီ
မဟုတ်။ “ပဒေသာစုံမှု”သည်သာ ဒီမိုကရေစီ၏ အလှတစ်ပါးဖြစ်သည်။
ဤအတွက်လည်း အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင်
လှပသောအစဉ်အလာတစ်ခုရှိပါသည်။ ၁၉၃၅ အက်ဥပဒေ( ၉၁-ဌာန
အုပ်ချုပ်ရေး)အရ ကျင်းပသောရွေးကောက်ပွဲကို ဒို့ဗမာအစည်းအရုံးက
သပိတ်မှောက်ခဲ့ပါသည်။ သို့ဖြစ်လင့်ကစား လွှတ်တော်တွင်း ပြောရေး
ဆိုခွင့် မဆုံးရှုံးစေရေးအတွက် သခင်မြဦးစီးကာ “ကိုယ့်မင်းကိုယ့်ချင်း
အဖွဲ့”ဖွဲ့၍ ရွေးကောက်ပွဲဝင်ခဲ့သည်။ ဤအတွက် သဘောကွဲလွဲမှုမရှိ၊
အငြင်းပွားဖွယ်ရာမရှိ။ သခင်မြသည် သစ္စာဖောက်လုံးဝ(လုံးဝ)
မဟုတ်။ ဗိုလ်ချုပ်နှင့်အတူ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီး
ဖြစ်သည်။

(ဃ) သိမ်မွေ့သည်လည်းရှိသော၊ အရေးကြီးသည်လည်းဖြစ်သော

ရွေးကောက်ပွဲမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အခြေခံအကျဆုံး
အင်စတီကျူးရှင်း (ကျင့်ထုံး) တစ်ခုဖြစ်သည်ကို နားလည်နိုင်ပါသည်။
နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ အထူးအရေး
ကြီးသည်ကိုလည်း သဘောပေါက်ပါသည်။ သို့နှင့်တိုင် မြန်မာ့ဒီမိုကရေစီ
ရေး၏ အနက်ရှိုင်းအသိမ်မွေ့ဆုံးနေရာတွင်ရှိနေသော အဆုံးအဖြတ်
နှင့် အရေးအကြီးဆုံး အပိုင်းဟူ၍ပင် ဆိုနိုင်လောက်သော ပြဿနာ
တစ်ရပ်နှင့် ချိန်စက်စဉ်းစားလိုက်လျှင်မူ ချိန်ခွင်လျှာမျှဖို့ လိုပါလိမ့်
မည်။ “လူမျိုးစု ပြဿနာ” ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်
ကြသော ပြည်ထောင်စုကြီးဖြစ်လေရာ အဆိုပါတိုင်းရင်းသားလူမျိုး
များသည်ပင် ဒီမိုကရက်တစ်အင်အားစုများ ဖြစ်သည်။ သူတို့အရေးသည်
ပင် ဒီမိုကရေစီရေးဖြစ်ပါသည်။ ဤအရေးကို လုံလုံလောက်လောက်
ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးကိုသာ
တစ်ဖက်သတ် ဦးစားပေးလိုက်လျှင် ဒီမိုကရက်တစ်အင်အားစုများညီညွတ်
ရေးကို ထိခိုက်နိုင်စရာရှိသည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ
“လူမျိုးကြီးဝါဒ” ဆိုသော သံသယအစိုင်အခဲ ကြီးထွားလာနိုင်ခြင်းပင်
ဖြစ်ပါသည်။ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ယုံကြည်မှုတည်ဆောက်နေရဆဲ ကာလမျိုးတွင် ဤကိစ္စကို အတတ်နိုင်ဆုံး
သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်စေလိုသည်။

(င) သိမှတ်လက်ခံမှု

ယနေ့ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းနှင့် ပတ်သက်လျှင်
အင်အားစု အားလုံးနီးပါးက (အတိုင်းအတာအရ မတူကြသည့်တိုင်)
သိမှတ်လက်ခံကြလိမ့်မည်ထင်ပါသည်။ သို့တစေ ဤအရွေ့၏တွန်း
အားနှင့် ပတ်သက်လျှင်မူ မတူသော ရပ်ခံမှုများ ရှိနိုင်သည်။ အချို့
က ၂၀၁၀ ရွေးကောက်ပွဲကျင်းပပေးသော ယခင်တပ်မတော်အစိုးရကို
အမှတ်ပေးသည်။ အချို့က ယခု အစိုးရသစ်နှင့်လွှတ်တော် ခေါင်းဆောင်
များကို ကျေးဇူးတင်သည်။ အချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းကို ချီးကျူးကြသည်။ စာရေးသူ
အနေနှင့်မူ အဆိုပါ သိမှတ်လက်ခံမှုအားလုံးကို သဘောတူပါသည်။
တော်တော်များများ မေ့လျော့နေကြသည်ထင်သော နောက်ထပ်
အင်အားစုများကိုသာ ထပ်မံဖြည့်စွက်လိုသည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်
နိုင်ငံရေးပါတီများဖြစ်ပါသည်။
အားလုံးသိကြသည့်အတိုင်း အဆိုပါ ပါတီများရွေးကောက်ပွဲ
ဝင်ကြရသည်မှာ NO VOTE သြဇာလေထုအောက် ရေဆန်လမ်းကို
ဆန်တက်ကြရခြင်းဖြစ်သည်။ အမျိုးမျိုးသော ပုတ်ခတ်ဝေဖန် စွပ်စွဲမှု
များကို ရင်ဆီးခံပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တွန်းခဲ့ကြခြင်းဖြစ်
သည်။ အရွေ့တစ်ခုပေါ်လာမှ သူတို့၏ အခန်းကဏ္ဍနှင့် တွန်းအား
ကို သိမှတ်လက်ခံဖို့ ငြင်းဆန်နေလျှင် “ဘုရားပြီးငြမ်းဖျက်” သဘော
ဖြစ်ပါလိမ့်မည်။ သေချာသည့်အချက်မှာ သူတို့တစ်တွေသည် “ဘူးသီး
သီးမှ အရီးတော်သူ” များမဟုတ်၊ ယုံကြည်မှုတစ်ခုအတွက် အဆဲခံ၊ အဆိုခံ၊
အနစ်နာခံခဲ့သူတွေဖြစ်သည်။ ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေး
တွင် သိမှတ်လက်ခံမှုကိုတွန့်တိုနေလို့မဖြစ်ဟု သဘောရပါသည်။

၎။ ဘိဇနက် “အထာ” နှင့် လောဘ၊ ဒေါသ၊ မောဟ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် သော်လည်းကောင်း၊ နိုင်ငံရေး
ဖွံ့ဖြိုးတိုးတက်မှု (ဒီမိုကရေစီ) တွင်သော်လည်းကောင်း၊ လူလတ်တန်း
စား (ဘိဇနက်အလွှာ) ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်ဟု
“စံတော်ဝင်ခေတ်မီရေး သီအိုရီ” ကဆိုသည်။ သို့တစေအရှေ့နှင့်အနောက်
မှာ သမိုင်းဖြတ်သန်းပုံချင်းတူကြသည် မဟုတ်၍ အရှေ့နှင့်အနောက်
မှ ဘိဇနက်အလွှာများ၏ ဖြစ်ပေါ်တိုးတက်မှုများမှာလည်း ထပ်တူ
ကျကြသည် မဟုတ်ပါချေ။ အထူးသဖြင့် ဒီမိုကရေစီနှင့် ကာလ
တာရှည်ဝေးနေသော လူ့အဖွဲ့အစည်းများရှိ ဘိဇနက်အလွှာမှာ သူ့
“အထာ” နှင့်သူဖြစ်သည်။
ဤသဘောကို “ဆ၀ါး” နိုင်ရန်၊ ကြုံဖူးကြားဖူးသော ဖြစ်ရပ်လေး
တစ်ခုကို ပြန်ပြောလိုပါသည်။ အချိန်မှာ ၁၉၈၉ ခုနှစ် နိုင်ငံရေးပါတီ
များ တရားဝင်ဖွဲ့စည်းခွင့်ရချိန်။ သမိုင်းဝင်နိုင်ငံရေးပါတီဟောင်းကြီး
တစ်ခု၊ ဒုတိယအကြိမ် ပြန်လည်ပေါ်ထွက်လာသည်။ အဆိုပါ ပါတီမှ
ခေါင်းဆောင်တစ်ယောက်၊ အညာဒေသသို့ ရောက်လာရာ သူတို့
ပါတီဝင်းဟောင်း ရဲဘော်ကြီးကို အားကိုးတကြီးသွားတွေ့သည်။
ထိုပါတီဝင်ဟောင်းကြီးမှာ အောင်မြင်နေသော ဘိဇနက်သမားဖြစ်
လေရာ ပါတီရန်ပုံငွေများများထည့်လိမ့်မည်ဟု မျှော်လင့်ထားသည်။
တကယ်လည်းထည့်တော့ ထည့်ပါသည်။ “နှစ်ထောင်ကျပ်”။ မကြာမီ
လာတော့မည့် ရွေးကောက်ပွဲတွင်နိုင်လိမ့်မည် တစ်ပြေးနေသော
ပါတီကြီးတစ်ခုရောက်လာပြန်ရာ အဆိုပါ ပါတီဝင်ဟောင်း ဘိဇနက်
သမားကြီးက ရန်ပုံငွေထည့်သည်။ “နှစ်သောင်းကျပ်” သူကပင်
တည်ဆဲအစိုးရကိုလည်း လှူဒါန်းလိုက်သေးသည်။ “နှစ်သိန်းကျပ်”။
ဤသည်ပင် မြန်မာ့ “ဘိဇနက်အထာ” ဖြစ်လိမ့်မည်ထင်သည်။
ဤကာလလောက်ကပင် နာမည်ကြီးပါတီတစ်ခု (မကွဲသေးမီ
က) နံပါတ်တစ်ခေါင်းဆောင်ကြီး မန္တလေးသို့ စည်းရုံးရေးရောက်
လာသည်။ ထုံးစံအတိုင်း မန္တလေးမှ သြဇာတိက္ကမကြီးသော ဆရာတော်
ကြီးတစ်ပါးကို သွားဖူးသည်။ ဤတွင်ဆရာတော်ကြီးမိန့်ကြားလိုက်
သော သြ၀ါဒစကားမှာ မှတ်သားလောက်သည်။ “ရွေးကောက်ပွဲ
ဖြစ်ရင် ဒကာကြီးတို့ပါတီနိုင်မှာပါ။ ဒါပေမဲ့ ဘ၀င်မမြင့်နဲ့။ ဒကာကြီး
တို့ အာဏာရရင် ဒကာကြီးတို့ကို မှီပြီးလုပ်စားမယ့် “လောဘမဲ”တွေ
၂၆ နှစ်လုံးကြိမ်မီးအုံးဖြစ်ခဲ့ရတဲ့ “ဒေါသမဲ” တွေ၊ ပြီးတော့ ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိအောင် ဒုက္ခပင်လယ်ဝေနေကြရတဲ့ “မောဟမဲ” တွေ။
ဒါတွေပဲဖြစ်လိမ့်မယ်။ အဲဒီလို လောဘမဲ၊ ဒေါသမဲ၊ မောဟမဲ တွေကို
အသည်းကြားက မဲပြားဖြစ်အောင် ဒကာကြီးတို့ ကြိုးစားကြဦး။ ဟုတ်
ပြီလား ...””

(၅) တံတားကျိုးသခင်

မန္တလေး၊ စစ်ကိုင်း၊ မုံရွာတစ်ဝိုက်၊ စာရေးသူတို့အညာဒေသ
တွင် သမိုင်းနောက်ခံရှိသော လူထုသုံးဝေါဟာရ တစ်ခုရှိသည်။
“တံတားကျိုးသခင်” ဟူလို။ ဤစကားလုံး၏ ဗျုပ္ပတ်ကိုဖွင့်ရလျှင်
စစ်ကိုင်းတံတားကြီးကစရပါလိမ့်မည်။ အားလုံးသိကြသည့်အတိုင်း
ဂျပန်အ၀င် အင်္ဂလိပ် အပြေးတွင် တံတားကြီးကိုချိုးထားခဲ့ကြသည်။
အင်္ဂလိပ်ခေတ် (တံတားမကျိုးခင်ကာလ) က ဒို့ဗမာ အစည်းအရုံးဝင်
“သခင်” ဆိုလျှင် တော်တော်များများ ဆေးဖော်ကြောဖက် မလုပ်ချင်
ကြ။ ထောင်စာတွေ အန္တရာယ်ကောင်တွေအဖြစ် မြင်သည်။ ဂျပန်
ခေတ် (တံတားကြီးကျိုးနေချိန်) ရောက်သောအခါ အဆိုပါသခင်တွေ
မှာ ဘီအိုင်အေဗိုလ်တွေဖြစ်လာကြတော့ရာ သည်တော့မှ ခါတော်မီ
သခင်တွေ ဟောတစ်ယောက်၊ ဟော-တစ်ယောက်ပေါ်လာကြတော့
သည်။ သူတို့တစ်တွေကို လူထုက စိတ်ချဉ်ချဉ်ဖြင့် “တံတားကျိုးသခင်”
ဟု ခေါ်ကြခြင်းဖြစ်သည်။
နိုင်ငံရေးခေတ်ပြောင်းခေတ်လွှဲ ကာလများတွင် တံတားကျိုး
သခင်တွေ မိုးဦးကျ မှိုပေါက်သလို ဖွေးဖွေးလှုပ်ပေါ်လာတတ်သည်
ကို သတိပြုဆင်ခြင်ကြဖို့ဖြစ်ပါသည်။

နိဂုံး

ယခုစာစုကို “မေတ္တာရပ်ခံချက်” ဖြင့် နိဂုံးချုပ်အပ်ပါသည်။
မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်းနှင့် မည်သည့်လူပုဂ်္ဂိုလ်ကို မှ
ထိခိုက်နစ်နာစေလိုစိတ်အလျင်းမရှိပါ။ နိုင်ငံရေးခေါင်းဆောင်ကြီး
ငယ်များအနေနှင့် “ပညာရှိ သတိဖြစ်ခဲ” ဆိုသလို ပမာဒလေခ နိုင်သည်
ဖြစ်၍ ထည့်သွင်းစဉ်းစားနိုင်စေရန် မိမိကြုံသမျှ၊ ကြားသမျှ၊ မြင်
သမျှကို အက္ခရာနှင်လိုက်ရခြင်းဖြစ်ပါသည်။ ဘေးမှရပ်ကြည့်သူ
တစ်ယောက်၏ စိုးရိမ်သောကများကို စာနာ နားလည်စိတ်ဖြင့် စဉ်းစား
ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(ကျော်ဝင်း)

No comments:

Post a Comment

Ads 468x60px

Featured Posts