Monday, December 12, 2011

ရှေ့ဆက်ကြမည့် တပ်မတော်နှင့် နိုင်ငံရေး

ယခုဆိုလျှင်ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသည် သမ္မတနိုင်ငံတစ်ခုအဖြစ်သို့ အမည်အားဖြင့်ပြောင်းလဲ သွားပြီဖြစ်သကဲ့သို့ မူအားဖြင့်လည် ဒီမိုကရေစီဟု အမည်ခံလိုက်ပြီဖြစ်ပါသည်။ သို့အတွက် ကျနော်တို့သည် ယင်းပြောင်းလဲမှုအပေါ်တွင် လွတ်လပ်မှုတစ်စုံတစ်ရာနှင့် ခံစားမှုတစ်စုံတစ်ရာတော့အကျိုးဖြစ်ထွန်းပေါ်ပေါက် ရမည်ဟုလည်း ယုံကြည်မိပါသည်။ သို့သော် ယနေ့အချိန်ထိ အခြေခံအားဖြင့်ရှိရမည့် သတင်းလွတ်လပ်ခွင့်များ နှင့် အခြားသော အသင်းအဖွဲ့ထူထောင်ပိုင်ခွင့်များ မရှိသေးသည်ကိုတွေ့မြင်နေကြရပါသည်။ ထို့ပြင် တပ်မ တော်အနေဖြင့်လည်း ယခုအခါ အမျိုးသားထောက်လှမ်းရေးအသစ်တစ်ခုကိုထပ်မံဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့ ကြီးအနေဖြင့် စစ်တပ်နောက်ခံအစိုးရအဖွဲ့နှင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးလာမည့် ကိစ္စအဝဝကို သတင်းရယူကာဖမ်းဆီးအပြစ်ပေးရေးအတွက်ဟုလည်းကြားသိရပါသည်။ 
ယင်းအတွက်ကို အပြစ်မပြောသာပါ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာတွင်လည်းတပ်မတော်နှင့် အစိုးရလက်အောက်ခံအဖွဲ့များသည် မိမိတို့ သက်ဆိုင်ရာ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရပါသည်။ သို့သော် ယင်းဖွဲ့စည်းပုံ သည်တစ်ဖက်တွင် အမှန်တကယ် ပြည်သူနှင့်တိုင်းပြည်ကိုကာကွယ်ပေးသည့် ဥပေဒဆိုင်ရာစည်းမျဉ်းများပါရှိ နေရန်တော့လိုအပ်ပေလိမ့်မည်။ ထို့ပြင် အခြားကိစ္စအဝဝအတွက်ကိုလည်း အစိုးရအနေဖြင့်လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်ပေးရန်လည်းလိုအပ်မည်ဖြစ်ပေသည်။ ထို့ပြင် ဒီမိုကရေစီအစိုးရဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းများလည်း ဖော်ထုတ်ပေးရမည်ဖြစ်ပေသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသည် လက်ရှိအခြေအနေအထိ ဒီမိုကရေစီသဏ္ဍာန်ဖော်ဆောင်သည့် သွင်ပြင်လက္ခဏာတစ် ခုကိုမျှဖော်ဆောင်ခြင်း မရှိသေးသည်ကို တွေ့ရှိနေရသည်မှာ တိုင်းပြည်အတွက်လွန်စွာဝမ်းနည်းဖွယ်ရာပင်တည်း။

ထို့ပြင် ယင်းအစိုးအောက်တွင် အစိုးရ၏လုပ်ငန်းများလွယ်ကူချောမောစွာဆောင်ရွက်နိုင်စေရေးအလို့ငှါ ဖွဲ့စည်း တည်ထောင်ထားသော အစိုးရလက်အောက်ခံ အစိုးရအဖွဲ့အသီးသီးနှင့်တကွ တပ်မတော်သည်လည်း မည်သည့် ဒီမိုကရေစီအလားသဏ္ဍာန်ကိုမျှ ဖော်ဆောင်ပေးနိုင်ခြင်းမရှိဘဲ ယခင်စစ်ကောင်စီအုပ်ချုပ်မှုပုံစံအ တိုင်းသာလျှင် ဆက်လက်၍သွားနေသည်ကိုလည်း မြင်တွေ့နေရပေသေးသည်။ အစိုးရသည် ပြည်သူကို ရင်ဝယ်သားကဲ့သို့ ကြည့်ရှုစောင့်ရှောက်ရန်တာဝန်ရှိသည်ကိုပင် မသိ၍လေ၊ မသိချင်ယောင်ဆောင်ခြင်းပင် လောဆိုသည်ကိုတော့ သက်ဆိုင်ရာအစိုးရမင်းများသာသိပါလိမ့်မည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် အတိုက်အခံဆိုသည်ကိုလည်းလက်သင့်ခံရမည်ဖြစ်သည်။ ထို့ပြင် တိုင်းပြည်ကိစ္စအဝဝကိုလည်း နိုင်ငံရေးနည်း ဖြင့်သာလျှင်ဖြေရှင်းသည့်ပေသည်။ သို့သော် ယနေ့အချိန်အထိ အစိုးရမှ ငြိမ်းချမ်းရေးစကားမပြောသေးဘဲ စစ်ရေးအသွင်ဆောင်သော ဖြေရှင်းနည်းများဖြင့်သာဆက်လက်ဖြေရှင်းနေသည့်အပြင် ဆက်လက်တိုးချဲ့လုပ် ကိုင်နေခြင်းသည် ရေရှည်တွင် တိုင်းပြည်အတွက်များစွာထိခိုက်နစ်နာသည်ကိုသတိချပ်သင့်လှပေသည်။ တပ်တွင်း၌လည်း ဒီမိုကရေစီအသွင်ဆောင်သော တောင်းဆိုမှုများကိုမဖြည့်ဆည်းပေးသည့်အပြင် တပ်မတော် အက်ဥပဒေပုဒ်မ ၆၅ အမည်တပ်ကာ အာဏာဖီဆန်မှုဖြင့်သာလျှင် အရေးယူနေသေးသည်ကိုလည်း ဝမ်းနည်း ဖွယ်တွေ့ရှိနေရပေသည်။ ဤသို့ဆိုလျှင် တပ်မတော်အက်ဥပဒေပုဒ်မ ၆၄ အရ လက်အောက်ငယ်သားများအား ကာကွယ်ပေးထားသည့် ဥပဒေသည် သုံး၍ပင်မရ။ ပြဌာန်းမှုသက်သက်သာဖြစ်နေပေတော့သည်။ ဥပဒေသည် လိုရာဆွဲသုံး၍ရကောင်းသည့်အရာမဟုတ်ပေ။ တိကျသေချာမှုမရှိဘဲ လိုသလိုဆွဲသုံးနိုင်ရန်ပြဌန်းထားသောဥပ ဒေအောက်တွင် ဖြစ်ချင်ရာဖြစ်နေသော အကျင့်ပျက်ဝန်ထမ်းများကလည်းတစတစတိုးပွါးလာသည်မှာ မငြင်းနိုင် ပေ။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာလည်းအစိုးရမှ တာဝန်ယူမှုကင်းမဲ့၍ဖြစ်နေခြင်းဖြစ်သည်။ ခြုံ၍သုံးသပ်လျှင် မုန့်လုံးစက္ကူကပ် ဂျာအေးသူ့အမေရိုက်ဖြစ်နေသည်။ သို့အတွက် ပြင်ရမည်မှာအားလုံးမှ တာဝန်ယူကာပြင်ဆင် ကြရမည်မှာမှန်သော်လည်း ဦးစွာပထမအနေဖြင့် အစိုးရမှ စတင်ကာတာဝန်ယူမှုများကိုအခြေချလုပ်ကိုင်ပေးရ မည်ဖြစ်သည်။ ကိုးကွယ်မှုဆိုင်ရာကိစ္စတွင်ပင်လွတ်လပ်မှုမရှိဘဲ ဒီမိုကရေစီစနစ်တစ်ခုကိုသွားနေပါသည် ကျင့် သုံးနေပါသည်ဟုပြောဆိုနေခြင်းသည် လက်တွေ့မကျသော အလုပ်မပါသော အသိတစ်ခု အပြောတစ်ခုသာ ဖြစ်သည်။ အုပ်ချုပ်သူလူတန်းစားတစ်စုသည် မိမိတို့အခွင့်အာဏာတည်မြဲရေးအတွက် တပ်မတော်ကိုအသုံးချ ခဲ့သည်မှာလည်း ၁၉၆၂ ခုနှစ်မှစ၍ဖြစ်သည်။ ထိုအပေါ်တွင် အသုံးချခံကာ ဘယ်သူသေသေငတေမာရင်ပြီးရော လုပ်ကာ အသုံးချခံခဲ့ကြသည့်သူများမှာလည်း ဒုနှင့်ဒေး ၊ ဤထဲကမှ ဘယ်သူတရားပျက်ပျက်မိမိမပျက်ရေးအ တွက်သာမက အများသူငါအတွက် လုပ်ဆောင်ပေးခဲ့သူများလည်းများစွာပေါ်ထွန်းခဲ့သည်။ ဤပေါ်ထွန်းခဲသည့် အမှန်တရားအတွက်ရပ်တည်ခဲ့သူများ၏ ဘဝများကိုဘဝကိုသာမက သားစဉ်မြေးဆက်ကိုပါ ဒုက္ခပေး ခဲသည်မှာ လည်းအထောက်အထားများစွာနှင့်ရှိနေသည်မှာအများအသိပင်။ မိမိ၏အာဏာတည်မြဲရေးနှင့် မိမိသားစဉ်မြေး ဆက်ကောင်းစားရေးအတွက် တိုင်းပြည်နှင့်လူထုကို မျက်စိပိတ်နားပိတ်ဖြစ်စေရန်အတွက် အခြေခံကျသော အသိပညာများမရရှိစေရေးအတွက်လည်း ပညာရေးစနစ်ကိုဖြိုလှဲခဲ့သည့်အတွက်လည်း မိမိတို့နိုင်ငံ၏ ပညာရေး သည် အင်္ဂလိပ်လက်ထက်ကပေးခဲ့သည့် ကျွန်ပညာရေးထက်ပင်အောက်ကျနောက်ကျနိုင်နေသည်မှာ မငြင်းနိုင် သောအချက်တစ်ခုပင်ဖြစ်သည်။ ယင်းကိုကာကွယ်ရန်အတွက် ထုတ်ခဲ့သည့်ဆောင်ပုဒ်က “အရေအတွက်မှ သည်အရည်အချင်းသို့” ဟူ၍ဖြစ်သည်။ သို့သော် အမှန်တကယ်တွင်တော့ အရေအတွက်ဖောင်းပွလာခြင်းသာ ဖြစ်သည်။ အမှန်တကယ်အသုံးချ၍ရခဲ့သည်မှာမရှိခဲ့ပေ။ မိမိရရှိသောဘွဲ့ဖြင့်ပင် အသက်မွေးဝမ်းကျောင်းမလုပ် နိုင်။ လုပ်နိုင်ရလောက်အောင်လည်း အရည်အချင်းမမှီခဲ့။ အရည်အချင်းမှီသော်လည်း အလုပ်အကိုင်အခွင့်အ လမ်းဖန်တီးပေးခြင်းမရှိခဲ့ပါ။ ထိုထိုသောအရာများအတွက် အစိုးရတွင်များစွာတာဝန်ရှိနေသည်ကို ယနေ့ထိပင် ခါးခါးသီးသီး အခြားသူများကိုလက်ညှိုးထိုးအပြစ်တင်ဆဲပင်။ တပ်တွင်း၍ပြန်ကြည့်လျှင်ပင် ရှေးယခင်က လောက်အခွင့်အလမ်းဆိုသည်မှာမရှိတော့။ ယခင့်ယခင်များက မည်သည့်အခြေအနေနှင့်ပင်တပ်ထဲသို့ဝင်လာ သည်ဖြစ်စေ ထိုထိုသောစစ်သားတစ်ယောက်အတွက် ဘဝအာမခံချက်များမှာ သူ၏ကြိုးစားမှု ပေါ်တွင်မှီတည် သေးသည်။ သို့သော် ယနေ့ကာလတွင်တော့ အထက်၏ချီးမြှောက်မှုပေါ်တွင် မှီတည်သည်။ တပ်တွင်း၌လည်း မျက်စိပိတ်နားပိတ်လုပ်ထားခဲ့သည်။ တပ်မတော်၏အညွန်များ နောင်တစ်ချိန်ပြည်သူကိုကာကွယ်မည့် သားကောင်းများ၏အညွန့်များကို ချိုးထားခဲ့သည်။ ပြည်သူဘက်တွင်လည်း ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ် လာမည့် အနာဂတ်ကို ဦးဆောင်မည့်သူများ၏အညွန့်ကိုချိုးထားသည်။ ထို့ပြင် တစ်ခုနှင့်တစ်ခုကို ထိန်းကျောင်း နေသလိုလိုနှင့် သပ်လျှိုသွေးခွဲထားသည်။ နောက်ဆုံး မိမိတို့တပ်မတော်တွင်ပင် စစ်ကျောင်းကြီးများဖြစ်သော စစ်တက္ကသိုလ် ၊ တပ်မတော်နည်းပညာတက္ကသိုလ် နှင့် တပ်မတော်ဆေးတက္ကသိုလ်များကို မသိစိတ်ထဲမှ အချင်းချင်းနားလည်မှုလွဲအောင် သွေးခွဲထားခဲ့သည်။ အခြေအနေမှန်ကို တရားမျှတစွာနှင့် အမြင်ကျယ်ကျယ် ကြည့်သူများအဖို့မြင်နိုင်သည်။ နောက်ဆုံးတွင် သိသာထင်ရှားသည့်သာဓကိဖြစ်ရပ်မှာ ပြင်ဦးလွင်မြို့တွင် ဖွင့် လှစ်ခဲ့သော တပ်မတော်နည်းပညာကောလိပ်၏ ဖြစ်ရပ်ကို သာဓကယူနိုင်သည်။ ယခင်က တပ်မတော်အတွက် ခေါင်းဆောင်များကိုမွေးထုတ်ရာတွင် OTS ၊ OTC အစရှိသည့်သင်တန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့ရာမှ ယခုအ ခါတစ်စတစ်စ ပိတ်ပစ်လိုက်သည်။ OTS ကိုမူဖွင့်လှစ်ထားရှိထားသော်လည်း အရာရှိများအချင်းချင်းကြားတွင် သွေးခွဲထားခဲ့သည်။ ဤသည်သောလုပ်ရပ်များသည် တိုင်းပြည်ကိုအမှန်တကယ်ချစ်ပါသည်ဟုပြောနေသော နိုင်ငံ့ခေါင်းဆောင်များ သေချာစွာပြန်လည်ဝေဖန်ဆန်းစစ်ရမည့်အချက်ဖြစ်သည်။ တပ်မတော်၏ သမိုင်းမှန်ကို ဖျောက်ပစ်သည်။ နိုင်ငံရေးသမိုင်းမှန်များကိုဖျောက်ပစ်သည်။ သမိုင်းဆိုသည်ကို ယင်းခေါင်းဆောင်တို့ စိတ် တိုင်းကျချယ်မှုန်းသည်။ သမိုင်းဆိုသည်မှာပြုပြင်၍ရကောင်းသည့်အရာမဟုတ်။ သို့သော် ဒါကိုပင်ဖောက်ပြန် ရေးသမိုင်းဆရာများက မိမိတို့နေရာလေးတစ်ခုအတွက်ပညာရပ်တစ်ခုတွင်ထားရှိရမည့် သစ္စာကို ဖောက်လိုက် ကြသည်။ မှားယွင်းသည့်သမိုင်းအသိကို မျိုးဆက်တစ်ခုကိုချခဲ့သည်။ မှားယွင်းသည့်အသိတစ်ခုသည် မည်မျှထိ အနာဂတ်တိုင်းပြည်ကိုထိခိုက်စေသည်ကို စာဖတ်ပရိတ်သတ်များသိပေလိမ့်မည်။ နိုင်ငံရေးလှုပ်ရှားမှုများကို သွေးဆာနေသည်လူတစ်စုကြောင့်လိုလိုရေးသားခဲ့ကြသည်။ မိမိနှင့်မြင်မတူရန်သူ စိတ်ဓါတ်မျိုးကို ရိုက်ထည့် ခဲ့ကြသည်။ အရိုက်ထည့်ခံသူများကလည်း ခံခဲ့ကြသည်။ သို့အတွက် ဒီမိုကရေစီအစိုးရပေါ်ပေါက်လာခဲ့သည်ဟု သာအမည်ကောင်းတပ်၍ရသည်။ လက်တွေ့တွင် မည်သို့မှ ဒီမိုကရေစီနည်းအရကျင့်သုံးနိုင်ခြင်းမရှိပေ။ အစိုးရ လုပ်ရပ်သည်မှားသည်ဟုပင်အပြောမခံဘဲ ဒီမိုကရေစီ ပါဟုအဘယ်သို့ပြောနိုင်ပါအံ့နည်း။ လက်တွေ့အဖြစ်က လေးနှင့်တင်ပြရလျှင်မှု ဦးနုဦးဆောင်သော ပထစအစိုးရလက်ထက်တွင် သတင်းများတွင်ပါအစိုးရကိုပြင်းထန် စွာကန့်ကွက် ရှုတ်ချမှုများပြုလုပ်ခဲ့သည်ကို ဦးနုမှမည်သို့မှအရေးယူမှုမရှိခဲ့ဘဲ စေတနာနှင့် လုပ်ရပ်သည်သာ အဓိကဖြစ်သည်ဟုပြောကြားခဲ့သည်။ ယင်းအခြေအနေကတည်းကပင် အာဏာသိမ်းမည့် အာဏာရှင်စနစ်ကို အသက်သွင်းမည့် ဦးနေဝင်းသည် အစိုးရနှင့်တိုင်းရင်းသားခေါင်းဆောင်များဆွေးနွေးကြမည့် ဖက်ဒရယ်မူ ကိစ္စ ကိုမသိနားမလည်သည့်ပြည်သူကို ပြည်ထောင်စုပြိုကွဲမည့်မူ၊ တိုင်းပြည်အန္တရာယ်ဟု အကြောင်းပြကာ ဦးနုနှင့် တကွ တိုင်းရင်းသားခေါင်းဆောင်များအားလုံးကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး တော်လှန်ရေးကောင်စီတွင် ဒုတိယခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်အောင်ကြီးမှ ပွင့်လင်းစွာဝန်ခံခဲ့သည် ကိုလည်းလေ့လာသူများသိရှိနိုင်သည်။ ကျနော်မှတ်မိသလောက်ပြောပြရလျှင်ဖြင့် ဗိုလ်မှူးချုပ်အောင်ကြီးမှ ဝန်ခံပြောဆိုခဲ့သည့်စကားအစုံမှာ “ဒီလိုပါကွယ် အာဏာသိမ်းမယ့်ကိစ္စကဖြုန်းကနဲပေါ်လာတဲ့ကိစ္စတော့မဟုတ် ပါဘူးဗိုလ်ချုပ်နေဝင်းတို့စီစဉ်နေတာကြာပါပြီ။ မင်းတို့သိတဲ့အတိုင်းပဲ ကိုယ်က ဒဂုံရိပ်သာမှာပဲနေပါတယ်။ တနေ့ ဗိုလ်ချုပ်နေဝင်းက အစည်းဝေးတက်ဖို့ ခေါ်လို့သွားတယ် ။ အဲဒီမှာ ဗိုလ်ချုပ်က အာဏာသိမ်းဖို့ အစီအစဉ်ကို ထုတ်ပြောတယ်။ အဲဒီတုန်းကကိုယ်ကဘာမှသိပ်ဝင်မပြောဘူး။ နားထောင်နေလိုက်တယ်။ အဲဒီတစ်ချိန်လုပ် တဲ့အစည်းအဝေးပဲတက်ပြီး နောက်လုပ်တဲ့အစည်းအဝေးတွေ မတက်တော့ဘူး။ ဒီတော့ဗိုလ်မှူးကြီး သိန်းစိန် ကိုတာဝန်ပေးတယ်။ အဲဒီအာဏာသိမ်းမယ့်အစီအစဉ်တွေ ဘယ်အခြေအနေထိရောက်နေပြီဆိုတာကို ဗိုလ် အောင်ကြီးဆီကို သွားပြီး အမြဲသတင်းပို့ဖို့မှာထားတယ်။ မှာတဲ့အတိုင်း ဗိုလ်သိန်းစိန်လာလာပြီးပြေပါတယ်။” စသဖြင့်ပြောခဲ့ပြီး နောက် အာဏာသိမ်းပြီးနောက်မှတိုင်းပြည်ကိုတစ်ခုခုတော့ကြေငြာရမည်ဆိုကာ ပြောသဖြင့် အားလုံးကရေးပေးကြပေမယ့် ဗိုလ်ချုပ်နေဝင်းက သဘောမကျခဲ့ကာ နောက်ဆုံး ဗိုလ်မှူးချုပ်အောင်ကြီးမှ စာရွက်နှင့် ခဲတံယူကာ ယခုလိုတိုင်းပြည်ချောက်ထဲကျရန် လက်တလုံးသာလိုတော့တဲ့အချိန်မှာ တပ်မတော်မှ လက်ပိုက်ကြည့်မနေနိုင်တဲ့အတွက် ဗမာ့တပ်မတော်မှ တာဝန်ယူပြီးအာဏာသိမ်းလိုက်ကြောင်း ရေးပေးလိုက် တယ် အဲဒါကိုဗိုလ်ချုပ်နေဝင်းကသဘောကျပြီးအဲဒီအတိုင်းကြေငြာခဲ့တယ်လို့ ကာယကံရှင် ဗိုလ်မှူးချုပ်အောင် ကြီးကိုယ်တိုင်က ဖွင့်ဟဝန်ခံခဲ့တာရှိပါတယ်။ ဒီလောက်ဆိုရင် စကတည်းက တပ်မတော်ကိုခုတုန်းလုပ်ပြီး မိမိ အာဏာရရှိရေးအတွက် အသုံးချခဲ့တဲ့အမှားကနေစခဲ့လိုက်တာ ခုဆိုဘယ်အခြေအနေရောက်နေပြီလဲဆိုသည် ကိုဖြင့် အထူးတလည်ရှင်းပြရန်မလိုတော့ပါ။ အမှန်တကယ်သာ ယင်းခေါင်းဆောင်တို့စေတနာရှိခဲ့ပါလျှင် ယခု ကဲ့သို့တိုင်းပြည်သို့ကြေငြာချက်ထုတ်နေရန်အတွက် မည်သည့်အကြောင်းနှင့်မျှယခုကဲ့သို ပျာယာနေရန်မလိုပါ။ အမှန်တကယ်သာစိတ်စေတနာမှန်ခဲ့မည်ဆိုလျှင်ပေါ့။ ယခုတော့ ရေးကြီးသုတ်ပြာ ဘာပြောလို့ပြောရမှန်းမသိ လို့ လက်အောက်ကိုရေးခိုင်းပြီးမှ ကြေငြာခဲ့ရတယ်။ ဒါကိုပဲအစွဲပြုပြီး လက်အောက်ခံ တပ်မတော်သားတွေကို စိတ်ကြီးဝင်အောင်လုပ်ခဲ့တယ်။ ပြည်သူနဲ့ စနစ်တကျသွေးခွဲခဲ့တယ်။ အမှန်တကယ်တော့ အဲဒီအချိန်အခါရဲ့ လွတ်လပ်ရေးရယူပေးပြီးတာမကြာသေး၊ ပြည်တွင်းသောင်းကျန်းမှုများကိုနှိမ်နှင်းပေးပြီးတာမကြာသေးတဲ့ တပ်မတော်အပေါ်ယုံကြည်တဲ့ လူထုရဲ့ယုံကြည်မှုနဲ့ တပ်မတော်သားတွေရဲ့ အမိန့်နာခံတတ်မှုကို အခွင့်ကောင်း ယူအသုံးချခဲ့ရာကနေ ယနေ့ထက်တိုင်တပ်မတော်ကိုအသုံးချနေခဲ့ပါသည်။ ထို့ကြောင့် သမိုင်းအမှန်သိမြင်သူ များမှလည်း သမိုင်းအမှန်များကို အစွဲကင်းစွာနဲ့ ထုတ်ဖော်တင်ပြကြရန်လိုအပ်သကဲ့သို့ ဖတ်ရှုလေ့လာသူများအ နေနှင့်လည်း သမိုင်းကိုသမိုင်းလိုသာလေ့လာပြီးသမိုင်းထဲမှ သင်ခန်းစာယူကာ ရှေ့အနာဂတ်အတွက် ဆုံးဖြတ် ချက်ချကာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း မိမိလေ့လာဖတ်မိသမျှထဲမှ တပ်မတော်၏အမှားတော်ပုံအစနှင့် ယုံမှတ်မှားခဲ့သော အသုံးချခံဖြစ်ခဲ့သော အခြေအနေအကြောင်းများကို တတ်စွမ်းသမျှဖော်ပြရင်း ပြည်သူကိုအ မှန်တကယ်ကာကွယ့်မည့် ၊ တိုင်းပြည်ကလိုလားသည့် တပ်မတော်တစ်ရပ်ဖြစ်တည်ရေးအတွက် ဝိုင်းဝန်းကြိုး စားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts