Saturday, May 12, 2012

ပြောပြချင်တဲ့ တပ်မတော်အရာရှိတစ်ယောက်အကြောင်း(၁)...(ဟာဂျူလီ.ကသာ)

ကျွန်တော်ရေးတဲ့ ဒုတိယရဲမှူးကြီးကြည်ညွှန့်အကြောင်းဖတ်လိုက်ရတဲ့သူတွေက
အဲဒီလိုမျိုးတွေ ထပ်ရေးဖို့ ကွန်မင့်ပေးကြပါတယ်၊အချို့များဆို ရယ်ရတယ်၊
(အပြစ်ပြောတာမဟုတ်ဘူးနော်၊အဲဒီကွန်မင့်ပေးတဲ့မိတ်ဆွေက
နယူးယောက်မှာနေတာဆိုတော့ ကျွန်တော့်ကို စာရေးဆရာမှန်း မသိတာ သိပ်မထူးဆန်း
ပါဘူး)သူပေးတဲ့ ကွန်မင့်က “ဆရာရေ၊ ကာတွန်းဆရာ မလုပ်ပဲ
စာရေးဆရာလုပ်ဖို့ကောင်းတယ်၊ဆရာရေးတာက ဖတ်လို့လည်းကောင်းတယ်၊ဗဟုသုတလည်း
ရတယ်”တဲ့၊ကျွန်တော်လည်း သူ့ကို စချင်တာနဲ့
“ဟုတ်ကဲ့..ကျွန်တော်ကြိုးစားကြည့်ပါဦးမယ်၊ အဲဒီလိုစာရေးတဲ့အခါလည်း
အားပေးရမယ်နော်..”လို့၊ အံမယ် အဲဒီဖေ့ဘွတ်မိတ်ဆွေက
ပြန်ပြီးကွန်မင့်ပေးတယ်ခင်ဗျ၊“စိတ်ချဆရာ၊တ၀ကြီး
အားပေးလိုက်ဦးမှာ”၊အမှန်ကတော့ ကျွန်တော်စာရေးလာတာ အနှစ်(၂၀)ကျော်
ပါပြီ၊မဂ္ဂဇင်းခေတ်ကတည်းက ခုချိန်ထိပါ၊ကာတွန်းတွေသာ မကြာခဏရန်ရှာခံရလို့
တစ်နှစ်မှ တစ်ပုဒ်စ နှစ်ပုဒ်စလေးတွေ ရေးဖြစ်ပေမယ့်ဆောင်းပါးတွေသရော်စာတွေကတော့ တစ်ပါတ် နှစ်ပုဒ်သုံးပုဒ်ရေးဖြစ်ပါတယ်၊ရှက်ရှက်နဲ့ ၀န်ခံရဦးမယ်၊
ပိုက်ဆံ အသုံးလိုနေတဲ့အခါများ တစ်ပတ်ထဲနဲ့ ဂျာနယ်တစ်စောင်ထဲမှာ(ကလောင်နာမည်အမျိုးမျိုးနဲ့)
၁၀ပုဒ်အထိရေးဖူးပါရဲ့၊ဒါကလည်း ဟိုတုန်းကပါ၊ခုတော့ ကိုယ်ရေးတဲ့စာဆို
မကောင်းဘူးထင်ရင် ဂျာနယ်တွေကို ပို့တောင် မပို့ဖြစ်ပါဘူး၊အဟီးထပ်ဝန်ခံရဦးမယ်၊အဲဒီလို
ဘယ်မှ မပို့ဖြစ်ဘဲ ကွန်ပျူတာထဲ သိမ်းထားတဲ့စာမူတွေကိုလည်း
စောင်ရေနည်းပြီး မကင်းရာ မကင်းကြောင်းတွေက လည်ပင်းညစ်တောင်းတဲ့အခါ
ပါသွားပြန်တာပါပဲ၊ ရေးရင်းနဲ့ တောင်ရောက် မြောက်ရောက်တွေရောက်ကုန်ပြန်ပါပြီ၊ပြောချင်တာ
ဒုတိယရဲမှူးကြီးကြည်ညွှန့်လိုဆောင်းပါးမျိုးထပ်ရေးဖို့ စဉ်းစားလိုက်တော့
ကျွန်တော်နဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ယောက်အကြောင်း
ခေါင်းထဲပေါ်လာပြန်ပါတယ်၊သူနာမည်က ဒုတိယဗိုလ်မှူးကြီးမျိုးချစ်တဲ့၊ကသာခရိုင်အပါအ၀င်
ခရိုင် ၃ ခုမှာ ခ၀တဥက္ကဌလုပ်သွားဖူးပေမယ့် အခုအချိန်ထိ ကလေးမြို့မှာ ဆင်းဆင်းရဲရဲ
ချို့ချှိုငဲ့ငဲ့ ခြံစိုက်စားနေနေတုန်းပါပဲ၊သူ့လိုလူမျိုးကလည်း တပ်ထဲမှာသိပ်ရှားပါလိမ့်မယ်၊
အင်မတန် လတ်ပေးလတ်ယူမှုကင်းပြီး ရိုးသားတဲ့သူ၊သူ့ရဲ့ရိုးဂုဏ်ကြောင့်
အရာရှိငယ်ဘ၀မှာ သူ့တပ်ရင်းမှူးက သူ့သမီးနဲ့ပေးစားခဲ့တာ၊သူ့ယောက္ခမ(တပ်ရင်းမှူး)ကလည်း
ဘယ်လောက် ရိုးသလဲဆိုရင် ကချင်ပြည်နယ်လို နေရာမှာ ဒုတိုင်းမှူးလုပ်ပြီး
ပင်စင်ယူခဲ့ပေမယ့် အိုးပိုင်အိမ်ပိုင်တောင်မရှိတဲ့အထိရိုးသားခဲ့တာ၊သူ့ယောက္ခမက သူ့လိုရိုးတဲ့
သူဖြစ်လို့ ဒုဗိုလ်မှူးကြီးမျိုးချစ်ကို ရွေးပေးစားခဲ့တာ၊ထားပါတော့၊
ဒုဗိုလ်မှူးကြီးမျိုးချစ်ရဲ့ ကောင်းမွန်တဲ့ စာရိတ္တကိုမရေးခင်မှာ သူ့ဥပဓိရုပ်ကိုအရင်ပြောပြရဦးမယ်၊
ကျွန်တော်တွေ့ဖူးသမျှ ခ၀တဥက္ကဌတွေထဲမှာ ဥပဓိရုပ်မရှိဆုံးပုဂ္ဂိုလ်ဟာသူပဲ၊သူ
ကသာခရိုင်ကို ပြောင်းလာခါစကဖြစ်ရပ်ကလေးမှတ်မိနေပါသေးတယ်၊သူ့အတွက်ပေးထားတဲ့
ခယကဥက္ကဌအိမ်နဲ့ကပ်ရက်မှာခရိုင်ရဲတပ်ဖွဲ့မှူးအိမ်ရှိတယ်၊တစ်ရက်တော့ခရိုင်ရဲတပ်ဖွဲ့မှူးက
ဒ/နခေါင်းဆောင်ကိုခေါ်ပြီး “ဟိုဘက်အိမ်မှာ ခ၀တအသစ်ရောက်တယ်၊ဒီစာကို
သူ့အိမ် သွားပို့၊စာကအရေးကြီးတော့ ခ၀တဥက္ကဌနဲ့တွေ့မှ သူ့လက်ထဲ
ထည့်ခဲ့”လို့မှာလိုက်တယ်ဆိုပဲ၊ဒ/နခေါင်းဆောင်ရဲအရာရှိကလည်း
ဒုတိယဗိုလ်မှူးကြီးမျိုးချစ်အိမ်ဝင်းထဲ
ကို ရောက်လာပါတယ်၊အိမ်ဝင်းထဲမှာ တောင်တောင်အီအီကြည့်လိုက်တော့
မာဇဒါဂျစ်အောက်မှာ ကားပြင်နေတဲ့စုတ်ချွန်းချွန်းစက်ပြင်တစ်ယောက်ပဲတွေ့ရတယ်၊
ဒါနဲ့ ကားပြင်နေတဲ့သူဆီသွားပြီး “ဘကြီး ဗိုလ်မှူးကြီးများရှိလား”လို့မေးပါတယ်၊ဟိုလူကလည်း
စက်ပြင်နေရာကနေ လှည့်မကြည့်ပဲ“အေး.ရှိတယ်၊ဘာကိစ္စလဲ”လို့ပြန်မေးပါတယ်၊“ရဲမှူးကြီးက စာပေး
ခိုင်းလိုက်လို့”ရဲအရာရှိက ပြန်ဖြေတော့“အေး ပေးခဲ့လေ”လို့လေအေးလေးနဲ့
ပြန်ပြောပါတယ်၊“ဟ.ဒီစာက အရေးကြီးတယ်ဗျ၊ဗိုလ်မှူးကြီးလက်ထဲကို
သေခြာထည့်ရမှာ”လို့ပြောတော့စက်ပြင်နေတဲ့ စက်ပြင်ဆရာက”ဟ..ငါက ဗိုလ်မှူးကြီးပဲ”လို့လည်း
ပြောလိုက်ရောဟိုရဲအရာရှိခမြာတုန်တုန်ဆတ်ဆတ်နဲ့ သတိဆွဲပြီး အလေးပြုလိုက်ရလေသတဲ့၊
ဒုတိယဗိုလ်မှူးကြီးမျိုးချစ်နဲ့ ကျွန်တော် စတွေ့ဖြစ်တာက ထုံးစံအတိုင်း
(ခ၀တအသစ်ပြောင်းလာတိုင်း)ကျွန်တော်ကိုခေါ်ယူသတိပေးလေ့ရှိသလိုပါပဲ၊ခ၀တ
ဥက္ကဌအသစ်ရောက်ပြီဆိုရင်ကျွန်တော်ကိုဖုန်းဆက်ခေါ်ပြီး
သူတို့အစိုးရဘာတွေလုပ်နေတယ်၊ညာတွေလုပ်နေတယ်၊ဒါကြောင့် သူတို့အစိုးရကို
ထိခိုက်တဲ့အရေးအသားမျိုး အပြောအဆိုမျိုးမလုပ်ဖို့ သတိပေးနေကြပါ၊
ဒီတစ်ရက်လည်း ကျွန်တော့်ကို ဖုန်းဆက်ပြီး ခေါ်ပြန်ပါတယ်၊ဒီတစ်ခါ
ဖုန်းဆက်ခေါ်ပုံက ခါတိုင်းလို မဟုတ်ဘူးဗျ၊ “ကိုဟာဂျူလီလား၊ကျွန်တော်အသစ်ပြောင်းလာတဲ့ ခ၀တ ဥက္ကဌ
ဗိုလ်မှူးကြီးမျိုးချစ်ပါ၊စကားလေးပြောချင်လို့ အားရင်
ကျွန်တော်ရုံးခန်းကိုခဏ လာပေးလို့များ ရမလား”ဆိုပြီး ယဉ်ယဉ်ကျေး
ကျေးခေါ်သဗျ၊သူ့လေသံက အထက်သံလုံးဝမပေါက်၊ဒါနဲ့ ကျွန်တော်လည်း
သြော်ခါတိုင်းပုဂ္ဂိုလ်တွေ ခါတိုင်းပြောနေကျအတိုင်းပဲပြောမှာပါ ပဲထင်ပြီး ခ၀တ ဥက္ကဌရုံးခန်းသွားလိုက်ပါတယ်၊ ရောက်ရောက်ချင်းပဲ“ခင်ဗျားအကြောင်းတွေ ကြားပါ့ဗျာ၊ ခင်ဗျားစာတွေလည်း ဖတ်ဖူးပါ့ဗျာ၊ ခင်ဗျားက ကျွန်တော်တို့ကို အတော်
ကလိတာပဲ၊ကောင်းပါ့ဗျာ၊ဒါမျိုးတွေက ရှိကို ရှိရမှာဗျ၊ဒီမယ်
ကျွန်တော် တာဝန်ကျနေတဲ့ ကသာခရိုင်အကြောင်းရေးသာရေးဗျာ၊အဲ
တစ်ခုတော့ရှိတယ်၊ခင်ဗျားရေးတာ မှန်ရင် သူတို့ကို အရေးယူမယ်၊မမှန်ပဲရေးရင်
ခင်ဗျားကို အရေးယူမယ်၊ဘယ်လိုလဲ”
လို့ပြောပါတယ်၊ကျွန်တော်လည်း ဒုတိယဗိုလ်မှူးကြီးမျိုးချစ်ကို ဒီလူ
ဟုတ်မှဟုတ်ရဲ့လားဆိုတာမျိုးတွေးမိပြီး
စိတ်ချပါဗိုလ်မှူးကြီး၊ကမန်တော်ရေးတာကို ကျွန်တော်တာဝန်ယူပါတယ်”လို့
ပြန်ပြောဖြစ်ပြီး ရေးဖြစ်ပါတယ်၊သို့သော်လည်း အဲဒီစာတွေဟာ
အယ်ဒီတာ့အမှိုက်ခြင်းနဲ့စိစစ်ရေးလက်ထဲမှာပဲ စုတေကုန်ရရှာတာပါပဲ၊ထားပါတော့
နောက်ပိုင်း ဒုတိယဗိုလ်မှူးကြီးမျိုးချစ်ဟာ
ကျွန်တော်အိမ်ကို အားရင်အားသလိုလာပြီး ဟိုဟာမရေးဘူးလား ဒီဟာမရေးဘူးလား
လာလာလုပ်တတ်ပါတယ်၊သူရေးစေချင်တာတွေက စိစစ်ရေးက မလွှတ်တဲ့အကြောင်းတွေချည်းပဲ
ဖြစ်ဖြစ်နေတတ်ပါတယ်၊ကြုံတုန်းပြောရဦးမယ်၊တစ်ရက် တော့ ငါးအင်းတွေ
လေလံဆွဲတဲ့ ကျွန်တော်ယောက္ခမ ကျွန်တော်အိမ်ရောက်လာပါတယ်၊သူကပြောတာက
ခ၀တအဆက်ဆက်မှာငါးအင်းလေလံဆွဲပြီးတဲ့အခါတိုင်း ခ၀တဥက္ကဌကို
အင်းတစ်လုံးငွေ(၃)သိန်းပေးရတယ်တဲ့၊အခုရောက်လာတဲ့
ဒုတိယဗိုလ်မှူးကြီးမျိုးချစ်ကို အင်းသမားတွေက ပိုက်ဆံသွားပေးချင်သတဲ့၊
မပေးရင် ဘာဖြစ်လဲလို့ ကျွန်တော်က ယောက္ခမကို ပြန်မေးတော့ လုပ်ငန်းလုပ်ရတာ
အဆင်မပြေဘူးဆိုပဲ၊ဒါကြောင့်ကျွန်တော့်ကိုဒုတိယဗိုလ်မှူးကြီးမျိုးချစ်နဲ့ရင်းနှီးလို့
လိုက်ကူပေးစမ်းပါလို့ လာခေါ်ပါတယ်၊ကျွန်တော်ကလည်း ယောက္ခမကို “ဟာ
ဘယ်ဖြစ်ပါ့မလဲ၊ကျွန်တော်ပါလာရင် သူဘယ်ယူပါ့မလဲ၊အန္တီတို့ဖါသာ
သွားပေးချင်ပေးပါ၊ကျွန်တော်ယောက္ခမလို့တော့အန္တီမပြောပါနဲ့၊တော်ကြာမယူရဲပဲ နောက်မှ
ပညာပြနေဦးမယ်လို့မှာလိုက်ဖြစ်ပါတယ်၊နောက်တစ်ရက်မနက်စောစော ယောက္ခမ
အိမ်ရောက်လာပါတယ်၊ရောက်ရောက်ချင်းပဲ“အခုရောက်လာတဲ့
ခ၀တဥက္ကဌက ဘယ်လိုကြီးလဲ၊မနေ့ညနေက ငါတို့ အင်းသမားတွေ ပိုက်ဆံသွားပေးတော့
ခင်ဗျားတို့ခါတိုင်းရောဒီလိုပဲပေးရလားတဲ့၊ပေးရတယ်ဆိုရင်လည်းကျွန်တော့်အိမ်ကိုတော့လာမပေးပါနဲ့၊
မနက်ဖြန်မှ ခ၀တရုံးကိုလာပေးပါ၊အဲဒီမှာ ခ၀တ စာရေးမရှိတယ်၊ သူဖြတ်ပိုင်းဖြတ်ပေးလိမ့်မယ်၊ အဲဒါဟာ
ခယကရံပုံငွေအတွက်ပါ”ပြောတယ်ဟ”..တဲ့၊နောက်ရှိသေးတယ်၊ခ၀တစာရေး
တစ်ယောက်ပြောဖူးတာ၊“ဒီခယကဥက္ကဌ ကတမျိုးပဲဗျ၊ခါတိုင်းခ၀တဥက္ကဌ တွေ
တိုင်းရုံး(အဲဒီအချိန်က စစ်ကိုင်း)အစည်းအဝေးသွားရင် ငွေ ၃ သိန်း
ခရီးစားရိတ်ပေးရတယ်၊အများအားဖြင့်တော့ မလောက်လို့
ပြန်တောင်းကြတွေကြီးပါပဲ၊သူတို့က ဟိုမှာလည်း ကုန်စရာတွေရှိတော့
ပါသွားတာကုန်မှာပေါ့၊အခုခ၀တဥက္ကဌ ကတော့ ပေးလိုက်တဲ့ငွေကို ရေဖိုးကအစ
စာရင်းမှတ်ပြီး ရှင်းတမ်းနဲ့ ပိုငွေကိုပြန်အပ်တယ်ဗျ၊အပိုလည်း ဘာမှ မသုံဘူး”..တဲ့။အဲဒါက
ဖြစ်နိုင်ပါတယ်၊ကျွန်တော် လက်တွေကြုံဖူးတာလေးပြောပြရဦးမယ်၊
တစ်ရက် ကျွန်တော်မန္တလေးကို သွားဖြစ်ပါတယ်၊အမေဖြစ်သူရဲ့
ဘင်ကားလေးနဲကပါ၊အဲဒီအချိန်မှာဗိုလ်မှူးကြီးမျိုးချစ်က
စစ်ကိုင်းအထိကားကြုံလိုက်မယ်ဗျာ၊အခြားကားငှားနေရင် အလကား ရံပုံငွေ
တွေကုန်နေဦးမယ်ဆိုပြီးလိုက်လာတာပါ၊သူနဲ့ကျွန်တော်ကရှေ့က ၊သူ့
တပည့်ရဲဘော်လေးက နောက်ခန်းကပါ၊လမ်းရောက်တော့ ကျွန်တော်တို့
အအေးသောက်ရအောင်ဗျာ၊ခင်ဗျားကားကို
အလကားစီးလာတာဆိုတော့ အအေးတိုက်ချင်လို့ပါတဲ့၊ကျွန်တော်လည်းအအေးဆိုင်တစ်ဆိုင်မှာ
ကားရပ်လိုက်ပါတယ်၊ခပ်တည်တည်ပါပဲ၊“ကျွဲရိုင်း၃ဗူး”လို့မှာပြီးသောက်ဖြစ်ကြတာပါ၊သောက်
ပြီးလို့ ပိုက်ဆံရှင်းတော့ ဗိုလ်မှူးကြီးမျိုးချစ်က ၂၀၀ တန်ထုတ်ပေးပါတယ်၊ဆိုင်ရှင်က
၁၅ ကျပ်ပြန်အမ်းတော့ဗိုလ်မှူးကြီးမျိုးချစ်အံ့သြသွားပြီး ဟေ့ ကျွဲရိုင်း တစ်ဗူးဘယ်လောက်လဲလို့ ဆိုင်ရှင်ကို
မေးပါတယ်၊ ဆိုင်ရှင်ကလည်းတစ်ဗူး ၆၅ ကျပ်လို့ဖြေပါတယ်၊ ဗိုလ်မှူးကြီးမျိုးချစ်က
ဟေ့ဟုတ်ရဲ့လား၊ဈေးကြီးလှချည့်လားလို့ ပြန်ပြောတော့ ဆိုင်ရှင် အရပ်ဝတ်ဝတ်ထားတဲ့ဗိုလ်မှူးကြီးမျိုးချစ်ကို
မြို့ထဲမှာလည်း ဒီဈေးပဲ။မသောက်ဖူးဘူးလားလို့၊ပြန်ဟောက်ပါတယ်၊ဗိုလ်မှူးကြီးမျိုးချစ်က
ကျွန်တော်ကို အကူအညီတောင်းသလို လှမ်းကြည့်ပါတယ်၊ကျွန်တော်ကလည်း အကျယ်ကျယ်
မငြိမ်းဖွယ်မဖြစ်ရအောင် (ဆိုင်ရှင်ကြားအောင်)“ဟုတ်တယ်ဗိုလ်မှူးကြီးရဲ့မြို့ထဲမှာ(၆၀)ဆိုတော့ ဒီလိုလမ်းမှာ ၆၅ကျပ်တော့ရောင်းမှာပေါ့”လို့ပြောလိုက်ပါတယ်။ ကျွန်တော်က ဗိုလ်မှူးကြီး
လို့ခေါ်လိုက်သံကိုကြားသွားတဲ့ ဆိုင်ရှင်တွန့်ကနဲဖြစ်သွားပြီး ရှိုးတိုး
ရှန့်တန်းနဲ့ နောက်ဝင်သွားပါတယ်၊ဟုတ်မှာပေါ့၊အဲဒီအချိန်၁၉၉၅လောက်ဆိုတော့
စစ်ဗိုလ်ပေါက်စတောင် ကြောက်နေရတဲ့အချိန်ဆိုတော့ ဗိုလ်မှူးကြီးသံကြားပြီးတွန့်သွားတာ မဆန်းဘူးပေါ့၊ဒီလိုနဲ့ကားဆက်မောင်းလာတော့ လမ်းမှာ တဗျစ်တောက်တောက်နဲ့ ၁၉၅ ကျပ်ကုန်သွားတာကိုပြောမပြီးအောင်ဖြစ်လာပါတယ်၊
ကျွန်တော်က ဗိုလ်မှူးကြီးရယ် တော်ပါတော့၊သောက်ထားတာတောင် ပြန်အန်
ပေးရမလိုဖြစ်နေပြီလို့ ဟန့်လိုက်တော့ “အေးဗျာ ဆောရီးပဲ၊မဟုတ်ပါဘူး
မတန်မရာကြီးမို့လို့ ပြောမိတာပါလို့ပြန်တောင်ပန်ပါတယ်၊ဒီလိုနဲ့ စစ်ကိုင်းရောက်တော့ ကားပေါ်မှာတင်
ယူနီဖေါင်းလဲပြီး ဆင်းနေခဲ့ပါတယ်၊ကျွန်တော်လည်းမန္တလေးရောက်ပြီးကားရေဆေးတော့ ဖိနပ်တစ်ရံတွေ့ရပါတယ်၊ ဖိနပ်က ဆင်ကြယ်တစ် မြင်းကျယ်တစ်ဖက်ဖြစ်နေရုံမက နွမ်းဖတ်ဖတ်နဲ့မို့
သနားစရာတောင်ကောင်းနေပါသေးတယ်၊ဗိုလ်မှူးကြီးရဲ့တပည့် ဖိနပ်ဖြစ်လိမ့်မယ်လို့ထင်တာပေါ့၊နောက်ရက် ကသာကိုပြန်တော့ စစ်ကိုင်းမှာ
ဗိုလ်မှူးကြီးကိုဝင်ခေါ်ပါတယ်၊ဗိုလ်မှူးကြီးနဲ့သူ့တပည့်တို့
ကားပေါ်တက်လာတော့ ကျွန်တော်က ဗိုလ်မှူးကြီးတပည့်ကို ခင်ဗျားဖိနပ်ကားပေါ်မှာကျန်နေတယ်
မဟုတ်လားလို့မေးတော့ ဗိုလ်မှူးကြီးမျိုးချစ်က ပြာပြာသလဲ “အဲဒီဖိနပ်က
ကျွန်တော့ဖိနပ်ဗျ.”လို့ပြောပါတယ်၊ကျွန်တော်လည်း အံ့သြသွားပြီး “ဟင်
ဗိုလ်မှူးကြီးဖိနပ်ကလည်းကျွဲတစ်ဖက် နွားတစ်ဖက် ဆင်ကြယ်တစ်ဖက်
မြင်းကြယ်တစ်ဖက်ဖြစ်နေပါလား”လို့ပြောတော့ သူက “ဟုတ်တယ်ဗျ၊ရဲကထိန်တစ်ခုမှာ
ဘယ်သူမှားသွားမှန်းသွားမှန်းမသိပါဘူးဗျာ၊(၆)လလောက်ရှိပြီဗျ”
လို့ ဘာမှ မထူးဆန်းသလိုပြောပါတယ်၊အဲဒီကိစ္စကို ကသာအိမ်ပြန်ရောက်တော့
စိတ်မချမ်းသာလွန်းလို့ ဗိုလ်မှူးကြီးရဲ့ အမျိုးသမီးကို ပြောပြတော့ဗိုလ်မှူးကြီးရဲ့ အမျိုးသမီးက ပြုံးပြီး
“ဟင် ဟုတ်သလား ကိုမျိုးချစ်၊ရှင့်နှယ် ကျွန်မကိုပြောပါတော့ကျွန်မ၀ယ်ပေးမှာပေါ့”လို့ပြောပါတယ်၊
ဗိုလ်မှူးကြီးမျိုးချစ်က ကျွန်တော့ကို မကျေမချမ်းကြည့်ပြီး “ခင်ဗျားကလည်းသတင်းထောက်
ပီပီ မြင်တတ်လိုက်တာ၊ကျုပ်ဒီအတိုင်းစီးနေတာ
(၆)လရှိပြီ(သူမိန်းမဖက်ပြန်လှည့်ပြီး)မင်းကလည်းကွာ သမီးကျောင်းစားရိတ်နဲ့
အကုန်အကျများရတဲ့အထဲ ၀ယ်စရာမလိုပါဘူး၊စီးလို့ ဖြစ်နေတာပဲ”လို့ ပြန်ပြောလိုက်ပါတယ်၊
ဗိုလ်မှူးကြီးမျိုးချစ် အမုန်းဆုံးက လတ်ပေးလတ်ယူမှုတွေကိုပါ၊သူက
အဲဒီကိစ္စတွေကို အမြဲတမ်း ကျွန်တော်ရှေ့မှာပြောတယ်၊လတ်ပေးလတ်ယူတဲ့
အချို့လူကြီး(အဲဒီကာလ)တွေကိုလည်းမကြည်လင်ပါဘူး၊ တစ်ရက်တော့ သူ့ထမင်းစားနေရင် ကျွန်တော့်ကို
လှမ်းခေါ်တယ်၊ကျွန်တော်သူ့ထမင်းစားပွဲပေါ်က ဟင်းကိုကြည့်လိုက်တော့ကြက်သားဟင်းနဲ့၊
ကျွန်တော်က သူ့ကိုစချင်တာနဲ့“ဟင်းဗိုလ်မှူးကြီးက ပြောတော့တာလတ်စားမှုတွေကိုမုန်းတယ်ပြောနေတာ၊
စားတော့ကြက်သားဟင်းနဲ့၊ဗိုလ်မှူးကြီးရတဲ့လစာနဲ့ ကြက်သားဟင်းစားတယ်ဆိုတော့
ဗိုလ်မှူးကြီးလည်းမရိုးသားပါဘူးဗျ၊”သူမျက်နှာ ရှုတည်တည်ဖြစ်သွားပါတယ်၊ပြီးတော့
သူ့မိန်းမ(ကချင်လူမျိုး)ကိုလှမ်းခေါ်ပြီး “ဟေ့ ကြက်သားဟင်းဘယ်ကရလဲ
ကိုဟာဂျူလီကိုပြောပြလိုက်ပါဦး”လို့ပြောပါတယ်၊ ဗိုလ်မှူးကြီးရဲ့ အမျိုးသမီးကပြုံးပြီး “ကွန်ဖန်( ဗိုလ်မှူးကြီးရဲ့
အမျိုးသမီးရဲ့မောင်ဝမ်းကွဲ)လာပို့သွားတာ”လို့ဖြေပါတယ်၊ကျွန်တော်ကလည်း
ခပ်ရွတ်ရွတ်ဆိုတော့“ဘာဖြစ်ဖြစ် ဒါလည်းလတ်စားတာပဲ”လို့ စလိုက်တော့ “ဟွန်း.ဒါတော့ မတတ်နိုင်ဘူးဗျာ”..တဲ့။တစ်ရက်က သူ့အိမ်ကိုကျွန်တော်သွားပြီး စကားစမြည်ပြောရင်း အဲဒီအချိန်က
ရေပမ်းစားနေတဲ့ “၀”ငြိမ်းချမ်းရေးတွေအကြောင်းပြောဖြစ်ပါတယ်၊ဝ
တွေမြေပေါ်ရောက်လာစဖြစ်တော့ မနေတတ်မစား တတ်တွေဖြစ်ပြီး လူထုကသိပ်မုန်းနေတဲ့အချိန်ဆိုတော့ ကျွန်တော်နဲ့သူအမြင်တူတူပြောဖြစ်ကြပါတယ်၊အဲဒီမှာ ကျွန်တော်ရေးနေတဲ့ ဆောင်းပါးတစ်ပုဒ်ကို
စိစစ်ရေးက ပိတ်လိုက်တဲ့အကြောင်းပြောဖြစ်ရင်း ဆောင်းပါးအကြောင်းအရာကို ပြောမိပါတယ်၊
ဆောင်းပါးလေးကဗန်းမောက်မြို့အကြောင်းရေးထားတာဖြစ်ပါတယ်၊ဗန်းမောက်မြို့ဟာ
ဟိုးနှစ်ပေါင်းများစွာက ဗကပရဲ့ အမာခံဒေသဖြစ်ခဲ့တဲ့အကြောင်း၊ဗကပကဖွင့်ပေးတဲ့စာသင်ကျောင်းတွေ
ဆေးရုံတွေရှိကြောင်း၊နောက်ဆုံး ဗကပတွေကို ဒေသခံ ကဒူးကနန်းတွေက လက်နက်ကိုင်တော်လှန်လိုက်တဲ့အကြောင်းမြန်မာနိုင်ငံမှာ“ ၀”ထက်နှစ်ပေါင်းများစွာ
စောပြီးတော်လှန်ခဲ့တာ ဖြစ်ပေမယ့်ဗန်းမောက်ဒေသ ဘာဖွံ့ဖြိုးမှုမှ မရှိတဲ့အကြောင်း၊နောက်ဆုံး
ကုန်ကုန်ပြောရရင် ဗကပကို တော်လှန်ခဲ့တဲ့ နေ့ကို အစွဲပြုပြီး ကနန်းအောင်ပွဲနေ့ကို နှစ်စဉ်လုပ်လာတာ
နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမယ့် မ၀တ အဆင့်တောင် ထိုပွဲမျိုးကို တက်ရောက်အားပေးခြင်း
မပြုတဲ့အကြောင်း၊ဗန်းမောက်မြို့နဲ့အင်းတော်မြို့ဟာမိုင်၂၀လောက်
သာဝေးပေမယ့် လမ်းမကောင်းလို့ မိုးတွင်းဆိုရင် (၇)ရက်လောက်ကြာတဲ့အထိကားစီးရကြောင်းတွေပါ၊ အဲဒီဆောင်းပါးကို စိစစ်ရေးကဖေါ်ပြခွင့်မပေးတဲ့အကြောင်းပြောတော့ ဗိုလ်မှူးကြီးက
မကျေမနပ်နဲ့ “ဒါရေးတာ ကောင်းတာပေါ့ဗျ၊ဒါမျိုးတွေ လူကြီးတွေသိအောင်
ခွင့်ကိုပြုရမှာ၊အဲဒီစာမူလေး ကျွန်တော့်ကိုပေးဗျာ၊ကျွန်တော်တိုင်းမှူးကိုတင်ပြမယ်”ဆိုလို့ ကျွန်တော်လည်း စာမူလေးဗိုလ်မှူးကြီးလက်ထဲပေးလိုက်ပါတယ်၊ဒါနဲ့ ကျွန်တော်လည်း
မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့အချိန် ဗိုလ်မှူးကြီးက
“၀မ်းသာစရာပဲဗျို့၊ကျွန်တော်တို့ကြိုးစားလိုက်တာအောင်မြင်သွားပြီ၊S1(ဗိုလ်ချုပ်ခင်ညွှန့်)ကိုယ်တိုင်က ဒါကိုစိတ်ဝင်စားပြီး သူကိုယ်တိုင် ကနန်းအောင်ပွဲကို တက်မယ်တဲ့၊ကျွန်တော့်ကို
ရဟတ်ယာဉ်ကွင်းဖေါက်ခိုင်းနေပြီ၊သူနဲ့အတူ ၀န်ကြီး၅ပါးလည်း ပါလာမယ်”တဲ့၊
ဒီသတင်းဟာ အမှန်ပါပဲ၊ကနန်းအောင်ပွဲနေ့မှာ န၀တအဖွဲ့ဝင်လူကြီးတွေအတော်များများ တက်ရောက်ကြပြီး
တယ်လီဖုန်းလိုင်းတွေလမ်းတွေ၊ကျောင်းတွေ၊လျှပ်စစ်မီးတွေ အကုန်လုပ်ပေးသွားခဲ့ပါတယ်၊
သူ့မှာ(ဗိုလ်မှူးကြီးမျိုးချစ်)ကျွန်တော်နှစ်သက်တာတွေအတော်များများရှိနေသလို
ကျွန်တော်သဘော မကျတာတွေလည်း ရှိနေပါတယ်၊နိုင်ငံရေးကိစ္စပါ၊တစ်ရက်က ကသာမှာ ရှိတဲ့ “စိန်”စားပွဲရုံကို ချိတ်ပိတ်ပါတယ်၊ခေါင်းစဉ်က ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားကို
နေ့စဉ် ထမင်းချိုင့်ပို့လို့ဆိုတဲ့ စွဲချက်နဲ့ပါ၊အမှန်ကတော့ အဲဒီဆိုင်က ထမင်းချိုင့်ပို့တာကလည်း
ထောက်လှန်းရေးဆွယ်မှူးကထမင်းလခပေးပြီးပို့ခိုင်းလို့ပို့တာပါ၊(လွှတ်တော်ကိုယ်စားလှယ်တွေ
ဧည့်ရိပ်သာပို့ထားတဲ့အချိန်ပေါ့)၊အဲဒီလို စိန်စားသောက်ဆိုင်ကိုချိတ်ပိတ်တဲ့ကိစ္စကလည်း ဗိုလ်မှူးကြီးယုံကြည်ရသူ ကသာသားတစ်ဦးနဲ့ စည်ပင်တာဝန်ရှိသူတစ်ဦးတို့က
ချွန်တွန်းလုပ်လို့ပါ၊ဒီကိစ္စကို သူနဲ့စကားစပ်မိလို့ပြောတော့သူ(ဗိုလ်မှူးကြီး)က လက်မခံပါဘူး၊နောက်တော့
အခြေအတင်တွေဖြစ်လာလို့မပြောတော့ပဲနေလိုက်ပါတယ်၊(အမှန် အဲဒီခေတ်က အဲဒီလောက်ပြောတာကို
လွန်လှပါပြီ)မပြောတော့ဘူးဆိုပေမယ့် တစ်ရက်တော့ စိန်စားသောက်ဆိုင်ကအမကြီးရောက်လာပြီး ကျွန်တော်ကို အကူအညီတောင်းပါတယ်(အားတီ(စိန်စားသောက်ဆိုင်)ရေ.မင်းဒါလေးဖတ်ပြီး
မင်းအဒေါ်တွေကို အဲဒီတုန်းကသမိုင်းလေးပြန်မေးကြည့်လိုက်ဦး)၊ သူတို့ကျွန်တော်ကိုလာပြောခိုင်းတဲ့ အချိန်မှာသူတို့ဆိုင်ပိတ်ခံရတာ လချီကြာနေပါပြီ၊ဒါနဲ့ ညနေပိုင်းမှောင်ရီပျိုးစအချိန်
ဗိုလ်မှူးကြီးဆီသွားဖြစ်ပါတယ်၊ထုံးစံအတိုင်းကျွန်တော်က စိန်စားသောက်ဆိုင်ကိစ္စ စကားစလိုက်တော့ ဗိုလ်မှူးကြီးကအခြားဟာပြောဗျာ၊ကျွန်တော်က ဒီတစ်ခါတော့
အလျှော့မပေးတော့ပါဘူး၊”ဒီမယ်ဗိုလ်မှူးကြီးခင်ဗျား၊ဗိုလ်မှူးကြီးခွင့်မပြုလည်း
ပြောရမှာပါပဲ၊ဗိုလ်မှူးကြီးနားမထောင်လည်း ပြောရမှာပါပဲ၊ဒီ စိန်စား
သောက်ဆိုင်ဆိုတာ ဖွင့်လာတာနှစ်ပေါင်း(၆၀)ကျော်ခဲ့ပါပြီ၊ဗိုလ်မှူးကြီးလက်ထက်မှ
ဆိုင်ပိတ်သွားရမယ်ဆိုရင် မဖြစ်သင့်ပါဘူး၊ဒီကိစ္စမှာလည်း ထောက်လှန်းရေးက လခပေးပြီး ထမင်းချိုင့်
ပို့ခိုင်းလို့ သူတို့ပို့ပေးရတာပါ၊ဗိုလ်မှူးကြီးမယုံရင်ထောက်လှန်းရေးကိုမေးလို့ရပါတယ်”၊ ဗိုလ်မှူးကြီးကိုကြည့်လိုက်တော့မကြားယောင်ဆောင်ပြီး တစ်ဖက်ကို လှည့်နေပါတယ်၊ ဒါပေမယ့်
သူနားထောင်နေမှန်းကျွန်တော်သိပါတယ်၊ဒါကြောင့်ကျွန်တော်ကဆက်ပြီး“ဒီမယ်ဗိုလ်မှူးကြီး၊ ကျွန်တော်ပြောတာ နားထောင်ထောင် မထောင်ထောင် ပြောသင့်တယ်ထင်လို့ ကျွန်တော်ပြောနေတာ၊
အဓိကက ကိုယ်ချင်းစာစိတ်ပါပဲ၊အခု ကျွန်တော် ဗိုလ်မှူးကြီးကိုပြောနေတာ
စိန်ကနေ တစ်ပြားတစ်ချပ်မှ ရယူပြီးလာပြောနေတာ မဟုတ်ပါဘူး၊သူတို့နေရာမှာ
ကိုယ်သာဆိုရင် ဆိုတဲ့ စိတ်နဲ့ပြောတာပါ၊ ဗိုလ်မှူးကြီးသာ ဆိုင်ရှင်နေရာမှာဆိုရင် ဘယ်လိုခံစားရမလဲ၊ဒါလေးသာစဉ်းစားပေးပါ၊”လို့ ပြောပြောဆိုဆိုနဲ့ ကျွန်တော်ပြန်ဖို့
မတ်တပ်ရပ်လိုက်ပါတယ်၊ဗိုလ်မှူးကြီးကျွန်တော့်ကို စွေကြည့်ပါတယ်၊
ပြီးတော့မှ “ကျုပ်ပိတ်တာမဟုတ်ဘူး၊စည်ပင်သာယာကဗိုလ်ကြီး..........
ပိတ်တာ၊သူပိတ်တာမို့ သူပဲပြန်ဖွင့်လို့ ရမယ်”လို့
ခပ်ပြတ်ပြတ်ပြန်ပြောပါတယ်၊(ကျွန်တော်အပါအ၀င် မြို့ပေါ်ကသိထား
တာက သူက ပိတ်ဖို့ အမိန့်ပေးတယ်ဆိုတာကိုပါ) နောက် ရက်ပိုင်းမှာပဲ
စိန်စားသောက်ဆိုင်ကို ပြန်ဖွင့်ခွင့်ပေးလိုက်ပါတော့တယ်..၊(ဟာဂျူလီ.ကသာ)
(ပေးပို့ထားသည်မှာ ဧပြီ လကတည်းကဖြစ်ပြီး ယခုမှ တွေ့သဖြင့် စာဖတ်သူများ အချိန်မှီဖတ်ရှုနိုင်ရန် တင်ပြပေးလိုက်ပါသည်။ နောက်ကျမှ တင်နိုင်သည့်အတွက် စာမူရှင် ဆရာ ဟာဂျူလီ ကသာအားလည်း ရိုသေစွာ တောင်းပန်အပ်ပါသည်ခင်ဗျာ)

1 comment:

  1. ဒီလို လူမျိုးတွေ က ရှားပါတယ်ဗျာ.

    ReplyDelete

Ads 468x60px

Featured Posts