Saturday, May 26, 2012

နှစ်ခါပြန် ချစ်ခဲ့မိသူ


(၁)
“ကျနော်က တပ်မတော်ကို နှစ်ကြိမ်နှစ်ခါ ချစ်ခဲ့တဲ့ ကောင်.. အကိုရ”
 “၁၉၈၈ သူများတကာတွေ ဒို့အရေး..ဒို့အရေး.. လုပ်နေချိန်၊ ကျနော်က ထူးထူးခြားခြား မင်္ဂလာဒုံ အမှတ်(၁) စစ်သားစုဆောင်းရေးဌာနချုပ်မှာ ရောက်နေတယ်။ ဇူလိုင်လထဲမှာ ကျနော်ရောက်တာဆိုတော့ ရှစ်လေးလုံး လူထုဆန္ဒပြပွဲတွေ မစသေးခင်ပေါ့ အကို။ နောက်သုံးလလောက်နေတော့ ရမည်းသင်း လေ့ကျင့်ရေး(၃)မှာ ကျနော် စစ်သင်တန်းတက်ရတယ်။ အဲဒီတုန်းက စစ်သင်တန်းကာလ ၆ လ ၈ ရက် ကြာခဲ့တယ်။  
သင်တန်းဆင်းတော့ မိတ္ထီလာမှာရှိတဲ့ တပ်မ(၉၉) လက်အောက်ခံ ဖိုးကချင်တပ်ရင်းမှာ တာဝန်ကျတယ်။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး သန်းအောင် ပါ။

၁၉၉၂ ထဲမှာ ကျနော့်ကို မင်္ဂလာဒုံ ဗိုလ်ရွေးမှာ တွဲဘက်ပေးလိုက်တယ်။ ကျောင်းသား မက်စ်မှာ ကျနော်တာဝန် ယူရတယ်။ ဗိုလ်လောင်း အင်တာဗျူးလာဖြေတဲ့ ကျောင်းသားတွေ camp သွင်းထားတဲ့အချိန်မှာ သူတို့ကို ချက်ပြုတ်ကျွေးမွေးရတာ။  အင်တာဗျူး မေးတဲ့ ကြည်း/ရေ/လေ အရာရှိတွေနဲ့ တပ်က လူပျိုအရာရှိ တွေကို လည်း ကျွေးမွေးရေးတာဝန် ယူရပါတယ်။
ဗိုလ်ရွေးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နေရင်း ကျနော့်ကို တပ်မှူးက ဒုတပ်ကြပ် အဆင့်တိုးပေးခဲ့တယ်။ ဗိုလ်ရွေးတပ်မှူးက ဒုဗိုလ်မှူးကြီး စိုးမင်း ( ရဲချုပ် စိုးဝင်း ရဲ့ အကို) ပါ။
တနေ့တော့ Psychology အရာရှိ ဗိုလ်ကြီးနဲ့ ကျနော် ပြဿနာတက်ခဲ့ရတယ်။
ဖြစ်ပုံက ဒီလိုပါ။ ကျနော်က မက်စ်မှာ တာဝန်ယူရတော့ သူတို့အတွက် ချက်ပြုတ်ပြီး ထမင်းစားချိန်မှာ တည်ခင်း ပေးရတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ထမင်းစားချိန်အတွင်းမှာပဲ ကျနော့်မှာတာဝန်ရှိတာ။ ညဘက် ထမင်းစား ချိန်က ၈ နာရီနောက်ဆုံး သတ်မှတ်ထားတယ်။
တညမှာ အဲဒီအရာရှိက သူငယ်ချင်းတွေနဲ့သောက်စားပြီး ည ၁၀ နာရီကျော်မှ ပြန်ရောက်လာတော့ ကျနော်က အိမ်မှာ အိပ်မောကျနေပြီ။ သူ့အတွက် ထမင်းဟင်း ခူးခပ်ပြီး စားပွဲပေါ်မှာ အုပ်ဆောင်းနဲ့ အသေအချာအုပ်ပြီး ထားခဲ့တာ။ အဲဒါကို သူက စောင့်မကျွေးရကောင်းလားဆိုပြီး ရန်ရှာတယ်။ ကျနော်သူ့ကို အေးအေးရှင်းပြပါသေး တယ်။ သူက ကျနော်ပြောတာကို နားမဝင်ဘူး။ ကျနော့်ဘက်က လစ်ဟင်းမှုကိုချည်းပဲ အပြစ်ပြောနေတော့ အခြေအနေ တင်းမာလာတယ်။ သူက ကျနော့်ကို လက်သီးနဲ့ စထိုးတယ်။ ၂ ချက်တိတိ ကျနော်ပြန်မထိုးဘဲ ငြိမ်ခံနေလိုက်တယ်။ သူက ရပ်မသွားဘဲ ဆက်ထိုးလာတော့ ကျနော်လည်း ပြန်ထိုးမိတယ်။
နောက်နေ့ တပ်မှူးရုံးခန်းမှာ သူရောကျနော့်ကိုပါ ခေါ်တွေ့ပြီး တပ်မှူးက ဖြစ်ပျက်တာတွေကို မေးတော့ ကျနော် လည်း ဖြစ်ပျက်သမျှအလုံးစုံ တပ်မှူးကို ရှင်းပြလိုက်တယ်။ တပ်မှူးက မျှတမှုရှိပါတယ်။ ကိုယ့်အထက်အရာရှိ တဦးအပေါ် ကိုယ်ထိလက်ရောက်မတုန့်ပြန်ဘို့ ကျနော့်ကို ဆုံးမသလို သူ့ကိုလည်း လက်အောက်ငယ်သားတွေ ရဲ့ တာဝန်ကိုငဲ့ကွက်ဖို့နဲ့ ကိုယ်ပိုင်အချိန်မှာ လွတ်လွတ်လပ်လပ် အနားယူတာကို နားလည်ပေးဖို့ ဖျောင်းပြပြော ဆိုပါတယ်။
တပ်မှူးကတော့ နှစ်ဦးနှစ်ဘက် ပြေလည်ဖို့ ညှိနှိုင်းပေးတာပါပဲ။ ဒါပေမဲ့ သူနဲ့ကျနော် ဆက်ဆံရေး ကောင်းမလာ ခဲ့ဘူး။ သူတာဝန်မှူးကျတဲ့နေ့တွေမှာ ကျနော်ဘာအမှားလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ စားရိပ်သာ မှာလည်း ကျနော်လုပ်သမျှကို မသိမသာ တင်းကျပ်သလို၊ ဖိအားပေးသလို လုပ်လာတော့ ကျနော်တပ်ဝင်း အတွင်း နေရတာကို စိတ်ပျက်လာမိတယ်။ ဒီပုံအတိုင်း ကြာလာရင် သူနဲ့ကျနော် ပြဿနာ ထပ်တက်အုံးမှာ။ ဒါကြောင့်မို့ တပ်မှူးဆီမှာ တပ်ပြင်နေထိုင်ခွင့် လျှောက်လွှာတင်ခဲ့ပါတယ်။ တပ်မှူးက ရုတ်တရက် ခွင့်မပြုဘူး။ ၆ လလောက်ကြာတော့မှ ကျနော့်ကိုခေါ်တွေ့မေးမြန်းပြီး ခွင့်ပြုလိုက်တယ်။
၁၉၉၈ နှစ်ဆန်းပိုင်း ထင်တယ်။ မင်္ဂလာဒုံနားမှာရှိတဲ့ ပုလဲမြို့သစ်က ရပ်ကွက်လေးတခုမှာ ကျနော်တို့မိသားစု အိမ်ငှားနေကြတယ်။ အရွယ် ရောက်ခါစမှာ စစ်သားဖြစ်လာပြီး တပ်ဝင်းထဲမှာ အနေကြာခဲ့တော့ ပြင်ပလောက နဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်။  သူတို့ရဲ့ ဘဝရှင်သန်ရေး ရုန်းကန်လှုပ်ရှားမှုတွေကိုလည်း ကျနော်သိပ် နားမလည်ခဲ့ဘူး။
မနက် မိုးလင်းပြီဆိုတာနဲ့ ပတ်ဝန်းကျင်မှာကြားရတဲ့ အသံတွေ၊ မြင်တွေ့ရတဲ့ မြင်ကွင်းတွေက ကျနော့်အဖို့ သူစိမ်းဆန်နေတယ်။ တပ်ထဲမှာဆို မနက်အိပ်ယာထ အိမ်ခန်းပတ်ဝန်းကျင် တံမြက်စည်းလှဲ၊ ရေဆွဲပေး၊ ကလေးတွေ ကျောင်းသွားဖို့ပြင်ဆင်ပေး၊ ပြီးတော့ ယူနီဖောင်းလဲ တန်းစီကွင်းဝင် အလံတော် အလေးပြု သစ္စာဆို ကိုယ်တာဝန်ကျရာသွား၊ စစ်ဘိနပ်သံတွေ၊ ခရာသံတွေ ကြားမှာ နေခဲ့ရာက ရပ်ကွက်ထဲကို ပြောင်း လာတာဆိုတော့ ရောက်ခါစမှာ မနေတတ်သလိုဖြစ်ရတယ်။ ဒီရပ်ကွက်ထဲမှာက လူတွေဟာ မနက်မိုးလင်း တာနဲ့ လွယ်အိတ်လေးတွေလွယ်၊ မထင်းဘူးလေးတွေကိုင်ပြီး အလုပ်သွားကြတာ။ ညမှောင်မှ အိမ်ပြန်ရောက် ကြတာများတယ်။
နောက်ပိုင်း နေသားကျလာတော့ ရုံးပိတ်ရက်နဲ့ သူတို့အလုပ်နားတဲ့ရက် ကြုံကြိုက်ချိန်မှာ အိမ်နီးချင်းတွေနဲ့ စကားပြောဖြစ်လာတယ်။ အဲဒီအချိန်က ကျနော်တို့ ရဲဘော်တွေ လစာ ၆၀၀ ကျပ်နဲ့ တာဝန်ထမ်းနေရချိန်မှာ ရပ်ကွက်ထဲက လက်လုပ်လက်စား ပြည်သူတွေလည်း တနေ့လုပ်စာ တနေ့ဆန်ဖိုး ဈေးဖိုး အနိုင်နိုင်နဲ့ ရုန်းကန် လှုပ်ရှားနေရတာ။
တပ်ပြင်မှာ နေထိုင်ခွင့်ရတော့လည်း အဆင်မပြေလှပါဘူးအကိုရာ... ဟိုအရာရှိနဲ့ ပတ်သက်မှုသိပ်မရှိတော့ ပေမဲ့ သွားရေးလာရေးက ခက်ခဲပြန်ရော.. တနေ့တနေ့ အသွားအပြန်လမ်းစရိတ်နဲ့ ကျနော့်လစာကို အိမ်က စားရတယ် မရှိတော့ဘူး။ ကျနော့်မိန်းမက မုန့်ပဲသွားရည်စာလေးတွေလုပ်ပြီး ရပ်ကွက်ထိပ်က ဈေးမှာ သွား ရောင်းရတယ်။
ဒီအတိုင်း ရေရှည်ဆက်စခန်းသွားဖို့ ဘယ်လွယ်ပါ့မလဲ.........။
......................................................................................
(၂)
ကျနော့် ညီဝမ်းကွဲတဦးက ရန်ကင်းမှာ လဘက်ရည်ဆိုင်လေး ဖွင့်တယ်။ အဲဒီဆိုင်မှာ ကျနော် ဝိုင်းကူလုပ်ကိုင် ပေးနေတုန်း တနေ့တော့ ကျနော်တို့ဆိုင်မှာ သောက်နေကျဖောက်သည် တပ်ကြပ်ကြီးတဦးက ကျနော့်ကိုမေး တယ်။ “မင်း ရေတပ်ထဲကို ဝင်မလား” တဲ့။
အဲဒီအချိန်က ကျနော့်မှာ အလုပ်အကိုင်ရယ်လို့ မယ်မယ်ရရ မရှိ။ ဟိုအလုပ်သွားလုပ်ကြည့်လိုက်၊ ဒီအလုပ် စမ်းသပ်လိုက်နဲ့ အတည်တကျကို မရှိဖြစ်နေတယ်လေ။ ဒီတော့ စိတ်ပြေလက်ပျောက်သဘောနဲ့ ကျနော့်ညီရဲ့ လဘက်ရည်ဆိုင်မှာ  ဝိုင်းကူရောင်းပေးရင်း လဘက်ရည်လာသောက်သူတချို့နဲ့ ရင်းနှီး၊ သူတို့ဆီမှာ ရနိုင်တဲ့ အလုပ် အကိုင် အဆက်သွယ်လေးတွေ မေးမြန်းစုံစမ်း လုပ်ရတာပေါ့။
ကျနော့်ကို ရေတပ်ထဲဝင်မလားမေးတဲ့ တပ်ကြပ်ကြီးက စစ်ရုံး၊ ကက(ရေ) မှာ တာဝန်ကျတာလို့သိရတယ်။ မနက်တိုင်း ဖယ်ရီကား လာစောင့်ရင်း ဆိုင်မှာထိုင်တတ်လို့ ကျနော်နဲ့ ရင်းနှီးနေတာ။ သူကပြောတယ်။ ရေတပ် မှာတော့ ရှေ့တန်းစစ်မြေပြင်တွေ ဘာတွေမရှိဘူး။ သင်တန်းကာလလောက်သာ နည်းနည်းပင်ပန်းတာ။ မိခင်တပ်ကို ရောက်ပြီးနောက်ပိုင်း သန္ဓေဝင်ရဲဘော်ဖြစ်ပြီဆိုတာနဲ့ ကိုယ်နဲ့သက်ဆိုင်ရာ တာဝန်တွေကိုပဲ ပုံမှန်ထမ်းဆောင်ရင်း အေးအေးဆေးဆေး နေရတယ် တဲ့။ ခုချိန်မှာ ရေတပ်ထဲကို ဝင်ချင်ရင် သူကူညီနိုင်တယ် လို့ ပြောတယ်။
ကျနော်လည်း စိတ်လေပြီး ညစ်နေတဲ့အချိန်ဆိုတော့ ၂ ရက်လောက် စဉ်းစားပြီး ဝင်မယ်လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ ၂၀၀၀ ပြည့်နှစ်ထဲမှာ စစ်တွေ ရလတ(၁၇) မှာ ကျနော် တပ်သားသစ် အခြေခံသင်တန်း တက်ခဲ့ရ ပါတယ်။ သင်တန်း ဆင်းတော့ သံလျင်ဆိပ်ကြီး ရခအ မှာ ယာယီတွဲဘက်ပေးထားတယ်။ ကျနော်ရတဲ့ ပညာသည်အုပ်စု က လုံခြုံရေး(ပည-၁၄) ပါ။ နောက် ပည-၁၄ အတန်း(၃)သင်တန်း ရလခမှာ တက်တဲ့အချိန် (၅၆) နှစ်မြောက် တော်လှန်ရေး parade မှာ ပါဝင်ဖို့ ရွေးချယ်ခံရတယ်။ စစ်ရေးပြ အစမ်းလေ့ကျင့်နေချိန်မှာပဲ နိုင်ငံတော်ဂုဏ်ပြု တပ်ဖွဲ့အတွက် ထပ်ပြီး အရွေးခံရပြန်တယ်။
နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်သူတွေအဖို့ အကြောင်းမသိတွေဆိုရင် စစ်မင်းသားလို့ အထင် ရောက်နိုင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြား ဧည့်သည်တော်တွေကို လေဆိပ်မှာကြိုဆိုရတာက အစ နိုင်ငံ တော်အဆင့် အခန်းအနားတွေမှာ ဝတ်စုံပြည့်နဲ့ ပါဝင်ရတာဆိုတော့ ဒီစစ်သားတွေကို ကောင်းကောင်းမွန်မွန် ထားမှာပဲလို့ ထင်ကြမှာ။
တကယ်တန်းကျတော့ ကျနော်တို့ဘဝက “ဇာတ်ထဲမှာတော့ သူဌေးသား” ဆိုတာမျိုး အခမ်းအနားတွေမှာ ယူနီဖောင်းကို ကြော့နေအောင် ဝတ်ထားရသလောက် အိမ်မှာတော့ ဟောင်းလောင်းပဲ။ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နားက နှစ်ထပ်တိုက်လိုင်းမှာ နေရတာ။ သိတဲ့အတိုင်း ဂျူတီနားတဲ့အချိန်တွေမှာ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့က ရဲဘော်တွေ မိသားစု စားဝတ်နေရေး အတွက် တခြားအလုပ် ထွက်လုပ်ကြရတယ်။ တရားမဝင် ၂ လုံး ၃ လုံး ရောင်းသူတွေလည်း ပါတာပေါ့။ တပ်ကရတဲ့ လစာနဲ့ရိက္ခာကို မှီခိုစားသောက်ဖို့က တကိုယ်တည်း သမားတောင် မလုံလောက်တာ။ ဒီတော့ မိသားစုကို ကျွေးမွေးဖို့ ဆိုက္ကားနင်း၊ တက္ကစီမောင်း ပြီး ကျားကန်ထား ရတယ်လေ။
၂၀၀၅ အောက်တိုဘာလထဲမှာ ထင်တယ်။ ကျနော်တို့ နေပြည်တော် ရုံးစိုက်ရာ ပျဉ်းမနားကို ပြောင်းရွှေ့ကြ ရတယ်။ ညကြီးမင်းကြီး ကားနဲ့ပြောင်းရတာ။ ဟိုရောက်တော့ နေဖို့ အဆောက်အဦး အဆင်သင့်မရှိသေးလို့ ယာယီလိုင်းခန်းလေးတွေ ဆောက်နေရတယ်။ ရေကလည်း ရှားမှရှား။ တွေ့ရာရေကို ခပ်သုံးလို့မရဘူး။ ကျနော် တို့နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ နတ်ရေကန် ဆိုတဲ့ ရေကန်တခု ရှိတယ်။ ရေတွေ အဆက်မပြတ် စိမ့်ထွက် နေတဲ့ နေရာ။ အဲဒီမှာ သွားပြီး ရေခပ်ကြရတယ်။ နေရထိုင်ရ တော်တော် ဒုက္ခရောက်ပါတယ်ဗျာ..။
ဒီကြားထဲ ဒေသခံ ရွာသားတွေကလည်း ကျနော်တို့ကို သိပ်မကြည်ဘူး။ သူတို့နေတဲ့ အိမ်ခြံမြေတွေနဲ့ လယ်ယာ တွေကို အစိုးရက အဓမ္မ သိမ်းဆည်းထားတာ နောက်မှသိရတယ်။ တချို့ရွာခံလူတွေ တပ်လိုင်းထဲမှာ ပဲလေး ဆန်လေး လာဝယ်ကြတဲ့အခါ သူတို့ပြောပြတာကို ကြားရတာ ကျနော်တော်တော်လေး စိတ်ထိခိုက်ရတယ်။ ကျနော်တို့နေတဲ့ တဲတဝိုက်မှာရှိတဲ့ ကွင်းပြင်တွေကို လက်ညှိုးထိုးပြပြီး...
“ဒီနေရာက ဦးလေးရဲ့ အိမ်နေရာ၊ ဟိုဘက်နားက ဦးလေးပိုင်တဲ့လယ်.. ခုတော့ အားလုံး မင်းစာ ဖြစ်သွား ပြီကွယ်” လို့ပြောရင်း မျက်ရည်တွေ ဝဲနေတဲ့ တောင်သူဦးလေးရဲ့မျက်နှာကို ကျနော်မကြည့်ရက်တော့ဘူး။
“ဦးလေးရယ် ကျနော်တို့လည်း ဒီနေရာကို ပျော်လို့ ရောက်လာတာ မဟုတ်ပါဘူး.. တာဝန်အရ မဖြစ်မနေ ရောက်လာရတာပါ” လို့ ကျနော်ရှင်းပြတော့...
“ဦးလေးသိပါတယ် ကွယ်... ဒီမြေတွေ သိမ်းယူတုန်းက ငါ့တူတို့ ရှိတာမှ မဟုတ်သေးတာ... သိမ်းယူထားတဲ့ လူတွေကိုလည်း ဦးလေးနေ့စဉ် မေတ္တာပို့ပါတယ်... တို့လို နေစရာမရှိ စားရမဲ့မဲ့ ဘဝကို မရောက်ပါစေနဲ့လို့..”
သူတို့ခမျာ ဒီမြေကို စိတ်နာနေပေမဲ့ ဒီမြေနဲ့လည်း မကင်းနိုင် ဖြစ်နေကြတယ်။ ဒီက ပြောင်းသွားရတဲ့ လူတွေ ဟာ ရွာတော်ဘူတာ နားမှာ တဲလေးတွေ ထိုးပြီး ဖြစ်သလို နေကြရတာ။ တချို့က ရွာတော်ဘူတာဈေးမှာ ပျံကျ ဈေးသည်တွေ ဖြစ်နေကြတယ်လေ။
ပြောရအုံးမယ် အကိုရေ.. မြေသိမ်းခံ နှင်ထုတ်ခံထားရတော့ သူတို့မှာ ခံစားချက်တွေ တနင့်တပိုး ရှိနေကြ တယ်။ သူတို့နေရာမှာ ရောက်လာနေထိုင်တဲ့ ကျနော်တို့ကိုမြင်ရင် မုန်းနေကြမှာပေါ့.. ။ တနေ့ ကျနော်တို့ဆီက ဒုတပ်ကြပ် တဦးရဲ့ ဇနီး ရွာတော်ဘူတာဈေးကို ဈေးသွားဝယ်တဲ့ အချိန်မှာ ဈေးသည်အချင်းချင်း ကျနော်တို့ အကြောင်း အမနာပ ပြောဆိုနေကြတာကို မခံမရပ်နိုင်ဖြစ်လို့ ရန်ဖြစ်ကြသေးတယ်။
ခက်တယ်ဗျာ.. ခုတ်ရာတခြား ရှရာတလွဲဆိုတာလိုပဲ... မြေသိမ်းတဲ့ လူတွေကတခြား ရန်တွေ့ခံသူတွေက တခြား... နောက်ဆုံးတော့ အောက်ခြေထုသာ လူမုန်းခံရတာ.. ကျနော်ဖြင့်လေ ဖြစ်နိုင်ရင် အဲဒီနေရာက ချက်ချင်းကို ထပြန်ပြောင်းလာချင်တာ။
နောက်တခု ရှိသေးတယ်။ သူတို့ နေခဲ့တဲ့ ရွာနားက တောင်ကုန်းလေးပေါ်မှာ တောရဆောက်တည်တဲ့ ဆရာတော် တပါး သတင်းသုံးရာ ဘုန်ကြီးကျောင်းလေးရှိတယ်။ ရွာသားတွေ ပြောင်းသွားပေမဲ့ ကျောင်းလေးက ဒီအတိုင်း ကျန်ခဲ့တာ။ တပ်ပိုင်မြေထဲ ကျန်ခဲ့တာဆိုတော့ “တပ်ဦးကျောင်း” လို့ခေါ်ကြတယ်။ ဆရာတော်က တောရကိုယ်တော် ပီပီ လာဘ်လာဘ မမျှော်ကိုးဘဲ ရိုးရိုးလေး ကျင့်ကြံအားထုတ်တာ။ ကျောင်းကလည်း ခပ်သေးသေးပဲ။ ထူးခြားတာက ဆရာတော်ဟာ ရွာမှာ သေတဲ့လူရှိရင် ရုပ်ကလာပ်ကို အလှူခံပြီး အသုဘ ကမ္မဌာန်းတရား ရှုပွားတယ်လို့ သိရတာပါပဲ။ တော်တော်လည်း တန်ခိုးကြီးတယ် တဲ့..။ ကျနော်တို့ ရောက်ပြီး နောက်ပိုင်း ဆရာတော်လည်း အဲဒီအကျင့်ကို မကျင့်ကြံနိုင်တော့ဘူးလေ။
ပြီးတော့ တပ်က အရာရှိကြီးတွေ ဦးစီးပြီး ဘုန်းကြီးကျောင်းကို မွမ်းမံပြင်ဆင်တယ်။ အဆောက်အဦးသစ်တွေ တိုးချဲ့ဆောက်လုပ်တယ်။ ပကာသန မမက်မောတဲ့၊ လူရှုပ်ရှုပ် စည်ကားတာမကြိုက်တဲ့ ဆရာတော်ခမျာ ဘာမှ မပြောသာဘဲ အလိုက်သင့် သတင်းသုံးတော်မူရတယ်။
ပျဉ်းမနားကို ရောက်ပြီး တနှစ်လောက်နေတော့မှ ဒေသခံတွေနဲ့ ကျနော်တို့ ရင်းနှီးမှုရလာပြီး သူတို့အိမ်တွေကို သွားလည် တဲ့အခါ သူတို့ ဘဝတွေကို ပိုသိလာရတယ်ဗျာ။ သူတို့စွန့်ခွာထားရစ်ခဲ့ရတဲ့ မြေယာတွေဟာ သူတို့ ဘိုးဘွား စဉ်ဆက် နေထိုင်လုပ်ကိုင် စားသောက်ခဲ့တဲ့ နေရာတွေပါ။ ခုတော့ သူတို့မှာ လုပ်ကိုင်ဖို့ မြေယာမရှိ တော့ဘူး။ တချို့လည်း အခြားတနေရာကို ပြောင်းသွားတယ် ကြားရတယ်။ သူတို့အဖြစ်ကို ကျနော် ကိုယ်ချင်းစာပေမဲ့ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိခဲ့ဘူး။ ကိုယ့်ဘဝကိုလည်း ကိုယ်မပိုင်ဖြစ်နေတာ မို့လား။
၂၀၀၆ နှစ်ကုန်လောက်မှာ ကျနော် မိခင်တပ်ပြန်လည်တွဲဘက်ခွင့် တင်လိုက်တယ်။ အဲဒီမှာလည်း ရန်ကုန်ပြန် ပြောင်းခွင့်ရဖို့အတွက် အမျိုးမျိုးအကြောင်းပြချက်တွေ ပေးရသေးတယ်။ မိဘတွေရဲ့ ကျန်းမာရေးကို အကြောင်း ပြရတယ်။
ကျနော် ရန်ကုန်ပြန်ရောက်တော့ ရအတ(၃၃) မှာ သတင်းပို့ရတယ်။ အိုးအိမ်ဌာနက ကျနော့်မိသားစုအတွက် သံလျှက်စွန်း လိုင်းဟောင်းမှာ အိမ်ခန်းချထားပေးတာမို့ အိမ်ငှားခ သက်သာသွားတယ်။ ကျနော့် မိခင်တပ်ကို ပြန်ရောက်လို့ သိပ်မကြာမီမှာပဲ အဆင့်တိုးစာမေးပွဲဖြေရပြီး ဒုတပ်ကြပ်အဆင့် ရခဲ့ပါတယ်။
၂၀၀၈ မေလ နာဂစ်တိုက် တဲ့အချိန်မှာ လိုင်ခန်းတွေထဲ ရေလှိုင်းတွေထိုးဝင်လာတော့ အောက်ထပ်ကလူတွေ အပေါ်ထပ်ကို တက်ပြေးရတယ်။ ပစ္စည်းတွေကတော့ ဒီအတိုင်း ရေထဲမှာထားခဲ့ရတာ။ နောက်ပြီး တိုက်လိုင်း အောက်ခြေတွေမှာ နှစ်ပေါင်း များစွာ တူးထားတဲ့ ကြွက်တွင်းပေါက်တွေ ရှိနေတယ်။ အဲဒီအထဲ ရေတွေဝင်တဲ့ခါ မြေအိပြီး တိုက်လိုင်းတချို့ တဖက်ကို စောင်းသွားတယ်။
လေငြိမ်မိုးစဲလို့ ရေတွေကျသွားတော့ ရဲဘော်တွေ ကိုယ့်လိုင်းခန်း ကိုယ်မပြင်နိုင်ကြဘူး။ ဌာနချုပ်မှူးနဲ့ အရာရှိကြီးတွေရဲ့ နေအိမ်ဘေးနားမှာ လဲနေတဲ့သစ်ပင်တွေကို အရင်သွားခုတ်ပေးရတယ်။ သန်လျင်ဆိပ်ကြီးမှာ တာဝန်ကျတဲ့ ကျနော့် သူငယ်ချင်း တဦးဆို အိမ်ခေါင်မိုးပေါ်တက်ပြီးရှင်းရင်း အမိုးပေါ်က ပြုတ်ကျသွားလို့ ဆေးရုံပို့လိုက်ရတယ်။
ကျနော်တို့ ဘဝတွေက တကယ့်အပယ်ခံဘဝ အစစ်အမှန်ပါ အကိုရာ... ဒီလို ဘဝမျိုးတွေနဲ့ တပ်မတော်ထဲမှာ ဆက်ပြီး အသက်ပေးတာဝန်ထမ်းဖို့ စိတ်ကုန်မိတယ်။ တကယ်ပါဗျာ... တပ်နဲ့ပတ်သက်လာရင် သေတူ ရှင်ဖက် ကိုယ့်ရဲဘော်တွေကို သံယောဇဉ်ရှိတယ်။ သမာသမတ်ကျတဲ့ အထက်အရာရှိတွေကို လေးစားတယ်။ ရဲဘော်တွေအပေါ် ခေါင်းပုံဖြတ် အခွင့်ထူးခံ သူတွေကိုတော့ ဆယ်ခါပြန် Sorry ပဲ အကိုရေ..။
..........................................................................
(၃)
မိုးရနံ့အေးအေး လေပြေသွေးခိုက် သစ်ပင်ရိပ်တခုအောက်က မြက်ခင်းပြင်ထက်မှာ နှစ်ယောက်သား အတူထိုင် နေရင်း ကျနော် တခါမှ မကြားခဲ့ဘူးသော သူ့ရင်တွင်း ခံစားချက်တွေကို တသီကြီး ပြောပြနေတာ နားထောင် နေမိသည်။
လူဆိုတာကလည်း ရင်ထဲက ခံစားချက်တွေကို ကြိတ်မှိတ်မြိုသိပ်ထားသမျှ အစိုင်အခဲတခုပမာ မွန်းကျပ်တစ် ဆို့နေမြဲ..။ အခြားတစုံတဦးထံမှာ ဖွင့်ဟ ပြောဆိုလိုက်ရမှ ပေါ့ပေါ့ပါးပါး နေသာထိုင်သာ ဖြစ်ရတာမို့လား။ သူ့ရင်ထဲမှာ တင်းကျပ်လွန်းသဖြင့် ကျနော်ဘာမှ မမေးရဘဲ အိတ်သွန်ဖာမှောက် ပွင့်အံလာတာ ဖြစ်မည်။
ပြောချင်တာတွေ မနားတမ်းပြောချလိုက်ပြီးနောက် အဝေးတနေရာသို့ သူငေးနေပြန်သည်။
ကျနော့် ရင်တွင်းမှာလည်း အတွေးစတို့ လူးလွန့် လှုပ်ရှားနေ၏။ တပ်မတော်ထဲကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ပြီး နှစ်ကြိမ်စလုံးပင် ဒုတပ်ကြပ်ရာထူး ရသည့်တိုင် တာဝန်ထမ်းဆောင်ခဲ့သော သူ့အနေဖြင့် စစ်သားလုပ်တမ်းကစားသူ မဟုတ်ခဲ့သည်မှာ သေချာပါ၏။
သို့သော် .... “စစ်သည်များ တပ်နေပျော်၍ စစ်တိုက်တော်ရမည်”...“ပြည်သူချစ်သော တပ်မတော် ဖြစ်ရမည်”  ဆိုသော ဆောင်ပုဒ်များအတိုင်း ခေတ်မီ တပ်မတော်တရပ် လက်တွေ့ကျကျ ထူထောင်ရပ်တည်နိုင်ရန်မှာ... “အကြပ်ကောင်းမှ တပ်ကောင်းမည်” ဆိုရုံမျှနှင့် မလုံလောက်သေးကြောင်း ခံစားနားလည်မိပါသည်။

လေးစားစွာဖြင့်.....

နေမင်းသူ
၂၆-၅-၂၀၁၂


No comments:

Post a Comment

Ads 468x60px

Featured Posts