Monday, May 14, 2012

အဝေးလှမ်းချိန်တွင် အလှမ်းဝေးခဲ့ရသော ပညာရေး


မကြာသေးမီက ပညာရေးဆိုင်ရာ Website  တစ်ခုထဲတွင် ပညာရေးဆိုင်ရာ စိတ်ဝင် စားဖွယ်ကောင်းသည့် နှိုင်းယှဉ်ချက်များကို တွေ့လိုက်ရသည်။ ထိုနှိုင်းယှဉ်ချက်မှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံများ၏ ပညာရေးဆိုင်ရာ အချက်အလက်များကို နှိုင်းယှဉ်ဖော်ပြထားသော ကြောင့် တန်ဖိုးရှိသည့် အချက်အလက်များဟု ဆိုနိုင်ပါသည်။
ပညာရေးအတွက် အသုံးစရိတ်ဆိုင်ရာ နှိုင်းယှဉ်ချက်တွင် အမေရိကန်သည် စုစုပေါင်းဘတ်ဂျက်၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်း၊ တရုတ်သည် ၁၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရုရှားသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ် သည် ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဂျာမနီသည် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန်သည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းဟု ဖော်ပြထားသည်။
မသင်မနေရပညာရေးစနစ်တွင် အသက်အရွယ်အလိုက် သတ်မှတ်ချက် အနေဖြင့် ပျမ်းမျှ အမေရိကန်တွင် ၁၂ နှစ်၊ တရုတ်တွင် ၉ နှစ်၊ ရုရှားတွင် ၁၀ နှစ်၊ ပြင်သစ်တွင် ၁၁ နှစ်၊ ဂျာမနီတွင် ၁၃ နှစ်၊  ဂျပန်တွင် ၁၀ နှစ်ဖြစ်သည်။

အသက်အရွယ်အလိုက် သင်ယူမှုနှုန်းကို နာရီအလိုက်သတ်မှတ်ရာတွင် အသက် ၁၃ နှစ် ကျောင်းသား တစ်ယောက်သည် အမေရိကန်တွင် တစ်နှစ်လျှင် နာရီ ၉၀၀၊ တရုတ်တွင် တစ်နှစ် နာရီ ၁၀၂၀ နာရီ၊ ရုရှားတွင် ၉၉၈ နာရီ၊ ပြင်သစ်တွင် ၁၀၆၆ နာရီ၊ ဂျာမနီတွင် ၉၁၈ နာရီ၊ ဂျပန်တွင် ၈၇၅ နာရီ ဖြစ်သည်။
ကျောင်းဆရာများ၏လစာကို နှိုင်းယှဉ်ရာ၌ မူလတန်းပြဆရာတစ်ယောက်၏ လစာသည် အမေရိကန်တွင် တစ်နှစ် ဒေါ်လာ ၂၅၇၀၇ ဒေါ်လာ၊ ပြင်သစ်တွင် တစ်နှစ် ဒေါ်လာ ၁၉၇၆၁ ဒေါ်လာ၊ ဂျာမနီတွင် တစ်နှစ် ၂၉၆၉၇ ဒေါ်လာ ဖြစ်သည်။
မူလတန်းအဆင့်လွန်ပြီးနောက် ပညာရေး အဟောသိကံဖြစ်နှုန်းသည် အမေရိကန်တွင် ၁ ဒသမ ၆ သန်း ရှိသည်။ အီရန်၊ ကိုလံဘီယာနှင့် တောင်အာဖရိကနိုင်ငံ သုံးနိုင်ငံပေါင်း ကျောင်းသားဦးရေထက် သာလွန် နေသည်။ ရုရှားတွင် ၃၆၉၇၂၄ ဦး၊ ပြင်သစ်တွင် ၁၄၂၉၀ နှင့် ဂျပန်တွင် ၆၈၄၄ ဦးတို့ဖြစ်ကြောင်း တွေ့ရသည်။
စာသင်ခန်းအတွင်း ကျောင်းသား၊ ဆရာအချိုးနှင့်ပတ်သက်ပြီး နှိုင်းယှဉ်ပြရာတွင် စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ထည့်သွင်းသင်ကြားမှုနှုန်းသည် ၁၈ ဒသမ ၃ ဦးနှုန်းခန့်သာဖြစ်သည်။ ဆရာ-ကျောင်း သားအချိုးမှာ ကျောင်းသား ၁၄ ဒသမ ၂၁ ဦးလျှင် ဆရာတစ်ယောက်နှုန်းဖြစ်သည်။ တရုတ်တွင် ကျောင်းသား ၂၁ ဒသမ ၀၅ ယောက်လျှင် ဆရာတစ်ယောက်နှုန်းဖြစ်သော်လည်း စာသင်ခန်းနှင့် ကျောင်းသား အချိုးကို ဖော်ပြမထားပေ။
ရုရှားတွင် စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၁၁ ဒသမ ၈ ဦးသင်ကြားနေပြီး၊ ကျောင်းသား ၁၆ ဒသမ ၆၅ ယောက်လျှင် ဆရာတစ်ယောက်နှုန်းဖြစ်သည်။ ပြင်သစ်တွင် စာသင်ခန်းတစ်ခန်း ကျောင်းသား ၂၁ ဒသမ ၆ ဦး၊ ကျောင်းသား ၁၈ ဒသမ ၆၄ ဦးလျှင် ဆရာတစ်ဦးနှုန်း၊ ဂျာမနီတွင် စာသင်ခန်း တစ်ခန်း ၁၅ ဒသမ ၉ ဦးနှင့် ကျောင်းသား ၁၄ ဒသမ ၁၉ ဦးလျှင် ဆရာတစ်ယောက် နှုန်း၊ ဂျပန်တွင် စာသင်ခန်းတစ်ခန်း ၃၅ ဒသမ ၅ ဦးနှုန်းနှင့်၊ ကျောင်းသား ၁၉ ဒသမ ၁၅ ဦးလျှင် ဆရာတစ်ဦးနှုန်း သင်ကြားနေကြကြောင်း သိရသည်။
ပညာရေးအတွက် ဘတ်ဂျက်အသုံးပြု နှုန်းများသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကြီး များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တူညီနိုင်မည် မဟုတ်ပေ။ ပညာရေးကို နိုင်ငံတစ်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် အလေးထား လုပ်ဆောင်သော နိုင်ငံများတွင်  ငွေလုံးငွေရင်းများဖြင့် ပုံအောသုံးနေကြကြောင်းတွေ့ရသည်။
အမေရိကန် ပြည်ထောင်စုတွင် ဆရာသစ်များစုဆောင်းခြင်း၊ ဆရာအတတ်သင်ကြားခြင်း၊ လေ့ကျင့်ပျိုးထောင် မွေးထုတ်ခြင်းတို့အတွက် ပြည်နယ် အလိုက်အသုံးပြုငွေမှာ စုစုပေါင်း ဒေါ်လာ  ၇ ဘီလီယံခန့် ရှိသည်။ ထိုမျှ ငွေကုန်ကြေးကျခံပြီး မွေးထုတ်နေရသည့်အကြောင်းမှာလည်း လွန်ခဲ့သော ၆ နှစ်အတွင်း ပုဂ္ဂလိက ကျောင်းများမှ ဆရာ ၁၀ ဦးလျှင် ၇ ဦးခန့် အလုပ်ထွက်ကုန်သောကြောင့် ဖြစ်သည်။
ဆရာအလုပ်ဟူသည် ငွေမည်မျှရသည်ဆိုစေ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာသုံးနာဖြင့် အခြေခံ မထားနိုင်လျှင် အခြေယိုင်ထွက်သွားမည်သာဖြစ်သည်။ ဆရာတွေမည်မျှ အနစ်နာခံနိုင်သည်ဆိုစေ နိုင်ငံ တော်အပိုင်းအနေဖြင့်လည်း သုံးသင့် သုံးထိုက်သည့်အပိုင်းတွင်မသုံး၊ လျစ်လျူရှု မျက်စိမှိတ်ထားသည်က များနေလျှင်လည်း ပညာရေးဖွံ့ဖြိုးတိုးတက်မှု အလှမ်းဝေးတတ်ပါသည်။
ပညာရေးသည် အရေးကြီးသည်မှန်သော်လည်း နိုင်ငံတော်အနေဖြင့် ရေတို၊ ရေရှည်စီမံကိန်းများဖြင့် ဦးစားပေး လုပ်ဆောင်ရသည့် ကဏ္ဍများကို ဦးစားပေးမည်သာ ဖြစ်သည်။ သို့သော် ပညာရေးသည် အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွဲကူးရေပါ လိုက်မလာနိုင်ဘဲ အလှမ်းဝေးခဲ့မည်ဆိုလျှင်လည်း နောင်အချိန်မှ ပြန်ပြင်ရန် ခက်ခဲတတ်ပါသည်။ အဝေးလှမ်းနေချိန်တွင်၊ အလှမ်းဝေးကျန်ခဲ့ပါက အမီပြန်လိုက်လျှင် ပင်ပန် တတ်ပါသည်။
ပညာရေးတွင် အဟောသိကံဖြစ်မှုများသည် ဆင်းရဲတွင်းနက်သည့်နိုင်ငံများတွင်သာမက ချမ်းသာသည့် နိုင်ငံများတွင်လည်း ပမာဏကြီးမားလာပါသည်။ ကျောင်းစနစ်၊ အတန်းစနစ်၊ စာသင်ချိန်၊ ဆရာများ အရည်အသွေး၊ မိဘများစီးပွားရေးစသည့် အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေ ပညာရေးနှင့် အလှမ်း ဝေးခဲ့ကြရသည်။ နိုင်ငံတော်က မည်မျှအကူအညီပေးသည်ဆိုစေ ကမ္ဘာမီးလောင် သားကောင် ချနင်းနေ သည့် မိဘတွေအများကြီးရှိနေသေးသည်။
နေရာတိုင်း၊ ဒေသတိုင်းတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရေးဆိုသည့် စီမံကိန်းဆန်ဆန် လက်တွေ့မကျသော ရွတ်ဆိုအကောင်အထည်ဖော်နေမှုများကို ကြားနေရသကဲ့သို့၊ လဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ပန်းကန်ဆေးနေရသည့် ကျောင်းနေ အရွယ်ကလေးများ၊ လူစည်ကားရာနေရာများတွင် ဈေးရောင်းနေရသည့် ကလေးများ၊ အိမ်များတွင် အိမ်ဖော်များအဖြစ် ကာလ ရှည်ကြာစွာ အကျဉ်းကျနေရသည့်ကလေးတွေ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လွတ်ကင်းကုန်ပြီလောဟု ပြန်ပြီး စစ်ကြောစရာရှိသည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေစေလိုလျှင် မိဘများ၏စီးပွားရေးနှင့် လူနေမှုဘ၀မြင့်မားရေး တို့ကိုလည်း ထည့်တွက်စဉ်းစားပေးရမည်ဖြစ်သည်။ အရွယ်ရောက်လာလျှင် ခိုင်းစားချင်သော မိဘများ စိတ်ဓာတ်နှင့် မခိုင်မာသောစီးပွားရေးစနစ်များကြောင့် ပညာရေးနှင့် အလှမ်းဝေးနေရသူများကိုတော့ စိတ်မကောင်း ဖြစ်မိသည်။
တင်ညွန့်
ဒီနေရာ  ကနေယူလာပါတယ်။

No comments:

Post a Comment

Ads 468x60px

Featured Posts