Saturday, May 12, 2012

ပြောပြချင်တဲ့ တပ်မတော်အရာရှိတစ်ယောက်အကြောင်း(၃)...(ဟာဂျူလီ.ကသာ)


အပိုင်း(၂)မှာတုန်းက ဗိုလ်မှူးကြီးမျိုးချစ်နဲ့ကျွန်တော်ပေါင်းပြီး ထောင်ထဲက အပြစ်မရှိတဲ့ တရားခံဦးမဲ(အသက်၆၅နှစ်)ကို ကယ်ထုတ်ခဲ့ပုံရေးပါဦးမယ်လို့
ပြောခဲ့တယ်နော်၊အပြစ်မရှိပဲ ထောင်ထဲရောက်သွားတဲ့ဦးမဲ ကယ်ခဲ့တဲ့နေရာမှာ မတရားတာကို ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်ဝင်ပါတတ်တဲ့ ကျွန်တော်ရဲ့စွမ်း
ဆောင်နိုင်မှုထက် ဒေသအာဏာပိုင်ဗိုလ်မှူးကြီးမျိုးချစ်ရဲ့ကိုယ်ချင်းစာစိတ်ကြောင့်လို့ပဲပြောရမှာပါ
ဒီဖြစ်စဉ်မှာပါတဲ့ ဦးမဲဆိုတာ အခုထက်ထိမန္တလေးမှာ

သက်ရှိထင်ရှားရှိနေပါတယ်၊ပွဲရုံဖွင့်ထားတဲ့အတွက် ဦးမဲကို စုံစမ်းရတာ မခက်ပါဘူး၊ကျွန်တော်ရေးတဲ့ဖြစ်ရပ်မှန်ကို သံသယရှိသူများ စုံစမ်းနိုင်အောင်လို့ပါ၊
ဖြစ်ပုံကဒီလိုပါ၊အဲဒီအချိန်က မြန်မာနိုင်ငံမှာဂျာနယ်ပြန်လည် ထုတ်ဝေခွင့်ပြုစအချိန်၊ကျွန်တော်က မှုခင်းသတင်းထောက်ပါ၊အဲ.အဲ..မှုခင်းသတင်းထောက်ဆို
တာ လေးရှင်းပြရဦးမယ်၊ခုခေတ်လို ရဲတွေရဲ့လုပ်ဆောင်မှုတွေသာအသားပေးရေးတဲ့ မှုခင်းသတင်းထောက်လိုမျိုး ရဲသတင်းပေးလိုမျိုးမဟုတ်ပါဘူး၊ ကျွန်တော်
မှုခင်းထောက်လုပ်ခဲ့တာဟာ ရဲတွေရဲ့ ညံ့ဖျင်းမှုတွေရှိရင်လည်း မညာမတာ ပယ်ပယ်နှယ်နှယ်ရေးတဲ့ မှုခင်းသတင်းထောက်ပါ၊အဲဒီတော့ ရဲအကြီးအကဲတွေကအစ
ကျွန်တော့်ကို အတော်လေး လေးလေးစားစား(ဟန်ဆောင်လေးစားတာလည်းရှိမှာပေါ့)ရှိကြပါတယ်၊
ကျွန်တော်အလုပ်ကမှုခင်းသတင်းထောက်ဆိုတော့

မနက် တိုင်းလိုလို ရဲစခန်းသွား၊FIRဖတ်၊အချုပ်ခန်းနဘေးသွားပြီး ဟိုလိုလို ဒီလိုလိုနဲ့
ထူးခြားတဲ့တရားခံရှိ မရှိလေ့လာရပါတယ်၊ဒီနေရာမှ ကြုံလို့ပြောရဦးမယ်၊
ကျွန်တော်မှုခင်းသတင်းထောက်လုပ်တော့ ကျွန်တော်မှာ သတင်းပေး(၂)ယောက်ရှိပါတယ်၊ဆေးရုံမှာတစ်ယောက် ရဲစခန်းထဲနေထိုင်သူတစ်ယောက်ပါ၊
သူတို့(၂)ယောက်စလုံးဟာ စကားမပြောတတ်တဲ့ ရွှေအတွေပါ၊သူတို့ကို ဘယ်ရဲ ဘယ်ဆရာဝန်မှ ကျွန်တော်သတင်းပေးမှန်း မသိအောင်ကို သူတို့ကလည်း
သေသပ်ပါတယ်၊အလုပ်ကိုလည်း ဂရုတစိုက်လုပ်တတ်တော့ ဘာအမှုဖြစ်ဖြစ် ကျွန်တော်က ကြိုသိနေပါပြီ၊တစ်ခါတစ်ခါများဆိုရင် လူသတ်မှုဖြစ်တဲ့နေရာကို
ရဲထက်တောင် ကျွန်တော်က စောရောက်နေတတ်ပါတယ်၊ရဲမသိတဲ့ မျက်မြင်သက်သေတွေကိုလည်း ကျွန်တော်က ရတတ်ပါတယ်၊အဲဒါတွေဟာ သူတို့(၂)ယောက်ရဲ့
ကျေးဇူးကြောင့်ပါ၊ထားပါတော့၊တစ်ရက်မနက် ၁၀နာရီလောက် ထုံးစံအတိုင်းရဲစခန်းကို ကျွန်တော်ရောက်သွားပါတယ်၊ရဲစက္ကူဖတ်ပါတယ်၊ထူးထူးခြားခြား လူစိတ်
ဝင်စားစရာ အမှုမရှိလို့ အချုပ်ခန်းဘက်ကျွန်တော်ရောက်သွားတော့ အချုပ်ခန်းရှေ့မှာ ကျွန်တော်အိမ်နီးနားချင်း စက်ဘီးပြင်တဲက ကိုအုန်းမြင့်ဆိုတဲ့သူကို တွေ့ရပါတယ်၊
သူက ပြုံးပြလို့ ကျွန်တော်လည်းပြန်ပြီး ပြုံးပြဖြစ်ပါတယ်၊နောက်အချုပ်ခန်းထဲက တရားခံတွေလိုက်ကြည့်တော့ ကျွန်တော်အမျိုးသမီးရဲ့ ဈေးဆိုင်မှာ ဈေးဝယ်နေကြ
ဖေါက်သည် ဦးမဲဆိုသူကို တွေ့လိုက်ရပါတယ်၊ဦးမဲဟာ ကသာမြို့နယ်အစပ်က နန်းနွဲ့ရွာမှာနေပြီး ရိုးသားသူတစ်ယောက်ဖြစ်မှန်း နဂိုကတည်းက ကျွန်တော်သိပြီးသားပါ၊
သူ့အသက်က ၆၀ကျော်နေပါပြီ၊ “ဦးမဲ ဘာဖြစ်လို့ အချုပ်ထဲရောက်နေတာလဲ”
“မပြောချင်ပါဘူးဗျာ”
“ဟ.ပြောပါ၊ကျွန်တော်က သိချင်လို့ ၊”
“ဟိုက ဦးအုန်းမြင့်ကိုသာမေးပါဗျာ၊ကျွန်တော်ကိစ္စသူပဲလိုက်လုပ်ပေးနေတာ၊ကျွန်တော်ကတော့ အသက်၆၀ကျော်မှ အချုပ်ထဲရောက်ရတာကို ရှက်နေတာ၊ဘယ့်နှယ်ဗျာ
ဒီအသက်အရွယ်အထိ ဘယ်ရုံး ဘယ်ဂတ်မှ မရောက်ဖူးပါဘူး၊ရှက်လိုက်တာဗျာ..”
လို့ဖြေပါတယ်၊ဒါနဲ့ ကိုအုန်းမြင့်ကို လက်တို့ပြီးမေးရပါတယ်၊ဖြစ်ပုံကဒီလိုပါ၊မနေ့က ဦးမဲ ကသာကိုရောက်လာတယ်၊စက်ဘီးအသစ်တစ်စင်းလာဝယ်တာ၊နေ့လည်ပိုင်း
ဝယ်လို့ပြီးတော့ စက်ဘီးဆင်ပေးဖို့ ကိုအုန်းမြင့်ရဲ့ စက်ဘီးဆိုင်ကိုအပ်လိုက်တယ်၊ကိုအုန်းမြင့်က ညနေပိုင်းအထိ စက်ဘီးဆင်လို့ မပြီးဘူး၊အဲဒီမှာ ဦးမဲက ရွာပြန်ဖို့
အချိန်မရှိတော့တာနဲ့ ကိုအုန်းမြင့်စက်ဘီးပြင်ဆိုင်ရဲ့အပေါ်ထပ်က သီတဂူတည်းခိုခန်းမှာ တည်းလိုက်တယ်၊နေ့ချင်းပြန်ဖြစ်မယ်ထင်လို့ မှတ်ပုံတင်ယူမလာမိလို့
ကိုအုန်းမြင့်ကိုယ်တိုင် တည်းခိုခန်းမန်နေဂျာဆီ သွားအာမခံပြီး အပ်ပေးထားတာ၊ည(၁၀)နာရီလောက်မှာ ရဲက တည်းခိုခန်းတွေစစ်ပြီး မှတ်ပုံတင် မပါသူတွေကိုဖမ်း
တော့ ဦးမဲခမြာ တည်းခိုခန်းမှာ မအိပ်လိုက်ရပဲ အချုပ်ခန်းထဲအိပ်လိုက်ရရှာတာ၊မနက်ရောက်တော့ ရဲက အမှုဖွင့်ရော၊အာမခံလည်း မပေးဘူးဆိုတော့ ဦးမဲမှာ ဘာလုပ်
ရမှန်းမသိဘူးဖြစ်နေတာလို့ ကိုအုန်းမြင့်ကရှင်းပြပါတယ်၊ရဲစစ်ချက် တောင်းပြီး ကြည့်လိုက်တော့ ကိုအုန်းမြင့်ပြောတာမှန်နေတာကိုတွေ့ရတယ်၊အဲဒါနဲ့ စခန်းမှူးကို
သွားတွေ့ပြီး အာမခံပေးရမယ့် အမှုကို ဘာကြောင့်အာမခံမပေးရတာလဲဆိုတာ သွားမေးဖြစ်ပါတယ်၊စခန်းမှူးက မြို့နယ်မှူးရဲ့ အမိန့်အရမပေးတာလို့ဆိုပါတယ်၊ဒါနဲ့
မြို့နယ်မှူးကိုဖုန်းဆက်မေးပါတယ်၊မြို့နယ်မှူးကလည်း သူကိုယ်တိုင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ခ၀တရဲ့ အမိန့်အရ အာမခံမပေးတာလို့ပြောပြန်ပါတယ်၊ကျွန်တော် အတော်
ကျွဲမြီးတိုသွားပါတယ်၊ခင်ဗျားကိုယ်တိုင်စစ်ဆေးဖမ်းဆီးခဲ့တာဆိုရင် “ဟုတ်ပြီ ကျွန်တော်တစ်ခုမေးမယ်၊တည်းခိုခန်းမှာ မှတ်ပုံတင်မပါဘဲ တည်းတဲ့သူတွေကိုဖမ်းတယ်ဆိုရင်
မှတ်ပုံတင် မပါဘဲ တည်းခိုခွင့်ပြုတဲ့ တည်းခိုခန်းပိုင်ရှင်တွေ မန်နေဂျာတွေကိုရော ဘာကြောင့် မဖမ်းတာလဲ”ဖုန်းထဲကနေ မြို့နယ်မှူးအသံ အတော်ကြာကြာပျောက်သွားပါတယ်၊
ပြီးမှ“ဒါကတော့ နောက်ကို အစည်းအဝေးခေါ်ပြီး အရေးယူမှာပါ”လို့ပြန်ဖြေပါတယ်၊“ဒီကိစ္စကို ကျွန်တော်မကျေနပ်ဘူးဗျာ၊သီးမဲကို အာမခံရချင်တယ်၊ဘယ်လိုလုပ်ရင် ရမလဲ”
ဆိုတဲ့ ကျွန်တော့အမေးကို “ဒီလိုလုပ်ဗျာကိုဟာဂျူလီ၊ခ၀တက တာဝန်ရှိသူတစ်ယောက်ယောက်ခွင့်ပြုရင် ကျွန်တော်အာမခံပေးမယ်ဗျာ”လို့ပြန်ဖြေပါတယ်၊
ကျွန်တော်နာရီကြည့်လိုက်တော့ (၃)နာရီထိုးနေပြီ၊ခ၀တဥက္ကဌဗိုလ်မှူးကြီးမျိုးချစ်ဆီဖုန်းဆက်တော့ သူ့တပည့်တစ်ယောက်က လာကိုင်ပါတယ်၊ဗိုလ်မှူးကြီးအစည်းအဝေးခန်း
ထဲရောက်နေတယ်လို့ပြောပါတယ်၊ဒါနဲ့ ညနေ(၆)နာရီလောက်ဗိုလ်မှူးကြီးအိမ်ကိုကျွန်တော်သွားပါတယ်၊ကျွန်တော်ရောက်ပြီး
အတော်ကြာမှ ဗိုလ်မှူးကြီးမျိုးချစ် မာဇဒါဂျစ်

ကလေးနဲ့ရောက်လာပါတယ်၊အကျိုးအကြောင်းကို ကျွန်တော်ကရှင်းပြတော့ “ခက်တယ်ဗျာ၊ရဲတွေဟာ သူတို့လုပ်ချင်တာလုပ်ပြီးရင် ကျွန်တော်တို့ကိုလွှဲချတယ်၊နေဦး
ကျွန်တော်မြို့နယ်မှူးကိုဖုန်းဆက်လိုက်ဦးမယ်”ဆိုပြီးဖုန်းဆက်ပါတယ်၊သူပြောတဲ့အထဲမှာ
“ဥပဒေအရ အာမခံပေးလို့ရရင် ပေးပေါ့ဗျာ”ဆိုတာလည်းပါတယ်၊ခဏပြောပြီး

ဖုန်းချလိုက်တယ်၊“ကဲ ကိုဟာဂျူလီရေ၊အမှုကတော့ ဖွင့်ပြီးနေပြီတဲ့၊အာမခံပေးလို့ရပါတယ်တဲ့၊ကဲ..ခင်ဗျားလူကို သွားထုတ်လိုက်ပါဗျာ”လို့ကျွန်တော်ကိုပြောတယ်၊
“ဟ..ဘယ်ကလာကျွန်တော့်လူ ရမှာလဲဗိုလ်မှူးကြီးရ၊ကျွန်တော်က အပြစ်မရှိပဲ အချုပ်ထဲရောက်သွားတာကိုစာနာလို့ ၀င်ကူညီတာ”
“အေးပါဗျာ၊ကျွန်တော်က နောက်တာပါ၊အမှုကတော့ဖွင့်ပြီးပြီဆိုတော့ မနက်ဖြန်ရုံးချိန်းတော့ သွားရမှာ၊ရပါတယ်ဗျာ၊ဒါဏ်ငွေလောက်နဲ့ပြီးသွားမှာပါ”
ဒါနဲ့ ကျွန်တော်ရဲစခန်းပြန်ရောက်တော့ မြို့နယ်မှူးက အာမခံပေးဖို့ ဖုန်းဆက်ထားပြီဖြစ်တဲ့အကြောင်းစခန်းမှူးကပြောပါတယ်၊အာမခံကိစ္စလည်း
ရှောရှောရူရူပဲလုပ်ပေးပါတယ်၊

နောက်တစ်ရက်ရုံးချိန်မှာ စိတ်ချရအောင်ဆိုပြီး ဥပဒေအရာရှိဦးအေးကို အကျိုးအကြောင်းပြောပြပြီးတရားသူကြီးကိုလည်း သဘောပေါက်အောင်ပြောပြဖို့
အကူအညီတောင်းရ
ပါတယ်၊ညက အိပ်ရေးပျက်ပျက်နဲ့ နေအတော်မြင့်မှ အိပ်ယာက ထဖြစ်ပါတယ်၊နေ့လည်၂နာရီလောက်ရောက်တော့ ကိုအုန်းမြင့် မျက်နှာမသာမယာနဲ့
ရာက်လာပါတယ်၊
ကျွန်တော်ဆိုတဲ့အကောင်က အရိပ်သုံးပါးနားမလည်ဘဲ
“ဘယ်လိုလဲ အမှုကဒါဏ်ငွေနဲ့ ပြီးသွားပြီ မဟုတ်လားဆိုတော့”

“မပြီးဘူးဦးမဲအပါအ၀င် အားလုံးထောင်ထဲရောက်ကုန်ပြီ၊တရားသူကြီးက ခ၀တစီမံချက်မို့လို့ တစ်ရက်ထဲဆုံးဖြတ်လို့မရဘူးတဲ့၊ရမာန်ကြီးတစ်ပါတ်(၁၄)ရက်ထပ်ချိန်းလိုက်တယ်၊
ထောင်ထဲပို့လိုက်ကြပြီ”လို့ပြောပါတယ်၊ကျွန်တော်လည်း စက်ဘီးလေး ဒုန်းဆိုင်းနင်းပြီး ရုံးကြီးကို တက်သွားပါတယ်၊ဗိုလ်မှူးကြီးမျိုးချစ်ရုံခန်းထဲရောက်တော့ ခါတိုင်းလိုခွင့်တောင်
တောင်းမနေတော့ပဲ ဇွတ်ဝင်ချသွားပါတယ်၊ကျွန်တော်ကို မြင်မြင်ချင်းပဲ ဗိုလ်မှူးကြီးမျိုးချစ်က“ဘယ်လိုလဲ၊ခင်ဗျားပြောတဲ့လူတွေလွှတ်ကုန်ပြီမဟုတ်လား
ဒါဏ်ငွေ ဘယ်လောက်များ

တပ်လိုက်သလဲဗျ”လို့ဆီးမေးပါတယ်၊“ကဲဒီကိစ္စကြောင့်လာတာဗိုလ်မှူးကြီးရဲ့၊
ဗိုလ်မှူးကြီးလူတွေက ရမန်ကြီးတစ်ပါတ်ချိန်းပြီး ထောင်ထဲ ပို့လိုက်ကြပြီ”
“ ဟာ ဟုတ်ရဲ့လားဗျ”

“ဟုတ်လိုပဲ ကျွန်တော်လာခဲ့တာပေါ့”
လို့ကျွန်တော်ပြန်ဖြေလိုက်တော့ ဗိုလ်မှူးကြီးမျိုးချစ်ဖုန်းတွေ တစ်နေရာပြီးတစ်နေရာ ဆက်ပါတယ်၊ပြီးတော့မှ“လ၀ကခရိုင်မှူးရော၊မြို့နယ်မှူးရော

တရားသူကြီးရော အခုခေါ်ထားတယ်၊ခင်ဗျားလည်း နေဦး၊တော်ကြာ ကျွန်တော်ပါ သံသယ အ၀င်ခံနေရမယ်၊အတော်ဆိုးလိုက်တဲ့လူတွေဗျာ၊ကိုယ်ချင်းစာတရားကို မရှိကြဘူး၊”လို့
ပြောပါတယ်၊နာရီဝက်လောက်ကြာတော့ ဖုန်းဆက်ခေါ်ထားတဲ့သူတွေ အကုန်ရောက်လာပါတယ်၊ရောက်လာလာချင်းပဲဗိုလ်မှူးကြီးမျိုးချစ်က သူ့နောက်က
ကသာခရိုင်မြေပုံကို ပြ
ပြီး “ကိုဟာဂျူလီ.နန်းနွဲ့ရွာလေးကို ထောက်တံနဲ့ ထောက်ပြစမ်းပါ”လို့
ခိုင်းပါတယ်၊ကျွန်တော်က မဆိုင်းမတွထောက်ပြလိုက်တော့

“ခင်ဗျားတို့အားလုံးတွေ့လား၊နန်နွဲ့ရွာဟာကသာနဲ့ ကပ်ရက် ကလေးပဲဗျ၊
အဲဒီက အဖိုးကြီးတစ်ယောက် ကသာမှာ စက်ဘီးလာဝယ်လို့
ထောင်ထဲရောက်သွားရပြီ၊ကြားလို့
ကောင်းကြသေးရဲ့လား၊ပြောစမ်းမြို့နယ်မှူး၊
ခင်ဗျားအလုပ်တွေ တအားလုပ်နေတယ်ပေါ့၊ဟုတ်လား၊ ဒီလိုတည်းခိုခန်းစစ်ဖို့ဆိုရင် ခင်ဗျားသိပ်အလုပ်လုပ်တယ်ပေါ့”

“မဟုတ်ပါဘူးဗိုလ်မှူးကြီး၊ခ၀တစီမံချက်ကြောင့် ကျွန်တော်ကိုယ်တိုင်လိုက်သွားတာပါ၊
ကျွန်တော်နဲ့အတူ ခရိုင်လ၀ကဦးစီးမှူး ဦးဝင်းဦးလည်းပါပါတယ်”လို့ရဲ မြို့နယ်မှူးက

ဖြေတော့ ဗိုလ်မှူးကြီးမျိုးချစ်မျက်နှာမည်းကနဲဖြစ်သွားပြီး “ဘာဗျ၊ဘာ ခ၀တစီမံချက်လဲ၊ဒီခရိုင်မှာကျုပ် ရာထူး အကြီးဆုံး၊ကျုပ်တောင် မသိပဲ ဘာစီမံချက်လုပ်တာလဲ”
ပြောတော့ “ပြီးခဲ့တဲ့အပါတ် ခ၀တအစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ”လို့ ရုံးခန်းထဲမှာရှိနေတဲ့ တာဝန်ရှိသူတွေအားလုံးကပြောကြပါတယ်”အဲဒါနဲ့ ဗိုလ်မှူးကြီးမျိုးချစ်က သူ့စာရေးကို
အစည်းအဝေးမှတ်တမ်းယူခိုင်းပြီး ဖတ်ကြည့်တော့ ဟုတ်နေတာကိုတွေ့ရတယ်၊
အဲဒီလိုစစ်ဆေးဖို့ စီမံချက်ချတဲ့ အစည်းအဝေးမှာ ဗိုလ်မှူးကြီးမျိုးချစ်က တိုင်းရုံးကိုရောက်နေလို့

မတက်ဖြစ်ခဲ့ပါဘူး၊ဗိုလ်မှူးကြီးမျိုးချစ်က
“အေးပေါ့ဗျာ၊စီမံချက်ကြောင့်လုပ်တာဆိုရင်လည်း သက်သက်ညာညာလုပ်ကြပေါ့ဗျာ၊ကျုပ်တို့က ရွှေကြာဖေါ့ရိုးနဲ့ ရိုက်ပြီးဆုံးမဖို့ပြောတဲ့ဟာကို ခင်ဗျားတို့က တုတ်တိုနဲ့ရိုက်သတ်တာ
မျိုးတော့ ဘယ်ကောင်းပါ့မလဲ၊ကဲ ဦးဝင်းဦး ခင်ဗျားက ဒီအမှုမှာ တရားလိုဆိုတော့ မေးရဦးမယ်၊ဗန်းမောက်မြို့နယ်မှာ မှတ်ပုံတင်မလုပ်ပေးသေးတဲ့သူ
ဘယ်လောက်ရှိလဲ”

“မရှိပါဘူး၊အကုန်လုံးကို လုပ်ပေးပြီးပါပြီ”
“ခင်ဗျား မညာနဲ့၊ပြီးခဲ့တဲ့လက ကျုပ် ဗန်းမောက်ကိုရောက်ခဲ့တယ်၊ကျေးရွာ ယ၀တတွေက တိုင်ကြတယ်၊သူတို့ရွာတွေမှာ မှတ်ပုံ မလုပ်ပေးသေးတဲ့သူတွေ အများကြီးရှိနေတယ်တဲ့၊
အခု ခင်ဗျားကတော့ မှတ်ပုံတင်မလုပ်ပေးတဲ့သူ မရှိပါဘူးလို့ပြောတယ်၊ဒီတော့ကျွန်တော်ဒီကိစ္စကို အဖွဲ့ဖွဲ့ပြီး စစ်ခိုင်းမယ်၊ တကယ်လို့မှတ်ပုံတင် မလုပ်ပေးသေးတဲ့သူတွေ့ရင်
ခင်ဗျားကို အရေးယူမယ်၊ဘယ်လိုလဲ၊လက်ခံလား”လို့ ခပ်ထန်ထန်မေးတော့မှ ဦးဝင်းဦးက မျက်နှာပျက်ပျက်နဲ့..
“၄၀ရာခိုင်နှုန်းလောက်တော့ မလုပ်ရသေးပါဘူး”လို့ ၀န်ခံပါတယ်၊အဲဒီတော့ဗိုလ်မှူးကြီးမျိုးချစ်ကထပ်မေးပါတယ်၊
“ဟုတ်ပြီ.ဒါဆိုရင် မှတ်ပုံတင်မရှိတဲ့ ၄၀ရာခိုင်နှုန်းဟာ ခရီးမသွားရတော့ဘူးလား၊သူတို့ ဗန်းမောက်ကနေကျော်လာရင်ရော ခင်ဗျားတို့ ဖမ်းပြီးထောင်ချမှာပဲလား”
လ၀ကခရိုင်ဦးစီမှူးဦးဝင်းဦး ဘာမှမပြောနိုင်တော့၊ဗိုလ်မှူးကြီးမျိုးချစ်ရဲ့ မြားဦးက မြို့နယ်တရားသူကြီးဘက် လှည့်သွားပြန်ပါတယ်၊
“လုပ်ပါဦး တရားသူကြီးမင်းရဲ့၊ခင်ဗျားကရော မှတ်ပုံတင် မပါတဲ့ ဒါဏ်ငွေလောက်ရိုက်ရမယ့်
တရားခံကို အာမခံမပေးဘဲ ထောင်ထဲထည့်ပြီး ရမန်ကြီးတစ်ပါတ် ထပ်ချိန်းလိုက်တာဟာ

ဥပဒေနဲ့ညီရဲ့လား၊မိန့်စမ်းပါဦး”
တရားသူကြီးက ခပ်ငယ်ငယ်ပဲရှိပါသေးတယ်၊သူက ဥပဒေစာအုပ်ကို လှန်ပြီး တတွတ်တွတ်နဲ့ ခရားရေလွှတ်ဖတ်ပြပါတယ်၊အဲဒီလိုဖတ်ပြနေတာ အတော်ကြာလာတော့
ဗိုလ်မှူးကြီးမျိုးချစ်က “တော် တော်တော်.တော်ပါတော့ဗျာ၊ခင်ဗျားဖတ်ပြတဲ့ ဥပဒေတွေအသာထားလိုက်ပါ၊ဒီလူတွေ ထောင်ထဲရောက်သင့်သလား၊မရောက်သင့်ဘူးလား၊
ခင်ဗျားပြောစမ်းပါ”ဆိုတော့တရားသူကြီး ဘာသံမှ မထွက်တော့၊
“ကဲ ခင်ဗျားတို့ကို ကိုဟာဂျူလီက ပြောပြလိမ့်မယ်၊ခင်ဗျားတို့မှတ်ပုံတင်မပါဘဲ ခရီးသွားလို့ ထောင်ထဲရောကနေတဲ့တရားခံတွေအကြောင်းကို..ဆိုပြီး ကျွန်တော်ဘက် ဥိးတည်
ပေးပြန်ပါတယ်၊ကျွန်တော်ကလည်း အခုအမှုမှာ ပါတဲ့ တစ်ယောက်ချင်းစီရဲ့အကြောင်းတွေပြောပြပါတယ်၊(တရား၅ယောက်လုံးရဲ့ ဖြစ်စဉ်တွေ
မမှတ်မိတော့လို့ မှတ်မိသလောက်
ပြောရရင်)
“ဟုတ်ကဲ အဲဒီနေ့ညက မြစ်ဆိပ်မှာ မှတ်ပုံတင်မပါဘဲ မယောင်မလည်လုပ်လို့ဆိုပြီး
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးက ထီးချိုင့်ကပါ၊သူဟာ သူ့ယောက်ျားနဲ့ ထီးချိုင့်ဆိပ်ကမ်းမှာ
ရန်ဖြစ်ပါတယ်၊
(အဲဒီတုန်းကတော့ နာရီနဲ့ အတိအကျပြောနိုင်ခဲ့ပေမယ့် ခုတော့မေ့နေပါပြီ)
နောက်တော့ သင်္ဘောပေါ်တက်ပုန်းပါတယ်၊သင်္ဘောထွက်လာတော့ ပါလာတယ
အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါ၊

ငွေလည်း ပါမလာပါဘူး၊နောက်ရက် ထီးချိုင်းကိုပြန်ဖို့ သင်္ဘော အစုံကို စောင့်နေရင်း
စစ်ဆေးရေးတွေရဲ့ အဖမ်းကိုခံလိုက်ရတာပါ၊နောက်တစ်ယောက်က ဗန်းမော်က
တက္ကသိုလ်ကျောင်းသား
လေးပါ၊.......လို့ခေါ်ပါတယ်၊သူဟာဗန်းမော်မြို့ကနေ
ကျောက်ထုံးကြီးရွာကသူ့အမျိုးတွေဆီ လာလည်တာပါ၊
အဲဒီလိုကျောက်ထုံးကြီးရွာရောက်တော့ ကသာနဲ့နီးနီးလေးပဲ ဆိုပြီး မှတ်ပုံတင်မယူပဲ

ကသာကိုလာလည်တာပါ၊ကသာမှာ ဟိုသွားဒီသွား သွားရင်းနဲ့ ပြန်စရာ မော်တော်လိုင်း မရှိတော့လို့ မော်တော်ဆိပ်နဲ့နီးတဲ့...တည်းခိုးခန်းမှာ မန်နေဂျာကိုပြောပြီးတည်းခိုရာကနေ
ဖမ်းခံရတာပါ၊
သူတို့အားလုံးဟာ မှတ်ပုံတင်ကို နောက်ပိုင်းမှာ ပြနိုင်ကြပါတယ်၊နောက်ဦးမဲ..ကတော့.ဆြို့ပီး....”
ပြောပြလိုက်ပါတယ်၊ကျွန်တော်စကားဆုံးသွားပြီး ထိုင်လိုက်တော ဗိုလ်မှူးကြီးမျိုးချစ်က
ဆက်ပြောပါတယ်၊
“ကဲ..သူတို့ကို ခင်ဗျားတို့ မှားပြီးထောင်ထဲက
ပို့လိုက်ကြပြီ၊ခု ခင်ဗျားတို့ ဘာလုပ်ပေးမလဲ” အားလုံးနှုတ်ဆိတ် နေကြပါတယ်၊
အတော်ကြာမှ တရားသူကြီးက

“နောက်ရုံးချိန်းကြရင် အပြီးသတ်လွှတ်ပေးလိုက်ပါ့မယ်ခင်ဗျာ”လို့ တရားခွင်ပေါ်မှာ ပြောလေ့ရှိတဲ့ လေသံနဲ့ဆန့်ကျင်တဲ့အသံနဲ့ ပြောပါတယ်၊
“ကဲဒါဆိုပြီးရော.သွားကြတော့၊အေး နောက်ရုံးချိန်းမှာ ဘာသံညာသံတွေကြားရလို့ကတော့
ခင်ဗျားတို့ မသက်သာဘူးသာ မှတ်ပေရော့”လို့လည်း ပြောလိုက်ရော သူတို့ အားလုံးဟာ

“နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်”ဆိုတာလိုပဲ မြန်မြန်ဆန်ဆန်ထွက်သွားကြပါတယ်၊
အများစုကတော့ ကျွန်တော်ကို ပေစောင်းစောင်းနဲ့ မကြည်မလင်ကြည့်သွားကြပါသေးတယ်၊

သူတို့အားလုံးထွက်သွားကြတော့ ဗိုလ်မှူးကြီးမျိုးချစ်ကသူ့အလုပ်သူလုပ်နေသလို
ကျွန်တော်ကလည်း ကျွန်တော့်အတွေးတောထဲမှာကျွန်တော် မျှောနေမိပါတယ်၊
လက်ရှိဖြစ်နေတဲ့
ခေတ်နဲ့ စနစ်အကြောင်းပါ၊
“ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးလုပ်သူတွေကို မတရားသဖြင့် အကျယ်ချုပ်တွေလုပ် ထောင်ထဲကိုသွင်းနေတာကို ကျွန်တော် ဘာမှ မပြောလို မပြောရဲ
မပြောချင်ပါဘူး၊
သူတို့ရဲ့ တစ်ပဲခြောက်ပြားဖိုးလောက် အာဏာလေး တည်မြဲချင်လို့
လုပ်တာပဲလို့ တွေးလို့ ရနိုင်ပါသေးတယ်၊အခု ထောင်ထဲရောက်ကုန်တဲ့သူတွေဟာ သာမန်ပြည်သူလူထုတွေ၊

ဘာပြစ်မှုမှ ကျူးလွန်ကြတာမဟုတ်၊မှတ်ပုံတင်လေး မယူလာမိတာနဲ့ အုဋ်ရိုးလေးဘက်ကြားမှာ သားကွဲကွဲသမီးခွဲခွဲ နေကြရရှာလေပြီ၊ဘယ်မှာများလဲ.လူတစ်ယောက်ရဲ့ ဘဝ
လုံခြုံရေး....”ကျွန်တော်အတွေးတွေ ဗိုလ်မှူးကြီးမျိုးချစ်ရဲ့ အသံကြောင့် လန့်ပျံကုန်ပါတယ်၊
“ဟေ့လူ ကိုဟာဂျူလီ၊ကျုပ်ရုံးဆင်းတော့မယ်၊ခင်ဗျားက ဘာလဲ၊ကျုပ်ရုံးခန်းထဲမှာ ညအိပ်မှာလားပြော၊အိပ်မယ်ဆိုလည်း စောင်တွေ ခြင်ထောင်တွေပို့ခိုင်းလိုက်မယ်၊
နေခဲ့တော့”လို့
စပါတယ်၊အဲဒီတော့မှ ကျွန်တော်ကလည်း“မဟုတ်ပါဘူးဗိုလ်မှူးကြီးရာ၊
ဦးမဲအကြောင်း စဉ်းစားနေတာ”

“ဟေ့လူ၊ဘာမှ စဉ်းစားမနေနဲ့။ခင်ဗျားလည်း အကောင်းဆုံးလုပ်ပေးခဲ့သလို ကျုပ်လည်း အလုပ်နိုင်ဆုံးလုပ်ပေးပြီးပြီ၊အခုဟာက ကျွံကုန်ပြီ၊ဘာမှလုပ်လို့ မရတော့ဘူး၊အလကားပါဗျာ၊
ဒီလူတွေ ဒီဘ၀မှာ မကောင်းခဲ့တဲ့လူတွေ နောက်ဘ၀ ဒင်းတို့ ၀ဋ်လည်လိမ့်မယ်”လို့
သူ့လူတွေကို ကျိန်းပါတယ်၊
ကျွန်တော်က“ မဟုတ်ဘူးဗိုလ်မှူးကြီးရဲ့၊ဦးမဲတို့
လူစု ကြီးထောင့်ကြီးမနဲ့ထောင်ထဲမှာ ပုံစံတွေ ပိုက်ဆံတွေပြပြီး
အရိုက်အနှက်ခံနေရမှာစိုးရတယ်၊ဒီတော့ ဗိုလ်မှူးကြီးကူညီလက်စနဲ့

ဆက်ပြီး တစ်ခုတော့ ကူညီပေးပါဦး”
“ခင်ဗျားကလည်း မပြီးတတ်ဘူး၊ပြော၊ဘာကူညီရမလဲ”
“ထောင်ပိုင်ပြီးကို ဖုန်းဆက်ပြီး မရိုက်မနှက်ဖို့ ပြောပေးပါလား”
“အေး.ဒါလည်း ဟုတ်တာပဲ”
ဆိုပြီး ဗိုလ်မှူးကြီးမျိုးချစ် ဖုန်းဆက်ပါတယ်၊သူပြောတာတွေကတော့ ဒီလူတွေ ထောင်ထဲကို မရောက်သင့်ပဲ ရောက်သွားသူတွေဖြစ်တဲ့အကြောင်း ကောင်းမွန်စွာ စောင့်ရှောက်ဖို့အကြောင်း
တွေပါ၊ဒီလိုနဲ့ ဗိုလ်မှူးကြီးမျိုးချစ်ရုံးခန်းကနေ ကျွန်တော်ပြန်လာတော့ စက်ဘီးနင်းရင်း ကျွန်တော် အတွေးတစ်ခုပေါ်လာလို့ အိမ်မပြန်သေးပဲ ထောင်ဘက်ကို သွားခဲ့ပါတယ်၊
အဲဒီအချိန်က ထောင်ပိုင်ကြီးကရှားရှားပါးပါး ဟိန္နူလူမျိုး၊သူနဲ့ကျွန်တော် စကားမပြောဘူးပေမယ့် မျက်မှန်းကတော့ တမ်းမိနေပါတယ်၊ကျွန်တော့်နာမည်ပြောပြီးတွေ့ခွင်းတောင်းလိုက်တော့
ထောင်ပိုင်ကြီးကိုယ်တိုင် ဗူးဝက ထွက်လာပြီးတွေ့ပါတယ်၊
“ထောင်ပိုင်ကြီးခင်ဗျား၊ဒီကနေ့ လ၀ကအက်နဲ့ ထောင်ထဲရောက်လာတဲ့ တရားခံတွေနဲ့ပါတ်သက်ပြီးလာတွေ့တာပါ”ဆိုတော့
“ဟုတ်ကဲ့၊ကိုဟာဂျူလီရေ၊ဗိုလ်မှူးကြီးလည်း ဖုန်းဆက်ပါတယ်၊ကျွန်တော်လည်းသူတို့
အမှုတွဲကြားရပြီး အတော်ကလေး အံ့သြနေတာ၊”

“ဟုတ်တယ်ဗျ..ဖြစ်တာက....ဒီလို”
ဆိုပြီးရှင်းပြလိုက်တော့ “ကဲကိုဟာဂျူလီခင်ဗျားစိတ်ချလက်ချပြန်ပါ၊ခင်ဗျားလူတွေအတွက်
ကျွန်တော် အတတ်နိုင်ဆုံးကူညီပေးပါမယ်”လို့ကတိပေးပါတယ်၊အဲဒီညက ညှဥ့်နက်မှ
ကျွန်တော်အိပ်
ပျော်သွားပါတယ်၊ဦးမဲတို့ အေကြာင်းအတွေးဆက်နေမိလို့ပါ၊
နောက်တစ်ရက်မနက် ၉နာရီလောက်မှာ ထောင်ပိုင်ကြီးက ကျွန်တော့ဆီကိုဖုန်းဆက်ပါတယ်၊

“ကိုဟာဂျူလီ၊ကျွန်တော်အခုပြောမယ့်ဟာကို ဘယ်သူ့ကိုမှ ကျွန်တော်ပြောတာလို့ မပြောပါနဲ့(အခုလည်း ရေးတာနော် ထောင်ပိုင်ကြီး၊ပြောတာမဟုတ်ဘူး)ခင်ဗျားရဲ့ လူတွေကို
ကြားရမန်ယူ
ပြီး ဒီကနေ့ရုံးပြန်ထုတ်ပြီး လွှတ်ပေးလို့ရတယ်၊ ဒါဟာ တရားသူကြီးတွေမှာ ဒီလုပ်ပိုင်ခွင့်ရှိတယ်၊အတော်များများတရားသူကြီးတွေတော့ ဒါမျိုးလုပ်လို့ရမှန်း မသိကြဘူး၊
ဒီတော့ ကျန်တာက
ခင်ဗျားအပိုင်း၊ ဘာလုပ်ရမယ်ဆိုတာ ခင်ဗျားသဘောပေါက်မှာပါ၊ တစ်ခုတော့ရှိတယ်၊ကျွန်တော်ပြောတာလို့ ဘယ်သူ့ကိုမှ မပြောပါနဲ့၊တရားသူကြီးတွေသိရင် မကောင်းဘူးဗျ”လို့ပြောပါတယ်၊
သူဖုန်းချသွားတဲ့နောက် ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကိုတွေးကြည့်ပါတယ်၊ဒီပြသနာကို ခရိုင်တရားသူကြီးကမေးလိုက်ရင်ရော ..မဖြစ်နိုင် ၊ခရိုင်တရားသူကြီး မရပါလို့ ဆိုလိုက်တာနဲ့
ဆက်ရန် ဇာတ်လမ်းပြတ်သွားမှာ စိုးရပြန်ပါတယ်၊ဒါနဲ့ ထုံးစံအတိုင်း ဗိုလ်မှူးကြီးမျိုးချစ်ဆီကိုပဲ ဖုန်းဆက်ဖြစ်ပါတယ်၊ပထမတော့ ကျွန်တော်ပြောတဲ့ ကြားရမန်ကိစ္စကို ဗိုလ်မှူးကြီးမျိုးချစ်က
သိပ်လက်မခံချင်၊တွန်းတွန်းတိုက်တိုက်ပြောမှ တရားရေးကို သူကိုယ်တိုင်မေးကြည့်ပါဦးမယ်လို့ ပြောပါတယ်၊နောက်တစ်နာရီလောက်ကြာတော့ ဗိုလ်မှူးကြီးကဖုန်းပြန်ဆက်ပါတယ်၊
ကြားရမန်ယူပြီးဒီကနေ့ ပြန်လွှတ်ပေးမယ့်အကြောင်းပါ၊တကယ်လည်း ညနေပိုင်းလောက်မှာ ၅ယောက်စလုံးပြန်လွှတ်လာပါတယ်၊ကျန်တဲ့လူတွေက ဘာ့အတွက်ောကာင့် သူတို့ ပြန်လွှတ်
လာကြမှန်း မသိပေမယ့် ဖြစ်စဉ်မှန်တွေကို သိနေတဲ့ ဦးမဲကတော့ ပုဆိုးလေးတစ်ထည်နဲ့ ကျွန်တော့်ဆီရောက်လာပါတယ်၊ကျွန်တော်က လက်မခံပါဘူး၊သူကလည်းဇွတ်ပေးချင်နေတယ်၊
သူထောင်ထဲရောက်စက ဖီးဖီးဖေါင်းဖေါင်းတွေ လုပ်ချင်ကြပေမယ့် ကျွန်တော် ထောင်ပိုင်ကြီးကို လာတွေ့သွားတယ်လို့ ကြားပြီးတဲ့နောက်ပိုင်း ရေချိုးတာကအစ သဘက်ကိုင်ပေးတဲ့သူနဲ့
ဆပ်ပြာကိုင်ပေးတဲ့သူနဲ့အဆင်ပြေခဲ့ကြောင်းပြောပြီး ပုဆိုးကိုဇွတ် ထိုးပေးပါတယ်၊ နောက်ဆုံးတော့သူ့ကို ကျွန်တော်ကပြောပါတယ်၊ဒီကိစ္စမှာ ကျွန်တော်တော်ဟာ သာမန်သတင်း
ထောက်တစ်ယောက်သာဖြစ်လို့ လေပဲကူညီနိုင်တဲ့အကြောင်း တကယ် ထိရောက်သွားရတာဟာ ဗိုလ်မှူးကြီးမျိုးချစ်ကြောင့်ဖြစ်တဲ့အကြောင်း ရှင်းပြပြီး ဗိုလ်မှူးကြီးမျိုးချစ်ဆီကိုသွားပေးဖို့
ပြောပြရပါတယ်၊အဲဒီလိုနဲ့ဦးမဲနဲ့ကျွန်တော် ဗိုလ်မှူးကြီးမျိုးချစ်ရဲ့အိမ်ကိုရောက်သွားပါတယ်၊ဟိုရောက်တော့လည်းပုဆိုးကို ဗိုလ်မှူးကြီးမျိုးချစ်ကလက်မခံပါဘူ၊အဓိက ကူညီသူဟာ ကိုဟာ
ဂျူလီဖြစ်နေလို့ သူ့ကိုပဲ ကန်တော့ဖို့ ပြောပါတယ်၊နောက်ဆုံးတော့ ကျွန်တော်လည်း တစ်ထည်လက်ခံထားပြီးပါပြီဆိုလို့ သူလည်း အားနာနာနဲ့ လက်ခံလိုက်ပါတော့တယ် ခင်ဗျား....
(ဟာဂျူလီ.ကသာ)
(အပိုင်း၎ ဆက်ရေးဖြစ်ရင်တော့ အသက်၅၀အရွယ်မှာပဲ ဗိုလ်မှူးကြီးမျိုးချစ် တပ်ကထွက်ခွင့် ဇွတ်တင်ပြီး ထွက်လိုက်တဲ့အကြောင်းရေးပါဦးမယ်၊လက်ရှိ ဒုဗိုလ်မှူးကြီးမျိုးချစ်(ငြိမ်း)ဟာတပ်ကထွက်ပြီး
ကလေးမြို့မှာခြံစိုက်စားနေပါတယ်၊ခြံစိုက်တယ်ဆိုတာ ဧရာမ စိုက်ပျိုးရေးကြီး မဟုတ်ပါ၊ကိုယ်တိုင် ခြံလုပ်သားအဖြစ် လုပ်ကိုင်စားသောက်နေတာပါ)

2 comments:

  1. စစ်သားတွေထဲမှာ၊ဗိုလ်မှူးကြီးမျိုးချစ်တို့လို့၊စစ်သားပြီသသော၊
    ကိုယ်ချင်းစာတရားရှိသော၊မတရားမှူ့ကိုမနှစ်သက်သော၊
    စစ်သားကြီးတွေကျနော်တို့တပ်မတော်မှာရှိခဲ့ဘူးတယ်၊ရှိနေသေး
    တယ်၊ဆက်လက်လဲရှိနေအုန်းမယ်ဆိုတာပြည်သူတွေသိအောင်
    များများရေးပေးပါဗျာ။

    ReplyDelete
  2. တွေ့ ရင်ပြောလိုက်ပါဗျာ အန်ကယ်ဦးမျိုးချစ် ကိုလေးစားလို့ပါဗျာ

    ReplyDelete

Ads 468x60px

Featured Posts