Friday, June 1, 2012

အမှန်တကယ်ဝေသော်မွှေး ကြွေသော်မွှေးရဲ့လား

ကျနော့်ဦးဏှောက်ထဲ မှတ်မှတ်ရရလေးစွဲမြဲနေသည့် ငယ်စဉ်တချိန်က ကြည့်ဖူးသည့်ဇာတ်ကားလေးနဲ့ အဲဒီဇာတ်ကားလေးထဲက စကားလုံးတချို့ကြောင့် စစ်သားဖြစ်ရမှာကို ပိုမိုလိုလားမိခဲ့ဖူးသည့်ဇာတ်ကားလေး ကို ယခုပြန်စဉ်းစားကြည့်မိသည်။ ယင်းဇာတ်ကားလေးကား အခြားမဟုတ် ဝေလည်းမွှေး ကြွေလည်းမွှေး ဆို သည့်ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် လူဆိုသည်မှာ သေမျိုးပင်ဖြစ်သည်။ အကြောင်းအမျိုးမျိုး ကြောင့်သေရမည်ဆိုရာဝယ် သစ်ပင်အောက်ထိုင်ရင်းလည်း သစ်ကိုင်းကျိုးကျသေနိုင်သည်၊ အိမ်ထဲထိုင်နေရင်း လဲ ကားတိုက်သေနိုင်သည် သည်တော့ သေမှာခြင်းအတူတူ တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ရင်းသေရတဲ့ စစ်သားဘဝက မွန်မြတ်သည် ဆိုသည့် အကယ်ဒမီကျော်ဟိန်းပြောတဲ့စကားလေးတခွန်းသည် ယနေ့တိုင်စွဲမြဲ နေမိသည်။ သို့သော်ကား သို့သော်ကား….. ယနေ့ ကျနော်တို့ ရှိနေကြတဲ့ တပ်မတော်သားတွေ ဝေနေကြပါ လျှက် အမှန်တကယ်မွှေးကြရဲ့လား….. တိုက်ပွဲမှာကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များကော ကြွေပြီးပါလျက် အမှန်တကယ်မွှေးခဲ့ပါသလား ဆိုသည်ကို ပြန်လည်သုံးသပ်ကြရတော့မည်ဖြစ်သည်။

          ယခင့်ယခင်ကတော့ ကျနော်တို့ တပ်မတော်သားတွေဟာ ကျူးကျော်လာတဲ့ တရုတ်ဖြူကျူးကျော်မှု၊ နယ်ချဲ့တိုင်းတပါးတို့ကို တိုက်ပွဲဝင်အသက်ပေးခဲ့ကြလေတော့ မိဘပြည်သူတို့၏ ရင်ခွင်ထဲတွင် ချစ်ကြည်ခြင်း ကိုခံစားကြရသည်။ ယနေ့လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိကြပါသည်။ သို့သော်ကား ယခင်လိုတော့မဟုတ်ချေ။ တဦးချင်း ရင်းနှီးပြီး တယောက်အကြောင်းတယောက်သိ၍သာ လေးစားသမှုရှိကြသော်လည်း တပ်မတော် တရပ်လုံးခြုံငုံလိုက်လျှင်တော့ စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဘူး ဆိုတဲ့အပြောမျိုးတွေနဲ့ အပြောခံနေကြ ရတယ်ဆိုတာ ကျနော်တို့ တပ်မတော်သား ညီအကိုတွေ ဘယ်လိုမှငြင်းပယ်လို့မရပါဘူး။ ပြည်သူ့ရင်ခွင်ကြားမှာ မွှေးဖို့အသာထား မိမိတို့ တပ်မတော်ခေါင်းဆောင်များနဲ့ တပ်မတော်ကြီးရဲ့ ရင်ခွင်မှာကို မွှေးကြရဲ့လားဆိုတာ စဉ်းစားရပါမယ်။ အသက်နဲ့ရင်းပြီးတိုက်နေရတဲ့ တိုက်ပွဲတွေမှာ ကိုယ့်အမျိုးသားချင်းဖြစ်နေတာက ဝမ်းနည်း စရာကောင်းလှပါတယ်။ တကယ်တော့ နိုင်ငံရေးအရ ဆွေးနွေးမှုလုပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်လို့ရပါလျက် ဘာလို့ စစ်ပွဲတွေဖန်တီးနေရပါသလဲ။
          ကချင်ပြည်နယ်က စစ်မြေပြင်ဆိုရင် ကြားရတဲ့ သတင်းမှန်သမျှ ဝမ်းနည်းစရာ။ KIA ဘက်ကကျတယ် ထိတယ်ဆိုလည်း ကိုယ့်သားချင်းတွေပါဘဲလေ။ တပ်မတော်သားတွေဘက်က ထိတယ် ကျတယ်ဆိုပြန်တော့ လည်း ကိုယ့်သားချင်းတွေပါဘဲ။ ဘယ်မှာ ဝမ်းသာစရာကောင်းပါ့မလဲ။ ကျူးကျော်ရန်စလာတဲ့ တိုင်းတပါးတပ် ကိုတိုက်ရင်း ကျဆုံးကြတယ်ဆိုရင်တော့ ဒီအသက်တွေက ဂုဏ်ယူစရာကောင်းပေမယ့် ကိုယ့်အမျိုးသားချင်း တိုက်တဲ့တိုက်ပွဲမှာ ကျဆုံးကြတဲ့ နှစ်ဖက် စစ်သည်ရဲဘော်များရဲ့ အသက်ဟာ တန်ဖိုးရှိတဲ့ ပေးဆပ်ခြင်းပါလား။ ဒီလိုတွေ ပေးဆပ်မှုက တန်ရဲ့လား။ နိုင်ငံတော်သမ္မတကြီးက တပ်မတော်ကို ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့၊ သာမန် လှည့်ကင်းလောက်ပဲလှုပ်ရှားဖို့၊ တိုက်ကင်းမထွက်ဖို့ ဆိုပြီး အမိန့်ထုတ် တဖက်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို ကျင်းပလုပ်ဆောင်နေပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ ထိုးစစ်ဆင်နေတယ်။ နိုင်ငံနိုင်ငံမှာ အကြီးအမှူးက ဘယ်သူပါလဲ။ ကျနော်တို့ဟာ ယခင် စစ်ကောင်စီအုပ်ချုပ်တဲ့ စနစ် ခေတ်မဟုတ် တော့ပါဘူး။
          ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်အရ သမ္မတကအုပ်ချုပ်တဲ့ခေတ်ကာလပါ။ တပ်မတော်ရဲ့ စစ်ရေးစစ်ရာနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်စီမံပိုင်ခွင့်ရှိတယ်ဆိုတာက တပ်ပြောင်းရွှေ့တာ ရာထူးခန့်အပ်တာ တပ်ကိုစီမံတာ စစ်ဆင်ရေးကိစ္စတွေလုပ်တာလောက်ပဲဖြစ်သင့်ပါတယ်။ ဒါတောင် ဒီလိုလုပ်ခြင်းတွေဟာ သမ္မတနဲ့တကွ အစိုးရအဖွဲ့၊ လွှတ်တော်တွေက ဆုံးဖြတ်လိုက်တဲ့ ကိစ္စတွေမှာ စီမံပိုင်ခွင့်ပါ။ သမ္မတက မတိုက်နဲ့လို့ အမိန့်ပေးထားတာကို စစ်ဆင်ရေးကိစ္စမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ စိတ်ကြိုက်စီမံနိုင်တယ်ဆိုပြီး တိုက်ဖို့မဟုတ်ပါဘူး။ ပေးထားတဲ့ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်ဟာ စည်းနဲ့ဘောင်နဲ့ ရှိပါတယ်။ နိုင်ငံရေးမှာ ငါတို့မပါဘူး ဒါပေမယ့် စစ်တိုက်တာ မတိုက်တာ ငါတို့အလုပ် ဆိုတဲ့ သဘောမျိုးသဘောထားနေမယ်ဆိုရင် တပ်မတော်သားညီအကိုတွေအနေနဲ့ စဉ်းစားကြရပါမယ်။ ဒီလိုသာဆို ရင် တချိန်က (ယနေ့ထိလည်းပြောနေကြသေးတဲ့) လက်ကိုင်တုတ် ဆိုတဲ့အပြောတွေ ပြောခံနေရမှာပါ။ ဘာလို့အပြောခံရတာလဲဆိုတာ တချိန်က မသဲကွဲပေမယ့် ခုချိန်မှာတော့သဲကွဲပါပြီ။
          ဘာလို့သဲကွဲတယ်လို့ပြောရဲတာလဲ။ နိုင်ငံတနိုင်ငံမှာ အမြင့်ဆုံး ရာထူးနဲ့ အာဏာပိုင်ဖြစ်တဲ့ သမ္မတအမိန့်ကို ဆန့်ကျင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မိန့်နဲ့ တိုက်နေမယ်ဆိုရင် ကျနော်တို့က နိုင်ငံတော်အတွက်တိုက်တာလား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အတွက် အလုပ်လုပ်တာလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်။ ဒီလိုပြောလို့ စစ်မိန့် ဆိုတဲ့ ပြင်းထန်တဲ့ အမိန့်သဘောတရားကို နားမလည်လို့မဟုတ်ပါဘူး။ စဉ်းစားစရာရှိတာကို ပြောတာပါ။ ကျနော်တို့တွေတချိန်ကပြောဖူးတယ်။ ငါတို့က လက်ကိုင်တုတ်မဟုတ်ဘူး။ အစိုးရအမိန့်ကို နာခံရတာ။ ဘယ်အစိုးရတက်တက် တက်တဲ့အစိုးရအမိန့်ကို နာခံရမှာဆိုတဲ့ စကားပေါ့။ ဒါဆို ခုချိန်မှာ သမ္မတဦးသိန်းစိန် အစိုးရတက်ချိန်မှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာကိုပိုင်ထားတဲ့ သမ္မတရဲ့ အမိန့်ကို လွန်ဆန်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ စစ်တိုက်နေမယ်ဆိုရင် ကျနော်တို့ ပြောခဲ့ကြတဲ့ စကားနဲ့ ကိုက်ညီရဲ့လားဆိုတာပါ။
          ဒီလိုအမိန့်ကိုမနာခံဘဲ တိုက်နေပြီး ကြွေလွင့်သွားတဲ့ စစ်သည်တွေ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေအ တွက် အမှန်တကယ်မွှေးနိုင်ပါ့မလား။ ဒီလိုအစိုးရအမိန့်ကို ဖီဆန်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမိန့်ကို နာခံနေကြတဲ့ တပ်မတော်သားတွေကကော ဝေနေလျက်နဲ့ မွှေးပါ့မလား။ လက်ရှိနိုင်ငံရေးအခြေအနေမှာ သမ္မတကြီးဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို သိသိသာသာ လုပ်ဆောင်နေလို့ ပြည်သူလူထု ကြားမှာ မွှေးပျံ့နေတယ်ဆိုတာ တပ်မတော်သားညီအကိုတွေအားလုံး အသိပဲဖြစ်ပါတယ်။ ဒီတော့ ပြည်သူ့ရင်ခွင်ကြားမှာ ဝေနေမွှေးနေတဲ့ သမ္မတကြီးရဲ့ အမိန့်ကို ဖီဆန်တိုက်ခိုက်နေတဲ့ ကျနော်တို့ တပ်မတော် သားတွေဟာ ပြည်သူ့ရင်ခွင်ကြားမှာ မွှေးနိုင်ပါ့မလား။ ဝေနိုင်ပါ့မလား။ 
(ဗိုလ်ရဲထက်)

No comments:

Post a Comment

Ads 468x60px

Featured Posts