Saturday, May 12, 2012

ပြောပြချင်တဲ့ တပ်မတော်အရာရှိတစ်ယောက်အကြောင်း(၂)...(ဟာဂျူလီ.ကသာ)

   အစိုးရပိုင်းကရော အကျင့်ပျက်ခြစားသူအတော်များများကပါ ကျွန်တော်တော်ကို  အဆိုးမြင်ဝါဒီ လို့ သမုတ်ချင်ကြတယ်၊သူတို့ ထင်ယောင်ထင်မှား ၀ိုးတ၀ါး ဖြစ်မယ်ဆိုရင်လည်း ဖြစ်ချင်စရာ၊
ကျွန်တော်ရေးတဲ့ စာတွေပဲဖတ်ဖတ် ကျွန်တော်ဆွဲတဲ့ ကာတွန်းတွေကိုပဲ ကြည့်ကြည့် ထောက်ပြဝေဖန်တာက အများသားကလား၊အခြားသော ဆရာသမားအများစုလို water follow,fish follow မျိုးက သိပ်မရှိ၊ရေးလိုက် ဆွဲလိုက်ရင် တုံးတုံးတစ်တစ်၊ဒီတော့လည်း
အာဏာပိုင်သူတွေက ကျွန်တော်လို လူမျိုး ဘယ်ကလာကြိုက်ပါ့မလဲနော့၊အမှန်အတိုင်းပြောရရင်
ကျွန်တော်တို့လည်း သူများမုန်းတဲ့စာမျိုး ဘယ်ကလာရေးချင်ပါ့မလဲ၊ထောင်နှုတ်ခမ်းလျှောက်နေ
ရတဲ့အလုပ် ၊ဆေးရုံကို မျက်စပစ်နေရတဲ့အလုပ်မျိုး ဘယ်လုပ်ချင် ရေးချင်ပါ့မလဲ၊သို့သော်လည်း
ခေတ်ကောင်း ခေတ်ပြောင်းဖို့ဆိုရင် ကျွန်တော်တို့လို မီဒီယာလိုင်းပေါ်က လူတွေဟာ ခေတ်ကို ထောက်နေရမယ်၊ပြနေရမယ်၊ဝေဖန်နေရမယ်လေ၊

ဆောင်းပါးပါ ဒုတိယဗိုလ်မှူးကြီး မျိုးချစ်

အားလုံးကောင်းကြပါသည်ခင်ဗျား လိုက်လုပ်နေလို့ ဘယ်ရပါ့မလဲ၊ဒီတော့ ဒီအလုပ်ကို
အရင်ကလည်း လုပ်ခဲ့တယ်၊အခုလည်းလုပ်နေတယ်၊နောက်ကိုလည်း လုပ်နေရဦးမှာပဲ၊
ဒါနဲ့ပါတ်သက်ပြီး လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တစ်ယောက်ကို ကျွန်တော်ပြောဖူးတာလေးမှတ်မိနေပါသေးတယ်၊
အဲဒီအချိန်က သူဟာ ကျွန်တော်အိမ်လာပြီး ဂျာနယ်တွေထဲမှာပါတဲ့ ကျွန်တော်စာလေးတွေဖတ်
ပြီးရင် သဘောတွေကျနေတတ်တယ်လေ၊ တစ်ရက်တော့ သူ့ကိုကျွန်တော်ပြောဖြစ်ပါတယ်
“အခုအချိန်မှာတော့ ခင်ဗျားက ကျွန်တော်စာတွေသဘောကျမှာပဲ ကြိုက်နေမှာပဲ၊အေး  တစ်ချိန်
ခင်ဗျားတို့ အာဏာတွေရကောင်းရလာမှာ၊ အဲဒီအခါ
ခင်ဗျားတို့အထဲမှာ ရုံးလုပ်ငန်း မကျွမ်းကျင်တာတွေ၊အဖါးမခံဖူးတော့ အဖါးခံရတဲ့ဒါဏ်တွေ မခံနိုင်တာတွေကြောင့် ကမောက်ကမတွေ အလွဲအချော်တွေ ဖြစ်ကြဦးမှာ
၊အဲဒီအခါ ကျွန်တော်တို့က ထောက်ပြဝေဖန် ရေးသားရဦးမှာ၊
အဲဒီအခါ ခင်ဗျားတို့က ဒီကောင်တွေ ငါတို့ကို အဆိုးမြင်တယ်လို့ ထင်ကြဦးမှာ၊မုန်းကြဦးမှာ၊ကျွန်တော်ဆိုတဲ့ကောင်ကလည်း ဘယ်ပါတီ ဘယ်အစိုးရတက်တက်
လူထုဘက်ရပ်တည်တဲ့ စာရေးဆရာဆိုတော့  ဘယ်ပါတီ ဘယ်အစိုးရထဲမှ ၀င်လုပ်မယ့်ကောင် ရာထူးယူမယ့်ကောင်မဟုတ်ဘူး”လို့ပြောဖူးပါတယ်၊ထားပါတော့လေ၊ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ထောက်ပြဝေဖန်ရေးသားတာတွေဟာအစိုးရကို မုန်းလို့ မဟုတ်ဘူး ခေတ်ကို ကောင်းစေချင်လို့၊ဒီတော့ ကောင်းတာလေးတွေလည်းရေးရမယ်၊ဒါကြောင့် လူမုန်းများခဲ့တဲ့ ရဲတွေ တပ်တွေထဲမှာ ကောင်းတဲ့သူတွေအကြောင်းရေးရမယ်၊
ဒါမျိုးရေးတာဟာ ကိုယ့်အတ္တအတွက် ဖါးတာမဟုတ်ဘူး၊ဖါးရအောင်လည်း
ကျွန်တော်ရေးတဲ့သူတွေဟာ ကိုယ့်ကို အခွင့်အရေး ပေးနိုင်ဖို့နေနေသာသာ၊သူတို့
(အထူးသဖြင့် အခုရေးနေတဲ့ပုဂ္ဂိုလ်)တောင် စားဖို့ဝတ်ဖို့ အနိုင်နိုင်..ဖြစ်နေကြတဲ့ ပင်စင်စားတွေ။
ဒါကြောင့် သူတို့အကြောင်း ကျွန်တော်ရေးရတာ စိတ်သန့်တယ်၊စိတ်ရှင်းတယ်၊
  ကဲ ဒုတိယ ဗိုလ်မှူးကြီးမျိုးချစ်အကြောင်း အပိုင်း(၂)ကလေးဆက်လိုက်ကြရအောင်..၊
သူဟာ ကသာခရိုင်မှာ (၂)ခါပြန်ပြီး ခ၀တဥက္ကဌ လုပ်ဖူးတယ်၊ပထမတစ်ခါ ခ၀တဥက္ကဌ
တာဝန်ယူတုန်းကအကြောင်းကို ကျွန်တော်အခုတွေကို အခုရေးနေတာ
၊နောက်တစ်ခေါက် ကသာပြန်ရောက်လာတဲ့အကြောင်းတွေလည်း ဖတ်ချင်သူရှိရင် နောက်တော့မှရေးဦးမယ်၊အခုတော့ ပထမအကြိမ်  ခ၀တ
ဥက္ကဌ အဖြစ်ရောက်ခဲ့တုန်းကအကြောင်းအရာတွေ ဖတ်ကြည့်ကြပါဦး၊ဒီနေရာမှာတစ်ခုတော့ပြောရဦးမယ်၊ကျွန်တော်ရေးတဲ့ ဆောင်းပါးတွေမှာ လူနာမည်တွေကို အတိအကျပဲ ထည့်ရေးတယ်၊ဘာဖြစ်လို့အဲဒီလို
ထည့်ရေးရတာလည်းဆိုတော့ အချို့က လုပ်ကြံဖန်တီးပြီးရေးတယ်ထင်နေကြမှာစိုးလို့၊
သိပ်ပြီး နာမည်ပျက်မယ့်ကိစ္စမျိုးတွေမှာတော့ နာမည်ကိုချန်ထားလိုက်မှာပါ၊
 တစ်ရက်က မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံကိုဝင်းနိုင်ထွန်းဆိုတဲ့သူနဲ့ ကျွန်တော်ပန်းနုရောင်လ္ဘက်ရည်ဆိုင်မှာ ဆုံဖြစ်တယ်၊တွေ့တွေ့ချင်းပဲ“ကိုဂျူရေ.ပြောရဦးမယ်၊
မနေ့က ခ၀တကကျွန်တော့်ကို အစည်းအဝေးခေါ်တယ်ဗျ၊
အစည်းအဝေးမစခင်မှာ မ၀တဥက္ကဌက ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြောတယ်
၊ဒီကနေ့ အစည်းအဝေးမှာ ခ၀တဥက္ကဌက မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ
ဝင်းထဲမှာ  မြ၀တီထပ်ဆင့်လွှင့်စက်ထပ်ပြီးထောင်ချင်တယ်၊ဖြစ်မလားမေးရင် မဖြစ်ဘူးလို့ဖြေ
၊နို့မဟုတ်ရင် ငါတို့ အလုပ်ရှုပ်နေဦးမယ်တဲ့၊ကျွန်တော်လည်း အစည်းအဝေးမှာ ခ၀တဥက္ကဌက
မေးတော့မ၀တသင်တဲ့အတိုင်း မရဘူးလို့ဖြေလိုက်တယ်”လို့ပြောလာပါတယ်၊အဲဒီအချိန်က ကသာမှာ မြန်မာ့ရုပ်သံပဲကြည့်လို့ရတာ၊မြ၀တီကြည့်လို့ မရဘူး၊ဒါကြောင့်ခ၀တဥက္ကဌ
ဒုဗိုလ်မှူးကြီးမျိုးချစ်က ကသာ ကလူတွေကို မြ၀တီကြည့်ရအောင် လုပ်ပေးချင်တာကို ကျွန်တော်က သဘောပေါက်တဲ့အတွက်“နေပါဦးဗျကိုနိုင်ရ၊မ၀တဥက္ကဌက မမှာထားဘူးဆိုရင်ရော မြ၀တီထပ်ဆင့်လွှင့်စက်ကို ခင်ဗျားတို့ မြန်မာ့
ရုပ်သံဝင်းထဲမှာ လုပ်လို့ရမှာလား”လို့ပြန်မေးပါတယ်၊ကိုဝင်းနိုင်ထွန်းက “ဟာ ကိုဂျူကလည်း ဘာခက်တာမှတ်လို့၊ထပ်ဆင့်လွှင့်စက်ကလေးထောင်ပြီး လွှင့်တဲ့အချိန်မြ၀တီစက်ဖွင့်ပေးထားလိုက်ရုံပဲ
ဟာကို၊လွယ်ပါတယ်ဗျ၊ကျွန်တော်လည်း ကသာသားပဲ၊ကိုယ့်မြို့ကလူတွေကို မြ၀တီဇာတ်လမ်းတွဲတွေ သိပ်ကြည့်စေချင်တာ၊မြန်မာစာတမ်းထိုး ဇာတ်ကားတွေသိပ်ကောင်းတာလို့ပြောပါတယ်”
ကျွန်တော်လည်း ဘယ်ရမလဲ၊အိမ်ပြန်ရောက်ရောက်ချင်း ဗိုလ်မှူးကြီးမျိုးချစ်ဆီဖုန်းဆက်ပါတယ်၊
“ကိုဟာဂျူလီ..ပြော၊ဘာရှိလဲ”
“ဗိုလ်မှူးကြီးတို့ မနေ့က အစည်းအဝေးလုပ်တယ်မဟုတ်လား”
“ဟုတ်တယ်လေ”
“အဲဒီအစည်းအဝေးမှာ ဗိုလ်မှူးကြီးကမြန်မာ့ရုပ်သံတာဝန်ခံကို  မြ၀တီထပ်ဆင့်လွှင့်စက် ထောင်လို့ဖြစ် မဖြစ်မေးတယ်မဟုတ်လား”
ဗိုလ်မှူးကြီးမျိုးချစ် အတော်အံသြသွားပါတယ်၊
“ခင်ဗျားကလည်း သိလှပါလား”
“နေဦး မပြီးသေးဘူး၊အဲဒီလိုမေးတော့ မြန်မာ့ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံက မရပါဘူးလို့ဖြေတယ်မဟုတ်လား”
“ဟ.ကိုဟာဂျူလီခင်ဗျားသိတာတွေ လွန်လာပြီနော်”
“ထားပါဦး၊ကျွန်တော်ဆက်ပြောပါဦးမယ်၊အဲဒီလိုမေးတော့ တာဝန်ခံက မရဘူးလို့ ဘာဖြစ်လို့ပြောတာလဲရောသိလား”
“မရလို့ မရဘူးပြောတာမဟုတ်ဘူးလား”
“မဟုတ်ဘူး၊အစည်းအဝေးမစခင်မှာ ဗိုလ်မှူးကြီးရဲ့လူ မ၀တဥက္ကဌက မရဘူးပြောခိုင်းလို့ပြောရတာ”
“ဒါဖြင့် လုပ်ရင် ရတယ်ပေါ့”
“ရတာပေါ့”
“ဟာဗျာ၊ဒီလူတွေ အတော်ခက်တဲ့လူတွေဗျ၊ကျွန်တော်က မြို့ကလူတွေ အတွက်လုပ်ပေးချင်တာ၊ဒီလူတွေက ကျွန်တော်လက်ထက်မှာ ဘာမှ မလုပ်ပေးချင်ဘူး၊ဘာဖြစ်လို့လည်းဆိုရင် ဖွံ့ဖြိုးရေးလုပ်
တဲ့နေရာမှာ ကျွန်တော်လည်း မစားဘူး၊အောက်က မ၀တတွေလည်း မစားနဲ့လို့ ပြောထားတာ၊သူတို့က သူတို့ မစားရတော့ မလုပ်ချင်ကြဘူး၊နေပါဦး ခင်ဗျားသတင်းက တိကျရဲ့လား၊ဒီသတင်း
အတွက် ရှင်းနိုင်လား”
“ဟာ သိပ်ရှင်းနိုင်တာပေါ့ဗိုလ်မှူးကြီးရာ”
ဒီလိုနဲ့ နောက်တစ်မနက် (၁၀)နာရီလောက်မှာပဲ ခ၀တဥက္ကဌဗိုလ်မှူးကြီးမျိုးချစ်ဆီက ဖုန်းဝင်လာပါတယ်၊
“ကိုဟာဂျူလီ.အခုအားလား”
“ဘာရှိလို့လဲ”
“အားရင် ကျွန်တော်ရုံးခန်းကို ခဏလာပေးပါ၊မနေ့က ခင်ဗျားပြောတဲ့ ကိစ္စလေးရှင်းချင်လို့”
ဒါနဲ့ ကျွန်တော်လည်း စက်ဘီးလေးစီးပြီး ဗိုလ်မှူးကြီးမျိုးချစ်ရဲ့ ရုံးပေါ်တက်ခဲ့ပါတယ်၊သူရုံးခန်းရောက်တော့ ခ၀တအတွင်းရေးမှူးရော မ၀တဥက္ကဌရောရှိနေကြပါတယ်၊မ၀တဥက္ကဌကတော့ မျက်နှာ
တွေပျက်လို့၊ကျွန်တော့်ထိုင်ထိုင်ချင်းပဲ“ကိုဟာဂျူလီ မနေ့ကပြောတာလေး ပြန်ပြောပါဦး”ဆိုလို့  မ၀တဥက္ကဌကိုမျက်နှာပူပူနဲ့ပဲ အမှန်အတိုင်းအကုန်ပြောချလိုက်ပါတယ်၊ မ၀တဥက္ကဌမျက်နှာပျက်ပျက်နဲ့
“မဟုတ်ဘူးမဟုတ်ဘူး၊ကျွန်တော်မပြောဘူး”လို့အကြောက်အကန်ငြင်းပါတယ်၊ဒီနေရာမှာ  ခ၀တဥက္ကဌရော အတွင်းရေးမှူးရောက “ကိုဟာဂျူလီ ဘာသက်သေပြမလဲ”တဲ့၊ဒီနေရာမှာကျွန်တော်သို
ဝှက်ထားလို့ မရတော့ပါဘူး၊မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံကို ခေါ်မေးဖို့ ပြောရပါတော့တယ်၊ မ၀တဥက္ကဌက ကျွန်တော်ခေါ်လိုက်ပါမယ်ဆိုပြီး ထိုင်ခုံပေါ်ကထတော့ ဗိုလ်မှူးကြီးက ခင်ဗျား
မခေါ်နဲ့ဆိုပြီး ခ၀တစာရေးတစ်ယောက်ကို သွားခေါ်ခိုင်းပါတယ်၊မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံရောက်မလာခင် မ၀တဥက္ကဌထထွက်သွားတော့ ဗိုလ်မှူးကြီးက ကျွန်တော့ကို မျက်စပစ်ပြပါတယ်၊
ခဏကြာတော့မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံရောက်လာပါတယ်၊ မ၀တဥက္ကဌလည်းနောက်က ပါတယ်၊အဲဒီမှာ ကျွန်တော်က“မနေ့တုန်းက ကိုနိုင်ကို အစည်းအဝေးမစခင်  မ၀တဥက္ကဌက
ဘာပြောလဲ”မေးပါတယ်၊မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံကိုနိုင်က ဒီမေးခွန်းကို ကြိုသိထားသလိုပါပဲ၊“ဘာမှ မပြောထားပါဘူး”လို့ မျက်နှာပြောင်ပြောင်နဲ့ ဗြောင်ငြင်းပါတယ်၊ကျွန်တော်
ခေါင်းနှဘန်းတွေကြီးသွားပါတယ်၊သက်သေအဖြစ် အသံသွင်းထားတာကလည်း ကျွန်တော့်မှာ ဘာမှမရှိ၊ထိပ်တိုက်ဖြစ်နေရတာက ဒေသအာဏာပိုင်တွေနဲ့၊ကျွန်တော် ခေါင်းမထောင်ရဲတော့ပါဘူး၊
“ခင်ဗျားမနေ့က ကျွန်တော့်ကို ပန်းနုရောင်လ္ဘက်ရည်ဆိုင်ထဲမှာ တိုးတိုးတိတ်တိတ်ခေါ်ပြောခဲ့တယ်လေ”
“ကိုဂျူ အကြားမှားတာဖြစ်ပါလိမ့်မယ်”
ကျွန်တော် ဘာပြောရမယ်မှန်းမသိတော့၊ရုံးခန်းထဲ ရှိသမျှလူတွေလည်း ငြိမ်ကုန်ပါတယ်၊ခဏအကြာမှာ ဗိုလ်မှူးကြီး “ကဲ ဒါဆို အားလုံးအရှေ့မှာ ငါပြန်မေးမယ်၊မြ၀တီ ထပ်ဆင့်လွှင့်စက်ကို မင်းတို့
မြန်မာ့ရုပ်သံထပ်ဆင့်လွှင့်စက်ရုံဝင်းထဲမှာ လုပ်ချင်တယ်၊ဖြစ်မလား”လို့မေးပါတယ်၊
“ဖြစ်ပါတယ်ဗိုလ်မှူးကြီး”
“ဒါဆို မနေ့ကတော့ ဘာဖြစ်လို့မရဘူးလို့ပြောရတာလဲ”
“သြော်ဒါက  ကျွန်တော်တို့ ဌာနကတော့ခွင့်မပြုပါဘူး၊ဒါပေမယ့် ဗိုလ်မှူးကြီးလုပ်ချင်ရင်တော့ လုပ်လို့ရပါတယ်”
ဗိုလ်မှူးကြီးတွေသွားပါတယ်၊
“ဒါကဘာစကားလဲဗျ၊ခင်ဗျားတို့ဌာနက ခွင့်မပြုဘူးဆိုမှတော့ကျွန်တော်က ဘာကြောင့် လုပ်လို့ ရရမှာလဲ”
“မဟုတ်ပါဘူးခင်ဗျ၊ဌာနကမှာထားပါတယ်၊ ဒေသအာဏာပိုင်တွေလုပ်ချင်တာရှိရင် လုပ်ပေးလိုက်လို့”
“ခင်ဗျားက ကျွန်တော့်ကို ဘာအောက်မေ့လို့လဲ၊ဌာနက ခွင့်မပြုတဲ့အလုပ်ကို ကျွန်တော်ဘယ်တော့မှ အာဏာသုံးပြီးမလုပ်ဘူး၊ဥပမာပေါ့ဗျာ၊ခင်ဗျားအိမ် အပေါ်ထပ်မှာ ဘုရားစင်ရှိနေတဲ့အတွက်
အိမ်ပေါ်တွင် ဖိနပ်မစီးရလို့ခင်ဗျားကရေးထားမယ်၊ကျွန်တော်က ဖိနပ်စီးပြီးတက်မယ်ဆိုရင် ခင်ဗျားခွင့်ပြုမလား”
ကိုနိုင်က မဆိုင်းမတွပဲ “ခွင့်ပြုပါတယ်ခင်ဗျ”လို့ဖြေပါတယ်၊ဗိုလ်မှူးကြီး ဒေါသထွက်သွားပါတယ်၊
“ဟ၊ဘာဖြစ်လို့ခွင့်ပြုရမှာလဲဗျ၊ခင်ဗျားအိမ်မှာ ခင်ဗျားစည်းကမ်းကို အားလုံးလိုက်နာရမှာပေါ့၊အဲဒီလိုပဲ ခင်ဗျားဌာနစည်းကမ်းကိုလည်း အားလုံးကလိုက်နာကြရမှာပဲ၊တော်ပြီ၊ကျွန်တော်ပြောမယ်
 ခင်ဗျားတို့ ဌာနကခွင့်မပြုတာကို ကျွန်တော်မလုပ်တော့ဘူး၊မ၀တဥက္ကဌကိစ္စပြန်ဆက်ရရင် ခင်ဗျား မပြောဘူးဆိုတာ လိမ်နေတာမှန်းကျွန်တော်သိတယ်၊ကိုဟာဂျူလီကို ကျွန်တော်ယုံတယ်၊
ခင်ဗျား မပြောပဲ သူမပြောဘူး၊ဒီတော့မ၀တဥက္ကဌ၊ခင်ဗျား စက်ရုံတာဝန်ခံကို စစ်ဆေးအရေးယူပါ၊”လို့ပြောပါတယ်၊သူ့ရုံးခန်းထဲက တာဝန်ရှိသူတွေအကုန်ထွက်သွားပြီး ဗိုလ်မှူးကြီးမျိုးချစ်နဲ့
ကျွန်တော်(၂)ယောက်ထဲကျန်တဲ့အချိန်မှာ လေသံတိုးတိုးနဲ့“ခင်ဗျားလူက အလကားလူပဲဗျ၊သူကသာ မ၀တဥက္ကဌပြောပါတယ်ဆိုရင် မ၀တဥက္ကဌကို ကျွန်တော်အရေးယူဖို့ဆုံးဖြတ်ထားတာ၊
အလကား သိပ်ကြောက်တတ်တဲ့လူပဲ”ပြောပါတယ်၊ကျွန်တော်က ဗိုလ်မှူးကြီးပြောတာကို ဘာမှပြန်မပြောပဲကျွန်တော်စိုးရိမ်နေတဲ့ကိစ္စတစ်ခုကိုပဲ ပြောဖြစ်ပါတယ်၊
“အဲဒါက အရေးမကြီးဘူးဗိုလ်မှူးကြီးရဲ့၊မ၀တဥက္ကဌက အရေးယူလိုက်ရင် ၀န်ထမ်းခမြာ အလုပ်တွေဘာတွေထိခိုက်ကုန်မှာ စိုးရတယ်”
“ကိုဟာဂျူလီရယ်.ခင်ဗျားမှာလည်း ရိုးလိုက်တာ၊ဘယ်ကလာမ၀တဥက္ကဌက အရေးယူပါ့မလဲ၊သူပြောထားတဲ့ဟာပဲ၊အရေးယူလိုက်ရင် သူ့ဘက် မျှားဦးပြန်လှည့်လာမှာပေါ့”လို့ပြောပါတယ်၊
ဗိုလ်မှူးကြီးပြောတဲ့ အတိုင်းပါပဲ၊နောက်ဆုံးတော့ ဘယ်သူမှ ဘာမှ မဖြစ်ပဲပြီးသွားခဲ့ပါတော့တယ်၊
                                                                                                                                             ဟာဂျူလီ(ကသာ)
 (အပိုင်း(၃)မှ ဗိုလ်မှူးကြီးမျိုးချစ်နဲ့ကျွန်တော်ပေါင်းပြီး ထောင်ထဲက အပြစ်မရှိတဲ့ တရားခံဦးမဲ(အသက်၆၅နှစ်)ကို ကယ်ထုတ်ခဲ့ပုံရေးပါဦးမယ်)

2 comments:

  1. ရေတပ်မှာလည်း ရိုးသားနှိမ့်ချသူလို့ လူသိများတဲ့ ဗိုလ်မှူးကြီး မြင့်သိန်း (ရလခ မှူး) ရှိပါတယ်။ ကျနော်သူ့အကြောင်း ရေးချင်တာ အတူမနေဘူး တော့ အချက်အလက် သိပ်မသိဘူး ဖြစ်နေတယ်။ ဂဂနန သိသူတွေ ရေးစေချင်ပါတယ်။ တပ်မတော်(ကြည်း၊ရေ၊လေ)မှာ စစ်သားပီသတဲ့ စစ်သားကောင်းတွေ အများကြီးရှိပါတယ်။ သူတို့ဟာ တပ်မတော်တခုလုံးကို အာဏာချုပ်ကိုင်နိုင်စွမ်း မရှိကြလို့သာ.. အာဏာရှင် စနစ် လွှမ်းမိုးနေတာ.. သူတို့လိုလူတွေကို အသိအမှတ်ပြု ဖော်ထုတ်ပေးသင့်ပါတယ်.....

    ReplyDelete
  2. ဒီ ဗိုလ်မှူးကြီး လိုလူမျိုး ကတော့ ရှားပါတယ်ဗျာ

    ReplyDelete

Ads 468x60px

Featured Posts