Friday, May 11, 2012

ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်က ဆူးညှာင့် တခု

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များခင်ဗျာ......
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်များမှ မိမိတို့ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လက်အောက်အဖွဲ့ဝင် လှုပ်ရှားသူများနဲ့ အောက်ခြေတပ်မတော်သားများ ကြည်ဖြူသင့်မြတ်စေဖို့ ဆက်ဆံရေး တည်ဆောက်သင့်ပါတယ်။
ကြားရတဲ့သတင်းအရဆိုရင် အောက်ခြေအဖွဲ့ဝင်များဟာ အောက်ခြေတပ်မတော် သားများနဲ့တွေ့ဆုံတဲ့အခါမှာ "မင်းတို့ကြောင့် တိုင်းပြည်ပျက်စီးတာ၊ မင်းတို့လုပ်ခဲ့တာ" စသဖြင့် ခနဲ့တဲ့တဲ့ ရိသဲ့သဲ့ စကားများနဲ့ ထိုးနှက်ပါတယ် လို့တပ်မတော်သားများက ရင်ဖွင့်ပြောကြားလာတာတွေရှိပါတယ်။
 အဲဒီလိုပဲ အဲဒီအောက်ခြေတပ်မတော်သားတွေကလည်း "ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ခေါင်းဆောင်များ အနေနဲ့ အောက်ခြေမိမိပါတီဝင်များနဲ့ ထောက်ခံသူများကို ထိပ်ပိုင်းအာဏာရှင် ဗိုလ်ချုပ်အုပ်စုနှင့် တပ်မတော်သားတွေကို ခွဲခြားသုံးသပ်မြင်တတ်ဖို့ ပြောပေးပါ၊ တပ်မတော်သားတွေဆိုတာ တသွေး၊ တသံ၊ တမိန့်ဆိုတဲ့ စနစ်ရဲ့ အောက်မှာ ပြားပြားဝပ်ထမ်းဆောင်နေရတဲ့ စစ်မှုထမ်းဆိုတဲ့ သဘာဝကို နိုင်ငံတကာတပ်မတော်နဲ့ နှိုင်းယှဉ်ပြီး ခံစားနားလည်ပေးတတ်ဖို့လိုတယ်" ဆိုပြီး ပြောကြားလာတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ဖွဲ့စည်းပုံ စစ်ဆင်ရေးလှုပ်ရှားမှု အသွင်သဏ္ဍာန်အရ စစ်ဆင်ရေးတာဝန်ထွက်ပြီဆိုရင် မိသားစု၊ မှီခို အိမ်ထောင်သည်များကို နောက်တန်းဋ္ဌာနချုပ် လိုင်းခန်းတွေမှာ ထားခဲ့ရတာမို့ မည်သို့ပင် မျိုးချစ်သူရဲကောင်း ပင်ဖြစ်စေ ဒီမိုကရေစီအတွက် ရှေ့ထွက်ပြီး ပြည်သူဘက်ရပ်တည်ဦးတော့ သူတို့ရဲ့ နောက်ပိုင်းက မိသားစု များကို စစ်အာဏာရှင်တွေက ဓါးစားခံသဖွယ် ထိန်းချုပ်အညှာကိုင်ပြီးသား ဖြစ်ပါတယ်။ လက်အောက်ခံ တပ်မတော်သားတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါတယ်။ ဒီနေရာမှာ တဖက်နဲ့တဖက် ယုံကြည်မှုတွေတည်ဆောက်ဖို့လိုအပ်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်လက်ထဲ တိုင်းပြည်အပ်လိုက်ရင် တပ်မတော်ဖြိုခွဲမည့် ပုံစံမျိုး နှိပ်ကွပ်မည့်ပုံစံမျိုးရိုက်သွင်းထားတာမို့ ဒီမိုကရေစီအသွင် ကူးပြောင်းအရပ်သားအစိုးရအနေဖြင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များကို ဖယ်ရှားခဲ့ရင်တောင်မှ ဒီစိတ်ဓါတ် စစ်ဆင်ရေးတိုက်ကွက်နှင့် တပ်မတော်အား ပြန်လည်စည်းရုံးသွားနိုင်ပါတယ်။ ဖြစ်နိုင်ပါက အာဃာတ တရားများ မထားဘဲ တိုင်းပြည် အကျိုးအတွက် ရှေးရှုပြီးတရားဥပေဒအရသာ လွတ်လပ်စွာ စီရင်သင့်ပြီး သက်သေအထောက်အထား ခိုင်လုံမှသာ  ဥပဒေပုဒ်မ ကျူးလွန်ချက်နဲ့သာ စွဲချက်တင် အရေးယူသင့်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ခေါင်းဆောင်ပိုင်းတွေက ဖော်ဆောင်မှုလုပ်ရသလို လက်အောက်ကလည်း အကောင်အထည် ဖော်ဖို့လိုအပ်ပါတယ်။ ဒီအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လက်အောက်ခံတပ်မတော်သားများဟာလည်း အက္ခရာ ကျတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။ 
အကယ်၍ ဒီတိုင်းသာ အောက်ခြေအဖွဲ့ဝင်တွေက ဆက်လက်ပြီး တပ်မတော်သားတွေရဲ့ ဘဝနဲ့ ခံစားချက်ကို လျစ်လျူရှုပြီး စကားနိုင်လု ဖိပြောနေမယ်ဆိုရင်ဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်မယ် တိုင်းပြည်တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ခေါင်းဆောင်များရဲ့ လမ်းကြောင်းက ဆူးညှောင့်ခလုတ်ဟာ တပ်မတော်မဟုတ်ဘဲ မိမိတို့ လက်အောက်ခံ လူပုဂ္ဂိုလ်များသာ ဖြစ်နေမယ်ဆိုတာကို အကြံပြု သုံးသပ်လိုက်ရပါတယ်။
(ဗိုလ်ရဲထက်)

2 comments:

  1. ပြည်သူ့ဟစ်တိုင်ထဲကိုပဲ Share လိုက်ပြီ

    ReplyDelete
  2. ဟုတ်ကဲ့ပါခင်ဗျာ ခုလို အသိအမှတ်ပြု ရှယ်ယာ လုပ်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်
    နောက်နောင်လဲ သတင်းအချက်အလက်တွေပေးပို့ကူညီပေးပြီး အခြားသူများကိုလဲ ကျနော့်ဘလော့လေးကို မိတ်ဆက်ပေးပါလို့ အကူအညီတောင်းပါတယ်ခင်ဗျာ
    ခင်မင်လေးစားလျက်
    ရဲထက်

    ReplyDelete

Ads 468x60px

Featured Posts