Sunday, May 13, 2012

ခေတ်မှီဖွံ့ဖြိုးတိုးတက်ပါတဲ့ ဒို့တပ်မတော်

စာဖတ်သူများခင်ဗျား
နအဖ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု အောက်ထဲမှာ တပ်မတော် သားများအနေနဲ့ အခွင့် အရေး ရလိမ့် မယ်လို့ တချို့က ထင်မှတ် နေကြပါ လိမ့်မယ်။ တကယ်တမ်း ထိပ်ပိုင်းက လက်တဆုပ်စာ လောက်သာ သုံးလို့မကုန် ဖြုန်းလို့မဆုံး ချမ်းသာနေကြပြီး အောက်ခြေ တပ်မတော်သားများမှာတော့ ပြည်သူလူထု နဲ့အတူ စီးပွားရေးကြပ်တည်းမှု ၀ဲဂယက်ထဲမှာ ကြုံသလို ကြိတ်မှိတ် ဖြေရှင်းနေကြရပုံတွေကို ပြည်တွင်းမှ မြေသြဇာအဖွဲ့ ကျောင်းသူ တစ်ဦးရဲ့ ဤ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာချက်အား ဒီကနေ့ တင်ပြ ပေးလိုက်ရပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော်ကိုဖိုးတရုတ်က မြေသြဇာအဖွဲ့မှ သမီးပျိုအား အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြေသြဇာအဖွဲ့နဲ့တကွ မျိုးဆက်သစ်များအား ကြိုဆို ဂုဏ်ပြုလျှက် မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ်ခင်ဗျား။

မယုံမရှိနဲ့ အမှန်ပါဘဲကွဲ့
ပေးပို့သူ - မြေသြဇာအဖွဲ့
ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တပ်မတော်သားတွေဟာ စားဝတ်နေရေးကို ခက်ခဲစွာ ရုန်းကန်နေကြရပြီး သက်ဆိုင်ရာ အရာရှိများထံ ချဉ်းကပ်တင်ပြကာ “ဗိုက်” ပြဿနာအား ကြုံသလို ဖြေရှင်းနေကြရပါတယ်။ မင်္ဂလာဒုံတပ်နယ် ပင်မယာဉ် သိုလှောင်ရေးတပ် (ပယန) ကို ဗိုလ်မှူးကြီး အဆင့်က အုပ်ချုပ်ပြီး FAW ကဲ့သို့ ယာဉ်ကြီး များ၊ ယာဉ်လတ်၊ ယာဉ်ငယ် မျိုးစုံအား ထားရှိရာ တပ်ကြီး အဆင့် ဖြစ်ပါတယ်။
အဲဒီ တပ်ပိုင်ယာဉ်တွေဟာ လုပ်ငန်းသုံး ပင်မထောက်ပံ့ပို့ဆောင်ရေး တပ်ရင်း (ပထပ)၊ ရှေ့ တန်း အခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေး တပ်ရင်း (ရထပ) ၊ ထောက်ပံ့နဲ့ ပို့ဆောင်ရေး တပ်ရင်း (ထပရ) တပ်များရှိ ယာဉ်တွေနဲ့ မတူပဲ ကလပ် (ယာဉ်အဆင့်အတန်း) (၁/၂) ရှိသော ကားသစ်များကိုသာ ထားရှိသလို စစ်တပ်က အသုံးမလိုတော့တဲ့ လေလံတင်မဲ့ ယာဉ်အဟောင်းများကိုလည်း ထားရှိကြပါတယ်။
အဲဒီ ကားသစ်များကို လူထုအုံကြွမှု အရေးတော်ပုံကြီးကို နှိမ်နှင်းရန်နဲ့ အရေးပေါ်ကိစ္စ များမှာ သုံးဖို့ ဖြစ်ကြောင်းသိရပါတယ်။ ယာဉ်အဟောင်းများကိုတော့ လေလံတင်ရာမှာ ဘုရင့်နောင်၊ ဗိုလ်တစ်ထောင်နဲ့ စမ်းချောင်းက ကုလားကြက်တန်းရှိ ကုလားများနဲ့ လက်ဝါးချင်းရိုက်ကာ စားပေါက် “ဂွင်” ရိုက်ကြကြောင်း သိရှိရ ပါတယ်။
စိတ်ဓာတ်ကျစွာ ဓာတ်ပုံ အရိုက်ခံတဲ့ ရဲဘော်စစ်သည်တစ်ဦးပုံ

အထူးသဖြင့် မဲသဝေါကျ နီဆန်းပက်ထရိုကားများကို ကုလားများက သက်ဆိုင်ရာ အဆင့်ဆင့်နဲ့ ဂွင်ရိုက်ကာ လေလံဆွဲပြီးသကာလ ပြန်ရှိုင်းပြီး ခန့်ခန့်ကြီး စီးနေကြတာ ကိုလည်း တွေ့ရှိရပါတယ်။ လိုင်းကြေးအပေါ် မူတည်ပြီး ပစ္စည်းစုံ ပါ/မပါ ၊ တာယာပန်း ရှိ/မရှိ၊ ချိတ်ဆက်ကာ ဆီဒင်ကား၊ ဗေါက်စ်ဝက်ဂွန်ကား၊ ဂျစ်ကားများပါမကျန်အောင် လေလံပစ်ပြီး စီးပွါးရှာစား နေကြရပါတယ်။
ဒါ့အပြင် ပယနမှ ရဲဘော်တွေဟာ သက်ဆိုင်ရာ အရာရှိ/အရာခံတွေထံ တိတ် တဆိတ် ချဉ်းကပ်ညှိနှိုင်းပြီး ပြင်ပသို့ အလုပ် ထွက်လုပ်ကြရပါတယ်။ တပ်ပိုင် ရေလှည်း များအား တစ်ရက်လျှင် ကျပ် ၅၀၀ နှုန်း ပေးသွင်း၍ ပြင်ပမှာ ရေရောင်းကြ ရပါတယ်။ တပ်ကြပ်ကြီး တစ်ဦးဆိုရင် ပယန တပ်ရဲ့ အရာရှိ ဗိုလ်မှူးတစ်ဦးပိုင် စူပါရုဗ် ဗင်ကားကို ပြင်ပမှာ အဌားလိုက်ဆွဲပေးပြီး တစ်ရက်လျှင် ကျပ် (၇၀၀) ကျော်နှုန်းနဲ့ တစ်လကို ကျပ် ၂၀၀၀၀ ပေးသွင်းရပါတယ်။ သူ့ကို တပ်တွင်းသက်သာကိစ္စအား အကြောင်းပြစေကာ တကယ်တမ်းတော့ တပ်ကို ငွေမသွင်းဘဲ ရုံးတာဝန် ထမ်းဆောင်ဖို့ ကင်းလွတ်ခွင့် ပေးထားကြောင်းလည်း သိရပါတယ်။
တချို့ တပ်က ဆရာများမှာ ကား၊ အိမ်၊ မြေကွက် စသဖြင့် ပွဲစားလုပ်ကာ ပွဲခရရင် တပ်ရှိ တပ်မှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ရင်းအရာခံဗိုလ်တို့ကို လက်သိပ်ထိုး ပေးကာ စီးပွားရှာကြံ ရပါတယ်။ တချို့လည်း ချဲရောင်းပြီး စီးပွါးရှာနေကြရပါတယ်။ တန်းစီစာရင်းမှာတော့ အဲဒီ ဆရာ၊ ရဲဘော်တွေကို ပြင်ပတာဝန် တစ်ခုပြထားပြီး လိမ်ညာပေးထားကြရပါတယ်။
တချို့တပ်တွေမှာ တပ်သစ် အဆောက်အဦအတွက် ကန်ထရိုက် အပ်ရင် ပုဂ္ဂလိကထံ မအပ်နှံဘဲ အုတ်ဖုတ်၊ ပန်းရံကိုင်၊ ဘိလပ်မြေထမ်း၊ လက်သမား စတဲ့ လုပ်ငန်းတွေမှာ မိမိရဲဘော်များကိုသာ ဌားရမ်းကာ ခိုင်းစေတာ မျိုးလည်းရှိပါတယ်။ ရဲဘော်တွေရဲ့ လုပ်အားခငွေကို တပ်မှူးက ပြင်ပပေါက်ဈေး အတိုင်း မပေးဘဲ ခေါင်းပုံဖြတ် မတရား ရယူကာ ငွေရှင်းပေးရတဲ့ G.E (ဆောက်လုပ်ရေး အင်ဂျင်နီယာ) ၀န်ထောက်များနဲ့ အကြံအဖန်လုပ် ရိုက်စားကြပါတယ်။
တချို့ရဲဘော်များဆိုရင် လနဲ့ချီကြာပြီး တပ်မှာ နေစရာမလိုဘဲ ပုတ်ပြတ် ရန်ပုံငွေ အဖြစ်နဲ့ ငွေအနည်းငယ် တပ်ကိုသွင်းကာ ကျန်ငွေအများစုကိုတော့ ခွင့်ပေးတဲ့ အရာရှိအား လာဘ်ထိုးခြင်းဖြင့် ပြင်ပမှာ အလုပ်လုပ်ကြရပါတယ်။ တချို့ယာဉ်မောင်းများကတော့ တပ်ပိုင်ကားများကို အသုံးပြုပြီး အရပ်သားတွေ အိမ်ပြောင်းရွှေ့တာမျိုးကို ညအချိန်မတော် တပ်က လူကြီးတွေ လမ်းကြောင်း ရှင်းတဲ့အချိန်မှာ ကားဌားရမ်းမှုပြုကာ လုပ်စားနေရ တာမျိုးလည်း ရှိပါတယ်။ နံနက်စောစောထပြီး ဈေးကားဆွဲ လုပ်စားနေရတာမျိုးလည်း ရှိပါတယ်။
ဒါတောင်မှ တပ်ထဲမှာ စစ်သည်တချို့ဟာ အခြားစစ်သည်ရဲ့ ကင်းကျချိန်နဲ့ ကင်းကျတဲ့ ရက်ကို အစားထိုး ကင်းအဌားစောင့်တဲ့ အပိုဝင်ငွေလည်း ရှာကြရပါတယ်။ တချို့ စစ်သည်တွေဟာ အသက်ကြီးလို့ ဖြစ်စေ ပြင်ပသို့ စီးးပွားရေး ထွက်မလုပ်တတ် လို့ဖြစ်စေ ပြင်ပကို အလုပ်သွားလုပ်တတ်တဲ့ စစ်သည်များအတွက် ကင်းအစားထိုး စောင့်ပေးကာ စောင့်ခရတဲ့ ၀င်ငွေနဲ့သာ ရပ်တည်ရတဲ့ စစ်သည်မိသားစုများလည်း ရှိပါတယ်။
တချို့ တပ်များမှာတော့ အဆင်မပြေသော စစ်သည်များရဲ့ သမီးများအပြင် ရဲမေများဟာ မြို့ထဲရှိ ကာရာအိုကေ အနှိပ်ခန်းများ ပြည့်တန်ဆာအိမ်ခေါင်းများတွင် ခန္ဒာကိုယ်ရင်းပြီး လုပ်ကိုင် စားသောက် နေရတဲ့ အထိ ဆိုးရွားနေကြောင်းလည်း သိရှိရပါတယ်။ ဒီလို ရုန်းကန် လှုပ်ရှား နေကြရတဲ့ တပ်မတော် သား အများစုဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အတူ ဒီမိုကရေစီကို လိုလားနေကြကြောင်း တင်ပြလိုက်ရပါတယ်။
(http://www.photayokeking.org/truewords/povertyinarmy/277-develop-of-army) မှကူးယူဖော်ပြသည်။

No comments:

Post a Comment

Ads 468x60px

Featured Posts