Saturday, February 18, 2012
တပ်မတော်သားများ ရာဇဝတ်မှုကျူးလွန်ခြင်း
၂၂၊ ၁၊ ၁၂ နေ့ ညနေက ဗွီအိုအေ အသံလွှင့်ဌာနရဲ့သတင်းပေးမှုထဲမှာ
ဟိုပင်မြို့က ဗိုလ်ကြီးတယောက် လူသတ်မှုကျူးလွန်တဲ့အကြောင်း
ကြားလိုက်ရပါတယ်။ ဟိုပင် ဘူတာမှာယာယီအလုပ်ဝင်နေတဲ့  အင်္ဂလိပ်စာ မေဂျာနဲ
့ဘွဲ့ရထားတဲ့ အလုပ်သမားကလေးတယောက်ဟာ သူ့ သူငယ်ချင်းနဲ့အတူတူ
စားသောက်ဆိုင်တခုအတွင်းမှာ အရက်သောက်နေခိုက် အဲဒီဆိုင်ထဲမှာရှိနေတဲ့
ဗိုလ်ကြီးတဦးနဲ့စကားများ ရန်ဖြစ် ရာက ဗိုလ်ကြီးက
အိတ်ထဲမှာပါလာတဲ့ပစ္စတိုနဲ့ထုတ်ပစ်လိုက်တာ အရပ်သားလူငယ်လေး
ဦးနှောက်ပွင့်ပြီး သေဆုံးသွားတယ်။ အဲဒီ ဗိုလ် ကြီးကပဲ အလောင်းကို
ဆေးရုံပို့မယ်ပြောပြီး မော်တော်ဆိုင်ကယ်ပေါ်တင်သွားပြီးသင်္ချိုင်းအနီးမှာ
ပစ်ထားခဲ့တယ်။ စားသောက်ဆိုင်က ရဲကိုအကြောင်းကြားတော့ ဒီစစ်ဗိုလ်ကို
စစ်ရဲကဖမ်းထားပြီလို့ပြောကြောင်း သတင်းမှာပါရှိတယ်။ တဆက်တည်းပဲ ဟိုပင်မြို
့သူ မြို့ သားတွေက စစ်တပ်ရဲ့ရမ်းကားမှု၊ ဥပဒေမဲ့
ပြစ်မှုကျူးလွန်မှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းတွေပါ
ထုတ်လွှင့်သွားပါတယ်။
ဒီသတင်းကိုကြားလိုက်ရပြီးတဲ့နောက်
အရင်နှစ်ကတည်းက ပဲခူးမြို့ ဇိုင်းဂနိုင်းက လူသတ်မှုကိုပါ ပြန်အမှတ်ရလာတယ်။
အဲဒီလူသတ်မှုမှာလည်း စစ်တပ်က အရပ်သားအပေါ် ရမ်းရမ်းကားကား
ကျူးလွန်ခဲ့တာပါပဲ။ ဒီ ဇိုင်းဂနိုင်းလူသတ်မှုအကြောင်း ပြည်သူလူထုက
စိတ်ဝင်စားပေမယ့် နောက်ထပ်ဘာမျှ မကြားရတော့ပါဘူး။ အခု ဟိုပင်က လူသတ်မှုလည်း
ဒီလိုနဲ့ တိတ်ဆိတ်သွားဦးမယ်လို့ ထင်ပါတယ်။
ဟိုပင် မြို့သူ
မြို့သားတွေကတော့ စစ်တပ်ရဲ့ ဥပဒေမဲ့ ကျူးလွန်မှုလို့ ပြောကြတယ်လို့
ဆိုပါတယ်။ စစ်ဗိုလ်တယောက်က “ဟေ့ တို့စစ်တပ်က လူသတ်လည်း အရေးမကြီးဘူးကွ”
လို့ ကြုံးဝါးတဲ့အသံတခုလည်း သတင်း တခုမှာ မကြာခင်က ကြားလိုက်မိပါတယ်။
ဒီတော့ စစ်တပ်က လူသတ်တာ၊ အခြားရာဇ၀တ်မှုကျူးလွန်တာတွေဟာ ဥပဒေမဲ့လုပ်ရပ်ကော်
ဟုတ်မှ ဟုတ်သေးရဲ့လားလို့ မေးခွန်းထုတ်မိပါတယ်။ ဒီရာဇ၀တ်မှုကျူးလွန်တာတွေ
အကြောင်း နောက်ထပ်မကြားရတာကကော ဥပဒေမဲဖြစ်ရပ်မှ ဟုတ်ရဲ့လား။
ဥပဒေအတွင်းမှာပဲ ကျူးလွန်ပြီး ဘာသံမှ မကြားရပဲ ဒီအမှုတွေဟာ ဥပဒေအတွင်းမှာပဲ
ပြီးသွားတာလား။ စဉ်းစားစရာဖြစ်လာပါတယ်။
၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပုဒ်မ (၃၄၃) စစ်ဘက်တရားစီရင်ရာတွင် ပုဒ်မခွဲ
(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ၊
ဥပဒေနှင့်အညီ စီရင်နိုင်သည်လို့ဆိုပြီး ပုဒ်မခွဲ (ခ) မှာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့
ပါရှိလေတော့ တပ်မတော်သားများကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အရပ်ဘက်
တရားရုံးတွေမှာ စီရင်မှာ မဟုတ်တော့ဘူး။ စစ်ဘက် တရားရုံးကသာ စီရင်တော့မယ်။
ဒီလိုစီရင်တဲ့အခါမှာ အဆင့်ဆင့် အယူခံမှုတွေရှိရင်လည်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မရောက်တော့ပဲ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ကပဲ အပြီးအပြတ်ဖြစ်
တော့မှာပါလား။ ဒါ့ကြောင့်လည်း အခုလက်ရှိဖြစ်နေတဲ့ ဟိုပင်မြို့က
လူသတ်မှုကျူးလွန်တဲ့ တရားခံစစ်ဗိုလ်ကို အရပ်ဘက်တရားရုံးကို ပို့စရာမလိုသလို၊
ရဲတပ်ဖွဲ့ကိုလည်း ပေးအပ်ဖို့ မလိုဘူး။ စစ်ရဲကသာ ဖမ်းထားတယ်လို့
ဆိုလိုတာဖြစ်မှာပေါ့။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၆)
တရားစီရင်ရေးခေါင်းစဉ်အောက်က တရားရုံးများဖွဲ့စည်းခြင်း ပုဒ်မ ၂၉၃၊
ပုဒ်မခွဲ (ခ) မှာ စစ်ဘက်ဆိုင်ရာ တရားရုံးလို့ပါရှိတော့
စစ်ဘက်တရားစီရင်ရာမှာ စစ်ဘက်တရားရုံးက စီရင်မယ်။ အရပ်ဘက်တရားရုံး
တရုံးရုံးကို ပို့စရာမလိုတော့ဘူးလို့ ဆိုလိုရာ ရောက်နေပါတယ်။
ပုဒ်မ
(၂၉၄) မှာလည်း နိုင်ငံတော်တွင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများ
……………၏ စီရင်ခွင့်အာဏာကို မထိခိုက်စေပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် လို့ဆိုထားလေတော့ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်ဟာ အမြင့်ဆုံးတရားရုံးလို့ဆိုပေမယ့်
စစ်ဘက်တရားရုံးများထက်တော့ မမြင့်ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့။
ဒီတော့
စစ်ဘက်တရားစီရင်မှုနဲ့ အကျုံးဝင်သွားရင် ဘယ်အရပ်ဘက်ရုံးနဲ့မှာ
မဆိုင်တော့ဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့လည်း မဆိုင်တော့ဘူး။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံတက်လို့မရတော့ ဘူး။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည်သာ အပြီးအပြတ်ဖြစ်နေတယ်။
အထက်က
အချက်အလက်တွေအရ စစ်ဗိုလ် စစ်သား ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကို တပ်ကပဲ
စီရင်မယ်။ ကျူးလွန်ခံရတဲ့သူတွေဟာ သာမန်အရပ်သားတွေပဲဖြစ်စေ၊ ကျူးလွတ်တဲ့
ရာဇ၀တ်မှုဖြစ်ပွားရာနေရာ ဘယ်နေရာပဲ ဖြစ်စေ၊ အရပ်ဘက်နဲ့ မဆိုင်တော့ဘူးလို့
ယူဆရတော့မယ်။ ဖြစ်တဲ့ဖြစ်ရပ်တွေရဲ့ သဘောသဘာဝအရလည်း
ဒီလိုအဓိပ္ပါယ်သက်ရောက်နေပါတယ်။ တခုလေးပဲ ပြောစရာခြွင်းချက်ကလေးရှိနေပါတယ်။
စစ်ဘက် တရားစီရင်ရာတွင်ဆိုတဲ့ စကားလုံးကို ဘယ်လိုဖွင့်ဆိုမလဲ။ အခုအထိ
သဘောပေါက်နေရတာက ကျူးလွန်ခံရသူဟာ အရပ်သားပဲဖြစ်ဖြစ်၊ ရာဇ၀တ်ဖြစ်ပွားရာဒေသဟာ
ဘယ်နေရာပဲဖြစ်ဖြစ် ကျူးလွန်သူဟာ စစ်ဗိုလ်စစ်သား ဖြစ်ရင်
စစ်ဘက်တရားစီရင်ရေးနဲ့ပဲ စီရင်မယ်လို့ အခြေအနေ အရပ်ရပ်က ဖော်ညွှန်းနေပါတယ်။
စစ်ဘက်တရားစီရင်ရာမှာ
ပုဒ်မ ၃၄၃ (က) အရ တပ်မတော်သားများအတွက် အဖွဲ့နှင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ
ဥပဒေနှင့်အညီ စီရင်နိုင်သည်လို့ ဆိုရာမှာ ဘယ်ဥပဒေနဲ့စီရင်မှာလဲ။
စစ်ဘက်ဥပဒေဆိုတာများ တမျိုးမျိုး ရှိနေသေးသလား။ ဒီစစ်ဘက်တရားရုံးများရဲ့
လုပ်ထုံးလုပ်နည်းများကကော ဘယ်လိုပါလဲ။ သူ့ဟာနဲ့သူတော့ ရှိမှာပါ။ ဒါပေမယ့်
အရပ်ဘက်သက်သေတွေ သက်သေခံခွင့်၊ အရပ်ဘက် ဆေးရုံများရဲ့ ဆေးစာသက်သေခံ ၀င်မှု
ရှိ မရှိမသိရပါဘူး။ ဒါတွေနဲ့ပတ်သက်လို့လည်း သတင်းတွေ မကြားရပါဘူး။ ဒီတော့
စစ်ဘက်ဆိုင်ရာ တရားရုံးများရဲ့ စီရင်ပုံ စီရင်ထုံးများဟာ
ကျူးလွန်ခံရတဲ့သူများက အရပ်ဘက်ကဖြစ်နေရင် အများသူငါ သိခွင့်တော့
ရှိရပါမယ်။ ကြားနေရတဲ့ သတင်းတွေကတော့ ကျူးလွန်ခံရတဲ့သူတွေကို ငွေ
ဘယ်နှစ်သိန်းပေးမယ်ဆိုတဲ့ သတင်းမျိုးတွေပဲဖြစ်နေပါတယ်။ ဒါဟာ စီရင်ချက်
စီရင်ထုံး အရ ပေးတာတော့ မဖြစ်လောက်ပါဘူး။
အနှစ်ချုပ်ရရင် စစ်တပ်က
စစ်ဗိုလ် စစ်သားတွေ ရာဇ၀တ်မှုကျူးလွန်နေတာနဲ့ ကျူးလွန်သူတွေ
အရပ်ဘက်ရုံးများကို ရောက်မလာတာတွေကတော့ ဥပဒေမဲ့မဟုတ်ပဲ သူ့ဥပဒေနဲ့သူတော့
ဟုတ်နေတာပဲ။ ဒါကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးလေ။ ၂၀၀၈ မှာ
ဆန္ဒခံယူပွဲမှာ ပြည်သူက ၉၂ . ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံခဲ့တယ်ဆိုတဲ့
အခြေခံဥပဒေကြီးလေ။ ဒီဥပဒေမှာကိုက စစ်တပ်က တမူးပို
အခွင့်အရေးရသလိုဖြစ်နေတော့ ရာဇ၀တ်မှုများကျူးလွန်သူများက “ဟေ့ ..တို့က
လူသတ်ရင်တောင်ဖြစ်တယ်ကွ” လို့ ကြွေးကြော်ရဲတော့တာပေါ့လေး။ အဲဒါလေးကိုလည်း
သတိထားကြပါဦး …
မုန်းအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment