Saturday, February 11, 2012
အမြင်ကွဲပြားမှုမှသည် တိုးတက်မှုဆီသို့
Facebook ပေါ်မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ စာ ၂ စောင်ကို ဒီနေ့
ဖတ်ရပါတယ်။ ကွန်မန့်တွေလည်း အများကြီး ဖတ်ရပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။
ပြည်သူတွေမှာ ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း သိရပါတယ်။ တချိန်တည်းမှာပဲ
ဒီမိုကရေစီ ခရီးအတွက် စိုးရိမ်ပူပန်မိလာရတာ ရှိပါတယ်။
တပ်မတော်
ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေဖြစ်ပြီး နိုင်ငံတာဝန်
ထမ်းဆောင်နေသူတွေပါပဲ။ တိုင်းပြည်တခုမှာ ပြည်ပကျူးကျော်
ရန်စတိုက်ခိုက်မှုတွေကို ကာကွယ်ပေးဖို့ စစ်တပ်မရှိဘဲ ရပ်တည်နိုင်ဖို့
ဆိုတာက အင်မတန် ခက်ခဲတဲ့ကိစ္စပါ။ စစ်သည်တွေဟာ အသက်နဲ့လဲပြီး
တာဝန်ထမ်းဆောင်သူတွေ ဖြစ်လို့လည်း လေးစားရပါတယ်။ စစ်အာဏာရှင်စနစ်ကို
အသက်သွင်း အကောင်အထည်ဖော်တဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကို
ခွဲခြားမြင်တတ်ရင် အဖြေရှာရတာ လွယ်သွားပါမယ်။
ထိုက်သင့်တဲ့
စားဝတ်နေရေး၊ လုံခြုံမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေအပေါ်မှာ
မြန်မာနိုင်ငံသားတိုင်း ဘယ်သူမဆို ဘယ်အချိန်မဆို တူညီစွာ ခံစားပိုင်ခွင့်
ရှိနေရပါမယ်။ တပ်မတော်သားတွေလည်း ခံစားပိုင်ခွင့် ရှိပါတယ်။
ဆင်းရဲတွင်းနက်ပြီး ဘဝလုံခြုံမှုတွေကို မခံစားနိုင်သေးတဲ့ ပြည်သူတွေအထဲမှာ
တပ်မတော်သားတွေနဲ့ သူတို့ မိသားစုတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်
ခွဲခြားလို့ မရပါဘူး။ ဒီမိုကရေစီရဲ့ သဘောကိုက ခွဲခြားခြင်း မရှိတာကြောင့်
ကနေ့ မြန်မာနိုင်ငံသားတွေအတွက် အင်မတန် သင့်တော်တဲ့ အနေအထားဖြစ်နေပါတယ်။
ဒီမိုကရေစီ
ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ကို တူညီတဲ့ဆန္ဒနဲ့ တည်ဆောက်နေချိန်မှာ
ခံစားချက်တွေအရ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အမြင်ကွဲပြားတာတွေ
ရှိနိုင်ပါတယ်။ အမြင်ကွဲပြားရင် လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။ အခြေခံ
ထားရမှာက အပြုသဘောနဲ့ တိုးတက်စေဖို့သာ ဖြစ်ပါတယ်။
အပြုသဘော
ဖြစ်စေတဲ့ စရိုက်မျိုးဟာ မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့
စရိုက်ဖြစ်ပါတယ်။ ဒါကလည်း မကောင်းတဲ့ ခေတ်စနစ်တခုကို ဖြတ်သန်းပြီးချိန်မှာ
ကျန်ရစ်ခဲ့တဲ့ ဆိုးမွေလို့ ပြောနိုင်ပါတယ်။ တကယ်လို့ အပြုသဘောကို
အခြေခံမိသွားတဲ့အခါ ပုဂ္ဂိုလ်စွဲနဲ့ အဖွဲ့အစည်းအစွဲတွေ လျော့ကျသွားပါတယ်။
ဆွေးနွေးရင်းနဲ့ အတွေးအခေါ်သစ်တွေ စဉ်းစားမိလာပါတယ်။ အစီအစဉ်သစ်တွေ
အကောင်အထည်ဖော်ဖို့ ဖြစ်လာပါတယ်။
အမြင်ကွဲပြားစွာ
ဆွေးနွေးနေကြသူတွေအနေနဲ့ လက်ရှိ ကြိုးပမ်းနေတဲ့ ရည်မှန်းချက်တွေအပေါ်
အထစ်အငေါ့မရှိ အောင်မြင်နိုင်စေဖို့ကိုသာ စိတ်ဝင်တစား အားပေးကြရပါမယ်။
ဒါဆိုရင် ကျနော်တို့အားလုံး မျှော်လင့်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
ကြိုးပမ်းနေတဲ့ကိစ္စတွေ အောင်မြင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို မြန်မြန်
ရနိုင်ပါမယ်။ အဲဒီအခါမှာ အနာဂတ်ဘဝတွေ စိတ်ချလုံခြုံပြီး
တိုးတက်ဖွံ့ဖြိုးလာမှာကို ပြည်သူတွေအားလုံး တပြေးညီ မြန်မြန်
ခံစားနိုင်ပါမယ်။
ခေတ်သစ်မြန်မာနိုင်ငံကို
တည်ဆောက်နေကြတာဖြစ်လို့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေ တိုးတက်လာအောင်
မြန်မာပြည်သူတိုင်းက ပံ့ပိုးကူညီသင့်ပါတယ်။ ပြည်သူတွေဖြစ်ကြတဲ့အတွက်
ကိုယ်တာဝန်ယူတဲ့ကိစ္စ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာရေး ဆိုပြီး
အစွဲထား ခွဲခြားနေလို့ မဖြစ်ပါဘူး။ နိုင်ငံသမ္မတကအစ လယ်သမား၊ အလုပ်သမား၊
ကျောင်းသား၊ တပ်မတော်သား၊ စာရေးစာချီ၊ ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းသူတွေ
အဆုံး အားလုံးက တမျိုးသားလုံး ကောင်းစားရေးစိတ်ဓါတ်နဲ့ ပါဝင်ပံ့ပိုးရမှာပဲ
ဖြစ်ပါတယ်။
ပြည်သူတွေ များများနဲ့ ကျယ်ကျယ်ပြန့်ပြန့်
ညီညီညွတ်ညွတ် ပါဝင်လေ ရည်မှန်းချက်ကို မြန်မြန်ရောက်လေဖြစ်လို့
နိုင်ငံတကာနည်းတူ ဒီမိုကရေစီရဲ့ ကောင်းတာတွေကို မြန်မြန်ကြီး ခံစားရမှာ
ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုလျက်….
လွင်အောင်စိုး
၁၁-၂-၂ဝ၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment