Wednesday, February 15, 2012
ဖေ့ဘွတ်ပေါ်က စစ်သားတယောက်ရဲ့ ခံစားချက်
၁။ အဖွဲ့အစည်းအားလုံးရဲ့ဖွဲ့စည်းပုံ (Organization
Structure)ဟာ သူလုပ်ရမည့်လုပ်ငန်းနှင့် ကိုက်ညီအောင် ဖွဲ့စည်းထားရတာပါ။
အကျဉ်းထောင်ရဲ့အဓိက ရည်ရွယ်ချက်က အကျဉ်းသား ထွက်မပြေးနိုင်ဖို့၊
လုံခြုံမှုရှိဖို့ပါ။ ဒါကြောင့် တံခါးဖွင့်ပိတ်စနစ်တွေ၊ လူစစ်တဲ့စနစ်တွေ
ပစ္စည်းထုတ်/သွင်းစနစ်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေက
တခြားအဖွဲ့အစည်းတွေနဲ့မတူပါ။ အလားတူ စစ်တပ်ကလည်း စစ်တိုက်ဖို့အတွက်
ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ရဲ့ဖွဲ့စည်းပုံ၊ အုပ်ချူပ်ပုံ
စီမံခန့်ခွဲပုံ ၊ခံယူချက်၊ အတွေးအခေါ်တို့ဟာ ကျန်တဲ့အဖွဲ့အစည်းနဲ့မတူပါ။
ဘာလို့လဲဆိုတော့ ထမ်းဆောင် ရတဲ့တာဝန်မတူလို့ပါ။
၂။
ခင်ဗျားတို့စဉ်းစားကြည့်ပါ။ ရှေ့တန်းမှာ တပ်ခွဲမှူးတစ်ယောက်ဟာ
သေနတ်ကိုင်ထားတဲ့အလွှာစုံ က ယောက်ျားတွေချည်း ၆၀/၇၀လောက် အုပ်ချူပ်ရတာ၊
ပေးတဲ့အမိန့်မှန်သမျှ ဒီသေနတ် ကိုင်ထားတဲ့ ယောက်ျားတွေက
ဒီဟာကအများဆန္ဒနှင့်မကိုက်ပါ။ ဒီဟာက ဒီမိုကရေစီမကျပါ။
ဒီဟာကလူ့အခွင့်အရေးနှင့် မညီပါ။ ဒီလမ်းကဝေးလို့ မသွားချင်ပါ။ ဒီကောင့်ကို
တပ်ခွဲမှူးက ရန်သူထင်လို့ပစ်ခိုင်းပေမယ့် ကျွန်တော်ကတော့
ရွာသားပဲထင်လို့မပစ်နိုင်ပါ။ အဲဒီအနားက မီးရောင်ဟာ ရန်သူ့စခန်းမဖြစ်နိုင်ပါ
ဒါ့ကြောင့် လက်နက်ကြီးနဲ့ မပစ်နိုင်ပါ။ ဗိုလ်ချုပ်တွေက
အိမ်(၁၀)လုံးလောက်ရှိပြီး ကျွန်တော်က တပ်ထဲကလိုင်းခန်းပဲရှိလို့ မညီမျှလို့
ကျွန်တော်သယ်ရတဲ့ ပေါင် ၄၀ ကျောပိုးအိတ်ကြီးမသယ်ချင်ပါ . .စသဖြင့်
ခင်ဗျားတို့ပြောနေတဲ့ အမှန်တရား၊ အမှားတရားများ
လိုက်ခွဲခြားခွင့်ပေးနေလျှင် ခင်ဗျားတို့ပဲ တပ်ခွဲမှူးလာလုပ်ကြည့်လိုက်ပါ။
၃။
အမှန်တရားဆိုတာ အင်မတန်သိမ်မွေ့တဲ့အရာပါ။ သုံးသပ်တဲ့ရှုထောင့် ၊အတွေးအခေါ်၊
ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ဗဟုသုတ ၊ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အားလုံးပတ်သက်
စပ်ယှက်ရှုပ်ထွေး ခက်ခဲတဲ့အရာ။ စာအုပ်ထဲမှာ ပုံပြင်ထဲမှာ သူကအဖြူ
ငါကအမည်း၊မင်းကအမှန် ဒီကောင်ကအမှားလို့ ကွဲပြားရှင်းလင်းပေမယ့်
တကယ့်ပြင်ပလောကမှာ အမှားအမှန်ဆိုတာ အင်မတန်ရှုပ်ထွေးနက်နဲ
ဆုံးဖြတ်ရခက်ခဲတဲ့အရာ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်(၂၀၀)အကြာမှာ ဗုဒ္ဓဘာသာဟာ
ဂိုဏ်းကြီး(၁၈)ဂိုဏ်း ၊ဂိုဏ်းငယ်လေးပေါင်း (၂၀၀)ကျော် အစိတ်စိတ်အမွှာမွှာ
ကွဲသွားခဲ့တာ အမှားအမှန်၊ အဖြူအမည်း၊ မင်း ၊သူ၊ငါ၊ကျွန်ုပ်
အင်မတန်ဖြေရှင်းရ ရှုပ်ထွေးလို့ပါ။
၎။`
လူစုလူဝေးကို ရင်ဆိုင်နေရတဲ့ စစ်သည်တစ်ဦးအတွက် ဒီလူစုလူဝေးဟာ ဆူပူမှုလား?
ရိုးရိုးဆန္ဒပြတာလား? ရိုးရိုးဆန္ဒပြနေရင်း နောက် ၁၅ မိနစ်လောက်မှာ
ကားတွေအဆောက်အဦး တွေကို ခဲနဲ့ထု၊ မီးနဲ့ရှို့တဲ့ အဖြစ်ကို ကူးသွားမှာလား?
အစိုးရရုံးတွေကို တိုက်ခိုက်တော့မှာလား? ဒါမှမဟုတ် အေးအေးဆေးဆေးပဲ
မေတ္တာသုတ်ရွတ်ပြီး လူစုခွဲသွားမှာလားဆိုတာ သူဘယ်လိုမှ မသိနိုင်တဲ့အရာပါ။
တချိန်တည်းမှာပဲ လူရဲ့ဗီဇစိတ်အရ ဒီလူစုလူဝေးဟာ သူနဲ့ဆန့်ကျင်ဘက် ၊
ဒီလူစုလူဝေးထဲကို သူတစ်ယောက်တည်း ရောက်သွားခဲ့ရင်ဆိုတဲ့ အတွေးကလည်းသူ့ကို
ခြောက်လှန့်နေနိုင်တာ။ သူလေ့ကျင့်သင်ကြားခံထားရတဲ့ စစ်မြေပြင်ကလည်း
ဒီလိုပုံစံမျိုး မဟုတ်တာ။ နိုင်ငံတကာမှာလည်း ဒီလိုအရေးအခင်းတွေမှာ
ရဲတပ်ဖွဲ့ကိုပဲ အသုံးချပြီး စစ်တပ်ကို အသုံးမချတာ
၊ရဲတပ်ဖွဲ့နဲ့မနိုင်တော့မှ အရေးပေါ်အခြေအနေကြေညာပြီး တပ်နဲ့ရင်ဆိုင်စေတာ၊
စစ်တပ်ကရောက်လာရင်လည်း ရဲတပ်ဖွဲ့အသုံးပြုပြီး နည်းလမ်းတွေဖြစ်တဲ့
မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက် ၊ နံပါတ်တုတ်၊
ဖြိုခွင်းရေးကျည်တွေကိုအသုံးမပြုရဘဲ ကျည်ဆံအစစ်နဲ့ ပစ်ခတ် ရှင်းလင်းတာဟာ
စစ်တပ်ကိုလေ့ကျင့်ထားတဲ့ပုံစံကိုက အဲဒီပုံစံမျိုး ဖြစ်နေလို့ပါ။
အကောင်းဆုံး ကတော့ လူထုအရေးအခင်းတွေမှာ စစ်တပ်ကို သေနတ်နဲ့တကယ်ပစ်လို့
အရမ်းဆိုးတာပဲလို့ အပြစ်တင်နေမယ့်အစား အဲဒီလိုနေရာတွေမှာ
စစ်တပ်ကိုအသုံးမချဖို့ ဥပဒေကို တင်းတင်း ကြပ်ကြပ်
ဆွဲထားဖို့လိုတာပါ။အမှန်အတိုင်းပြောရရင်တော့ စစ်တပ်ကလည်း အင်မတန် လူမုန်း
များစေတဲ့ အဲသလိုကိစ္စမျိုးမှာ လုံးဝမပါဝင်ချင်ပါ။ ခိုင်းတဲ့လူတွေကိုလည်း
မကြိုက်ပါ မထောက်ခံပါ။ ဒါပေမယ့် ကျွန်တော်ခုနကပြောတဲ့ အမှားအမှန်ဆုံးဖြတ်ရ
အင်မတန်ရှုပ်ထွေးတဲ့ အခြေအနေမှာ စစ်သားပီပီ အနီးဆုံး အထက်အရာရှိရဲ့
အမိန့်ကိုပဲ လိုက်နာရမှာပါ။ ဥပမာ ပြောရရင် အာဏာသိမ်းတဲ့ဖြစ်စဉ်အားလုံးမှာ
ပါဝင်နေတဲ့တပ်တွေဟာ သိမ်းတဲ့လူပဲဖြစ်ဖြစ် သိမ်းတာကို ကာကွယ်တဲ့သူပဲဖြစ်ဖြစ်
သူတို့ဘယ်ဘက်က ပါဝင်နေရတယ်ဆိုတာ မသိနိုင်ပါ။ အားလုံးကတော့ အာဏာသိမ်းတာကို
ကာကွယ်ဖို့လို့ပဲ အမိန့်ကလာတာပါ။ စစ်ဆင်ရေး အကြီးစား တွေမှာ
ယောင်ပြတိုက်စစ်လုပ်တဲ့အခါ ယောင်ပြတိုက်ရတဲ့တပ်က အောက်ခြေ စစ်သည်တွေဟာ
သူတို့ ကျားကုတ်ကျားခဲ သိမ်းနေရတဲ့ တောင်ကုန်းကို တကယ်လိုချင်တာ မဟုတ်ဘဲ
ရန်သူကို လှည့်စားဖို့ ဟန်ဆောင်သိမ်းနေရမှန်းမသိဘဲ ကျဆုံးသွားရတာပါ။ အဲဒါ
စစ်သားဘ၀ပါ။
၅။ အဲဒီလိုပဲ စစ်မြေပြင်မှာလည်း
ရန်သူ၊ရွာသား၊မိတ်ဆွေ၊စစ်သား သိပ်ခွဲခြားရခက်ခဲတာ ဘယ်အရာရှိ၊ ဘယ်စစ်သည်မှ
အလကားသွေးဆာ လူသတ်မလုပ်ပါ။ကျွန်တော်တို့လည်း အင်္ဂါဂြိုဟ်ကလာတာ မဟုတ်ပါ။
မိသားစုနဲ့ အဖေနဲ့အမေနဲ့ မိန်းမနဲ့ကလေးနဲ့ ခင်ဗျားတို့လို သာမန်လူတွေပါ။
(၂၂)နှစ်လုံးလုံး သတင်းထုတ်ပြန်မှု မူဝါဒအသုံးမကျခဲ့လို့
အများစုအထင်လွဲခဲ့တဲ့ မုဒိမ်းကျင့် လူသတ်ဇာတ်လမ်းစုံနဲ့ တပ်မတော်ဟာ
အပြင်လောက အဖြစ်အပျက်နဲ့တခြားစီပါ။ တောထဲမှာ လူသတ်၊မုဒိမ်း မရှိဟု
မငြင်းလိုပါ။ ဒါပေမယ့် ဒါတပ်မတော်ရဲ့ မူဝါဒမဟုတ်ပါ။ လူတစ်ဦးချင်းရဲ့
ရာဇ၀တ်မှုပါ။ သိသိချင်းလဲ အဲလိုစစ်သည်တွေကို အရေးယူကြတာပါ။
အခုနာမည်ကြီးနေတဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအရှုပ်တော်ပုံဟာ ABSDF ရဲ့
မူဝါဒလို့ စွပ်စွဲရင် သူတို့လည်း ခံနိုင်မည်မဟုတ်ပါ။ ကျွန်တော် သေသေချာချာ
ပြောနိုင်တာက ကျွန်တော့်စစ်သက် တစ်လျှောက် မှာ အရာရှိက တပ်ဖွဲ့အနေနဲ့
အမိန့်ပေးပြီးခိုင်းခဲ့တဲ့ လူသတ်၊မုဒိမ်း ဖြစ်စဉ် လုံးဝမကြားဖူးပါ။ အဲသလို
ရာဇ၀တ်မှုကို ခွင့်ပြုလိုက်ရင် Chain of command လုံးဝပျက်စီး သွားပြီး
အရာရှိက အဲဒီတပ်ဖွဲ့ကို ဘယ်လိုမှ ကွပ်ကဲလို့မရနိုင်တော့ပါ။
ကျွန်တော်ပြောတာကို သာမန် Management Level မှာရှိတဲ့ သူတစ်ဦးတောင်
အလွယ်တကူ စဉ်းစားလို့ရနိုင်တာပါ။
၆။ ဆောင်းပါး
(၁)မှာ ပြောခဲ့သလို တောရဲ့ဥပဒေ (Law of jungle)ကို အခြေအနေအရ
ကျင့်သုံးနေရတဲ့သူတွေဟာ တပ်မတော်တစ်ခုတည်းမဟုတ်ပါ။ တရားဝင်ထုတ်ပြန်ဖို့
မသင့်လို့ မထုတ်ပြန်ခဲ့ပေမယ့် တစ်စွန်းတစ်စပြောရရင် ကျွန်တော် ၉၉ - ၂၀၀၀
ရှမ်း - မြောက်မှာ တပ်ခွဲမှူး နဲ့ တာဝန်ကျတုန်းက ချင်းရွှေဟော်မြို့ဟာ
၉၅-၉၆တုန်းက ဒဏ်ရာဒဏ်ချက်တွေ အကင်း မသေသေးပါ။ အဲဒီတုန်းက ကိုးကန့်နှင့်
ဝတပ်များစစ်ဖြစ်ပြီး ၀တပ်တွေက ချင်းရွှေဟော် တစ်မြို့လုံး မီးရှို့ဖျက်စီး၊
အရပ်သားတွေအကုန်သတ်၊ လက်ကျန်ကိုးကန့်အရပ်သားတွေအားလုံး လောက်ကိုင်မြို့ကို
ထွက်ပြေး ၊လောက်ကိုင် အထက်တန်းကျောင်းထဲမှာ နောက်ဆုံးလက်ကျန်
ကိုးကန့်တပ်ရင်း(၂)ရင်း(၃)ရင်းနဲ့ ကိုးကန့်သက်ကြီးရွယ်အို မိန်းမ၊ကလေးတွေ
အ၀ိုင်းခံနေ ရတုန်းက နှစ်ဖက်ပစ်ခတ်နေတဲ့ကြားထဲ တပ်မ ၉၉ တပ်တွေ
နိုင်ငံတော်အလံထောင်ပြီး အချိန်မီရောက်လာ အထက်တန်းကျောင်းကို
ဝိုင်းပတ်နေရာယူ ၀တပ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်၊ နှစ်ဖက်တပ်များ
တစ်ညလုံးဆိုင်ထားပြီး နောက်ရက်မှာ လောက်ကိုင်ပတ်ပတ်လည် တောင်ကြော တွေပေါ်က
မည်းမည်းထနေတဲ့ ၀တပ်တွေ ပြန်ဆုတ်ခွာသွားတော့ ကိုးကန့်တွေရဲ့ ငိုယိုပွေ့ဖက်၊
ဝမ်းမြောက်နှုတ်ဆက်ခံခဲ့ကြရတာ ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ခွေးတပ်တွေပါ။
၂၀၀၀မှာ တစ်ကြိမ် အခြေအနေတင်းမာတော့ ကျွန်တော်ကိုယ်တိုင် ညီနောင်တံတားနဲ့
ရွှေကူဝါးစခန်း ကြားမှာ တပ်ခွဲကိုနေရာချ နိုင်ငံတော်အလံကိုထောင်ပြီး
ဒီတိုင်းရင်းသားတွေဟာ နိုင်ငံတော်ရဲ့ ပြည်ထောင်စုရဲ့
ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိကြောင်း ပြခဲ့ချိန်မှာ ကိုးကန့်ဟာ
တိုင်းရင်း သားဟုတ်/မဟုတ် ကျွန်တော့်အလုပ်မဟုတ်။ အဲဒါ ခင်ဗျားတို့
နိုင်ငံရေးသမားနဲ့ အစိုးရ ဆုံးဖြတ်ရမယ့်အလုပ်။ ဗိုလ်ချုပ်တွေ
အစိုးရဖြစ်နေတာတော့ ကျွန်တော်လည်းမတတ်နိုင် (စိတ်ထဲကကြိုက်လည်းမကြိုက်)
ငါကစစ်သား၊ အထက်ကပေးတဲ့အမိန့် နာခံရုံပဲလို့ ခံယူထား ခဲ့တာ။ ခင်ဗျားတို့
မှားတယ်/မှန်တယ် ကြိုက်တာပြော တပ်မတော်ထဲမှာ ကျွန်တော့်လိုတပ်ခွဲမှူး
ပေါင်းများစွာ ရှိနေတာပါ ။
၇။ ၂၀၀၁
မုံးကိုးအရေးအခင်းဖြစ်တော့ MNDAA အဖွဲ့မှာ ခေါင်းဆောင် မုံဆလက(ကချင်)၊
ဒုခေါင်းဆောင် လင်နမင်က(ကိုးကန့်) နှစ်ဖက်ချလိုက်ကြတာ
ကျွန်တော့်တပ်ခွဲနဲ့ဝင်ပြီး တာမိုးညဲ နှင့် မုံးစီးကြားက
ကိုးကန့်နှင့်ကချင်ရွာတွေကို အကာအကွယ်ပေးခဲ့ရတာ ခင်ဗျားတို့မသိပါ။သတင်း
ထုတ်ပြန်ရင်လည်း တိုင်းရင်းသားအချင်းချင်း အငြိုးအာဃာတ ပိုကြီးရုံပဲမို့
သတင်းလည်း မထုတ်ပြန်ခဲ့ကြပါ။ ခင်ဗျားတို့သိအောင်ပြောရရင်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ လည်း သူတို့အချင်းချင်းမတည့်ပါ။
သူတို့လည်း ခင်ဗျားတို့ပြောတဲ့ ဒီမိုကရေစီတို့ လူ့အခွင့် အရေးတို့
မကျင့်သုံးပါ။သူတို့သိတဲ့ ဥပဒေဟာ ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့
ဥပဒေနဲ့မတူပါ။ နှစ်ဖက်လုံးကအပြစ်တွေ ပြောနေရင်တော့ ဘယ်တော့မှ
မဆုံးနိုင်ပါ။ တိုင်းရင်းသား နယ်မြေ တွေမှာ ဗမာစစ်တပ်တွေ
သွားပြီးအနိုင်ကျင့်နေတယ်ဆိုရင် မော်လမြိုင်ရထား ဗုံးခွဲပြီး အိမ်ပြန်
လာတဲ့တက္ကသိုလ်ကျောင်းသူ ၆၀ ကျော် တရုတ်ဖြူတွေဆီ ရောင်းစားခဲ့တာ၊ ၁၉၅၀တုန်းက
ဖြူးမြို့တစ်မြို့လုံး လူ ၃၀၀ ကျော် ယောက်ျားတွေအကုန် ဓားနဲ့ခုတ်သတ်
မိန်းမတွေအားလုံး စော်ကားပြီး ရက်ရက်စက်စက် သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ
သေသွားတဲ့သူတွေဟာ တိုင်းရင်းသား နယ်မြေတွေကို သွားလည်နေလို့
မဟုတ်ပါ။တရုတ်ဖြူလက် ရောက်သွားတဲ့ တက္ကသိုလ်ကျောင်းသူ ၆၀ ရဲ့နေရာကို
ခင်ဗျားတို့ စိတ်နဲ့မှန်းဆကိုယ်ချင်းစာကြည့်လိုက်ပါ။ တိုင်းရင်းသားတွေကို
မုန်းတီးလို့မဟုတ်ပါ။ ဒါပေမယ့် ဒီပြည်တွင်းစစ်ကြီးက တပ်မတော်
တစ်ခုတည်းပေါ်မှာ တာဝန်ရှိ တယ်လို့ မြို့ပေါ်က ကုလားထိုင်ပေါ်က
ပန်ကာအောက်ကနေထိုင်ပြီး ခင်ဗျားတို့ ယူဆရင်တော့. . ခင်ဗျားတို့ သဘောပါ။
၈။`
ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမကျရင် နိုင်ငံရေးနည်းနဲ့
ခင်ဗျားတို့ပြင်ဖို့လုပ်ပါ။ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ
စဆွဲခဲ့တဲ့အချိန်ကဆို ၂၈ ကြိမ်လောက် အကြီးအကျယ် ပြင်ခဲ့ရတာ။ စဆွဲတုန်းကဆို
မိန်းမတွေတောင် မဲပေးခွင့်မရခဲ့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်
ကျွန်တော်လည်း ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို သဘောမကျတဲ့အချက်တွေရှိနေတာပါ။
ဒါပေမယ့် ဒီနိုင်ငံမှာမှ မဟုတ်ပါ၊ အာရှနိုင်ငံအားလုံးရဲ့ နိုင်ငံရေးမှာ
ခင်ဗျားတို့ ကြိုက်ကြိုက်/မကြိုက်ကြိုက် လက်ခံခံ/မခံခံ စစ်တပ်ကတိုက်ရိုက်
ဒါမှမဟုတ် သွယ်ဝိုက် ပါဝင်ပတ်သက်နေတာ။ ဒီမှာလည်း ပါဝင်နေဦးမှာပါ။
ဗြိတိန်မှာ လွှတ်တော်စပေါ်တော့ ဘုရင်၊မှူးမတ်တွေအတွက် (အာဏာစွန့်ချင်
လာအောင်)ရွေးခံစရာမလိုဘဲ အလိုလိုဆက်ခံခွင့်ရတဲ့ လွှတ်တော်အမတ်နေရာ
ရာကျော်ပေး ခဲ့ရတာ။ ၀န်ကြီးချုပ်အဆက်ဆက် ဒီနေရာတွေကို
လျှော့ချဖို့ကြံခဲ့ပေမယ့် အခုအချိန်ထိ အမတ်နေရာ ၈၁ နေရာ ကျန်သေးတာ။
တိုနီဘလဲ မဲဆွယ်တုန်းက ဒီ ၈၁ နေရာကို လျှော့ချဖို့ ကြိုးစားမယ်လို့
ကတိပြုပြီး မဲဆွယ်ခဲ့ပေမယ့် သူသာပြန်ဆင်းသွားတယ် (၈၁) နေရာကတော့
အလုံးအရပ်မလျော့ရှိနေတာပါ။ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးညီရင်
နိုင်ငံရေးနည်းနဲ့ ဒီလို အခြေအနေမျိုးတွေကို ပြင်ဖို့ ကြိုးစားသွားရမှာပါ။
လူထုတိုက်ပွဲတို့ ၊တော်လှန်ရေးတို့ ၊ ဘာစစ်ပွဲတို့ ညာလှုပ်ရှားမှုတို့တော့
စစ်တပ်ကစိတ်မ၀င်စားပါ။ လက်နက်ကိုင်တိုက်ရင်လည်း အနှစ် ၆၀ လောက်တိုက်ခဲ့တာ
မနိုင်ခဲ့ပဲ ခုမှနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလို့မရပါ။ တလက်စတည်း
စစ်တပ်နဲ့ဝေးသူတွေအတွက် ရှင်းပြရရင် ဦးသိန်းစိန် ကချင်ပြည်နယ်မှာ
ရပ်ခိုင်းတာ ထိုးစစ်ပါ တိုက်ပွဲမဟုတ်ပါ။ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ပဲ
စစ်တပ်က အစိုးရအမိန့် မနာခံသယောင် ထင်ရာမြင်ရာ လျှောက်ပြောနေတာ
စိတ်ပျက်စရာပါ။ လိုင်ဇာကို ထိုးစစ်ဆင် သိမ်းဖို့ဆိုတာ အမြောက်တပ်မ(၁၀)မ၊
ခြေမြန်တိုက်ခိုက်ရေးတပ်မ(၄၀)လောက်နဲ့ လေတပ်ရှိ နေတဲ့ တပ်မတော်တစ်ခုအဖို့
လွယ်/မလွယ်ဆိုတာ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ အခုအဲဒီဒေသမှာ ၀င်နေတာ
တပ်မ(၄)ခုတည်းပါ။ မြန်မာ့တပ်မတော်ဟာ ဗကပနဲ့ အနှစ်(၄၀)လောက် စစ်တိုက်
ခဲ့တာပါ။ Comment တစ်ခုမှာပြောသလို တပ်က ဘယ်သူ့ကိုမှလည်း ကြောက်စရာ၊
မတိုက်ရဲစရာ မရှိပါ။ အခုရှိနေတဲ့ လက်နက်ကိုင်တွေဟာ အဲဒီတုန်းက ဗကပရဲ့
တပည့်တွေပါ။ ဆရာကို တောင်နိုင်အောင် တိုက်ခဲ့ပြီး တပည့်ကျမှ
မတိုက်ရဲဘူးဆိုရင် တပ်မတော်ကို ဖျက်ပစ်ရုံပဲ ရှိတော့မှာပါ။
တိုက်ပွဲရပ်တယ်ဆိုတာ နှစ်ဖက်စလုံးက ရပ်မှရပ်လို့ရတာပါ။ နှစ်ဖက်သဘော
တူညီချက် မရသေးဘဲ တစ်ဖက်သတ်ရပ်ပြီး နောက်ပြန်ဆုတ်သွားရင် အဲဒီဒေသက အရပ်သား
တွေ၊ အစိုးရရုံးတွေ၊ ကျောင်းတွေ၊ ၀န်ထမ်းတွေကို တစ်ဖက်က
အန္တရာယ်မပြုဘူးလို့၊ စီးပွားရေး လုပ်ငန်းတွေကို ဆက်ကြေးတွေ
ပြင်းပြင်းထန်ထန် မကောက်ဘူးလို့ ဘယ်သူအာမခံ မလဲဆိုတာ စဉ်းစားစရာပါ။ KIA က
အဲဒီဒေသမှာ တစ်ချိန်လုံးဆက်ကြေးကောက်နေတာ၊ ဆက်ကြေး မပေးရင်အန္တရာယ်ပြုတာ
ဒေသခံတွေ အားလုံးအသိပါ။ ဒါပေမယ့် ဒီသတင်းတွေကျတော့ Onlineပေါ်မှာ
လုံးဝမတွေ့ရဘဲ စစ်တပ်ကိုပဲ အပြစ်ဖို့နေတာ၊ တစ်ဖက်သတ်ဆန်လွန်းနေတာပါ။
အသွင်ကူးပြောင်းတဲ့ လုပ်ငန်းစဉ်ဆိုတာ စိတ်ရှည်ဖို့လိုတာ။
စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲ မိသားစုပုံစံက
ကုမ္ပဏီပုံစံပြောင်းကြည့်စမ်းပါ။ ကျွန်တော့်အတွေ့အကြုံအရတော့ အထိုင်ကျအောင်
တစ်နှစ်ခွဲလောက် အချိန်ပေးခဲ့ရတာပါ။ ဒီကိစ္စတွေ ရေးနေ ပြောနေရတာ
ခင်ဗျားတို့မုန်းတဲ့ အခွင့်အရေးသမားတွေနဲ့ အောက်ခြေကစစ်သည်အများစုနဲ့
ဘယ်လိုမှမပတ်သက်တာ၊ သူတို့ အနေနဲ့ လုပ်ငန်းသဘာဝအရ အထက်ကအမိန့်ကို
ခင်ဗျားတို့ပြောသလို ဟိုဟာကအမှန်၊ ဒီဟာကအမှား၊ လုပ်မယ်၊ မလုပ်ဘူး
ခွဲခြားလို့ မဖြစ်နိုင်တာ။ စစ်သားတွေရဲ့ဘ၀ကို ကိုယ်ချင်း မစာပဲ
တစ်ဖက်သတ်မှတ်ချက်ပေါင်းများစွာကို အမြဲတွေ့နေရလို့ပါ။ ဒါပေမယ့် မင်းတို့
ဘယ်လို ရှင်းရှင်း ဘယ်လိုပြောပြော လက်ကိုင်တုတ်ကလက်ကိုင်တုတ်၊
စစ်ခွေးကစစ်ခွေးပါပဲလို့ ဆိုရင် လည်း. . အရေးမကြီးပါ။ လောကကြီးရဲ့ နိယာမအရ
ခင်ဗျားတို့က စစ်ခွေးတွေကို မုန်းတီးရင် စစ်ခွေးတွေကလည်း ခင်ဗျားတို့ကို
ပြန်မုန်းတီးပြီး အမုန်းတရားတွေနဲ့ နိုင်ငံကို တိုးတက်အောင် တည်ဆောက်ဖို့၊
ဒီမိုကရေစီ ဖော်ဆောင်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment