skip to main |
skip to sidebar
စစ်တက္ကသိုလ်နဲ့အတူ တခြားစစ်ဘက်တက္ကသိုလ်များရှိနေရခြင်းနှင့်အတူ ယင်းပြဿနာများအား ဖြေရှင်းနိုင်မည့် နည်းလမ်းနှင့် လျော့ကျသွားနိုင်သည့် ပြဿနာအချို့
ကျနော် မနေ့
၁၅-၂-၂၀၁၂ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးအေးမောင်တင်ပြခဲ့သော တပ်မတော် လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော
ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏
ချေပချက်အား သုံးသပ်ခြင်း ဆိုတဲ့ ဆောင်းပါးရေးပြီးအဲဒီဆောင်းပါးမှာ တပ်မတော်နဲ့
နိုင်ငံတော်ကာကွယ်ရေးကဏ္ဍ အတွက် တပ်မတော်စစ်ကျောင်းကြီးများထားရှိဖို့လိုအပ်ပြီး
သမိုင်းကြောင်းအစဉ်အလာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖြစ်စေ
ချင်ခဲ့တဲ့ကျောင်းကြီးတွေဖြစ်တယ်ဆိုတာကို ရေးသားခဲ့ပါတယ်။ အဲဒီအချက်ကို
ကျနော့်စာဖတ်ပရိသတ်တဦးက စစ်သား တွေအတွက် စစ်တက္ကသိုလ် ရှိရမည် သို့သော်
စစ်ဆေးဖက်ဆိုင်ရာ/စစ်စက်မှုတက်က္ကသိုလ်
ဆိုပြီး
သီးခြားမရှိအပ် ဟုဆို သည့်ကော်မန့်ပေးလာခဲ့ပါသည်။
ယင်းကော်မန့်ကိုဖတ်ရသည့်အခါ မိမိလွန်စွာအားတက်ရပါသည်။ မိမိအနေဖြင့် ဆောင်း
ပါးရေးသားရာတွင် လက်တလောဖြစ်ပျက်နေသော သတင်းများနှင့် တပ်မတော်နှင့်ဆိုင်သည့်
အများအမြင်တို့အပေါ်တွင် အခြေခံရေးသားလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်
တပ်မတော်နှင့်ပြည်သူ ပြန်လည်ချစ်ကြည်သင့်မြတ်ပြီး တပ်မ တော်သားများအနေဖြင့်လည်း
မှန်ကန်သည့်အသိတရားများရရှိရန် ဆိုသည့် မိမိတို့ ဆောင်ရွက်နေသည့် တပ်နှင့်ပြည်သူ
စာစောင်နှင့် ဘလော့ရည်ရွယ်ချက်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်မှလည်း
တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်ကို သုံးနေသောကြောင့်ဖြစ်ပါသည်။
အချို့တပ်မတော်ပိုင်းဆိုင်ရာ
အချက်အလက်များနှင့် နည်းလမ်းများသည် တပ်မတော်တစ်ခုထဲနှင့် ဆက်နွယ်နေ သည်မဟုတ်ဘဲ
အရပ်ဘက်နှင့်ပါဆက်နွယ်နေပါသည်။ ယင်းအချက်သည်ပင် နိုင်ငံရေးအရမှန်ကန်လာသည့်အပေါ်
တပ်မ တော်မှ အချို့အပိုင်းဆိုင်ရာများတွင် အလိုအလျောက် မှန်ကန်လာနိုင်သည့်အခြေအနေဖြစ်ပါသည်။
မိမိယခုယင်းအခြေအ နေကို မိမိစာဖတ်ပရိသတ်၏ ကော်မန့်အပေါ်အခြေခံပြီး
စစ်ကျောင်းကြီးသုံးကျောင်းနှင့် အရပ်ဘက်ပညာရေးအခြေအနေ ဖြင့် မိမိသိသမျှ တတ်သမျှ
လေ့လာမိသမျှမိမိစာဖတ်ပရိသတ်များအား မျှဝေပေးပါမည်။ မိမိအနေဖြင့်လည်း အချို့ အချက်
အလက် များကို စာဖတ်သူတို့ပေးလာသည့် ကော်မန့်များမှ လေ့လာမှတ်သားရပါသည်။ လိုအပ်ပါက
စာရေးသူကျနော် လေ့လာမှုအားနည်းမှုဟုသာမှတ်ယူပြီး စာဖတ်ပရိသတ်များ
ဖြည့်ဆည်းပေးကြပါကုန်။
မိမိတို့ စစ်တက္ကသိုလ်သည်
ရန်ကုန်တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများအတိုင်း စာပေပညာများကို သင်ကြားပို့ချ ပါသည်။
စစ်ပညာများကိုကား မိမိတို့တပ်မတော်တွင်အသုံးပြုသော ဗျူဟာများအတိုင်း နှစ်အလိုက်
သင်ကြားပေးရမည့် စစ်နည်းဗျူဟာများကို သင်ကြားပေးပါသည်။ မိမိတို့သည် စာပေပညာ စစ်ပညာများကို
သီးခြားဆီကန့်သတ်သင်ကြားကြရ ပြီး ကျောင်းပြီးသည့်အခါ
ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများကို
တရက်ဆီ ကျင်းပပြုလုပ်ကာ တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့အသီးသီးသို့
သွားရောက်တာဝန်ထမ်းဆောင်ကြရပါသည်။ ယခု မိမိရှေ့ ရေးသားခဲ့သော ဆောင်းပါးရှိ
ကော်မန့်တော်တော်များများတွင် ပြန်လည်ကြည့်မိသည့်အခါ စစ်တက္ကသိုလ်ရှိခြင်းအား
မပြောကြသော်လည်း တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ထို့အတူ
တပ်မတော်သူနာပြု တက္ကသိုလ်တို့ရှိနေခြင်းအပေါ်တွင် မကျေလည်သည်ကို တွေ့ရှိရပါသည်။ ထို့အတွက်
မိမိကိုယ်တိုင်လည်း ရှေးယခင် ဆောင်းပါးများနှင့် အချို့ကော်မန့်တို့တွင်
တပ်မတော်တွင်း အရာရှိများအချင်းချင်းကြား ကျောင်းဆင်းပြဿနာ ဆိုသည် များကို
မကြာခဏရေးသားခဲ့လေ့ရှိပါသည်။ ယခု ဤဆောင်းပါးတွင် အတိုင်းအတာတခုထိ
ပြေလျော့နိုင်မည့် ကျောင်းဆင်း ပြဿနာနှင့် ကော်မန့်ရှင်များပြောဆိုသည့်
အခြေအနေတို့ကို တစိတ်တဒေသ လျော့နည်းနိုင်မည့် နည်းလမ်းကို မိမိအနေ ဖြင့်
စဉ်းစားအဖြေရှာရပါသည်။ ထိုသို့စဉ်းစားအဖြေရှာရာမှ မိမိအထက်တွင်ဆိုထားသည့်အတိုင်း
အရပ်ဘက် တက္ကသိုလ် ပညာရေးစနစ်ဖြင့် မိမိတို့ စစ်ဘက်ဆိုင်ရာကျောင်းကြီးများကို
သင်ကြားသည်ဆိုသည့်အချက်နှင့်စပ်လျဉ်းကာ မိမိလေ့လာ ဖတ်မှတ်ဖူးသည့် ယခင်အရပ်ဘက်
တက္ကသိုလ်အကြောင်းကိုရောက်ရှိသွားပြီး သဲလွန်စအချို့ကိုရရှိခဲ့ပါသည်။ ယခုဤ
ဆောင်းပါးတွင် ယင်းရရှိလာသည့်သဲလွန်စအား မိမိစာဖတ်ပရိသတ်များအား တင်ပြသွားမည်ဖြစ်ပြီး
မိမိရရှိသည့် သဲလွန်စ မှတဆင့် သက်ဆိုင်ရာ ပညာရှင်များမှ ဖော်ထုတ်ကြိုးပမ်းကာ
အဖြေတခုရရှိခဲ့လျှင် မိမိရေးသားရကျိုးနပ်ပေသည်။ မိမိရရှိခဲ့ သည်သဲလွန်စဆိုသည်ကား…..။
ကျနော်အထက်တွင်ပြောဆိုထားသကဲ့သို့
မိမိတို့ စစ်တက္ကသိုလ်ပညာရေးသည် ရန်ကုန်တက္ကသိုလ်သင်ရိုးညွှန်း တမ်းနှင့်
ကိုက်ညီထားပြီး(တနည်း အရပ်ဘက် တက္ကသိုလ်သင်ရိုးညွှန်းတမ်း) သင်ကြားကြပါသည်။
သို့အတွက် ယခင်က အရပ်ဘက်တက္ကသိုလ်များသည် ၄ နှစ်တာကာလသင်ကြားရချိန်တွင် မိမိတို့
စစ်တက္ကသိုလ်သည်လည်း ၄ နှစ်တာသင် ကြားကြရပြီး ၄ နှစ်မှ ကျောင်းဆင်းကာ
အရာရှိဖြစ်ကြပါသည်။ သို့အတွက် စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုအရလည်း အချိန်ပို
မိုရရှိသဖြင့် တိုက်ခိုက်ရေးစွမ်းရည်နှင့် အခြားအရာရှိတယောက်ရှိသင့်သည့်
အရည်အချင်းများ ပြည့်ပြည့်ဝဝရရှိခဲ့ကြပါ သည်။ ယနေ့ကာလ မိမိတို့ ၃ နှစ်ဖြင့်
ကျောင်းပြီးလာသူများတွင်လည်း ထူးချွန်သူများရှိပါသည်။ သို့သော်ကား လေ့ကျင့်မှု တွင်
တနှစ်ကွာဟမှုသည် များစွာစကားပြောပါသည်။ သို့အတွက် မိမိတို့ ၃ နှစ်သမားများ
ထူးချွန်မှုသည် ၄ နှစ်သမားများ အား အကြမ်းဖျဉ်းအားဖြင့် မမှီနိုင်ဟု ပြော၍ရပါသည်။
သို့သော်ကား စစ်တက္ကသိုလ် အမှတ်စဉ်(၄၂) မှ အမှတ်စဉ်(၅၃) ထိ သည် အရပ်ဘက်
တက္ကသိုလ်ပညာရေးပြောင်းလဲမှုကြောင့် သုံးနှစ်တာကာလဖြင့် ကျောင်းဆင်းခဲ့ကြပါသည်။
ယင်းနောက် ပိုင်းအမှတ်စဉ်များအား လေးနှစ်သို့ပြောင်းလဲသတ်မှတ်သည်
အရပ်ဘက်ပညာရေးအားလည်း လေးနှစ်သတ်မှတ်သည် ဟုသတင်းများကြားသိရပါသည်။
ထိုသို့
မိမိအထက်တွင်ဆိုသည့်အတိုင်း အရပ်ဘက်နိုင်ငံရေးအခြေအနေအရ ပြောင်းလဲကျင့်သုံးသည့်
ပညာရေး ဆိုင်ရာမူဝါဒများသည် မိမိတို့
တပ်မတော်ကျောင်းများကိုလည်းဂယက်ရိုက်ခတ်မှုရှိပါသည်။ ထိုအခြေအနေအရ ယခင့်ယ ခင်က
အရပ်ဘက်တက္ကသိုလ်ပညာရေးသည် ယခုကဲ့သို့ သီးခြားတက္ကသိုလ်များထားရှိဖွင့်လှစ်သည်မဟုတ်ဘဲ
ရန်ကုန် တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်လက်အောက်တွင်ပင် သက်ဆိုင်ရာဌာနလိုက်ဖြင့်သာ
သင်ကြားခဲ့ကြခြင်းဖြစ်သည်ဟု မှတ်သားမိဖူးပါသည်။ သို့အတွက် ယနေ့ကဲ့သို့လည်း
ဆေးကျောင်း အင်ဂျင်နီယာကျောင်းနှင့် ဘာသာရပ်ဆိုင်ရာ တက္က သိုလ်များဟူ၍
အရပ်ဘက်ကျောင်းများလည်း ကွဲလွဲမှုမရှိခဲ့ပါ။ ထိုနည်းတူစွာ မိမိဆောင်းပါးအား
ကော်မန့်ပေးကြသော စာဖတ်ပရိသတ်တို့ပြောသည့်အတိုင်းပင် အရပ်ဘက်တက္ကသိုလ်ဘွဲ့ရများအား
ရရှိခဲ့သည့် ဘွဲ့အလိုက် သက်ဆိုင်ရာ တပ် ရင်း တပ်ဖွဲ့များတွင် တာဝန်ပေးခန့်အပ်ခဲ့ကြပါသည်။
မိမိတို့အနေဖြင့် ခေါ်ဆိုသည်မှာ အင်ဂျင်နီယာနှင့် ဆရာဝန်များအား
ပညာသည်အဖွဲ့ဟုခေါ်ဆိုကာ စစ်သင်တန်း ကာလတိုပေးပြီး တပ်မတော်မှ
ပြန်တမ်းဝင်အရာရှိခန့်အပ်ခဲ့ကြပါသည်။ ယင်း ကဲ့သို့ခန့်အပ်ခံခဲ့ကြသည့် သူများမှာ
ယနေ့တိုင်အောင်လည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ အချို့ရှိနေကြပါသေး သည်။ ထို့နောက်မှ
အရပ်ဘက်တွင်လည်း နိုင်ငံရေးအခင်းအကျင်းအရ ကျောင်းသားများ၏ သွေးစည်းညီညွတ်မှုနှင့်
နိုင်ငံ ရေးလှုပ်ရှားမှုများကို ခွဲထုတ်ရန် ဗိုလ်ချုပ်နေဝင်းမှ တက္ကသိုလ်များကို
သီးခြားခွဲထုတ်ခဲ့ပါသည်။ ယင်းကဲ့သို့အခြေအနေများ ကြားမှ ရှင်သန်လာသော
တက္ကသိုလ်ပညာရေးအောက်တွင် ၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရတက်လာပြီးနောက်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုင်တွယ်သောခေတ်ကာလတွင်
ပိုမိုဖိနှိပ်ခွဲခြားခဲ့သည်မှာလည်း စာဖတ်သူတို့အသိပင်။
၁၉၈၈
လူထုအရေးတော်ပုံကြီးတွင် တပ်ရင်းတပ်ဖွဲ့များမှ
ပြည်သူလူထုနှင့်တသားတည်းဖြစ်ပေါ်ခဲ့မှုများ အချို့ တပ်ရင်းလိုက်
အမိန့်မနာခံမှုများနှင့် အာဏာသိမ်းကာ ဒီမိုကရေစီအတွက် လှုပ်ရှားမည့် အခြေအနေများ
ပေါ်ပေါက်ခဲ့သည် ဆိုသည်မှာလည်း မိမိတို့ငြင်းမရသည့်အချက်များဖြစ်ပါသည်။ ယင်းအခြေအနေများကို
ထိန်းသိမ်းကိုင်တွယ်ရန် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေမှ ယခင်ဦးနေဝင်းလက်ထက်က
ကျောင်းသားများအား သွေးခွဲ လူခွဲကာ ပညာရေးစနစ်ကို ပျက်သုဉ်းအောင်
အနာဂတ်ပျက်သုဉ်းအောင်လုပ်သကဲ့သို့ ယင်းအာဏာတည်မြဲရန် တပ်မတော်သားများအကြားတွင်လည်း
သွေးကွဲနေရန် လိုအပ်သည် အရပ်ဘက်မှ နိုင်ငံရေးအသိဖြင့်
တပ်မတော်တွင်းအရာရှိအဖြစ်ဖြင့် ဝင်ရောက်လာကာ တပ်မတော်သားအ
ချင်းချင်းသွေးစည်းညီညွတ်သွားပါက ယင်းအာဏာသည်လည်း မမြဲနိုင်ဟုတွေးမိပုံရပါသည်။
ဤကား မိမိတွေးမိသည့် အချက်ဖြစ်ပါသည်။ သို့အတွက် လောလောလတ်လတ်
သွေးပူနေဆဲတပ်မတော်ကြီးကို ငါတို့တပ်မတော်အင်အား ရှိရေး တပ်မတော်သားများ
အဆင့်မြင့်မားရေးဆိုတဲ့ လေလုံးများနဲ့အတူ တပ်မတော်နည်းပညာတက္ကသိုလ် နှင့် တပ်မတော်
ဆေးတက္ကသိုလ်များကို ဖွင့်လှစ်ခဲ့ပါသည်။ ဤတွင်ပင် အရာရှိ ကျောင်းဆင်းများအကြား
အရာရှိများအချင်းချင်းအတွင်း မသိမသာစတင်မွှေးလိုက်သော မီးဖြစ်ခဲ့ပါသည်။
ထိုမှ တာဝန်ထမ်းဆောင်ရာတွင်
မိမိတို့စစ်တက္ကသိုလ်မှ ကျောင်းဆင်းလာသည့် သူများအား အင်ဂျင်နီယာ တပ်ရင်းများတွင်
တပ်ရင်းမှူးတာဝန်များ ထမ်းဆောင်စေခြင်း ဆေးတပ်ဖွဲ့များတွင်
အုပ်ချုပ်မှုပိုင်းဆိုင်ရာ တပ်မှူးများအား မိမိတို့ စစ်တက္ကသိုလ်ဆင်းများအား
တာဝန်ထမ်းဆောင်စေခြင်းများဖြင့် အစရှိသည့် မလုပ်သင့် မလုပ်အပ် နေရာမှန်မဟုတ်
အောင်စီမံကာ တာဝန်ပေးအပ်ခြင်းများဖြင့် အချင်းချင်းကြား ပြဿနာကို တိုးပွါးစေခဲ့ပါသည်။
ယနေ့အချိန်ထိလည်း ယင်း ကဲ့သို့ပြဿနာများ ရှိနေသည်ဆိုသည်မှာ ငြင်းမရသည့် အချက်ဖြစ်ပါသည်။
ထို့ပြင် တက္ကသိုလ်ဝင်တန်း တနှစ်ထဲအတူ အောင်မြင်ခဲ့ကြသော်လည်း မိမိတက်ရောက်သည့် စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကွာဟမှုပေါ်မူတည်ပြီး
ပြန်တမ်းဝင်အမှတ် ကွာဟမှုများ ရာထူးကွာဟမှုများ စသဖြင့် များစွာသော
ပြဿနာများရှိနေပါသည်။ မိမိအတွေ့အကြုံအရ ပြောရလျှင်မူ မိမိအသိ စစ်ဆေးမှ
အကိုကြီးတယောက်သည် တပ်မတော်တွင်း ဖွဲ့စည်းပုံပြောင်းလဲမှုကြောင့် ယခင်က အရာခံဗိုလ်ကြီး
များသာလျှင်တွဲဖက်ထားရှိသော တပ်ရင်းဆေးခန်းများအား ဗိုလ်ကြီးအဆင့်ဖြင့်
တွဲဖက်တာဝန်ထမ်းဆောင်စေပါသည်။ ထိုအခါ ယင်းအကိုကြီးကျသည့် တပ်ရင်းမှ တပ်ရင်းမှူးမှ
၎င်းအကိုကြီးအား မင်းလည်း စစ်ဗိုလ်စစ်သားပဲ ရှေ့တန်းထွက်ရ မယ်ဆိုကာ
ရှေ့တန်းလွှတ်ပါသည်။ ထိုအခါ မသွားလိုပါဟု ငြင်းပယ်ပါကလည်း အမိန့်မနာခံမှု ထို့အပြင်
၎င်းရရှိထားသည့် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆိုသည့် ပါရဂူဘွဲ့နှင့်
ရှေ့တန်းစစ်မြေပြင်ကို တာဝန်ထမ်းဆောင်ရမည်ဆိုသည်က လည်း မဟုတ်သေးပေ။
အရေးပေါ်အခြေအနေအရ မဖြစ်မနေဆိုလျှင်လက်ခံ၍ရပါသည်။ သို့သော်ကား သာမန် ပုံမှန် ရှေ့
တန်းတွင် ယင်းကဲ့သို့တာဝန်ပေးအပ်ခြင်းသည် မိမိတို့တပ်မတော်အတွင်းပိုင်းတွင်
မည်မျှထိ ကျောင်းဆင်းများကြား မကျေ လည်မှုများရှိနေသည်ကို တွေ့ရှိနိုင်ပါသည်။
အားလုံးကို မဆိုလိုပါ။ သို့သော် အများစုမှာ ယင်းအတိုင်းဖြစ်ပေါ်နေပါသည်။
ထို့ကြောင့် ယခုမိမိအနေဖြင့်
မိမိစာဖတ်ပရိသတ်များပေးလာသည့် ယင်းကျောင်းများမရှိသင့် အရပ်ဘက်ကျောင်း များမှ
ဘွဲ့ရလာသူများကို ခန့်အပ်နိုင်သည် ဆိုသည့်ကော်မန့်အား မိမိတတ်သိသရွေ့
နိုင်ငံရေးသမိုင်းနှင့်အတူ တပ်မတော် အတွင်းတွင်လည်း ယင်းကဲ့သို့
ကျောင်းများခွဲခြားထားခြင်းကြောင့် ဖြစ်ပျက်နေသည့် ပြဿနာအခက်အခဲအချို့ကို ယခုကဲ့
သို့တင်ပြရခြင်းဖြစ်ပါသည်။ အမှန်တကယ်မြေပြင်အခက်အခဲ ပြဿနာများတွင် ယင်းထက်များစွာ
နက်ရှိုင်းပါသည်။
ယခုမိမိထပ်မံတင်ပြမည်မှာ
ယင်းပြဿနာရပ်များအား အတိုင်းအတာထိလျှော့ချနိုင်မည့် နည်းလမ်းဖြစ်ပါသည်။
ယင်းနည်းလမ်းသည် မိမိ၏ ဦးဏှောက်သေးသေးလေးဖြင့် စဉ်းစားထားသည်သာဖြစ်သဖြင့်
သဲလွန်စသာသာမျှသာလျှင် အရေးပါပေလိမ့်မည်။ ထိုမျှလည်း အရေးပါချင်မှပါပါမည်။
သို့သော်ကား မိမိစာဖတ်ပရိသတ်များကိုတော့ ကျေနပ်မှု တစုံတ ရာပေးစွမ်းနိုင်လိမ့်မည်ဟု
ယုံကြည်မိပါသည်။ ကျနော်တို့စစ်ဘက်တက္ကသိုလ်များသည် အရပ်ဘက်တက္ကသိုလ်ပညာရေး နှင့်
ယှဉ်၍သွားနေရသောကြောင့် အရပ်ဘက် တက္ကသိုလ်ပညာရေးစနစ်အား ရှေးယခင်ကကဲ့သို့ ရန်ကုန်တက္ကသိုလ်သည်
သာလျှင် အရပ်ဘက်တက္ကသိုလ်များ၏ အချုပ်ဖြစ်ပြီး သီးခြားတက္ကသိုလ်များခွဲထွက်မနေတော့ဘဲ
ဌာနခွဲအနေဖြင့်သာ ရှိ မည်ဆိုလျှင် မိမိတို့ စစ်ဘက်တက္ကသိုလ်များသည်လည်း
စစ်တက္ကသိုလ်၏အောက်၌သာလျှင် ဆေးပညာဌာနခွဲ၊ စက်မှုဌာန ခွဲ နှင့် သက်ဆိုင်ရာ
ဘာသာရပ်ဌာနခွဲများဖြင့် ပြောင်းလဲဖွဲ့စည်းနိုင်ပေသည်။ ယင်းအတွက် မိမိတို့အနေဖြင့်
အရပ်ဘက် တက္ကသိုလ်ပညာရေးစနစ်ကို ဦးစွာပြောင်းလဲပေးနိုင်ရန်လိုအပ်သည်ဟု
ထင်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် စစ် ဘက်တက္ကသိုလ်များ၏ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများသည်
အရပ်ဘက်တက္ကသိုလ်များ၏ ပြဋ္ဌာန်းမှုများအတိုင်း ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထိုသို့
အရပ်ဘက်တက္ကသိုလ်ပညာရေးစနစ်အား ပြောင်းလဲနိုင်ခဲ့ပါက မိမိတို့ စစ်ဘက်
တက္ကသိုလ်များသည်လည်း လိုက်လံပြောင်းလဲသတ်မှတ်ရန် လိုအပ်လာပေလိမ့်မည်။ ထိုအခါ
မိမိစာဖတ်ပရိသတ်များ ပြောဆိုသည့် အခြားစစ်ဘက်ကျောင်းများ ရှိနေရခြင်းဆိုသည့်
ပြဿနာအခက်အခဲအချို့မှာ ပြေပျောက် သွားနိုင်ဖွယ် ရှိပေ သည်။ ထို့ပြင် အရပ်ဘက်ကျောင်းသားများမှ
ဘွဲ့ရရှိပြီး စစ်ဘက်တွင်တာဝန်ထမ်းဆောင်လိုလျှင် ရှေးယခင်ကကဲ့သို့ ရရှိခဲ့ သည့်ဘွဲ့နှင့်
သက်ဆိုင်သည့် လက်ရုံးတပ်ဖွဲ့တွင် တာဝန်ထမ်းစေပြီးလျှင်
မည်သည့်ကျောင်းမှဘွဲ့ရသည်ထက် လုပ်ငန်း အရည်အချင်းပေါ်တွင် မူတည်ပြီး
ရာထူးကိုစဉ်းစားပေးသွား မည်ဆိုပါက ဒေါက်တာအေးမောင်ပြောကြားသည့် အရပ်ဘက်
ကျောင်းသားများနှင့် စစ်ဘက်ကျောင်းသားများကြား ရှိနေသည့် အမြင်လွဲမှားမှုများလည်း
အတိုင်းအတာတခုထိ ပြေလျော့ သွားနိုင်ပါသည်။
ဤတွင် မိမိတို့
တပ်မတော်သားများနှင့် အခြားသက်ဆိုင်ရာဘာသာရပ်ရှုထောင့်မှ ပြဿနာတခုကို ထပ်မံတွေ့ရှိ
ရပါသည်။ ယင်းကားအခြားမဟုတ်ပေ။ အင်ဂျင်နီယာပညာနှင့် ဆေးပညာကို ၎
နှစ်နှင့်ကျောင်းဆင်းပေးရမည်လား ဆို သည့်ပြဿနာဖြစ်သည်။ ထိုပြဿနာအတွက်
မိမိစဉ်စားမိသည့်အဖြေတခုရှိနေပါသည်။ မိမိစဉ်စားမိသည့်အဖြေမှာ ပြန်
တမ်းဝင်အရာရှိပေးသည်နှင့် ဘွဲ့ရရှိခြင်းကိုခွဲခြားသတ်မှတ်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ
ဥပမာ- မိမိတင်ပြချက်အတိုင်း စစ်တက္ကသိုလ်တခုသာရှိပြီး ဌာနခွဲများအနေဖြင့် ရပ်တည်ကာ
တကျောင်းတည်းမှပြီးသည်ဆိုပါစို့။ စစ်ဘက်ဆိုင်ရာ နည်းဗျူ ဟာ၊ လက်နက်ငယ်ပညာများနှင့်
ပတ်သက်၍ သင်ရိုးအပြည့်နှင့် လေ့ကျင့်ချိန်ကို အနိမ့်ဆုံး သီးခြားဘာသာရပ်များ သင်
ကြားရမည့်ကာလနှင့်သတ်မှတ်ပြီးလျှင် ယင်းကာလ အတိုင်းအတာ ပြည့်ဝပါက စစ်ဘက်ပညာအရ
မည်သည့်ဌာနမှ ကျောင်သားမဆို စစ်ဘက်ပညာရပ်များပြည့်ဝပြီဟု ယူဆသဖြင့် တပ်မတော်၏
ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနား တွင် အတူတူ ခန့်အပ်ပေးရမည်။ ထို့နောက်မှ
သာမန်ဘာသာရပ်ကျောင်းသားများမှာ သက်ဆိုင်ရာဘာသာရပ်အလိုက်တွင် လည်း
သင်ရိုးပြီးဆုံးပြီဖြစ်သဖြင့် ဘွဲ့ပေးလိုက်ပြီး တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ ကျန်
စက်မှုဌနာကျောင်းသားများ နှင့် ဆေးဌနာကျောင်းသားများမှာလည်း အကြီးတန်းများဖြစ်လာသည့်အတွက်
သက်ဆိုင်ရာဘာသာရပ်ကိုကျွမ်းကျင်ပိုင်နိုင် စေရန် အထူးဂရုသင်ကြားနိုင်မည်ဖြစ်သည်။
လုပ်ငန်းအတွေ့အကြုံယူခြင်းများ လက်တွေ့လုပ်ဆောင်ခြင်းများကို ယင်းတို့ အတွက်
ကျောင်းတွင်း၌ပင် အကြီးတန်းအနေဖြင့် အရာရှိဆောင်များဖြင့်
ဆက်လက်သင်ကြားစေမည်ဖြစ်သည်။ သေချာ သည်က စာပေဘာသာရပ် နှစ်စဉ်အတန်းအောင် ၎
နှစ်ပြည့်ကာ အောင်မြင်မှသာလျှင် ပြန်တမ်းဝင်အရာရှိဖြစ်မည်ဖြစ် သည်။ ထို့နည်းတူစွာ
စာပေဘာသာရပ်အလိုက် နှစ်စဉ်အတန်းအောင်ကာ နှစ်ပြည့်မှ ဘွဲ့ရမည်ဖြစ်သည်။
သို့ဆိုလျှင် တနှစ်တည်း
တက္ကသိုလ်ဝင်တန်းအောင်များကြား သူ့ကျောင်းကိုယ့်ကျောင်းဆိုသည့် ပြဿနာနှင့်
ပြန်တမ်းဝင်အမှတ်နဲ့စကားပြောမည်ဆိုသည့် ပြဿနာများလည်း
အတိုင်းအတာတခုထိပြေလျော့နိုင်သကဲ့သို့ ဗိုလ်လောင်း ဘဝနှင့် ဆေးပညာ
စက်မှုဘာသာများကို လေ့ကျင့်ရင်းသင်ကြားရင်းထက် အရာရှိဘဝနှင့်
စိတ်လက်ပါပါသင်ကြားခြင်းမှ ရရှိလာမည့် အရည်အချင်းများမှာလည်း ကွာခြားမည်ဖြစ်သည်။
ထိုနည်းဖြင့်လည်း တပ်မတော်အဆင့်အတန်းကို ယှဉ်နိုင် မည်ဖြစ်သည်။ သို့ဆိုလျှင်
စစ်ပညာအားဖြင့် အားလုံးမှာ တကျောင်းတည်းသော စစ်တက္ကသိုလ်မှ ဆင်းသည်ဖြစ်သည့် အတွက် မည်သည့်ကျောင်းက
ပိုပင်ပန်းသည် ခက်ခဲသည်ဆိုသည့်အခြေအနေများလည်း လျော့နည်းလာမည်ဖြစ်ပေသည်။
ထိုနည်းတူစွာ ကျောင်းမြေအသုံးပြုရမှု ကျောင်းဆင်းပွဲ သုံးနေရာနှင့် ကျင်းပရာမှု
စသည့်စရိတ်များလည်း လျော့နည်းကာ အခြားကဏ္ဍများတွင် ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်သည်။
ကျောင်းဆင်းပွဲဆိုရာတွင် ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းကိုသာ ကျောင်းဆင်းပွဲသတ်မှတ်ပြီး
ဘွဲ့နှင်းသဘင်ကို သက်ဆိုင်ရာ ဌာနများနှင့် ကျောင်းမှသာပြုလုပ်ပေးမည်ဖြစ်သည်။ ယနေ့
မိမိတို့ကျောင်းဆင်းလာသည်ကို ပြန်ကြည့်လျှင်လည်း ကျောင်းဆင်းပွဲဆိုသည်မှာ
ပြန်တမ်းဝင်ခန့်အပ်ခြင်းအခမ်းအနားနေ့ သာဖြစ်သည်။ နောက်တနေ့သည် မိမိတို့
သက်ဆိုင်ရာကျောင်းမှ ပါမောက္ခချုပ်မှသာ ပေးအပ်သည့် ဘွဲ့နှင်းသဘင်ဖြစ် သည်။
သို့အတွက် မည်သို့မှ ထူးထွေပြောင်းလဲသွားနိုင်စရာမရှိပေ။
သို့အတွက် မည်သို့သောအကြောင်းများကြောင့်
စစ်ကျောင်းများသည်လည်း ကျောင်းကြီးများအဖြင့်ဖြင့် ခွဲထွက် နေရပြီး ဆိုသည်ကို
တင်ပြခဲ့သလို မည်သို့ဖြေရှင်းခြင်းဖြင့် အဘက်ဘက်မှ ပြဿနာများကို
အတိုင်းအတာအချို့ထိ ပြေလျော့ပေးနိုင်မည်ဆိုသည့်အချက်များကို တင်ပြလိုက်ရပါသည်။ စာဖတ်ပရိသတ်များအနေဖြင့်လည်း
မိမိယခု ရေးသား လိုက်သော ဆောင်းပါးမှ အသိပညာ ဗဟုသုတရရှိခဲ့မည်ဆိုလျှင် ယူနိုင်သကဲ့သို့
လိုအပ်ချက်များရှိနေသေးပါကလည်း မိမိအားထောက်ပြဝေဖန်ပေးနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် မိမိတို့မှ စာရေးသားကာ စာဖတ်သူကို ပေးစွမ်းသကဲ့သို့
စာဖတ်သူတို့၏ တုန့်ပြန်သံသည်လည်း မိမိတို့ စာရေးသူတို့အတွက်
မှတ်သားစရာများပင်ဖြစ်ပေသည်။ ယခုဤဆောင်းပါး မှ မိမိတိုင်းပြည်၏ တက္ကသိုလ် ပညာရေးစနစ်နှင့်
တပ်မတော်ပြုပြင်ပြောင်းလဲရေးအချက်များကို တပိုင်းတကဏ္ဍမှ ထောက် ပံ့ပေးနိုင်ခဲ့သည်ရှိသော်
မိမိအနေဖြင့် လွန်စွာ ဂုဏ်ယူမိမည်ဖြစ်ပေသည်။ အကယ်၍ မိမိတင်ပြချက်များမှာ
မဖြစ်နိုင်ခဲ့၍ ထောက်ပံ့မှုမဖြစ်ခဲ့သော်လည်း မိမိစာဖတ်ပရိသတ်များကျေနပ်သည်ဆိုလျှင်လည်း
မိမိအတွက် အမြတ်အဖြစ်နှင့် ယူဆ ကာ စာဖတ်ပရိသတ်များ နှစ်သက်နိုင်ကြမယ်လို့
မျှော်လင့်ရင်း တပ်မတော်ပြုပြင်ပြောင်းလဲရေးကို မျှော်လင့်ရင်း တိုင်းပြည် အနာဂတ်
သာယာတိုးတက်ရေးကို မျှော်ကိုးရင်း ရေးသားတင်ပြအပ်ပါသည်။
ဗိုလ်ရဲထက်(၁၈-၂-၂၀၁၂)
No comments:
Post a Comment