Tuesday, February 14, 2012
နောက်မဆုတ်နဲ့ ရဲဘော်
တပ်မတော်သားတွေနဲ့ ပြည်သူလူထုအကြား
နားလည်မှုတည်ဆောက်နေတဲ့ခုလိုကာလမျိုးမှာ ကိုရဲမိုးရေးတဲ့
ဆောင်းပါးနှစ်စောင်ထွက်ပေါ်လာတာ အကျိုးရလဒ်တွေအများကြီးရှိပါတယ်။
စိတ်ဝင်တစားဖတ်ကြ၊ comment တွေတသီကြီးရေးကြနဲ့ အားရကျေနပ်စရာပါ။
တပ်မတော်သားတွေဘက်က အဲဒီလိုပွင့်ပွင့်လင်းလင်း နဲ့ ရဲရဲ တင်းတင်း
ရေးသားဖော်ပြစေချင်တဲ့ဆန္ဒ အစကတည်းက ကျနော့်မှာရှိခဲ့တာပါ။ ခုလိုရေးသားလာတာ
တွေ့ရ တော့ ဝမ်းသာအားတက်မိပါတယ်။ စစ်သားဆိုတာ ကိုယ်ယုံကြည်ရာကို
ရေးရဲရပါမယ်။
ကိုရဲမိုးရေးတဲ့ဆောင်းပါးတွေဟာ တပ်မတော်သားတွေ
ကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့သူတို့သိမြင်ခံယူထားတဲ့ တွေးခေါ်ခံယူချက်တွေကို
အခြေခံပြီးရေးသားထားတာပါ။ ကိုယ်ကြုံတွေ့ခံစားခဲ့ရတာတွေကို အရင်းအတိုင်း
ပြန်ပြီး ဖောက်သည်ချဖော်ပြထားတယ်လို့ ကျနော်ယုံကြည်ပါတယ်။ သာမန်အားဖြင့်
လူတယောက်ရဲ့ အသိအမြင်နဲ့ စဉ်းစားတွေးခေါ်နိုင်မှုဟာ
သူဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံနဲ့ သူလေ့လာမှတ်သားထားတဲ့
အယူအဆ၊သဘောတရားအခြေခံတို့ ရဲ့ထောက်ပံ့မှုအပေါ်မှာ တည်မှီနေတတ်ပါတယ်။
ကိုရဲမိုးဟာ
တပ်မတော်မှာ တပ်ခွဲမှူးတစ်ဦးအဖြစ်တာဝန်ထမ်းခဲ့ဖူးတာနဲ့အညီ
သူ့စစ်သက်တလျှောက် တွေ့ကြုံ ခဲ့ရတဲ့ တိုက်ပွဲအတွေ့အကြုံ၊
ခေါင်းဆောင်မှုအတွေ့အကြုံ၊ ပြည်သူလူထုနဲ့ဆက်ဆံရေးအတွေ့အကြုံ၊ ခေတ်ကာလ
နိုင်ငံရေးအခြေအနေအပေါ် ရှုမြင်ပုံတွေကို သူလေ့လာသင်ကြားခဲ့ရတဲ့ စစ်ရေးပညာ၊
အုပ်ချုပ်မှု အတတ်ပညာ၊ စီမံခန့်ခွဲမှု ပညာရပ်တွေနဲ့ ပေါင်းစပ် တင်ပြထားပါတယ်။
သူရေးသားတင်ပြထားချက်တွေဟာ
နိုင်ငံရေးသမားစစ်စစ်တွေအတွက် သိသင့်သိထိုက်တဲ့ တပ်မတော်တွင်းက အခြေနေမှန်
အချက်အလက်များစွာထင်ဟပ်ပါဝင်နေပါတယ်။ အဲဒီအချက်အလက်မှန်တွေကို သိထားမှလည်း
တပ်မတော်သားတွေနဲ့ နားလည်မှုရအောင် ဘယ်လိုချဉ်းကပ်ကိုင်တွယ်ရမလဲဆိုတဲ့
လမ်းစကိုဆုပ်ကိုင်နိုင်မှာပါ။ ဥပမာပြောရရင် သားကောင်လိုချင်တဲ့မုဆိုးဟာ
မိမိပစ်ခတ်ဖမ်းယူရမယ့် သားကောင်ရဲ့ ဓလေ့သဘာဝနဲ့ စရိုက် လက္ခဏာကို
သိအောင်အရင်လေ့လာရပါတယ်။ လေ့လာတဲ့နေရာမှာ ကိုယ့်ဆန္ဒအရမဟုတ်ဘဲ သူ့သဘော သဘာဝ
အရှိတရားကိုအခြေခံပြီးလေ့လာရတာပါ။ (ဒါက ဥပမာ သက်သက်ပါ) နှစ်ဦးနှစ်ဘက်
ပြေလည်ရေး ကို ညှိနှိုင်းအဖြေရှာတဲ့အလုပ်က သားကောင်ပစ်ခတ်ဖမ်းဆီးတဲ့
အလုပ်မဟုတ်ပါ။ ရန်သူပြိုင်ဘက် အင်အားစု နှစ်ခုရင်ဆိုင်တိုက်ပွဲဆင်ရာမှာ
ရန်သူ့အကြောင်း ကိုယ့်အကြောင်းကောင်းသိဖို့ အရေးပါတယ် ဆိုတာ လူများစု
သိထားပြီးသားပါ။ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့အလုပ်က သူသေကိုယ်သေတိုက်ပွဲဆင်
ရတာထက် ပိုပြီးတော့ သိမ်မွေ့ခက်ခဲတာကိုလည်း သတိပြုမိကြမှာပါ။
လက်ရှိအချိန်မှာ
နောက်ပြန်မလှည့်စတမ်းအပြောင်းအလဲတရပ်ကို ဖော်ဆောင်နိုင်ဖို့
တပ်မတော်သားတွေကိုပါ လက်တွဲခေါ်ဆောင်ရမယ်လို့ခံယူထားတဲ့
နိုင်ငံရေးသမားစစ်စစ်တွေအတွက် စစ်သားစစ်စစ်တွေဖော်ထုတ် တင်ပြလာတဲ့
သဘောထားတွေ၊အချက်အလက်တွေက အကျိုးရှိစေပါလိမ့်မယ်။ (ဒီနေရာမှာ “စစ်စစ်”
ဆိုတဲ့ အသုံးအနှုန်းကို အဓိပ္ပါယ်ရှိရှိ သုံးပါတယ်) စစ်သားတွေရဲ့တွေးခေါ်
သုံးသပ်မှုဟာ နိုင်ငံရေးသမားတွေရဲ့ ရှုမြင်သုံးသပ်ပုံနဲ့ တထပ်တည်းကျဖို့
ဘယ်လိုမှမဖြစ်နိုင်ပါ။ အဖွဲ့အစည်း စုဖွဲ့ပုံနဲ့
လုပ်ငန်းတာဝန်ထမ်းဆောင်ရပုံကွဲပြားနေလို့ဖြစ်ပါတယ်။ သို့သော်
စစ်တပ်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အချက်အလက်မှန်တွေကို စစ်သားတွေကသာ
ဖော်ထုတ်နိုင်ပါတယ်။ အဲဒီအချက်အလက်တွေဟာ တပ်မတော်သားတွေနဲ့ ထိတွေ့ဆက်ဆံ
နိုင်ဖို့ အကောင်းဆုံးအထောက်အထားတွေပါ။
လက်ရှိနိုင်ငံရေးခေါင်းဆောင်တွေ
ကြိုးပမ်းအားထုတ်နေတဲ့ အမျိုးသားသင့်မြတ်ရေး၊ ငြိမ်းချမ်းရေး စတာတွေ ဟာ
နိုင်ငံရေးလုပ်ငန်းစဉ်တွေဖြစ်တာနဲ့အညီ တဘက်နဲ့တဘက် အဖွဲ့အစည်းဖွဲ့စည်းပုံ
(Organizational Structure) အရ အားသာချက်၊ အားနည်းချက်တွေက အခရာကျပါတယ်။
တပ်မတော်ဆိုတာက အဖွဲ့အစည်း ဖွဲ့စည်းပုံ (Organizational Structure) နဲ့
အမိန့်ပေးကွပ်ကဲအုပ်ချုပ်မှုအတတ်ပညာ (Command Structure) ကို စနစ်တကျ
လိုက်လျောညီထွေ ကျင့်သုံးနိုင်တဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
အဲဒီအားသာချက်ကြောင့်ပဲ စစ်အာဏာရှင် ကြီးတွေက တပ်မတော်ကို ခုတုံးလုပ်ပြီး
တိုင်းပြည်ကံကြမ္မာကို ထင်သလို ဗိုလ်ကျလွှမ်းမိုး ချယ်လှယ်နိုင်ခဲ့တာလည်း
ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အနာဂတ်ကောင်းမွန်ဖို့ ဆိုတာကတော့ လက်ရှိတာဝန်
ထမ်းဆောင်နေတဲ့ အငယ်တန်း၊ အလတ်တန်း အရာရှိတွေရဲ့အပေါ်မှာ မူတည်ပါတယ်။
သူတို့ရဲ့သဘောထား ကို အာရုံစိုက်လေ့လာသင့်ပါတယ်။
စစ်အာဏာရှင်စနစ်ဖြစ်ထွန်းမှုအတွက်
ထိပ်တန်းစစ်အာဏာရှင်တွေမှာ အဓိကတာဝန်ရှိပါတယ်။ အဲဒီအတွက် တပ်မတော်ထဲက
အရာရှိ/စစ်သည်တွေကို“မင်းတို့သာ တိုင်းပြည်ချစ်တဲ့တပ်မတော်သားတွေဆိုရင်
အာဏာရှင် ကြီးတွေ မတရားလုပ်တာကို ဆန့်ကျင်ပါတော့လား၊ ဘာဖြစ်လို့
သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်နေတာလဲ” လို့ အပြစ်တင်နေရုံနဲ့ မပြီးပါ။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရုပ်သိမ်းဖို့ အရာရှိ/စစ်သည် တဦးချင်း(သို့)
တစုတဖွဲ့ တည်းနဲ့ မဆောင်ရွက်နိုင်ပါ။ သို့သော် တဦးချင်းအနေနဲ့
အထောက်အပံ့ပြုနိုင်တာတွေ အများကြီးရှိပါတယ်။
နောက်တချက်
တပ်မတော်တွင်းမှာ အပြင်လူတွေ သိမထားတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေ
အများကြီးရှိပါတယ်။ ကိုရဲမိုး ရေးတဲ့ ဒုတိယဆောင်းပါးမှာ comment ပေးသူတဦးက
ခုလိုရေးပါတယ်။
အုန်းကျော်မြင့်လို၊ ဦးတင်ဦးတို့လို
မဟုတ်မခံ ပညာတတ်စဉ်းစားတတ်တဲ့ စစ်သားတွေရှိခဲ့သေးတယ်။
အပြစ်ပေးခံရတယ်ဆိုတာလည်း အမှားကို အမှန်ဖြစ်အောင်၊ မတရားတာကို တရားအောင်
လုပ်ချင် တာတွေကြောင့် အပြစ်ပေးခံရ၊ သေဒဏ်ပေးခံရတာလို့မြင်ပါတယ်။
၈၈နောက်ပိုင်း ကျနော်သိ သလောက် ဘယ်အရာရှိ အရာခံ အကြပ် စစ်သားမှ
အဲဒီလိုအပြစ်မျိုးပေးခံရတာမကြားမိပါ။ ဖြစ်လိုက်ရင် ... ဝေစုမတည့်လို့
အချင်းချင်း ချကြတာ၊ လာဒ်စားလို့ ဖြုတ်ထုတ်သတ်လုပ်လိုက်ရတာ၊
အှဲဒီလိုကိစ္စမျိုးတွေနဲ့ ဈန်လျှောသွားကြတဲ့ စစ်ဗိုလ်စစ်သား အကြောင်းတွေပဲ
အများဆုံးကြားမိ တာပါပဲခင်ဗျာ။"
တပ်ထဲက
အခြေအနေဖြစ်ရပ်မှန်တွေကို ထဲထဲဝင်ဝင်မသိလို့ သူဒီလိုရေးလိုက်တာ
ဖြစ်ပုံရပါတယ်။ တပ်မတော် နဲ့ မီဒီယာ အဆက်ပြတ်တာဟာ ပြည်သူလူထုကို
တပ်အကြောင်းမှန်မှန်ကန်ကန်မသိစေရုံမက တပ်မတော်နဲ့
ပြည်သူအကြားအလှမ်းကွာစေပါတယ်။ တပ်ထဲက ဖြစ်ရပ်ဖြစ်စဉ်အမှန်တွေ(အရေးကြီး
လျှို့ဝှက်ချက်တွေကလွဲ ပြီး) ကို အဖြစ်မှန်အတိုင်း ဖော်ပြလေ့မရှိတော့
တဆင့်စကားတဆင့်နားကနေ ကောလဟလသတင်းအဖြစ် တပ်ပြင်ပမှာ ထွက်ပေါ်လာပါတယ်။
မခိုင်လုံမတိကျတဲ့ ဖြည့်စွက်ချက်တွေလည်း ရောထွေးပါဝင်လာ တတ်ပါ တယ်။
လက်ရှိအနေအထားမှာ
အစိုးရကိုဗြောင်ဆန့်ကျင်ပြီး အတိုက်အခံနဲ့ပူးပေါင်းနေတဲ့
စစ်ဗိုလ်/စစ်သားတွေမှ သူရဲကောင်းလိုဖြစ်နေပါတယ်။ တပ်ထဲမှာ
ဘယ်လောက်ကောင်းအောင်လုပ်လုပ် ဘယ်လောက်ရိုးသားရိုးသား အပြင်ကလူတွေ
ကျယ်ကျယ်ပြန့်ပြန့်မသိကြပါဘူး။ မသိနိုင်ပါဘူး။ စစ်သားချင်းသာသိနိုင်တဲ့
ပကတိတရားတွေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့
တပ်မတော်သားတဦးအကြောင်းမှန်မှန်ကန်ကန်သိချင်ရင် စစ်တန်းလျားမှာရှိစဉ်
သူဘာတွေလုပ်ခဲ့လဲဆိုတာ သိအောင်လေ့လာဖို့အရေးကြီးပါတယ်။
တပ်မတော်သားဘဝကို
ဂုဏ်သိက္ခာရှိရှိရပ်တည်ရင်း မင်းလိုလိုက်မင်းကြိုက်မဆောင်လို့
အရည်အချင်းရှိပါ လျက် တပ်ကစောစောစီးစီးအနားပေးခံရ၊အဖြုတ်ခံရတဲ့
အရာရှိကြီး/ငယ်တွေအများကြီးပါ။ တပ်ကအနားယူ ပြီးချိန်မှာ
နိုင်ငံရေးလုပ်တာမလုပ်တာ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပါ။
နိုင်ငံရေးလောကထဲရောက်မလာလို့ သူတို့ကို ငကြောက်စာရင်းသွင်းရင်
မှားပါလိမ့်မယ်။ ပါတီနိုင်ငံရေးမလုပ်ပေမယ့် လူမှုရေးလုပ်ဆောင်သူတွေ
ရှိပါတယ်။ အမျိုးသားနိုင်ငံရေး စီးကြောင်းမှာ သူတို့လည်းပါဝင်နေကြပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်
ကျည်လွတ်မြေရောက်မှ အစိုးရမကောင်းကြောင်းပြောရ၊ ရေးရတာ အင်မတန်မှ
လွယ်ကူပါတယ်။ သို့သော်ရေးသားချက်တိုင်း အမှန်တရားပါလို့
ဘယ်သူအာမခံနိုင်ပါသလဲ။ အရေးကြီးတာက အဖြစ်မှန်ကို ရဲရဲဝံ့ဝံ့
တင်ပြပေးဖို့ပါပဲ။ အမှန်တရားအတွက် လက်ခုပ်သံမလိုပါ။ အမှန်တရားဆိုတာ
ဆေးခါးကြီး ဖြစ်နိုင်သော်လည်း ရောဂါကို လက်တွေ့  ပျောက်ကင်းစေပါတယ်။
တခါက
တပ်မတော်သားဟောင်းတဦးပါပဲ။ ရေဒီယိုဆွေးနွေးခန်းတခုမှာ အမျိုးသမီး
ပေါ်တာဆွဲမှု၊ မုဒိမ်းကျင့်မှု တွေကို သူကိုယ်တိုင်ပါဝင်တဲ့ တပ်စုက တပ်စုမှူး
နဲ့ တပ်စုတပ်ကြပ်ကြီးက ဦးဆောင်ပြီးကျူးလွန်ခဲ့ပါတယ်လို့ ဖွင့်ဟ
ပြောဆိုပါတယ်။ အဲဒီမှာ ကျူးလွန်သူအရာရှိ နဲ့ တပ်ကြပ်ကြီးတို့ကို အမည်၊
ကိုယ်ပိုင်နံပတ်နဲ့တကွ ဖော်ပြ သင့်တယ်လို့ ကျနော် မက်ဆေ့ခ်ျပို့ပြီး
အကြံပြု လိုက်တာ ဒီနေ့အထိ အကြောင်းမပြန်ပါ။ ဒီလောက်ကြီးမားတဲ့
ရာဇဝတ်မှုကျူးလွန်ထားသူရဲ့ အမည်ကို လွယ်လွယ်နဲ့မေ့လို့ရနိုင်ပါသလား။ VOA
မှာတော့ ကျနော်ပို့ပေးတဲ့ စာကို ဖတ်ပြသွားတာမို့ နားထောင်လိုက်သူတွေ
သတိထားမိမှာပါ။
နောက်တဦးကျတော့ တပ်က ထွက်သွားပြီးတဲ့နောက်ပိုင်း
သူစိုက်ပျိုးရေး လုပ်နေတဲ့ ခြံနားက ရဲဘက်စခန်း တခုမှာ
ဖြစ်ပျက်ခဲ့တဲ့မတရားမှုကို ပြောပြရာမှာ ကျူးလွန်သူအရာခံဗိုလ်ရဲ့ အမည်နဲ့တကွ
ဖော်ပြနိုင်ပါတယ်။ ကျနော်အဲဒါမျိုးကို လေးစားချီးကျူး ပါတယ်။
ပြစ်မှုကျူးလွန်သူကို ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးတာဟာ
အမှန်တရားဖော်ထုတ်ဖို့ ကူညီပေးတာပါပဲ။ တခြားမသက်ဆိုင်သူတွေအပေါ်မှာလည်း
သံသယကင်းစေ ပါတယ်။
ကျနော့်အနေနဲ့ကတော့ တပ်မတော်သားတွေနဲ့ ပြည်သူလူထု
အပြန်အလှန်ဆွေးနွေးမှုတွေမှာ သဘောထား မတူညီနိုင်တာကို ပွင့်ပွင့်လင်းလင်း
ချပြဆွေးနွေးတာ ကောင်းပါတယ်။ တူညီတဲ့ အဖွဲ့အစည်း တခုတည်းမှာ တောင်မှ
လူတဦးချင်းကြားမှာ သူ့သဘောထား ကိုယ့်သဘောထား မတူညီမှုတွေ ရှိနေနိုင်ပါတယ်။
တပ်မတော် နဲ့ပြည်သူအကြား နားလည်မှုတည်ဆောက်ရာမှာ
နှစ်နှစ်ကာကာလိုလားထက်သန်စိတ်နဲ့ မဆုတ်မနစ်သောဇွဲ ၊
စိတ်ရှည်သည်းခံနိုင်မှုတွေရှိဖို့ နှစ်ဘက်စလုံးမှာ လိုအပ်နေတယ်လို့
ယုံကြည်မိပါတယ်။
ဆွေးနွေးနေသူအားလုံးကို ကျေးဇူးတင် လေးစားပါတယ်။
နေမင်းသူ
၁၄ ဖေဖော်ဝါရီ ၂၀၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment