Saturday, December 10, 2011
ပြောင်းသည်ဆိုသော်လည်း ...
သက္ကရာဇ် ၂၀၀၈ ခုနှစ်တွင် ကျနော်တို့ မြန်မာနိုင်ငံသည် ကြီးစွာသော
နိုင်ငံတော်အဆင့်အနေ ဖြင့်
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခံခဲ့ရသည်။ ထို့နည်းတူစွာ
ယင်းနှစ်မှာပင် နိုင်ငံ တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတည်ပြုပြဌာန်းခဲ့သည်။ ယင်းအတည်ပြုပြဌာန်းခဲ့သော ဥပဒေ အရ ယခုဆိုလျှင်
ပြည်ထောင်စုသမ္မတနိုင်ငံဟု ခေါ်ဆိုနိုင်ခဲ့ပေပြီ။ ဒီမိုကရေစီဝါဒကို
ကျင့်သုံးခဲ့ပေပြီ။ ပြောင်းလဲခဲ့ပါပြီ… အများကြီးပြောင်းလဲခဲ့ပေပြီ။
သို့သော်လည်း…. မပြောင်းလဲနိုင်သေးပါ။
ယင်းအခြေခံဥပဒေအရ
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကြီးကျင်းပခဲ့သည်။ ယင်းရွေးကောက်
ပွဲကျင်းပသည့်အချိန်မှစ၍ ကျနော်တို့ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး၏
အရိပ်အယောင်များသန်းလာ ခဲ့သည်။ စစ်မက်များဖြစ်ပွါးခဲ့သည်။
ယခုအချိန်အခါဆိုလျှင်ပို၍ပင်ဆိုးရွားလာသည်။ မြန်မာပြည်အရှေ့ ဖျား
တိုင်းရင်းသားနယ်မြေများတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်လာသည်။
စစ်မက်ဖြစ်ပွါးရာ ဒေသများရှိ တိုင်းရင်းသားညီအစ်ကိုများ စစ်ဘေးသင့်ကြသည်။
ဒုက္ခအတိရောက်ကြသည်။ ထိုနည်း တူစွာပင် စစ်ဖြစ်ရာဒေသတွင်မဟုတ်သော
မြန်မာပြည်သူများမှာလည်း စစ်ကြောင့်ဒုက္ခရောက်ကြသည်။
အဘယ်ကြောင့်နည်း။
စစ်ဖြစ်သည်နှင့် စစ်ကြောင့်ထိုတိုင်းပြည်တပ်မတော်သည် အသုံးစား
ရိတ်လိုအပ်လာသည်။ ထိုအသုံးစားရိတ်များသည် မည်သူ့ထံမှရသနည်း။
ဤတိုင်းသူပြည်သားများက သာလျှင် အခွန်ပေးဆောင်ကြရသည် မဟုတ်ပါလား။ စစ်ကြောင့်
လုံခြုံရေးများတင်းကြပ်လာသည်။ သို့အတွက် ပြည်သူများ၏
လွတ်လပ်မှုအခွင့်အရေးများဆုံးရှုံးကြရသည်။ စစ်အတွက်လုပ်သားလိုအပ် သည့်အတွက်
အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော၊ မိမိတို့ ပစ်ဒဏ်ကိုခံယူနေကြသော
အကျဉ်းသားများမှာ စစ်ဖြစ်ရာဒေသသို့သွားရောက်၍ ဝန်ထမ်းကြရသည်။ ထို့အပြင်
ပေါ်တာဆွဲသည့် အတွက် သာမာန်အများပြည်သူမှာ လွတ်လပ်စွာ မသွားလာရတော့၊
နေဝင်မီးပိတ်အမိန့်များကြောင့် လည်း ဒုက္ခရောက်ကြရသည်။ ဤသို့ဆိုလျှင်
အဘယ်ကြောင့် စစ်မက်များဖြစ်ပွါးရသနည်း။
မြန်မာနိုင်ငံ၏
နိုင်ငံရေးသမိုင်းအရသော်လည်းကောင်း၊ ယနေ့ဖြစ်နေသော ပြဿနာအလုံးစုံကို
ပြန်လည်သုံးသပ်လျှင်လည်း နိုင်ငံရေးပြဿနာများသာဖြစ်သည်။ သို့သော်
အစိုးရခေါင်းဆောင်များ သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ
အဖြေရှာဖို့ မကြိုးစားကြဘဲ စစ်ရေးအရ ဖြေရှင်းရန်ကြိုး ပမ်းကြသည်။
မိမိတို့စိတ်တိုင်းကျ ရေးသားနိုင်သော နိုင်ငံပိုင်သတင်းစာများမှ
၎င်းတို့၏တစ်ဖက်သတ် အမြင်များဖြင့်သာ ရေးသားဝါဒဖြန့်လာသည်။ ပြည်သူကို
နိုင်ငံရေးအသိနှင့် အလှမ်းဝေးစေသည်။
နိုင်ငံရေးအသိနှင့်အတူ
စဉ်းစားဝေဖန်သုံးသပ်တတ်အောင် သင်ကြားစေအံ့သော ပညာရေးကို
လည်းချိုးဖဲ့ထားသည်။ သို့မှသာ ၎င်းတို့စိတ်တိုင်းကျ ဦးဏှောက်ထဲ စိတ်ထဲ
နှလုံးသားထဲ ၎င်းတို့၏ တစ်ဖက်သတ်အမြင်များကို ထည့်သွင်းနိုင်မည် မဟုတ်ပါလော။
သို့နှင့် အကြောင်းအရာမှန်များကို ဖျောက်ဖျက်ထားသည်။ သို့အတွက်
မြန်မာပြည်သူများမှာ အမှန်တရားနှင့်ဝေးကွာနေသည်။ အသိမှန် များနှင့်
ဝေးကွာနေသည်။ သို့အတွက် အချို့သော မြန်မာပြည်သူများမှာ
အရိပ်ကိုအစစ်ထင်နေသည်။ ၎င်းအကြောင်းအရာများကိုပင် အမှန်ဟုထင်နေသည်။
မမှန်တရားသည် သတင်းမှားသည် လူတစ် ယောက်၏ အသိစိတ်၊ ပညာ၊ ဦးဏှောက်တို့ကို
သတ်ပစ်တတ်သည်။ မှားယွင်းသော သတင်းအရ မှားယွင်းစွာ ကောက်ချက်ချပစ်လိုက်သည်။
သို့အတွက် မြန်မာပြည်သူများသည် မကောင်းမှန်းတော့ သိသည် သို့သော်
ဒါထက်ကောင်းတာမရနိုင်တော့ဘူးဆိုသည့်သဘောမျိုးဖြင့် ထောက်ခံနေကြသည်။
ဤမကောင်းသောအစိုးရကိုသာ အကောင်းဆုံးသဘောဖြင့် လက်ခံနေကြရသည်။
သည်တော့ ဘာကြောင့် ဤသို့စစ်မက်ဖြစ်ပွါးနေသည်ကို သာမာန်ပြည်သူများမသိကြ။
သိနိုင် လောက်အောင်လည်း သတင်းအမှန်တရားမရှိ၊ အသိတရားကလည်း မပြည့်ဝကြပေ။
ယခင့်ယခင် ကတော့ထားပါတော့။ သို့သော်ယနေ့ခေတ် ဒီမိုကရေစီကျင့်စဉ်
ကျင့်သုံးသောအခြေအနေတွင်လည်း မထူးခြားပေ။ ကြားမိလိုက်ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်သည် ဟူသတည်း။
ဤသို့ဆိုလျှင် သာမာန်ပြည်သူများအနေဖြင့် အဘယ်သို့သောလွတ်လပ်မှု၊
ပွင့်လင်းမြင် သာမှုတို့ကို အဘယ်မှာခံစားရပါအံ့နည်း။ အဘယ်မှာနည်း
စာပေသတင်းလွတ်လပ်ခွင့်။ ဆရာချစ်ဦးညို ပြောသကဲ့သို့ပင်
ယနေ့စာပေသတင်းများကြည့်လျှင် အားရှိလာပါပြီ၊ အဲဒီအားရှိလာပြီဆိုသည်ကိုပြော
သည့်အသံကပင်အားမရှိချင် ဆိုသကဲ့သို့ပင်။ အဘယ်ကြောင့်များ
ဤသို့ထိန်းချုပ်ထားပါသနည်း။ ကျနော်သိသလောက်ဆေးပညာအသိနှင့်ပြောရလျှင်
ရောဂါသည်လူနာရှင်က မိမိရောဂါအကြောင်းသိ ထားမှ ရှောင်ရန်
ဆောင်ရန်များကိုကြိုတင်ပြင်ဆင်နိုင်မည်မဟုတ်တုံလော။ ထိုနည်းတူစွာ ယင်းရော
ဂါရှင်မှလည်း မိမိအားကုသပေးမည့် ဆရာဝန်ကို မိမိခံစားရသမျှအခြေအနေပေးသိရမည်။
သို့မှသာ ဆရာဝန်မှလည်း စမ်းသပ်စစ်ဆေးမှုရလဒ်နှင့် ဝေဒနာရှင်ရောဂါသည်၏
ခံစားရမှုကို သုံးသပ်ကာ ရောဂါနှင့်ကိုက်ညီမည့် ဆေးဝါးများကို
ပေးရမည်ဖြစ်ပေသည်။ သို့အတွက်မိမိတို့ တိုင်းပြည်၏ လက်ရှိ
ပစ္စုပ္ပန်အခြေအနေကိုသိရှိမှသာ မည်သို့ဆက်လက်လုပ်ဆောင်ရမည်၊ မည်သည်တို့ကို
ပြုပြင်ယူရမည် တို့ကို သိရှိနိုင်မည်မဟုတ်ပါလော။
ဤသို့လုပ်ဆောင်နေခြင်းသည် ပြောင်းလဲခဲ့ပါပြီဆိုသည် စနစ်ကြီးသည်
ပြောင်းလဲခဲ့ပါ၏လော။ ပြည်သူ့လွှတ်တော်ဥက္ကဌ၏ မိန့်ခွန်းကိုပင်
ဆင်ဆာလုပ်နေသေးသော စနစ်သည် ပြောင်းလဲလာပါပြီ ဆိုသည်ကို
မည်သို့သက်သေပြကြမည်နည်း။ ဒီမိုကရေစီကျင့်စဉ်အရ နိုင်ငံရေးအရ အဖြေရှာရမည်
များကိုဖိတ်ခေါ်ရမည်မဟုတ်ပါလော။ ညှိနှိုင်းရမည်မဟုတ်ပါလော။ ထိုသို့မဟုတ်ဘဲ
စစ်အင်အားသုံး လက်နက်သုံးကာ ဖိအားပေးအနိုင်ကျင့်ခြင်းသည်
ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်ပါ၏လော။ လူမှုရေး ဆိုင်ရာကိစ္စများကို
ဆောင်ရွက်သူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ ခြိမ်းခြောက်ခြင်းများသည်
ဒီမိုကရေစီကျင့်စဉ်လား ပြောင်းလဲခဲ့သည့် စနစ်လားဟု မေးခွန်းထုတ်စရာပင်။
ယင်း လူမှုရေးလုပ်ငန်း များဆောင်ရွက်နေသူများသည်
မိမိတို့တိုင်းသူပြည်သားများအကျိုးစီးပွါးများကို ဆောင်ရွက်နေကြသူ
များမဟုတ်တုံလော။ အမှန်တကယ်ဆိုလျှင် ယင်းလုပ်ဆောင်သူများကိုပင် အစိုးရမှ
တတ်စွမ်းသရွေ့ ကူညီရမည်မဟုတ်ပါလော။
ပြောင်းလဲခဲ့ပါသည်…
အုပ်ချုပ်မှုစနစ်အရ စစ်ကောင်စီအုပ်ချုပ်မှုမှ အမည်ခံအရပ်သားအစိုးရ
ဒီမိုကရေစီကျင့်စဉ်အစိုးရသို့ ပြောင်းလဲခဲ့ပါသည်။ သို့သော်
ထူးမခြားနားခဲ့ပါ။ ပြောင်းလဲသည်ဟုဆို သည်နှင့်
အားလုံးပြောင်းလဲရပါလိမ့်မည်။ အနည်းဆုံး နိုင်ငံရေးအရ ထောင်ချထားသည်များကို
ခြွင်း ချက်မရှိလွှတ်ပေးရပါလိမ့်မည်။
နိုင်ငံရေးအရအဖြေရှာသင့်သည်များကိုလည်း အဖြေရှာကြရပေလိမ့် မည်။
သဘောထားကြီးစွာနှင့် ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးရပေလိမ့်မည်။
ဤသို့ ပြောင်းလဲလာခြင်းနှင့်အတူ တပ်မတော်သားများမှလည်း
နားလည်သဘောပေါက်လာရန်လိုအပ်ပါ သည်။ နိုင်ငံရေးဖြစ်စဉ်များတွင်
မြန်မာ့တပ်မတော်သည် အခန်းကဏ္ဍကြီးတစ်ရပ်မှ ပါဝင်လာခဲ့သည် ကိုမမေ့သင့်ပေ။
သို့အတွက်လည်း ပြောင်းလဲလာခဲ့သည့် တပ်မတော်ခေါင်းဆောင်များမှလည်း ခေါင်း
ဆောင်ပြောင်းရုံသာပြောင်းသော်လည်း မူဝါဒဆိုင်ရာ၊
အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ များမပြောင်းလဲလျှင်
ပြောင်းလဲသည်ဟုမဆိုနိုင်ရာ။ သို့အတွက် မိမိတို့၏ တပည့်သားမြေးများ၏
မိသားစုဘဝများအတွက် သော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားညီအကိုများ၏
အသက် စည်းစိမ်များအတွက် သော်လည်း ကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း
အရှည်မျှော်တွေးကာ မလိုလားအပ်သည့် စစ်မက်များကို ရှောင်ရှားကြရပေလိမ့်မည်။
တပ်ကိုကိုင်တွယ်အုပ်ချုပ်နေသူများမှလည်း မိမိတို့ တပ်မတော်တွင်
သင်ကြားနေသော ဆွန်ဇု၏သေနင်္ဂဗျူဟာကျမ်းအရ တိုင်းသူပြည်သားတို့အတွက်
နိုင်ငံအတွက်အ ကျိုးရှိမည်ဆိုလျှင် အုပ်ချုပ်သူ မင်းဧကရာဇ်၏ အမိန့်ကိုပင်
ဖီဆန်နိုင်သည်ဟု ဆိုထားသည့်အတိုင်း လွန်ဆန်သင့်က လွန်ဆန်ကြရပေလိမ့်မည်။
သို့မှသာ ပြည်သူက ချစ်သော၊ တိုင်းပြည်ကအားကိုးသော တပ်မတော်တစ်ရပ်ဖြစ်လာကာ
အများကလည်းလက်ခံယုံကြည်လာပေလိမ့်မည်။ သက်ဦးဆံပိုင်စနစ် တွင်ပင်လျှင်
မင်းဧကရာဇ်၏ အမိန့်ကို ဖီဆန်သင့်က ဖီဆန်နိုင်လျှင် ဤဒီမိုကရေစီကျင့်စဉ်အရ
မိမိမှ မှားသည်ထင်၍ မဖြစ်သင့်သည်ကို မဖြစ်အောင်လွန်ဆန်ခြင်းသည်
အာဏာဖီဆန်ခြင်းမဟုတ်။ တော်လှန်ပုန်ကန်ခြင်းမဟုတ်သည်ကို သိသင့်ပေသည်။
အုပ်ချုပ်သူအစိုးရကို သစ္စာမဲ့ခြင်းမဟုတ်ပေ။
အုပ်ချုပ်သူအစိုးရကို သစ္စာမဲ့သည်ဟု စွပ်စွဲလာစေကာမူ
တိုင်းပြည်ကိုတော့သစ္စာမဲ့သည် မဟုတ်ပေ။ မိမိတို့သစ္စာဆိုထားသည်မှာ
အုပ်ချုပ်သူ မိမိတို့အထက်လူကြီးကိုမဟုတ်ဆိုသည်ကို သတိချပ်သင့်ပေသည်။
မိမိတို့သစ္စာဆိုထားသည်မှာ တိုင်းပြည်နှင့် ပြည်သူလူထုအတွက်သစ္စာဆိုထား
ခြင်းဖြစ်သည်ကို အစဉ်အောက်မေ့လျက် ပြောင်းသည်ဆိုသော်လည်း
မပြောင်းလဲသေးသည်များကို ပြောင်းလဲစေရန် မိမိတို့တပ်မတော်သားများမှ
ကြိုးပမ်းအားထုတ်ကြရပေမည်။ သို့အတွက် တပ်မ တော်သားညီအကိုများအနေဖြင့်
အစိုးရပိုင်းဆိုင်ရာသဘောတရားများ မပြောင်းလဲသည့်တိုင် မိမိတို့
သည်စစ်အုပ်ချုပ်ရေးခေတ်ကာလမဟုတ်တော့သည့်အတွက် ဒီမိုကရေစီသဘောတရားအရ မတရား
စွာစစ်ဆင်နေသော၊ လက်နက်အားကိုး အာဏာအားကိုးဖြင့် ဆင်နွှဲနေသော
တိုင်းရင်းသားနယ်မြေများ ရှိစစ်ပွဲများကို မသွားရန်အတွက်၊
ယင်းစစ်ဆင်နေမှုကို ပျက်ပြားစေရန်အတွက် စတင်ပြောင်းလဲ ကြပါလို့
တိုက်တွန်းလိုက်ရပါသည်။ ဤသို့မှ အစိုးရပိုင်းကလည်း
ရှေးယခင်နည်းအတိုင်းသာလျှင် မပြောင်းလဲ၊ မိမိတို့တပ်မတော်အပိုင်းမှလည်း
မပြောင်းလဲကြလျှင်ဖြင့် ယနေ့ဒီမိုကရေစီစနစ်ကြီးသည် ပြောင်းလဲသည်ဟု
ဆိုသော်လည်း ပြောင်းလဲခြင်းမဟုတ်သည့် ပြောင်းလဲမှုသာဖြစ်ပေလိမ့်မည်ဟု
တိုက်တွန်းပြောကြားလိုက်ရပါသည်။
ဗိုလ်ရဲထက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment