Saturday, December 10, 2011
ကာရန်မဲ့အပြုံး
နို့ဖိုးဒုက္ခသည်စခန်းမှာ အလုပ်လက်မဲ့ဘ၀ဖြင့် အသက်ရှင်ရပ်တည်နေရသည်မှာ
မွန်းကျပ်လွန်းလှပါသည်။ အမိုးမလုံ ခနော်ခနဲ့တဲအိမ်မှာ နေထိုင်ရင်း
အတွေးတို့သည် အတိတ်သို့ တခါတရံနယ်ချဲ့သွားတတ်သလို၊ တော်လှန်ရေးနယ်မြေတွင်
တာဝန်ထမ်းဆောင်ခဲ့စဉ်က တွေ့ခဲ့ကြုံခဲ့ရသည့် အဖြစ်အပျက်တို့သည် အမှတ်တမဲ့မှ
အမှတ်တရအဖြစ်ပြန်လည်ပေါ်လာတတ်သည်။
လက်နက်ကိုင်တော်လှန်ရေးကာလတွင်
မိသားစုကိုယ်ပိုင်ဘ၀တွေကို နားမလည်ခဲ့။ တော်လှန်ရေးအတ္တတစ်ခု
ကိုသာစွဲကိုင်ခဲ့သောကျနော့်ကို ဆရာကြီးကျော်ဝင်းမှပေးခဲ့သော အပြုံးလေးသည်
ကျနော့်ဘ၀တစ်သက်တာ အတွက် အမြဲအမှတ်တရရှိနေခဲ့ပါသည်။
ကျနော့်ဘ၀တွင်
တွေ့ကြုံဆုံစည်းခဲ့ရသော ရဲဘော်မိတ်ဆွေများ၏ ရုပ်ပုံလွှာတို့မှာလည်း
သူ့နေရာနှင့်သူ နေရာ တကျရှိနေခဲ့ပါသည်။ ထိုအထဲတွင် ဆရာကြီးကျော်ဝင်းလည်း
အပါအ၀င်ဖြစ်ခဲ့သည်။ ဆရာကြီးကျော်ဝင်း ဆိုသူ မှာ မြန်မာနိုင်ငံ၏
အထင်ကရနေရာတစ်ခုဖြစ်သော သာယာဝတီ၊သုံးဆယ်ဘက်မှဖြစ်ပြီး ငယ်စဉ်တောင်ကျေး
ကလေးဘ၀တွင် မိဘများမှာအလွန်ချို့တဲ့သောကြောင့် ကျောင်းစာကိုကောင်းစွာ
မသင်ကြားနိုင်ခဲ့။ သေစာရှင်စာဖတ်နိုင်လောက်အောင်ကိုပင် မတတ်မြောက်ခဲ့ပါ။
အသက်အရွယ်လေးရလို့ လူလားမြောက်ချိန် တွင်တော့ စစ်အစိုးရ၏
မတရားဖိနှိပ်ချုပ်ချယ်မှုကို မခံမရပ်နိုင်ဖြစ်ကာ သမိုင်းပေးတာဝန်တစ်ခုကို
ထမ်းဆောင် ရန်အတွက် တော်လှန်ရေးနယ်မြေသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
ဆရာကြီးကျော်ဝင်း၏
အရပ်အမောင်းမှာ ၅ ပေ ၄ လက်မခန့်ရှိပြီး ပိန်ပိန်ပါးပါး အသားမည်းမည်းနှင့်
အညာသားဟန် အပြည့်ရှိသည်။ အ၀တ်အစားဝတ်ဆင်ရာမှာတော့
အလွန်သပ်ရပ်သေချာလွန်းသည်။ ယူနီဖောင်းဝတ်သည့်အခါမှာလည်း ထိုနည်းအတိုင်းပင်၊
ကြည့်၍အလွန်ခန့်ငြားသည်။ သူ၏ထူးခြားချက်မှာ ရန်သူကိုရန်သူလိုမြင်တတ်သည်၊
ရန်ငါစည်းပြတ်သည်။ သတ္တိအရာတွင်လည်း ခေသူမဟုတ်၊ တိုက်ပွဲတိုင်းတွင်
နောက်ဆုတ်သည်ဟူ၍မရှိ။ မဖြစ်မနေဆုတ်ခွာခိုင်းမှသာ ဆုတ်တတ်သူဖြစ်သည်။
ရဲဘော်များကို အထိအခိုက် အကျအဆုံး မခံလိုသူဖြစ်သည်။ သူသာ
ထိခိုက်အနစ်နာခံဆောင်ရွက်တတ်သူဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာ များစွာနှင့်လည်း
ရင်းနှီးဖူးသူဖြစ်သည်။
တပ်တွင်းအလုပ်ဟူသမျှကို မညည်းမညူ
လုပ်ကိုင်ပေးခြင်း၊ အစားအသောက်အရာတွင်လည်း အများသူငါကို ငဲ့ညှာထောက်ထားပြီး
အရေးကြုံတိုင်း အငတ်ခံကာ ရဲဘော်များကိုသာ ဦးစားပေးလေ့ရှိသည်။
နောက်တန်းပြန်၍
မိသားစုနှင့်နေလျှင်လည်း မိသားစုအပေါ်တွင်
အိမ်ထောင်ဦးစီးကောင်းတစ်ဦးပီသရုံတင် မကဘဲ သမီးလေးကိုလည်း
အလွန်ချစ်မြတ်နိုးကာ တယုတယ အမြဲထွေးပွေ့လျက် တွေ့ရတတ်သည်။
ထိုအချက်များကြောင့်ပင် ဆရာကြီးကျော်ဝင်းကို ရဲဘော်တိုင်းက
ချစ်ခင်လေးစားကြခြင်းဖြစ်မည် ထင်သည်။
တစ်နေ့တပ်ထဲတွင်
သောက်သုံးရေကုန်နေပြီဖြစ်သောကြောင့် ဆရာကြီးကျော်ဝင်းသည် အေကေ-၄၇ ကို
နောက်ကျောမှာလွယ်ရင်း ၀ါးဘူးနှစ်လုံးကိုထမ်းကာ ဘာမှမပြောဘဲ
ရေခပ်ဆိပ်သို့တစ်ဦးတည်း ဆင်းသွား ပါသည်။
ရေခပ်ဆိပ်မှာ
တပ်စခန်းကုန်းမှဆင်းလျှင် မိနစ်၂၀ ခန့်သွားရပြီး ရေထမ်း၍ပြန်တက်လာလျှင်
၄၅မိနစ်ခန့်ကြာ တတ်ပါသည်။ ဆရာကြီးကျော်ဝင်း ရေခပ်ဆင်းသွားပြီးနောက်
နာရီဝက်ခန့်အကြာတွင် ရေခပ်ဆိပ်ဖက်မှ သေနတ်သံတစ်ချက်ကြားလိုက်ရပြီး
အတွဲလိုက်ပစ်ခတ်သံများကိုလည်း ဆက်တိုက်ဆိုသလို ကြားရပါသည်။ ကျနော်လည်း
ရဲဘော်များကို စခန်းပတ်လည်နေရာယူစေပြီး အခြေအနေကို အရပ်ရပ်ကို လေ့လာကြည့်ပါ
သည်။ မကြာမီ စခန်းခြံစည်းရိုးအတွင်းသို့ ဆရာကြီးကျော်ဝင်း အမောတကောဖြင့်
ဝင်ရောက်လာပါသည်။ လက်မောင်းမှာ သေနတ်ဒဏ်ရထားပြီး သွေးအလိမ်းလိမ်း
ဖြစ်နေပါသည်။ ပါးစပ်မှလည်း “ရေခပ်ဆိပ်တွင် ရန်သူချောင်းပစ်တာ ခံရသည်”
ဟုပြောသောကြောင့် ကျနော်လည်း ရေခပ်ဆိပ်တည်ရှိရာ နေရာသို့ လက်နက်ကြီး
လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်စေခဲ့ပါသည်။
အခြေအနေမှာ
မည်သို့မျှထူးခြားမလာသောကြောင့် ရဲဘော်များနှင့်အတူ
ရေခပ်ဆိပ်သို့ချဉ်းကပ်ရောက်ရှိသွား ခဲ့ပါသည်။
ပတ်ဝန်းကျင်နယ်မြေအနေအထားများကို သေချာစွာလေ့လာကြည့်မိသောအခါ
ရန်သူ့လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရခြင်း၊ သစ်ပင်သစ်ကိုင်းတို့မှာလည်း
ပုံမှန်အတိုင်းသာရှိနေခြင်း တို့ကို သုံးသပ်မိသောအခါ ရန်သူပစ်သည်ဆိုသည်မှာ
မဖြစ်နိုင်ကြောင်းသဘောပေါက်၍ တပ်စခန်းပေါ်သို့ပြန်လည် တက်ရောက်ခဲ့ပါသည်။
ဆရာကြီးကျော်ဝင်းကိုတော့
ပတ်တီးစည်းလျက်နှင့် တပ်စခန်းပေါ်တွင် တွေ့လိုက်ရပါသည်။ ကျနော်လည်း
ဒေါသအလျောက် ဆရာကြီးကျော်ဝင်းကို ခေါ်လိုက်ပြီး “မင်းအပစ်ခံလိုက်ရတဲ့
ယူနီဖောင်းကို ပြန်ဝတ်ကြည့် လိုက်ပါအုံး” ဟု ပြောလိုက်ပါသည်။
ဆရာကြီးကျော်ဝင်းလည်း တုန်တုန်ရီရီဖြင့် ယူနီဖောင်းကို ပြန်လည်
ဝတ်ဆင်လိုက်ပါသည်။ သူပြန်လည်ဝတ်ဆင်လိုက်သော ယူနီဖောင်းမှ
ကျည်အ၀င်အထွက်လမ်းကြောင်းကို လည်းကောင်း၊ လက်မောင်းမှပတ်တီးကို
ဖြည်ကြည့်လိုက်သောအခါ ဒဏ်ရာတ၀ိုက် ယမ်းရိုက်ထားသော ကြောင့်
ဝိုင်းနေပြီးရောင်ရမ်းနေပါသည်။ အင်္ကျီနှင့် ဒဏ်ရာ အနေအထားတို့ကို
သုံးသပ်ခြင်းဖြင့် သူ့ကိုယ်သူ ပြန်ပစ်ခြင်းသာ ဖြစ်သည်ဟု သိလိုက်ရပါသည်။
ထို့ကြောင့်
ဆရာကြီးကျော်ဝင်းကို ဆေးထည့်ပေးပြီး “အချုပ်ထဲထည့်ထားလိုက်” ဟု
ပြောလိုက်သော အခါ ဆရာကြီးကျော်ဝင်းမှ ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး
“တပ်မှူးရယ် ကျနော်ပြန်ဖို့ ခွင့်တင်မယ်လုပ်တော့ လည်း စစ်ရေးအခြေအနေအရ
ပြန်လို့မရဖြစ်နေတယ်။ ဒီကြားထဲ မနေ့က ရွာထဲကပြန်လာတဲ့ ရဲဘော်ကို
အိမ်ကအခြေအနေမေးကြည့်လိုက်တော့ သမီးလေးက အသဲအသန်ဖျားနေတယ်။
နေ့လားညလားမသိဘူးတဲ့။ ဒီလိုအခြေအနေတွေကြားထဲမှာ မွန်းကျပ်လွန်းလို့
ဒဏ်ရာရရင်တော့ အိမ်ပြန်ခွင့်ရချည်ရဲ့လို့တွေးပြီး ကိုယ့်ကိုယ်ကို
ပြန်ပစ်ဖို့ ကြံမိကြံရာ ကြံလိုက်မိတာပါ၊ သာမန်အချိန်ဆိုရင်
ကျနော့်ကိုယ်ကျနော် ဘယ်ပြန်ပစ်ရဲ ပါ့မလဲဗျာ၊
ကျနော့်မိသားစုကိုတွေ့ချင်လွန်းလို့ အခုလိုလုပ်လိုက်မိတာပါ။တပ်မှူးသာ
ကိုယ်ချင်းစာတတ်ရင် ကျနော့်အပြစ်ကို နားလည်ပေးပါဗျာ” ဟု
အားကိုးတကြီးပြောလိုက်သောစကားသည် ကျနော့်နှလုံးအိမ်အတွင်း
မီးစနှင့်အထိုးခံလိုက်ရသလို ကျင်ကနဲဖြစ်သွားရသည်။ ကျနော်
ခေတ္တတွေဝေသွားပါသည်။
ဆရာကြီး ကျော်ဝင်းမှာ ရိုးသားလွန်းပြီး
အမြဲအနစ်နာခံတတ်သူဖြစ်သလို မိသားစု၏ မပြည့်စုံသော ဘ၀အခက် အခဲကို
ဖြေရှင်းပေးလိုသော ဆန္ဒတစ်ခုလွှမ်းမိုးနေသောကြောင့်သာ
မလုပ်သင့်မလုပ်ထိုက်သော ပြစ်မှုကို မဖြစ် မနေ ကျူးလွန်လိုက်ကြောင်း
ကျနော်နားလည်သဘောပေါက်လိုက်မိသည်။ သူ့အပြစ်အားလုံးကို တာဝန်ယူ
ဖြေရှင်းပေးမည်ဟု ဆုံးဖြတ်လိုက်ပြီး “ဆရာကြီးကျော်ဝင်းကို ခွင့်တစ်လပေးမယ်
အိမ်မှာပြန်နေ” ဟုပြောလိုက် သောအခါ သူ့မျက် နှာပေါ်မှာ တွေ့လိုက်ရသော
အပြုံးသည် ကျနော့်ဘ၀တွင် အမြဲအမှတ်ရစရာ အပြုံးပန်း တစ်ပွင့်အဖြစ်
ရင်မှာစွဲငြိစေခဲ့ပါတော့သည်။
(တော်လှန်ရေးနယ်မြေတွင် ယနေ့တိုင် ပေးအပ်လာသော တာဝန်များကို သက်စွန့်ဆံဖျားထမ်းဆောင်လျက်ရှိ နေသော ဆရာကြီးကျော်ဝင်း သို့ အမှတ်တရ)
အုပ်ကြီးဖေ
၅ ဒီဇင်ဘာ ၂၀၁၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment