Saturday, December 10, 2011
တွယ်ရာမဲ့ဘဝများ
လှိုင်းလေထန်လှတဲ့ ပင်လယ်ပြင်သရုပ်မှန်ဇာတ်လမ်းတွေထဲမှာ ပါဝင်ကပြသူ၊
ကြုံတွေ့ခံစား ကြရသူတွေရဲ့ စရိုက်မှန်၊ နှလုံးသားရင်ခုံသံလေးတွေကိုမှ
ကြားချင်လှပါတယ်ဆိုတဲ့ ကိုဆိုကရေးတီး နဲ့ မိတ်ဆွေများ
အာသီသချင်ခြင်းပြေပါစေတော့ရယ်လို့ ကျနော့သူငယ်ချင်း ရေးပို့လာတဲ့
စိတ်မကောင်းစရာ၊ ကြေကွဲစရာ ဖြစ်ရပ်မှန်လေးကို တင်ပြပေးလိုက်ရပါတယ်ဗျာ…
ကိုနေမင်းသူရေ…
“ခရစ္စမတ်လက်ဆောင်”
စာစုလေးကို ဖတ်ပြီးချိန် ကျနော့စိတ်အတွေးထဲမှာ အရိပ်လိုဖြစ်နေတဲ့
မှုန်ပြပြအတိတ် က ပန်းချီကားချပ်လေးတွေကို တရေးရေးပြန်မြင်ယောင်မိလာတယ်…
တစ်သက်မမေ့နိုင်စရာ ဘ၀စာမျက်နှာ အပိုင်းအစလေးတွေပေါ့ဗျာ….
ကိုနေမင်းသူက ဗျုဟာ ကနေ (အခုတော့ ဗျုဟာ ၁ / ၂/ ၃ )
အင်း(သူပြောတဲ့“အင်း”ဆိုတာ.. အင်းတော်၊အင်းမ၊အင်းယား
စစ်ရေယာဉ်များကိုဆိုလိုတာပါ။ ခုတော့ အင်းတော်နဲ့အင်းယားတို့ပဲ ရှိတော့တယ်။
အင်းမက ရောက်ပြီးအစောပိုင်းကာလကတည်းက ကျောက်စွပ်ပြီး မြုပ်သွားခဲ့တာပါ)
စီးခဲ့တာကိုး..
ကျနော်လည်း ရတနာကို ၁၉၉၃ မှာ ၀င်ဘူးတယ်
၊အောက်ဘက်က Ned Drill Offshore Rig (ရဲတံခွန်)ကိုတော့ ၁၉၉၄ မှာ ၀င်ဘူးတယ် ၊
အပေါ်အထိရောက်ဘူးတယ်ဗျ... ကျနော့်ကို အဲဒီ့အပေါ်ကပြင်သစ် လူမျိုးတွေက Small
Soldier လို့တောင် အသိအမှတ်ပြုသွားသေးတယ်.... အမှတ်တရတွေပါဗျာ ။
ကိုနေမင်းသူ ရေးသလို ကျနော်လည်း သင်္ကြန်လက်ဆောင်ရဘူးတယ်ဗျ…။
စစ်ရေယာဉ်-ရန်ကြီးအောင် (၄၂)မှာ နေတဲ့အချိန်ပေါ့...သွားတာက ကိုကိုးကျွှန်း ... အပြန်မှာ ဆန်လှေ ၂
စင်း နဲ့ နွားလှေ ၁ စင်း မိတယ်...။
အဲဒီ့ခေတ်က လှေတွေ နဲ့ ဒိုးဇက်သိပ်မကစားဖြစ်သေးဘူး ၊
ဒိုးဇက် ကစားတာထက် ပိုပြီး ၀င်ငွေကောင်းတာလေးတွေ ရှိနေသေးတယ် ၊
ကျနော်ကြုံဖူးသမျှ ဖမ်းမိလှေတွေထဲမှာ... စိတ်မကောင်း အဖြစ်ရဆုံး လှေတစ်စင်း
ရှိဘူးတယ်၊ ၉၄ ခုနှစ်အတွင်းမှာပဲ...အဲဒီ့တုန်းက ရန်ကုန်ကနေ အောက်ဂွင်ကို
အသွား... လမ်းကြောင်းပေါ်မှာ...ကျနော်က 8 - 12 Main Ward (နီ၊ဖြူ၊ပြာ
တာဝန်ကျ တပ်ဖွဲ့အလိုက် ကြည့်ကင်း တာဝန်ထမ်းဆောင်ရချိန်ကို ပြောတာပါ)ကျပြီး
Night Tea ဆွဲလိုက်သေးတယ် ၊
ပြီးတော့အိပ်နေတုန်း အသံတစ်ချို့ကြောင့်
လန့်နိုးခဲ့တယ် ၊နာရီကြည့်လိုက်တော့ အိပ်တာ ၂ နာရီတောင် မကြာသေးဘူး
...ပဲ့စင်ပေါ်တက်လာတော့... ရှေ့ကစက်လှေ ရပ်ပါ.. မရပ်ရင်ပစ်မယ်ဆိုပြီး
လှမ်းအော်နေရင်း
ဟွန်းပေးနေတဲ့အချိန် ... ဆလိုက်မီး နဲ့ ထောက်ထားတော့လှေကလေးကသေးသေးလေး...
တည်နေရာက ထားဝယ် အပြင်ဘက်လောက်ကျတယ်...မိနစ်ပိုင်းအတွင်းပဲ... လှေက
လာကပ်တယ်... လှေသား ၉ ယောက် ၊ လှေစီး ၁၈၄ ယောက် (ကျား + မ +
ကလေး+ရင်ခွင်ပိုက်) အစုံပဲ ၊ ခရီးစဉ်က
ကော့သောင်းကနေ... ထားဝယ်အပြန် ၊
အလျား ပေ ၉၀ ၊ အနံ ၁၂ ပေ ၊ ရေစူး ၁၅ ပေလောက်ရှိမယ့် တကယ့် သေးသေးလေး ၊
လှေကို ကြည့်လိုက်ရင်.. လူတွေပဲမြင်ရတယ်၊ ပြွတ်သိတ်နေတာ.. အတွင်းမှာ ၊
ပေါင်းမိုးမှာ . ဦးမှာ ပဲ့မှာတကယ့်လူတွေနဲ့ ပြည့်ထားတဲ့ လှေငယ်လေး...
ကျနော်တွေးနေမိတယ် ။ ဒီလူတွေ
ဘာလုပ်တာလဲ....? ဘယ်ကလာတာလဲ….?
ဘယ်ကိုပြန်မှာမို့ ပင်လယ်ထဲ ရောက်နေကြတာလဲ….?
သူတို့အပျော်ခရီးထွက်လာတာတော့မဟုတ်ဘူး ၊ဘာလုပ်စားကြတာလဲ .....? စီအိုက
ဘာလို့ ဖမ်းတာလဲ…? ဆိုတဲ့ အတွေးတွေ အစီအရီပေါ့ဗျာ..။
မကြာလိုက်ပါဘူး..အဖြေသိရတယ် ၊ လှေဝမ်းထဲမှာကက်ဆက် ၊ အောက်စက် ၊
ပါတိတ် မျိုးစုံ ၊စက်ဘီးတာယာ ၊ မောင်းတိန်းစက်ဘီးတွေ အများကြီး ……လူတွေက
ရှမ်းကမ်းမှာ အလုပ်လုပ်ပြီး တစ်ရာသီသိမ်းလို့ပြန်လာတာ ... အကောက်ခွန်မဲ့
ပစ္စည်းတွေပေါ့...။
အဲ... မိုးလင်းတော့
လူတွေကိုစစ်ရေယာဉ်ပေါ်တင်တယ် ၊ ကလေးတွေ ငိုလိုက်တာမှ
ညံနေတာပဲ..လူတွေလည်းများတော့ ပျော်ဖို့တော့ အကောင်းသား...
တစ်ယောက်ပြီးတစ်ယောက်
အတိုချုပ်စစ်တယ် ၊ ဘယ်ကလဲ ... ဘာသွားလုပ်တာလဲ.. ဘယ်ကိုပြန်မှာလဲ ..အဖြေတွေကလည်း အစုံ...
အဲဒီ့အထဲမှာ
ထိုင်းဘက်ကမ်း ဖန်ဖလား ဘက်မှာ ပြည့်တန်ဆာလုပ်ပြီးပြန်လာတဲ့ မိန်းကလေးတွေက
ဆယ် ယောက်ကျော်တယ် ၊ အသက် ၇၈ အဖွားကြီး တစ်ဦး (ရွေ ၁၀ သားလောက်ဘော်လီအကျီ
င်္ထဲ ထည့်ပြီး ဖွက်ထားတာ) ကျနော်တို့ ပြန်ပေးလိုက်တယ်... ကလေးတွေက အယောက် ၃၀
လောက်ရှိမယ် ၊။ လူအားလုံးက ထိုင်းဘက်မှာအလုပ်လုပ်ပြီး ပြန်နားကြတာလေ...
(မြန်မာပြည်ဘက်မှာ စိုက်ပျိုးစားရင်
ဝမ်းတောင် မ၀ကြတော့ဘူးတဲ့ဗျာ)
လှေပေါ်ပါတဲ့ ပစ္စည်းက အများသား ၊ နောက်ဆုံးအနီးဆုံးဖြစ်တဲ့
မလိကျွန်းကို ၀င်အပ်တယ် ၊ လူတွေလည်း ဖမ်းပေါ့ဗျာ... လ၀က
ဒဏ်ဆောင်ရင်ပြီးတာပဲ.. ပစ္စည်းအားလုံးက ပိုင်ရှင်မဲ့... မလိ
အိမ်ထောင်သည်လိုင်းက
အကုန်ထွက်ပြီး သယ်ကြတာတောင် .. တစ်နေကုန်တယ်ဗျာ..လှေဝမ်းထဲမှာ သာ
သိပ်မသိသာတာ...သောင်မှာပုံလိုက်တော့တော်တော်များတယ်...ဒါတွေအားလုံးဟာ..လှေပေါ်မှာပါတဲ့လူတွေပဲ
ဖြစ်ဖြစ်၊
ကုန်သည်တွေရဲ့ ပစ္စည်းတွေပဲဖြစ်ဖြစ် ... မြန်မာပြည်သူတွေရဲ့ ချွှေး ၊ သွေး၊
အသက်တွေနဲ့ ရှာထားတဲ့.. အပူစာတွေပါဗျာ..ထိုင်းကပစ္စည်းကို
အလကားရတာမဟုတ်ဘူး၊ လက်ဆောင်ပေးလိုက်တာ မဟုတ်ဘူး ၊
ကိုယ့်ဆီကရှိတာလေးရင်းပြီး ၀ယ်လာခဲ့ရတာ..
မေးကြည့်မိတော့ အဲဒီလောက်..များတဲ့လူတွေကြားထဲ ညဦးပိုင်း
လှေပေါ်မှာကလေးမွေး သေး တယ်တဲ့... ကျနော့ရဲ့ခံစားချက်
ထိပ်ဆုံးရောက်တဲ့အချိန်... ကလေးက မွေးပြီး မကြာခင်ဆုံးသွားပြီး၊ ရေထဲချ
လိုက်တယ်တဲ့... မကြာပါဘူး ....စစ်သင်္ဘောရောက်လာတာပါတဲ့...
နောင်တစ်ခေတ်ရဲ့အောင်စစ်သည်၊
အနာဂတ်ရဲ့စစ်ခေါင်းဆောင်.…ဘာတစ်ခုမှဖြစ်မသွားလိုက်ရ တဲ့.. လူဘ၀ကို
မိနစ်ပိုင်းဝင်လာလိုက်တဲ့ မြန်မာနိုင်ငံသားလေး... သူ့ခမျာ..
သူ့အမေ၀မ်းထဲမှာနေလိုက်တုန်း .. ထိုင်းတွေရဲ့ နှိပ်စက်မှု ၊
လူမဆန်မှုတွေကိုဗိုက်ထဲကကြားပြီး တော်တော်လန့်သွားသလား ၊ ဘ၀ဆက်တိုင်း
မြန်မာပြည်က ၀မ်းထဲမ၀င်တော့ပါဘူး ဆိုတဲ့
ဆုတောင်များတောင်းခဲ့မိလေသလား...မြန်မာပိုင်နက် ထဲရောက် တော့မှ
ကျဆုံးရလေသလားကွယ်... ကလေးအမေကလည်း ဘာလို့စောစောစီးစီး
မပြန်တာလဲ..ကိုယ်ဝန်နဲ့ဆို လေယာဉ်တောင် ၇ လအထိပဲ စီးခွင့်ရှိတာ..
ပင်လယ်ခရီးကို ဘယ်လိုပုံစံနဲ့ နောက်ဆုံးအချိန်ကျမှ
ပြန်ဖြစ်တာလဲ... သူ့ မိဘတွေလက်ထဲမှာ မျက်နှာမြင်မယ်လို့ တွေးပြီးပြန်ခဲ့လေသလား...
ဖမ်းမိလှေပေါ်မှာ ထမင်းမချက်ရတော့ ..ခရီးသည်တွေအားလုံး
ရယ်ဒီမိတ်လေးတွေ လွေးကြတာပေါ့... ကလေးတွေက သောက်ရင် ပက်စီ ၊ ကျွဲရိုင်း ၊
စပွန်ဆာ ၊ စားရင် ခေါက်ဆွဲခြောက်ထုတ်ကို
ပဲလှော်ဝါးသလိုစားတာ... ကျနော်လည်း အဲဒီ့အချိန်ကျမှ ဒီလိုစားလို့ရပါလားဆိုတာ သိခဲ့ရတယ်….
ကျနော်...
အတွေးပေါင်းများစွာနဲ့... ကျနော်တို့ စစ်ရေယာဉ်ပေါ်က
လူတွေကလည်းစိတ်မကောင်းခြင်း များစွာနဲ့. ... ကျနော်တို့ ရေယာဉ်က လူတွေ
ဘာတစ်ခုမှ မယူဘူးဗျာ. (အံ့သြဖို့ ဘယ်လောက်ကောင်း လိုက်လဲ) ၊ မလိ
ရှေ့တန်းစခန်းကတော့ ကျွန်းလုံးကျွတ်ထွက်ပြီး သယ်နေကြတာများ ... Working
Party (လုပ်အားပေး) လုပ်ရတဲ့မျက်နှာတွေနဲ့ တစ်ခြားစီ.. .ကျနော်တို့ ရေယာဉ်က
လူတွေကို မလိကျွှန်းမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဆိုပဲဗျာ....နောက်ဆုံး
ကျွန်းစီအို(ကျွန်းစခန်းမှူး)က လက်ဆောင်ပြန်ပေးပါတယ်တဲ့... ပါတိတ်
တစ်ထုပ်ပါ.. နောက် တစ်ရက်မှာ မလိကနေ ခွာတယ် ၊ ဇာဒက်ကြီးကို
ဦးတည်မောင်းနေတုန်း...
မကြာခင်.. သဘောင်္ပေါ်မှာ တန်ပူလာ(ရေတပ်က အရာရှိ/စစ်သည်များ အပျော်တမ်းကစာလေ့ရှိသော ကစားနည်းတစ်မျိုး)ကစားတော့..ကျနော် ဂိန်းတယ်...
ရတဲ့ ဆုက… ရွေပါတိတ် ၁ ထည်....
………………………………………………………………………………………………………………………..
အရောင်တူ
အသွင်တူ အဖွဲ့အစည်းတစ်ခုတည်းအတွင်းမှာ တာဝန်ထမ်းဆောင်သူချင်းအတူတူ
စိတ်စေတနာနဲ့ ပြုမူလုပ်ဆောင်ပုံ မတူကွဲပြားမှုရှိနေတာကို ခွဲခွဲခြားခြား
မြင်တတ်ကြပါစေ…။
တဆင့်တင်ပြပေးသူ…
နေမင်းသူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment