Saturday, December 10, 2011
ဆိုင်းဘုတ်မရှိကြသူများ
လွန်ခဲ့တဲ့ သုံးလေးရက်လောက်က မိတ်ဆွေတစ်စု
လက်ဖက်ရည်ဝိုင်းမှာ ဆုံမိကြတဲ့အခါ တုံးစံအတိုင်း ပွားဇာတ်လမ်းက စတော့တာပဲ။
မဆုံဖြစ်တဲ့စပ်ကြား ရက်ပိုင်း၊နာရီပိုင်း၊မိနစ်ပိုင်းအတွင်း
သိခဲ့ကြားခဲ့တဲ့ အသစ်စက်စက် ဗဟုသုတလေးတွေ၊သတင်းအချက်အလက်တွေကို
အပြန်အလှန်ရှယ်ကြ တာပါ။ အဲဒီနေ့ကတော့ ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ
တွေ့တွေ့နေရတဲ့ ကဗျာတွေ၊ ရသစာစုလေးတွေ၊ ဆောင်းပါးတွေ၊ ဓာတ်ပုံဖန်တီးမှုတွေ
နဲ့ ပန်းချီကားလေးတွေအကြောင်း ဆွေးနွေးဖြစ်ကြတယ်ဗျ။
အဲဒီမှာ
တချို့လက်ရာလေးတွေ(အများစုလို့လည်းဆိုနိုင်ပါတယ်)ကိုကြည့်လိုက်ရင်
အနုပညာလက်ရာ တော်တော်မြောက်တာ၊ အတွေးအမြင်တော်တော်စူးရှတာ၊
စိတ်အခံလေးတွေရှင်းသန့်ပေါ်လွင်နေတာတွေ့ရ တော့ မချီးမွမ်းဘဲ
မနေနိုင်လောက်အောင် ဖြစ်ကြရတယ်။ ဒါပေမယ့် ဖန်တီးရှင်တွေရဲ့အမည်တွေကို
ကြည့်လိုက်တဲ့အခါ ဒီဖေ့စ်ဘုတ်ပေါ်ကလွဲပြီး ဘယ်နေရာ၊ ဘယ်အ၀န်းအ၀ိုင်းမှာမှ
နေရာရမထားသူတွေ ဖြစ်နေ ပြန်ရော။ သူတို့က အများနည်းတူ
ခေတ်သစ်အိုင်တီလှိုင်းစီးနေရင်းက သူတို့ဖန်တီးထားတဲ့ လက်ရာလေး တွေကို
ပရိသတ်ရှေ့မှောက်အရောက်ပို့ခွင့် ရနေကြတာ။
ကျနော်တို့ဆွေးနွေးနေရင်း တစ်ယောက်ကမှတ်ချက်ချလိုက်တယ်။ “အဲဒါ လူတွေမမြင်နိုင်သေးတဲ့ ရွက်ပုန်းသီးတွေ ပေါ့ဗျာ” တဲ့။
စကားပြောနေရင်း
ညနေခင်းစကားဝိုင်းလေးတစ်ခုကို ကျနော်ပြေးသတိရလိုက်မိတယ်။ ၁၉၈၈ အကုန်
ပိုင်းလောကက် နေ့တစ်နေ့။ အဲဒီတုန်းက မြန်မာနိုင်ငံတစ်နံတစ်လျားကို
သိမ်းကျုံးရိုက်ခတ်သွားတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပြီးကာစ
ပူပူနွေးနွေးကာလ။ ရှစ်လေးလုံးလှုပ်ရှားမှုအတွင်းမှာ ကျနော်က ရန်ကုန်မြို့ပေါ်
ရောက်နေပြီး ဟိုစပ်စပ်ဒီစပ်စပ်ပါခဲ့တာ။ စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ
ကျနော် ရွာပြန်ရောက်လာခဲ့တယ်။
ကျနော်တို့ရွာမှာလည်း
စီတန်းလှည့်လည်ပွဲတွေ ထမင်းထုပ်ကမ်း ကြိုဆိုကြတာတွေကို ရွာရောက်မှသိရ တယ်။
အထူးသဖြင့် ရှစ်လေးလုံးစိတ်ဓာတ်က လူငယ်တွေကိုနိုင်ငံရေးအသိ
နှိုးဆွပေးလိုက်တယ်။ သိပ်မကြာလိုက်တဲ့ကာလလေးအတွင်းမှာပဲ
ရွာမှာစာကြည့်တိုက်အသေးစားလေးတစ်ခု ပေါ်လာတယ်။ လူငယ် တွေ
နိုင်ငံရေးစာပေတွေဖတ်လာတယ်။ ဒီမတိုင်မီကတည်းက လေ့လာရေးအား အတန်အသင့် ကောင်း
ထားတဲ့ လူငယ်တချို့လည်းရှိနေတော့ လူငယ်တွေဆုံတတ်တဲ့နေရာမှာ
စကားဝိုင်းလေးတွေ အလိုအလျောက် ဖြစ်နေတတ်တာပေါ့။
ပြောရတာ
သိပ်တော့မကောင်းပါဘူး။ ကျေးလက်လူငယ် သဘာဝ နေ့ဘက်အိမ်မှာလုပ်စရာရှိတာလုပ်။
နေညိုညို ညနေစောင်းရင် ထွေးညိုရှိရာ အရပ်မှာမချိန်းဆိုဘဲ ဆုံကြမြဲ။
အဲဒီညနေကလည်း
ကျနော်တို့လူငယ်တသိုက် ထွေးညိုကို အဖော်ပြုလို့ ပဲလှော်ကိုက်ရင်း
အာရိုက်လို့ ကောင်းနေချိန်မှာ တဘက်ဝိုင်းက အသက် ၄၀ လောက်လူရွယ်တဦး
ကျနော်တို့ပြောနေတာတွေကို အာရုံစိုက် နားထောင်နေမှန်း သတိပြုမိကြတယ်။
ပြီးတော့ သူက ခွက်ကလေးကိုင်ကာ ကျနော်တို့ဝိုင်းဘက်ကို ကူးလာပြီး
“ညီလေးတို့ဝိုင်းမှာ အကိုလည်း ထိုင်ပါရစေ” တဲ့။
သူကမြို့မှာနေတာဖြစ်ပြီး ရွာကိုရောက်တုန်းရောက်ခိုက် အဖော်ကောင်းလို့ ပါလာတာဖြစ်လိမ့်မယ်။
ကျနော်တို့နဲ့သူ
စကားပြောဖြစ်တော့ သူကမြို့ပေါ်သပိတ်စခန်းမှာ ကြုံတွေ့ခဲ့ရတာလေးတွေကိုပြောပြ
ပါတယ်။ အတွေ့အကြုံ၊အမြင်လေးတွေ ဖလှယ်ဖြစ်ကြတယ်။ သူကပြောတယ်..
“ပုံမှန်အခြေအနေမှာဆိုရင် လူတွေရဲ့အတွင်းသဏ္ဌာန်ကို ခွဲခြားသိမြင်ဖို့
ခက်တယ်ကွ၊ အကြောင်းတစ်ခုတိုက်ဆိုင်လာမှ ဘယ်သူဘယ်လို ဆိုတာ
ထင်ထင်ရှားရှားတွေ့မြင်ကြရတာ၊ ပြီးတော့ ခုခေတ်လူငယ်တွေက အရင်ကလူတွေလို
ပေါ်ပေါ်ထင်ထင် လူမြင်မခံလိုကြဘူး။ သပိတ်မှာ
ခေါင်းဆောင်တဲ့လူငယ်တော်တော်များများဟာ အရင်တုန်းကရပ်ကွက်ထဲမှာ
ရှိမှန်းတောင် မသိရတဲ့သူတွေ။ ဆိုင်းဘုတ်မတင်တဲ့ သူရဲကောင်းလေးတွေပေါ့ကွာ”။
ကျနော်တို့တတွေ
ကျေးလက်လူထု အသိပညာဖွံ့ဖြိုးရေးအတွက် ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေး
တစ်ခုထူထောင်ထားတာကိုလည်း သူကအားတက်သရော ထောက်ခံအားပေးလို့
ရံပုံငွေတောင်လှူသွားလိုက် သေးတယ်ဗျ။
လက်ဖက်ရည်ဆိုင်ကနေ အားလုံးလမ်းခွဲကြတဲ့အချိန်၊ ကျနော့်ခေါင်းထဲမှာ အတွေးတစ်ခုကပ်ပါလာ ခဲ့တယ်။
ဘက်ပေါင်းစုံမှာ
ယိုယွင်းအားနည်းနေတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းကို ဦးမော့ထောင်မတ်လာအောင်
အားထုတ်ကြိုးပမ်းကြရမှာ ကဏ္ဍစုံ၊နယ်ပယ်စုံက ဆိုင်းဘုတ်မရှိတဲ့ စွမ်းဆောင်ရှင်
ရွက်ပုန်းသီးတွေရဲ့ အရည်အသွေးနဲ့ စွမ်းအားကို စူးစမ်းဖော်ထုတ်
အသုံးချနိုင်ကြရင် ဘယ်လောက်ကောင်းလိုက်လေမလဲ ဆိုတဲ့အတွေးပါ။
လူမြင်သာအောင် ဆိုင်းဘုတ်ထောင်မထားကြပေမယ့် သူတို့ရဲ့စွမ်းရည်အလှကို ကြည့်တတ်ရင်မြင်နိုင် ပါတယ်ဗျာ...
ဝေမော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment