Sunday, May 13, 2012
ပြည်ထောင်အချင်းချင်းချုပ်ဆိုထားတဲ့ နိုင်ငံတကာ စာချုပ်တစ်ရပ် ( Dr Lian H. Sakhong)
၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးရဲ့ အားနည်းချက်တွေကို မဆန်းစစ်ခင်မှာ
ဘာဖြစ်လို့ ပင်လုံစာချုပ်လက်မှတ်ထိုးဖို့ လိုအပ်သလဲံဆိုတာကို
နည်းနည်းလေးပြန်ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “၁၉၄၇
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပင်လုံစာချုပ်” ကို ခွဲခြားပြီး
သီးခြားစီကြည့်လို့ မရပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလို ဆက်စပ်နေပါတယ်။
ဒါကြောင့် ဒီနှစ်ခုကို ခွဲခြားပြီး ကြည့်ရင် အဓိပ္ပါယ်မပြည့်စုံနိုင်ဘူး။
နှစ်ခုစလုံးကို ပေါင်းစပ်ပြီး ကြည့်ရှုမှသာ အဓိပါယ်ဖော်နိုင်ပါတယ်။
အားလုံးသိထားတဲ့အတိုင်း
ပင်လုံစာချုပ်ဟာ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များနှင့် ထိုစဉ်က
Interim Burmese Government ရဲ့ Chief Minister ဗိုလ်ချုပ်အောင်ဆန်းတို့
လက်မှတ်ရေးထိုးခဲပတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါကို လေးလေးနက်နက်
ထပ်မံဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များနဲ့
ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ဘယ်လိုနိုင်ငံရေးအာဏာနျင့် Legitimacy
ကိုကိုင်စွဲပြီး လက်မှတ်ရေးထိုးနိုင်ခဲ့သလဲ။ သူတို့လက်မှတ်ရေး
ထိုငခွင့်အာဏာ legitimacy က ဘာလဲ။ ဒါကို သေသေချာချာ ဆန်းစစ်ဖို့
လိုအပ်ပါတယ်။ ဒါကို သေသေချာချာ မဆန်းစစ်ရင် ပင်လုံစာချုပ်ဟာ သာမန်လူတစ်စု
စုစည်းပြီး သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ သာမန်စာချုပ်၊ အဓိပါယ်မရှိတဲ့
စာချုပ်ဖြစ်သွားပါမယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ သမိုင်းကြောင်းအရရော၊
နိုင်ငံရေးအရရော အလွန်အဓိပ္ပါယ်ပြည့်ဝတဲ့ စာချုပ်တစ်ရပ်ဖြစ်ပါတယ်။
အမှန်စင်စစ်ပင်လုံစာချုပ်ဟာ
သာမန်လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်ပါဘူး။
ပြည်ထောင်အချင်းချင်းချုပ်ဆိုထားတဲ့ နိုင်ငံတကာ စာချုပ်တစ်ရပ်နဲ့
အသွင်တူပါတယ်။ သို့သော် နိုင်ငံတကာ စာချုပ်နဲ့ ကွဲပြားသွားတဲ့အချက်က
အဲဒီစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း ပြည်ထောင်(၄)ခုဟာ “ပြည်ထောင်စု”
တစ်ခုထဲမှာ ပူးပေါင်းနေထိုင်သွားခဲ့ကြတဲ့အတွက်
နိုင်ငံတကာစာချုပ်အဖြစ်နဲ့တော့ ကျနော်တို့ သတ်မှတ်လို့ မရဘူး။
ပြည်ထောင်လေးခု ပူးပေါင်းပြီးမှ “ပြည်ထောင်စု” တစ်ခုထဲကို အတူတကွ
ထူထောင်သွားခဲ့ကြတဲ့အတွက် ပင်လုံစာချုပ်ဟာ နိုင်ငံတကာစာချုပ်အဖြစ်မှ
ပြည်တွင်းရေးရာ စာချုပ်အဖြစ်ကို လျှော့ကျသွားခဲ့တယ်။
ဒီလိုကျနော်ပြောရခြင်းဟာ “ပင်လုံစာချုပ်” ရဲ့ လေးနက်မှုကို ပုံဖော်ချင်လို့
ဖြစ်ပါတယ်။
ကျနော်ဆိုလိုရင်းက ပင်လုံစာချုပ်ဆိုတာ
ကိုလိုနီခေတ်မတိုင်ခင်က သီးခြားစီလွတ်လပ်ပြီး ကိုလိုနီခေတ် တလျှောက်လုံး
သီးခြား “ဖွဲ့စည်းပုံအခြေခံဥပဒေ” နဲ့ အုပ်ချုပ်ခံခဲ့ရတဲ့ ပြည်ထောင်
(၄)ပြည်ထောင် ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တယ်။ ဥပမာ- ချင်းပြည်ထောင်_
ကျနော်ကတော့ ချင်းလူမျိုးဆိုတော့ ချင်းပြည်ထောင် (Chinram)ကို ဥပမာပေးပြီး
ပြောချင်ပါတယ်။ ကျနော်တို့ ချင်းလူမျိုးများဟာ
ဗြိတိသျှကိုလိုနီခေတ်မတိုင်ခင်တုန်းက သီးခြား လွတ်လပ်တဲ့
လူမျိုးတစ်မျိုးဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီခေတ် တစ်လျှော်လုံးမှာလည်း
သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေ (1896 Chin Hills Regulation) နဲ့
အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြတဲ့
ကျနော်တို့ ချင်းခေါင်းဆောင်များဟာ 1896 Chin Hills Regulation အရ
သီးခြားအုပ်ချုပ်ခဲ့တဲ့ ပြည်ထောင်တစ်ခုကို ကိုယ်စားပြုခဲ့တဲ့
ခေါင်းဆောင်များဖြစ်ပါတယ်။
ကချင်ခေါင်းဆောင်များလည်း
ဒီအတိုင်းပဲ ၊ ရှမ်းခေါင်းဆောင်များလည်း ဒီအတိုင်းပဲ__ သူတို့က Federated
Shan State ကို ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်တစ်ခုစီကို
ကိုယ်စားပြုခဲ့ပါတယ်။ ဒီလိုပဲ__ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဒီအတိုင်းပဲ။
1935 Burma Act လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့တဲ့ Burma
Proper လို့ ခေါ်တဲ့ ပြည်ထောင်စုတစ်ခုကို သူ ကိုယ်စားပြုသွားတာ ဖြစ်ပါတယ်။
တစ်ခုတော့ ရှိတာပေါ့။ အဲဒီ Burma Proper ထဲမှာ 1935 Burma Act အရ ရခိုင်၊
မွန်နဲ့ ကရင်တို့ကို ထည့်သွင်းခံခဲ့ရပါတယ်။
ဒီလိုထည့်သွင်းခြင်းခံရတာလည်း
သမိုင်းကြောင်းရှိပါတယ်။ ရခိုင်မင်းနေပြည်တော်နဲ့ မွန်နိုင်ငံတော်တို့ကို
မြန်မာမင်းများက ဗြိတိသျှမလာခင်မှာ သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့်
ရခိုင်နဲ့ မွန်လူမျိုးများကို ဗြိတိသျှတို့က သီးခြားစီမသိမ်းပိုက်ဘဲ
မြန်မာမင်းတို့ ပိုင်နက်ထဲမှ လူမျိုးများအဖြစ် မြန်မာလူမျိုးများနဲ့ အတူ
သိမ်ပိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ကရင်လူမျိုးများကျတော့ မြန်မာလူမျိုးများနဲ့
ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ပါတယ်။
ဒါကြောင့် __ မြန်မာမင်းတို့က သူတို့ကို မွန်နဲ့ ရခိုင်လို
သီးခြားသိမ်းပိုက်တာမျိုးမရှိခဲ့ပေမယ့် ဗြိတိသျှတို့ မြန်မာအင်ပါယာကို
သိမ်းတဲ့အခါ အလိုအလျှောက် ပါဝင်သွားခဲ့တာဖြစ်ပါတယ်။.
အဲဒါကြောင့်
ပင်လုံစာချုပ်မှာ မွန်။ ရခိုင်နဲ့ ကရင်လူမျိုးများကို သီးခြားစီမဖိတ်ပဲ
ဗိုလ်ချုပ်အောင်ဆန်းကပဲ ကိုယ်စားပြုလက်မှာတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပင်လုံစာချုပ်ဟာ ပြည်ထောင်(၄)ခုကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်၊
သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေရှိပြီး သမိုင်းစဉ်တစ်လျှောက်မှာ
သီးခြားလွတ်လပ်တဲ့ ပြည်ထောင်(၄)ပြည်ထောင် ချုပ်ဆိုထားတဲ့
စာချုပ်တရပ်ဖြစ်ပါတယ်။
ဒီအခြေခံသဘောတရား၊ ပင်လုံစာချုပ်ရဲ့
အနှစ်သာရဖြစ်တဲ့ ပြည်ထောင်(၄)ပြည်ထောင်ဆိုတဲ့ အခြေခံသဘောတရားနှင်း
အနှစ်သာရကို ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ရှင်းလင်းထပ်ဟပ်
အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့
ပင်လုံစာချုပ်ချုပ် ဆိုပြီးနောက်ပိုင်း ပြည်ထောင်စုတစ်ခုလုံးရဲ့
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း မှာ အတည်ပြုပြဌာန်းသွားတဲ့
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့ပင်လုံမှာ မျှော်မှန်းခဲ့တဲ့
စစ်မှန်သောပြည်ထောင်စုဆိုတာကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒီအထဲမှာ __
၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနည်းချက်ထဲက__ အဓိကကျတဲ့
အချက်သုံးချက်ကို ကျနော်မီုးမောင်းထိုးပြ ဆွေးနွေးလိုပါတယ်။
၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်များ
ပထမ-
အားနည်းချက်ကတော့ ပြည်ထောင်တွေစုတဲ့ “ပြည်ထောင်စု” စနစ်အရ၊ အဲဒီ
“ပြည်ထောင်စု” ရဲ့ အဖွဲ့ဝင် “ပြည်ထောင်”၊ ကျနော်တို့ အခုခေတ်မှာ
အသုံးများတာက ပြည်ထောင်စုရဲ့အဖွဲ့ဝင် အမျိုးသားပြည်နယ်ဖြစ်ပါတယ်။
ပြည်ထောင်ပဲခေါ်ခေါ်၊ အမျိုးသားပြည်နယ်ပဲခေါ်ခေါ်__ ပြည်ထောင်စုအဖွဲ့ဝင်
“ပြည်ထောင်များ”ဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ မိမိတို့ရဲ့ “ပြည်ထောင်”
သို့မဟုတ် “ပြည်နယ်” ဖွဲ့စည်းပုံအခြေခံဥပဒေများ သီးခြားစီရှိရမှာ
ဖြစ်ပါတယ်။ ဒါဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ဒီပြည်ထောင်တွေဟာ
ကိုလိုနီခေတ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိခဲ့ကြတာပဲဖြစ်ပါတယ်။
ဒါကြောင့်
__ ကျနော်ဆိုလိုရင်းက __ ပြည်ထောင်စုစနစ်ကို ထူထောင်မယ်။ Federal
နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုရင် ၊
အဲဒီပြည်ထောင်စုအဖွဲ့ဝင်ပြည်ထောင်အသီးသီး ခေါ်မလား။ ပြည်နယ်အင်္သီးသီးခေါ်မလား။
အဲဒီပြည်နယ်များဟာ မိမိတို့ပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများ
သီးခြားစီရှိရမှာဖြစ်ပါတယ်။
ဒါပေမယ့်
၁၉၄၇နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာကျတော့__ ပြည်နယ်များရဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေကို သီးခြားရေးဆွဲပြဌာန်းခြင်းမရှိဘဲ
ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောက်ဆက်တွဲသဘောမျိုးနဲ့
လုံးထွေးပြဌာန်းသွားသွားခဲ့ပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုရဲ့ အရေးအရာ
ကိစ္စများကို ပြည်နယ်အတွင်း လွတ်လပ်စွာ ဆုံးဖြတ်ပြဌာန်းပိုင်ခွင့်မရှိဘဲ
ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် သွားခဲ့ပါတယ်။ပြဿနာက အဲဒီပြည်ထောင်စု
လွှတ်တော်ကလည်း ပြည်ထောင်စုလွှတ်တော်သာခေါ်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို
အခြေခံထားတံ လွှတ်တော် မဟုတ်ပြန်ဘူး။ အဲဒါ ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ
အခြခံဥပဒေကြီးရဲ့ ဒုတိယအားနည်းချက်ဖြစ်တယ်။
၁၉၄၇
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုစနစ်ကို အခြေခံတာ
ဖြစ်လေတော့ တပိုင်းတစ အားဖြင့်တော့ ပြည်ထောင်စုစနစ်ရဲ့ ဂုဏ်အင်္ဂါရပ်တွေ
ရှိသင့်သလောက်တော့ ရှိခဲ့ပါတယ်။ အဲဒါကတော့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်
နှစ်ရပ်ထားရှိပြီး အထက်လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော်ကို ထားရှိတဲ့
အချက်ဖြစ်ပါတယ်။ ဒါပေမယ့်__ အဲဒီလူမျိုးစုလွှတ်တော်ဆိုတဲ့ အထက်လွှတ်တော်ကို
ပြည်ထောင်စု စနစ် အင်္ဂါရပ်ပြည့်ဝစေဖို့ ထားတာဖြစ်ပေမယ့် အဲဒီမှာပဲ
အားနည်းချက်ကြီး ချို့ယွင်းချက်ကြီး ပြန်ပါလာပြန်ပါတယ်။
လူမျိုးစုတွေ
လွှတ်တော်ဆိုတာ အမှန်စင်စစ်က ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်ကို
ကိုယ်စားပြုတဲ့ လွှတ်တော်သာဖြစ်သင့်တယ်။ လူဦးရေကို ကိုယ်စားပြုတဲ့ လွှတ်တော်
မဖြစ်စေရဘူး။ ဒါပေမယ့် __ ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အရ
လူမျိုးစုလွှတ်တော်ကို လူဦးရေ အနည်းအများ အပေါ်အခြေခံပြီး ဖွဲ့စည်းလေတော့
အထက်လွှတ်တော်__ လူမျိုးစုလွှတ်တော်မှာလည်းပဲ လူဦးရေပိုများတဲ့ ဗမာတွေကပဲ
ထင်တိုင်းကြဲပြီး ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ ရခဲ့ပါတယ်။
နောက်
တတိယ အားနည်းချက်က__ ဒီလိုလူဦးရေ ပိုများတဲ့ ဗမာတွေက ဒီလိုပြောတော့ ဗမာကို
မုန်းလို့ မဟုတ်ဘူးနော်။ လူမျိုးရေးကိစ္စကို ဒီမှာ ပြောနေတာ မဟုတ်ဘူး။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကို ပြောနေတာ ဖြစ်တယ်။
ကျနော်ဆိုလိုတာက __ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်
တစ်ရပ်လုံးကို ဗမာလူမျိုးများက ချုပ်ကိုင်တဲ့ အနေအထား ရောက်သွားတဲ့အပြင်
၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကြီးမားဆုံး အားနည်းချက်က
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုဖြစ်တဲ့_ ဟိုတုန်းက အခေါ် Burma Proper__
လူမျိုးအရခေါ်ရင်တော့ ဗမာ၊ အဲ ဘယ်လိုပဲ ခေါ်ခေါ် Burma Proper ကို
သီးခြားပြည်နယ်အဖြစ်နဲ့ ဖွဲ့စည်းခြင်းမရှိစေပဲ၊ အဲဒီပြည်နယ်ကို ပြည်ထောင်စု
တစ်ခုလုံးနဲ့ တွဲဖက်ပေါင်းစပ် သွားခဲ့တယ်။ အဲဒီလိုလုပ်တဲ့ အခါကျတော့ __
အဓိပ္ပါယ်က ဘာဖြစ်သွားသလဲဆိုတော့ ၊ ဗမာပြည်နယ် (ဗမာပြည်နယ် ခေါ်ရင်
ပိုကောင်းမယ်ထင်တယ်၊ Burma Proper ခေါ်တာထက်၊ ဘာဖြစ်လို့လဲဆိုတော့ __
နောက်ပိုင်းBurma Proper မှာပါခဲ့တဲ့ ကရင်၊ မွန်နဲ့ ရခိုင်တို့ကို
သီးခြားပြည်နယ် တွေ ပေးခဲ့တယ်)်နှင့် ပြည်ထောင်စု အာဏာတစ်ခုလုံးကို ပေါင်းစပ်၊ ရောစပ်သွားခဲ့ပါတယ်။
ဆိုတော့__
အဲလိုလုပ်ခြင်းအားဖြင့် ဘာဖြစ်သွားသလဲဆိုတော့__ ပြည်ထောင်စု ရဲ့
အချုပ်အခြာအာဏာ တစ်ရပ်လုံးကို ပြည်နယ်တစ်ခု၊ လူမျိုးတစ်ခုကို
ထိုးအပ်ပေးလိုက်သလိုဖြစ်သွားတယ်။ ဒီလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေက
ပြဌာန်းလမ်းဖွင့်ပေးလိုက်တော့__ မဟာလူမျိုးကြီးဝါဒ ဗမာလူမျိုးများထဲက
ပေါ်လာတာ အမှန်ကတော့ မဆန်းပါဘူး။ ဗမာအားလုံးတော့ မဟုတ်ဘူး။
တချို့မဟာလူမျိုးကြီးဝါဒ ကိုကိုင်စွဲတဲ့ တစ်ချို့သော
ဗမာနိုင်ငံရေးသမားတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်သွားတာကလည်း
နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက လမ်းဖွင့်ပေးခဲ့တဲ့အတွက်ကြောင့်
ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာမဟာလူမျိုးကြီး အသီးအပွင့်အဖြစ်
ပြည်ထောင်စုသမိုင်းမှာပြန်ကြည့်ရင်__ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်
ပြဌာန်းခဲ့တယ်။ စစ်အာဏာရှင် စနစ်နဲ့တကွ စစ်ဝါဒီတွေလည်းပဲ
ကြီးစိုးသွားခဲ့ပါတယ်။
အမှန်စင်စစ် စစ်အာဏာရှင်စနစ်
ဒီလောက်ကြီးစိုးသွားတာ ၁၉၆၂ အာဏာသိမ်းပြီးမှသာ ပေါ်လာတာ မဟုတ်ဘူး။
ပါလီမန်ခေတ်ကတည်းက ဖြစ်ခဲ့တာပါပဲ။ အိမ်စောင့် အစိုးရပေါ်တာ၊ ဒီလိုပေါ်အောင်
ဖန်တီးသွားခဲ့တာတွေဟာလည်း ၉၄၇ နိုင်ငံတ်ာဖွဲ့စည်းပုံအခြေခံဥပဒေ
အားနည်းချက်အပြင် အာဏာရစစ်အစိုးရက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
အားနည်းချက်ကို အခွင့်ကောင်းယူပြီး မိမိအာဏာရပ်တည်ရေးအတွက်
ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခဲ့လို့ဖြစ်ပါတယ်။
ဒါကြောင့်
ကျနော်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့ စစ်မှန်သော ဖက်ဒရယ်နိုင်ငံတော်
ထူထောင်ရေးအတွက်ဆိုရင်__ ကျနော်တို့ ဖွဲ့စည်းရမယ့် အနာဂတ်ဖက်ဒရယ်
ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ဖက်ဒရယ်အင်္ဂါရပ်တွေနဲ့
ပြည့်စုံဖို့ လိုအပ်ပါတယ်။ ပြီးတော့ _ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ရဲ့
အင်္ဂါရပ်ထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပြည်ထောင်စုအဖွဲ့ဝင်အမျိုးသား
ပြည်နယ်များဟာ မိမိတို့ရဲ့
ပြည်နယ်ဖွဲ့စည်းပံအခြေခံဏဥပဒေများကို သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်း
နိုင်ရမှာဖြစ်ပါတယ်။
Dr Lian H. Sakhong (B.A.,Hons, M.A , B.D, Ph.D)
(ဒီနေရာ) မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment