ကလေး၏
မွေးရာပါ စွမ်းပကား (ဘာသာစကား) ကို အရင်းအမြစ်တစ်ခုအနေဖြင့် အသုံးပြု၍
သင်ရိုးညွှန်းတမ်း ရေးဆွဲ ပြုစုရာတွင်ထည့်သွင်း စဉ်းစားရန်လိုအပ်မည်ဟု ယူဆပါသည်။
POSITION PAPER ON TEACHING MOTHER TONGUES IN Myanmar/Burma
Nai Rot Gakao (Education NMSP)
နိုင်ရော့ဂကောင်း
မွန်ပညာရေးဌာန (မွန်ပြည်သစ်ပါတီ)
ကျေးဇူးတင်လွှာ
အခြေခံပညာ
ကျောင်းများတွင် ကလေးများ၏ မိခင်ဘာသာစကားများကို သင်ကြားခွင့် ရရှိစေခြင်းငှာ
ဤအကြံပြုစာတမ်းကို အရင်းအမြစ် နည်းပါးသည့် ကြားမှာပင် ကြိုးစား၍ ရေးသား
တင်ပြထားပါသည်။ ဤစာတမ်း ဖြစ်မြောက် အောင်မြင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ
အားပေးခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များကို ကျွန်ုပ်အနေဖြင့် ကျေးဇူးဥပကာရ
တင်ရှိပါသည်။ ပထမဦးစွာဖော်ပြရလျှင် စာရေးခြင်း အလေ့အကျင့် လွန်စွာနည်းပါးခဲ့သော ကျွန်ုပ်အား
ပညာရေးသုတေသနပညာကို စိတ်ရှည်လက်ရှည် သင်ကြားပို့ချပေးခဲ့၍ စာရေးသားခြင်းကို
အားပေးခဲ့သော ဆရာဦးသိန်းနိုင် NHEC ကို အထူး ကျေးဇူးတင်ပါသည်။
ထို့အပြင်
ဤစာတမ်း ဖြစ်မြောက်ရေးအတွက် လိုအပ်သော အကူအညီများကို စိတ်ရှည်စွာ ရှင်းပြပေးခဲ့သော
သင်ရိုးညွှန်းတမ်းနှင့် ဘာသာစကား သင်ကြားခြင်းဆိုင်ရာ အတွေ့အကြုံ ရင့်ကျက်သော
ဆရာကြီး နိုင်ဂျနူမွန် (လဝီမာန်ပညာ) ကို ကျေးဇူးတင်ပါသည်။ ထို့နောက် စာတမ်းအတွက်
လိုအပ်သော အချက်အလက်များနှင့် ငွေကြေး ထောက်ပံ့ကူညီမှုများကို ပေးခဲ့သော
အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မီတီ NHEC ကို ကျေးဇူးတင်ပါသည်။
နောက်ဆုံး
အနေဖြင့် စာတမ်းအတွက် လိုအပ်သော အချက်အလက်များ ရရှိစေရန် ဝိုင်းဝန်းဆွေးနွေး ကူညီ
အားပေးခဲ့ကြ သော မွန်ပညာရေးဌာနမှ ဆရာ/မများအားလည်းကောင်း၊ စာရေးသား တင်ပြရာတွင်
အပြု သဘော ဆောင်သော ဆွေးနွေး တင်ပြချက် လမ်းကြောင်းပေါ် ရောက်ရှိအောင် တည့်မတ်
လမ်းညွှန်ပေးခဲ့သော ဆရာ ဦးသိန်းလွင် (ငြိမ်း-ပညာရေး တက္ကသိုလ်) အား လည်းကောင်း၊
ထွေပြားလှသော အိမ်မှုကိစ္စများကြားကပင် စာတမ်းကို ပရုဖ်ကူညီဖတ်ပေးသော ဇနီး
ဒေါ်စန်းစန်းမြင့် အားလည်းကောင်း ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင်
ဖော်ပြအပ်ပါသည်။
နိုင်ရော့ဂကောင်း (မွန်ပညာရေးဌာန) နိုဝင်ဘာလ ၂၀၀၈ ခုနှစ်၊ မွန်ဗဟိုဌာနချုပ်၊
အမျိုးသားကျန်းမာရေးနှင့်
ပညာရေးကော်မီတီ NHEC ပညာရေးနှီးနှောဖလှယ်ပွဲသို့ တင်သွင်းသော -
မိခင်ဘာသာစကားသင်ကြားခြင်း မူဝါဒလေ့လာရေး အကြံပြုစာတမ်း (Sept. 2008)
5
Jan. 2009 EducationSeminar NHEC တွင် ဖတ်ကြားတင်သွင်းသည်။
အကြောင်းအရာအနှစ်ချုပ်
Abstract
မိခင်ဘာသာစကားသည်
လူအချင်းချင်း ဆက်သွယ်ရေး စံနစ်အတွက် ကြားခံဆက်သွယ်ရေး ကိရိယာဖြစ်သည့် အပြင် ကလေး၏
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အတွက်ပါ လွန်စွာ အရေးကြီးသော အရင်းခံ
အစိတ်အပိုင်းလည်း ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်နယ်နှင့်
တိုင်းဒေသများရှိ အခြေခံပညာ ကျောင်းများတွင် ခေတ်အဆက်ဆက်က သင်ကြား ခွင့်ရရှိခဲ့သော
တိုင်းရင်းသား ဘာသာစကားကို မျက်မှောက်ကာလ၌ ပြန်လည် သင်ကြားရန် လိုအပ်သည် ဟူသည့်
အချက်ကို ပညာရေးမူဝါဒ ချမှတ်သူများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲသူများ၊ ဆရာအတတ်
သင်တန်းပေးသူများနှင့် ကျောင်းဆရာများ ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ယူဆပါသည်။
မြန်မာနိုင်ငံသည်
အသွေးရောင်စုံ တိုင်းရင်းသားများ မှီတင်းနေထိုင်သော နိုင်ငံတစ်နိုင်ငံ
ဖြစ်သည်နှင့် အညီ ပြည်နယ်နှင့် တိုင်းဒေသများတွင် အများသုံးနှင့်
ရုံးသုံးဘာသာစကားဖြစ်သော မြန်မာဘာသာစကား အပြင် ဒေသခံ ဘာသာစကား၊ တိုင်းရင်းသား
ဘာသာစကားများကိုလည်း လူမှုအကျိုးစီးပွားငှာ နိစ္စဓူဝ ပြောဆို အသုံးပြုလျက် ရှိပါသည်။
ဘာသာစကား သည် လူအချင်းချင်း ဆက်ဆံရန် အသုံးပြုသော ကြားခံ ဆက်သွယ်ရေးမဏ္ဍိုင်
ကိရိယာတစ်ခု ဖြစ်သည်သာမက ထို ဘာသာစကားမှ ဖြစ်တည် ပေါက်ဖွားလာသော လူမှုယဉ်ကျေးမှု၊
စဉ်းစားတွေးတော ဆင်ခြင်မှုနှင့် ရသခံစားမှုတို့ အစဉ် ဖွံ့ဖြိုးတိုးတက်မှုများပါ
ဖြစ်ထွန်းစေပါသည်။
မြန်မာဘာသာစကားသည်
ဖွံ့ဖြိုးနေသော ဘာသာစကား ဖြစ်ပါသည်။ ထိုနည်းတူစွာ ကျန်ရှိသော ပြည်ထောင်စုဖွား
တိုင်းရင်းသား ဘာသာစကားများကိုလည်း မြန်မာဘာသာစကားနှင့်အတူ ဖွံ့ဖြိုးလာအောင်
အားပေးရန် လိုအပ်ခြင်းနှင့် လူနည်းစုတိုင်းရင်းသား ဘာသာစကားများကိုလည်း
ကွယ်ပျောက်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက် ခြင်းသည် ဘာသာစကား
သြဇာမညီမညွတ်မှုကို ပြေလည်မှုရအောင် ဆောင်ရွက်ခြင်း၊ လူမှု ယဉ်ကျေးမှုဆိုင်ရာ ပြေလည်မှု
ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း
ချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု တို့ကို အထောက်အကူ ပြုနိုင်ပါသည်။
ပညာရေး
စီမံကိန်းရေးဆွဲသူများနှင့် ဘာသာစကား မူဝါဒချမှတ်သူများသည် ကလေး၏မွေးရာပါ
စွမ်းပကား (ဘာသာစကား) ကို အရင်းအမြစ်တစ်ခု အနေဖြင့် အသုံးပြု၍ သင်ရိုးညွှန်းတမ်း
ရေးဆွဲပြုစုရာတွင် ထည့်သွင်း စဉ်းစားရန် လိုအပ်မည်ဟု ယူဆပါသည်။ ဘာသာစကား
အတားအဆီးကြောင့် ကျောင်းသား ကလေးငယ်များ ပညာသင်ကြားရာတွင် အခက်အခဲများ နှင့်
ရင်ဆိုင်ရတတ်၍ ကလေးများ ကျောင်းထွက်နှုန်းကို မြင့်မားစေနိုင်ပါသည်။
ထို့အပြင်
ကျောင်းထွက်သွားသော ကလေးများကို လေ့လာ ဆန်းစစ် ကြည့်ရာတွင် အဆင့်တိုင်းလိုလို၌
မိခင်ဘာသာစကား အပါအဝင် စာဖတ်စွမ်းရည်နှင့် အရေးအသားစွမ်းရည်တို့ နိမ့်ကျနေသည်ကို
တွေ့ရှိရပါသည်။ စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ တွင် စဉ်းစားဝေဖန်
ပိုင်းခြားမှုဉာဏ် အားနည်းနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဘာသာစကား
သင်နည်းစနစ် ကို ခေတ်မီ ဆန်းသစ်သော သင်နည်းစနစ်များဖြင့် ပြောင်းလဲ ကျင့်သုံးရန်
လိုအပ်မည်ဖြစ်ပါသည်။
မြန်မာဘာသာစကားနှင့်အတူ
မိခင်ဘာသာစကား/ ဒေသခံဘာသာစကား/ တိုင်းရင်းသားဘာသာ စကားတို့ကိုလည်း အခြေခံပညာ
ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းစဉ်းစားနိုင်ရန် အကြံပြုချက်များနှင့်အတူ
အဆိုပြုအပ်ပါသည်။
မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားများ သင်ကြားခြင်း
Teaching Mother Tongues/ Ethnic languages
နိဒါန်း Introduction
မြန်မာနိုင်ငံသည်
တိုင်းရင်းသားပေါင်းစုံ နေထိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
မတူကွဲပြားခြားနားသော ဘာသာစကားနှင့် ယဉ်ကျေးမှုများ ကိုယ်စီရှိကြသော
တိုင်းရင်းသားလူမျိုးများဖြင့် စုစည်းထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်နှင့်အညီ
ရုံးသုံး၊ ကျောင်းသုံးနှင့် အများသုံး ဘုံဘာသာစကားဖြစ်သော မြန်မာဘာသာစကားနှင့် အတူ
အခြားသော တိုင်းရင်းသား ဘာသာစကားများသည်လည်း ပြည်နယ်နှင့်တိုင်းဒေသနေရာ
အတော်များများတွင် အသုံး ပြုနေကြပါသည်။ သို့ရာတွင် မျက်မှောက်ကာလ၌
ထိုတိုင်းရင်းဘာသာစကားများကို မြန်မာနိုင်ငံရှိ တစ်မျိုးတည်းသော
အစိုးရအခြေခံပညာကျောင်း များတွင် ဆက်လက်သင်ကြား အသုံးပြုခြင်း မရှိသည်မှာ ထူခြားမှု
တစ်ခုပင်ဖြစ်သည်။
ဘာသာစကားဆိုသည်မှာ
လူအချင်းအချင်း ဆက်ဆံရာ၌ အသုံးပြုသည့် အဓိပ္ပာယ်ပြည့်ဝသော ကြားခံ ဆက်သွယ်ရေး မဏ္ဍိုင်
ကိရိယာဖြစ်ပါသည်။ ကျောင်းဆရာများ၊ ဆရာအတတ်သင်တန်း နည်းပြ ဆရာများ၊
ပြဌာန်းချက်စာအုပ် ရေးသားပြုစုသူများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲသူများနှင့်
ပညာရေးစီမံကိန်းရေးဆွဲသူများ အပါအဝင် အများစုသော လူတို့သည် ဘာသာစကားနှင့် ပတ်သက်၍
ကြားခံဆက်သွယ်ရေး စနစ်တစ်ခုဖြစ်သည်ဟု ရိုးစင်းစွာ မှတ်ယူကြပါသည်။ ပညာရေးတွင်
ဘာသာစကား၏ အခန်းကဏ္ဍကို အပြည့်အဝ ရသခံစားမှုရှိစေရန် ဘာသာစကား၏ ပကတိဖြစ်တည်မှုကို
ဖွံ့ဖြိုးအောင် ဆောင်ရွက်ရပါမည်။
ဘာသာစကား၏
ဖွဲ့စည်းတည်ဆောက်မှု၊ စာပေ၊ လူမှုဗေဒ၊ ယဉ်ကျေးမှု၊ စိတ်နေသဘောထားနှင့် အလှရသ
ပြည့်ဝသော သွင်ပြင်လက္ခဏာနှင့် အရေးပါသော အကြောင်း ခြင်းအရာများ၏ ဘက်ပေါင်းစုံ
ရှုထောင့် အဆင့်နေရာတို့ကို ဆန်းစစ်ရန် လိုအပ်ပါသည်။ ဘာသာစကားကို အခြေပြု၍ စာပေ၊
ယဉ်ကျေးမှု၊ လူမှုဗဟုဝါဒ၊ လူမှုစီးပွားအပေါ် မည်သို့ အကျိုး သက်ရောက်မှု
ရှိသည်ကို ဆက်လက် လေ့လာရပါဦးမည်။
မိခင်ဘာသာစကား
သင်ကြားခြင်းဖြင့် ကလေး၏ ထူးခြားသော ပင်ကိုယ်အရည်အသွေးကို ဖွံ့ဖြိုးစေပါသည်။
ထို့အပြင် ကလေး၏ ကျင်လည်ခဲ့ရသည့် လူမှုပတ်ဝန်းကျင် အတွေ့အကြုံအရ ဆက်ဆံမှု နယ်ပယ်မှ
အတွေ့အကြုံများနှင့် တွေးခေါ်မှု ပုံစံများကိုပါ ထုတ်ဖော် ပြသခွင့် ရရှိပါသည်။
မိခင်ဘာသာစကားကို ကလေး၏ မွေးချင်း မောင်နှမများမှလည်းကောင်း၊
လူကြီးများထံမှလည်းကောင်း၊ ပတ်ဝန်းကျင်မှလည်းကောင်း ထိတွေ့ ကျွမ်းဝင်မှုရှိလာ၍
ပေါ်ထွက်လာပါသည်။
ထိုဘာသာ
စကားကို အိမ်နားနီးချင်း၊ လမ်းပေါ်၊ ရေဒီယို၊ ရုပ်မြင် သံကြားမှ တဆင့်လည်း
ရရှိပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဒေသရှိ ကလေးများသည် သတင်း၊
စာနယ်ဇင်းနှင့် မီဒီယာမှတဆင့် မိခင်ဘာသာစကား/တိုင်းရင်းသားဘာသာစကားဖြင့်
ဘာသာစကား လက်ခံရရှိမှု နည်းပါး၍ မြန်မာဘာသာစကားဖြင့်သာ လက်ခံရရှိမှု
ပိုမိုများပြားပါသည်။ တိုင်းရင်းသား ဒေသများတွင် ၄င်းတို့ အချင်းချင်း လူအများစု
ဆက်ဆံပြောဆို အသုံးပြုနေခြင်း မိခင်၊ ဖခင်များမှ မိမိ၏ ဘာသာစကားဖြင့် ပြောဆို
အသုံးပြုနေခြင်းကြောင့်သာ ကလေးများ ထိုဘာသာစကားကို အလိုလျောက်နည်းဖြင့်
တတ်မြောက်လာပါသည်။ ကလေးငယ်သည် သူ၏ ပတ်ဝန်းကျင်မှ လေ့လာ သင်ယူထားသော ဘာသာစကားဖြင့်
ပြောဆိုရန် သင်ယူသည်။
ထို့အပြင်
သူ၏ ပတ်ဝန်းကျင်ကမ္ဘာရှိ လူများ၊ အရာဝတ္ထုများအကြောင်းကို စတင် ပြောဆိုလာပါသည်။
ဤနည်းဖြင့် ကလေးငယ်သည် သူ၏ ဗဟုသတများကို တည်ဆောက်ယူသည်။ ကလေးငယ်၏ ဘာသာစကား
သိုလှောင်မှု ဖွံ့ဖြိုးလာသည်နှင့်အမျှ သူ၏ ကမ္ဘာသည်လည်း ပိုမို ကြီးထွားလာပါသည်။
ကလေး အရွယ်ရောက်လာခြင်းနှင့် အတူ ရှင်သန်ဖွံ့ဖြိုးလာသော ဤ ဘာသာစကားကို ကလေး၏
ကိုယ်ပိုင်ဘာသာစကားဖြစ်၍ သူ၏ မိခင်ဘာသာစကားပင် ဖြစ်ပါသည်။
ဘာသာစကားနှင့်
လူ့အဖွဲ့အစည်း
Language and Society
ကလေးငယ်သည်
သူမွေးဖွားရာဒေသ၏ အသုံးပြုသော ဘာသာစကားကို တတ်ကျွမ်းစေကာမူ အမှန်တကယ် ကလေး၏
အိမ်သုံးစကားသည် သီးခြား ဖြစ်တန်ရာ၏။ မြန်မာဘာသာစကားသည် မြန်မာနိုင်ငံ တနံတလျားရှိ
တိုင်းရင်းသား ပြည်သူ အများ၏ လူမှုအကျိုးစီးပွားအတွက် အသုံးပြုကြသည်။ ထို့နည်းတူစွာ
ပြည်နယ်များတွင် ဒေသသုံး ဘာသာစကားနှင့် လူနည်းစု အိမ်သုံး စကားတို့သည်လည်း
၎င်းတို့၏ ပတ်ဝန်းကျင်နှင့် ဒေသများတွင် လူမှု အကျိုးစီးပွားအပြင် ယဉ်ကျေးမှုအမွေ
ထိန်းသိမ်းရန် အတွက်ပါ အသုံးပြုကြပါသည်။ ကလေးငယ်သည် ဘာသာစကားကို သင်ယူသည်မှာ
သူ့တွင် အကြောင်း မျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ မည်သည့်နေရာတွင် မည်သူ့ကို
မည်သို့ ပြောဆို ဆက်ဆံရမည်ဆိုသည်ကို ကြံဆနေတတ်ပါ သည်။ သူ၏ မိသားစုနှင့်
ဦးစွာပြောဆို ဆက်ဆံ၍ ထိုမှတဆင့် ပတ်ဝန်းကျင်နှင့် ထိတွေ့မှုရှိလာပြီး
မိခင်ဘာသာစကားနှင့် အကျွမ်းဝင်မှု ရှိခြင်းနှင့်အတူ လူအများနှင့်ပြောဆိုဆက်ဆံ
လာပါသည်။
မိခင်ဘာသာစကားကို
ကလေး၏ မိသားစုမှ စတင်ကာ ပတ်ဝန်းကျင် ထိုမှတဆင့် လူမှုအသိုင်းအဝိုင်းနှင့်
လူ့အဖွဲ့အစည်းသို့ ဝင်ဆန့်ကာ ဘာသာစကား ပိုမိုဖွံ့ဖြိုးလာခြင်း နှင့် အတူ
တွင်ကျယ်စွာ အသုံးပြုလာပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူမှု
စီးပွားနယ်ပယ်တွင် အသုံးနည်းသော မိခင်ဘာသာစကားကို ကျောင်းစာသင်ချိန်ထဲတွင်
ထည့်သွင်း သင်ကြားခြင်းသည် ကလေးများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။
အချိန်ပိုကုန်၍ အကျိုးမဲ့စေသည်ဟု အချို့သော ကျောင်းသားများ၊ ကျောင်းသား
မိဘများနှင့် အုပ်ချုပ်သူများက အပြုသဘောဆောင်သော စိုးရိမ်စိတ်ဖြင့် ယူဆလေ့
ရှိကြသည်ကို တွေ့ရှိရပါသည်။
သို့ရာတွင်
မိခင်ဘာသာစကားကို ကျောင်းတွင် အပိုဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားပါလျှင်
ထိုဘာသာစကား ပြောဆိုသော ကလေးငယ်များအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေသည်သာမက ပင်မ
ကျောင်းသင် ဘာသာရပ်များကိုပါ အထောက်အကူ ပြုသည်ကို သုတေသန တွေ့ရှိချက်များက
ဖော်ပြနေပေသည်။ ဘာသာစကားနှင့်စာပေ ထိန်းသိမ်းခြင်းသည် ယဉ်ကျေးမှုအမွေ ထိန်းသိမ်းခြင်းပင်
ဖြစ်ခြင်းကြောင့် ယဉ်ကျေးမှု အမွေထိန်းသိမ်းခြင်း အဆင့်မှ စတင်ကာ ဆက်လက် သင်ကြားရန်
လိုအပ်မည်ဟု ယူဆပါ သည်။
မိခင်ဘာသာစကား/
တိုင်းရင်းသား ဘာသာစကား သင်ကြားခြင်း သမိုင်းနောက်ခံ
မြန်မာနိုင်ငံတွင်
ဗြိတိသျှကိုလိုနီခေတ်၏ ကျောင်း အမျိုးအစား ကွဲပြားသည့် အလျောက် ပြဌာန်းသည့်
သင်ရိုးညွှန်းတမ်းများ လည်း ကျောင်း အမျိုးအစားအပေါ် အခြေခံ၍
ကွဲပြားခြားနားမှုရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။
အင်္ဂလိပ်ခေတ်တွင်
ကျောင်းသုံးမျိုးရှိသည်။ ၄င်းတို့မှာ-
၁။ တိုင်းရင်းဘာသာသင်ကျောင်း ( Vernacular School )
၂။ အင်္ဂလိပ်မြန်မာ တိုင်းရင်း ဘာသာကျောင်း ( Angoli Vernacular School )နှင့်
၃။ အင်္ဂလိပ်ဘာသာသင်ကျောင်း ( English School ) ဟူ၍ ဖြစ်ပါသည်။
တိုင်းရင်းဘာသာသင်ကျောင်းနှင့်
အင်္ဂလိပ်မြန်မာဘာသာသင်ကျောင်းတို့တွင် ပြဌာန်း အသုံးပြုသော သင်ရိုးညွှန်းတမ်းကို
လေ့လာကြည့်လျှင် အသိအမှတ်ပြု တိုင်းရင်းဘာသာကို မူလတန်း အဆင့်မှ အထက်တန်း အဆင့်အထိ
သင်ကြား အသုံးပြု ခဲ့သည်ကို သိရှိရပါသည်။ ထိုနောက် ဂျပန်ခေတ်တွင် ဗြိတိသျှ
ကိုလိုနီခေတ်ရှိ ကျောင်းအမျိုးအစား အမျိုးမျိုးကို ဖျက်သိမ်ပြီး
ဗဟိုကချုပ်ကိုင်သော ကျောင်းအမျိုးအစား တစ်မျိုးတည်းအဖြစ် ပြောင်းလဲခဲ့သည်
(ဦးသောင်းထွဋ်၊၂ဝဝဝ)။ ဗဟိုကချုပ်ကိုင်သော အစိုးရကျောင်းအဖြစ် သတ်မှတ်ထားသော်လည်း
မွန်၊ ကချင်၊ ကရင်နှင့် အခြား တိုင်းရင်းဘာသာကို သင်ယူခွင့် ပြုထားသည်ကို လေ့လာ
သိရှိရပါသည်။
လွတ်လပ်ရေး
အကြိုခေတ်တွင်လည်း တိုင်းရင်းသားဘာသာကို စိတ်ကြိုက်ဘာသာရပ်များ အနေဖြင့်
သင်ကြားခွင့် ပြုခဲ့ သည်။ ထိုမှတဖန် ပါလီမန်ဒီမိုကရေစီခေတ်တွင်
တိုင်းရင်းသားဘာသာကို ဒုတိယတန်းအထိ သင်ကြားခွင့် ရရှိခဲ့သည်။ ၁၉၆၄ - ၁၉၈၈ ခုနှစ်၊
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု ပြုခဲ့သော်လည်း
ပြည်နယ်များရှိ အစိုးရ ကျောင်းများတွင် တိုင်းရင်းဘာသာကို ပညာရေး လက်တွေ့
ဖွံ့ဖြိုးရေးအချိန်၌ မူလတန်းအောက်ဆင့် အတန်းများ ဖြစ်သော သူငယ်တန်းမှ ဒုတိယတန်း
အထိ စာမေးပွဲ စစ်ဆေးရန်မလိုသော (တနည်း) အတန်းတင်ပေးရေး အစီအစဉ်တွင်
ထည့်သွင်းစဉ်းစားရန် မလိုသော ဘာသာရပ် အနေဖြင့် သင်ကြားခွင့်ပြုထားသည်ကို
တွေ့ရှိရပါသည်။
သို့ရာတွင်
(၁၉၈၉) ခုနှစ် နောက်ပိုင်း တိုင်းရင်းသား ဘာသာစကားကို ပြည်နယ်များတွင်လည်း
အစိုးရကျောင်းများ၏ ဆက်လက် သင်ကြားခွင့် မရှိတော့သည်ကို တွေ့ရှိရပါသည်။
တိုင်းရင်းသား
လူမျိုးစုအသီးသီးတွင် ထင်ရှားသော ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများ
ကိုယ်စီ ရှိကြသည်။
၎င်းတို့ကို
ယဉ်ကျေးမှု အမွေထိန်းသိမ်းလိုသော ဆန္ဒဖြင့် ကျောင်းများတွင် တရားဝင်
သင်ကြားလိုကြသည်။ သင်ကြားသင့် သည်ဟုလည်း အများက လက်ခံယုံကြည်ကြသည်။
လူမျိုးးများနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ထုတ်ဖော် ပြောကြားခဲ့ သော
မိန့်ခွန်းကို အနည်းငယ် ကိုးကား ဖော်ပြပါမည်။
“လူမျိုးကွဲပြားသူများသည်
မိမိတို့ သီးသန့်ယဉ်ကျေးမှုကို ပိုင်ဆိုင်ခွင့် ရှိရမည်။ ဥပမာ - ကရင်များအတွက်
ကရင်ကျောင်း များ၊ ရှမ်းများအတွက် ရှမ်းကျောင်းများ၊ ကရင်များအတွက် ကရင်နေ့များ၊
ရှမ်းများအတွက် ရှမ်းနေ့များ၊ ကရင်များအတွက် ကရင်ဘာသာကို အစိုးရရုံးသုံး၊
ကျောင်းသုံး ဘာသာအဖြစ် အသိအမှတ်ပြုခြင်း ကရင် အမျိုးသားအဝတ်၊ ကရင်ခရိုင်
ဓလေ့ထုံးစံတို့ကို အသိအမှတ်ပြုခြင်း၊ ကရင် စာပေ ယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း
- စသည်တို့ပင် ဖြစ်သည်။
လူမျိုးးများ၏
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အခွင့်အရေးများကို
တတ်နိုင်သမျှ ဥပဒေအားဖြင့် အသိအမှတ် ပြုရမည်။ ဗမာများထက် အဆင့်အတန်း နိမ့်သော
လူမျိုးများ၏ အဆင့်အတန်းများကို မြှင့်တင်ရန် အထူး ကြိုးစား
ဆောင်ရွက်ပေးပြီးလျှင်၊ ဗမာများနှင့်အတူ ကမ္ဘာ့အဆင့်အတန်းသို့ အမြန်ဆုံး
တက်လှမ်းနိုင် ရမည်။ လူမျိုး အချင်းချင်း နှိမ့်ချသည့် အသုံးအနှုန်း၊ အခေါ်အဝေါ်၊
စာပေ၊ အမှတ်အသား၊ အထိမ်းအမှတ်၊ အလံ အစရှိသည်တို့ကို အစိုးရက ဥပဒေဖြင့်
တားမြစ်ပေးရမည်။ လူမျိုးများ ညီညွတ်မှုကိုသာ ရှေ့ရှုသော အမှတ်အသား၊ အထိမ်းအမှတ်၊
စာပေများကိုသာ သုံးရမည်။
အထက်ပါ
အချက်တို့ကား ကျွန်ုပ်၏ သဘောထားပုံကိုသိသာစေရန် ဖော်ပြခြင်း ဖြစ်ပါသည်။ ဤသဘောထား အတိုင်း
အထမြောက်ရန် ကျွန်ုပ်သည် အစဉ်တစိုက် ကြိုးပမ်းသွားမည်ကို ရဲဘော်တို့အား
စကားလက်ဆောင် ပါးလိုက် သည်။” (ဗိုလ်ချုပ်အောင်ဆန်း ၁၉၊ ၂၊ ၁၉၄၅)
ဦးအေးသာအောင် ရေးသားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ်မှ
ကောက်နှုတ်ချက်။
ရုံးသုံးဘာသာစကားနှင့်
အများသုံးဘာသာစကား
Office language and Common language
မြန်မာနိုင်ငံတွင်
မြန်မာစာကို ရုံးသုံးဘာသာစကားအဖြစ် တိုင်းရင်းသားအများစုက လက်ခံ အသုံးပြုကြသည်။
သတင်းစာနှင့် စာနယ်ဇင်းလောကတွင်လည်းကောင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား ကဲ့သို့သော
ပြန်ကြားရေး လုပ်ငန်းများ တွင်လည်းကောင်း၊ တိုင်းရင်းသားများအချင်းချင်း
ဆက်ဆံရာတွင်လည်းကောင်း၊ ဘုံဘာသာစကားအဖြစ် မြန်မာဘာသာစကားကို အသုံးပြုကြသည်။
မြန်မာနိုင်ငံ
တနံတလျားရှိ တိုင်းရင်းသား ပြည်သူများသည် လူမှုစီးပွားအကျိုးငှာ မြန်မာဘာသာစကားကို
ပြောဆို အသုံးပြု နေကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာဘာသာစကားသည်
မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အတွက် အရေးကြီးသော ဘာသာစကား
ဖြစ်ပါသည်။
ပြည်နယ်များနှင့်
တိုင်းဒေသအတော်များများတွင် ဒေသခံ ဘာသာစကား ရှိပါသည်။ ထိုဒေသခံ ဘာသာစကားသည်
ထိုဒေသနေ လူအများအတွက် အများသုံး ဘုံဘာသာစကား ဖြစ်နိုင်ပါသည်။ မြန်မာဘာသာစကားသည်
တိုင်းရင်းသား ပြည်သူအများ တတ်မြောက်သော ဘာသာစကားဖြစ်သော်လည်း ပြည်နယ်နှင့်
တိုင်းဒေသ အချို့ နေရာများတွင် မြန်မာဘာသာစကားအစား ဒေသခံဘာသာစကားကို ပိုမိုပြောဆို
အသုံးပြု နေကြသည်ကို တွေ့ရှိရပါသည်။ ထိုလူအများ ပြောဆို အသုံးပြုသော ဒေသခံ
ဘုံဘာသာစကားကို ထိုဒေသရှိ မူလတန်းကျောင်းများတွင် ကျောင်း သင်ဘာသာရပ်
တစ်ခုအနေဖြင့် ထည့်သွင်း သင်ကြားသင့်ပါသည်။
ကျောင်းသုံး
ပင်မဘာသာစကားကိုလည်း မူလတန်းအဆင့်တွင် မိခင်ဘာသာစကား (သို့မဟုတ်) ထိုဒေသခံ
ဘာသာစကား ဖြစ်သင့်ပါသည်။
ဘာသာစကား၊
သဘောထားနှင့် အားပေးကူညီမှု
Language, Attitude and Motivation
"ဘာသာစကားနှင့်
စာပေမှာ လူမျိုးနွယ်စုများအတွက် အခြေခံအမှတ်အသားဖြစ်သည်သာမက ၎င်းတို့၏ အဓိက ပင်မ
ရေသောက်မြစ်လည်း ဖြစ်ပေသည်။ သို့ဖြစ်၍ လူမျိုးစုကျောင်းသားများအတွက်
မိခင်ဘာသာစကား၊ စာပေတို့ကို ကျောင်း ပညာရေးတွင် ထည့်သွင်းသင်ကြားရန် လိုအပ်ပါသည်။
အသွေးရောင်စုံယဉ်ကျေးမှု ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါသည်။
ဘာသာစကားနှစ်မျိုး သင်ယူခြင်းမှာ ဘာသာစကား ကွဲပြားခြားနားသော ကျောင်းသူ
ကျောင်းသားများ၏ ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် ဘာသာစကား ကွဲပြားရုံ သက်သက်မျှသာ
မဟုတ်ဘဲ သာမန်ထက် ပိုမို နက်ရှိုင်းပါသည်။ အရေးကြီးဆုံးမှာ ပညာရေးဆိုင်ရာ
ဖေးမကူညီမှု ကိစ္စရပ်ပင်ဖြစ်ပါသည်။ " (သိန်းနိုင်၊၂ဝဝဝ)
ထို့အပြင်
မိခင်ဘာသာစကား သင်ကြားခြင်းသည် ကျောင်းသားများအတွက် အပြုသဘောဆောင်သော၊
စိုးရိမ်ကြောင့်ကြမှု ကင်းသော သင်ကြားမှုပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေ၍
ထိုအားသာချက်များသည် အခြားသော ဘာသာရပ်များကို သင်ကြားရာ တွင် အထောက်အကူပြုပါသည်။
ကျောင်းနေရွယ် မူလတန်း အစပျိုး ကာလ၌ မိခင်ဘာသာ စကားကို သင်ကြားမှု မဏ္ဍိုင် စကား
(တနည်း) ကျောင်းသုံးဘာသာစကား အနေဖြင့် အသုံးပြုလျှင် ဘာသာရပ်များကို ကလေးများ
နားလည် သဘောပေါက် လွယ်ကူ၍ သင်ကြား-သင်ယူခြင်းကို ပိုမိုနှစ်သက်စေပါသည်။
မိခင်ဘာသာစကားကို
ကျောင်းသုံး မဏ္ဍိုင် ဘာသာစကားအနေဖြင့် အသုံးပြုသော မွန်ပြည်နယ်၊
ရေးမြို့နယ်ရှိတောရွာ မူလတန်းကျောင်း တစ်ကျောင်းမှ ဒုတိယတန်း ကျောင်းသားတစ်ဦးသည်
ရေးမြို့ပေါ်ရှိ မူလတန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားသောအခါ သင်ကြားမှု
အခက်အခဲ များနှင့် တွေ့ကြုံလျက် ကျောင်းနှစ်တဝက်မတိုင်မီ မူလတက်ရောက်ခဲ့သော
ကျောင်းသို့ ပြန်လာသည့်ကျောင်းသားတစ်ဦးကို တွေ့ဆုံမေးမြန်းရာတွင် ၄င်းက
ဤသို့ပြောဆိုပါသည်။ “ကျနော် ပျော်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်ဝက် လောက်တုန်းက
အတန်းထဲမှာ ဘာတွေ သင်နေခဲ့တယ် ဆိုတာကို ကျနော် မသိခဲ့ပါ။ နားမလည်ခဲ့ဘူး။
အတန်းထဲမှာ ထိုင် နေပြီးတော့ ကိုယ့်ကိုကိုယ် အလွန် သနားစရာကောင်းတဲ့ လူလို့သာ
ခံစားခဲ့ရတယ်။ ဆရာမက ဘာတွေပြောနေတယ်ဆိုတာ ကျနော် နားမလည်ခဲ့ဘူး။”
ဘာသာစကားသည်
ပညာသင်ကြားရာတွင် အသုံးပြုရန် အလိုအပ်ဆုံးသော ကြားခံကိရိယာ ဖြစ်ပါသည်။
သင်ယူသူများ၏ သဘောထားနှင့် စိတ်ပါဝင်စားမှုသည် ရံဖန်ရံခါ ဘာသာစကား သင်ယူခြင်းအတွက်
အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ ထိုနည်းတူစွာ ဆရာများ၏ သဘောထားနှင့် မိဘများ၏
အားပေး တိုက်တွန်း မှုများသည် ဘာသာစကား သင်ယူရာတွင် အောင်မြင်မှုကို ဖြစ်စေပါသည်။
နိုင်ငံခြားဘာသာနှင့် ဒုတိယ ဘာသာစကား သင်ယူခြင်း နယ်ပယ်တွင် လုပ်ကိုင်နေသော သုတေသန
ပညာရှင်များ ထောက်ပြရာတွင် လူအများ၏ စိတ်ပါ ဝင်စားမှုအပေါ်တွင် အခြေပြု၍
ဘာသာစကားအပေါ် ထားရှိသော သဘောထား အပြောင်းအလဲ ရှိနိုင်ပါသည်။ ပြောင်းလဲမှုများအနက်
သဘောထားနှင့် အားပေးတိုက်တွန်းမှုဖြစ်သော ဆရာများ၏ သဘောထားနှင့် မိဘများ၏ အားပေးတိုက်တွန်းမှုများပေါ်တွင်
မူတည်ပါသည်။
ဘာသာစကားနှင့်
အမှတ်လက္ခဏာ
Language and Identity
ပြည်ထောင်စု
မြန်မာနိုင်ငံသည် ဗမာအပါဝင် တိုင်းရင်းသားပေါင်းစုံ နေထိုင်သော နိုင်ငံတစ်နိုင်ငံ
ဖြစ်သည်။ တိုင်းရင်းသား အချင်းချင်းဆက်ဆံရာတွင် ပေါင်းကူးတံတားအဖြစ်
မြန်မာဘာသာစကားကို အသုံးပြုကြသည်။ တိုင်းရင်းသားများ ဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊
ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော လူမျိုးစုကြီးများ အပြင် ပအို့၊ ပလောင်၊ ဝ၊
လားဟူစသော တိုင်းရင်းသားများစွာတို့ မှီတင်းနေထိုင်ကြသည်။
တိုင်းရင်းသားအသီးသီးတို့၏ ကိုယ်ပိုင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့်
ဓလေ့ထုံးတမ်း အစဉ်အလာများ၊ လူနေမှုစနစ်တို့ သီးခြားစီ ရှိကြပါသည်။
သို့ရာတွင်
အာဏာရ အစိုးရ အဆက်ဆက်၏ ဖေးမ အားပေးကူညီမှု လက်ခံရရှိခြင်း အားနည်းခဲ့သောကြောင့်
ခေတ်အဆက်ဆက်၌ အသိအမှတ်ပြု တိုင်းရင်းဘာသာကို အခြေခံပညာ ကျောင်းများတွင်
သင်ကြားခွင့် ရှိသော်လည်း အားပေးမှု မရှိခြင်း၊ အတန်းတင်ပေးရေး အစီအစဉ်တွင်
ထည့်သွင်းစဉ်းစားမှုမရှိခြင်း စသည်တို့ကြောင့် ထိုဘာသာ စကားများသည်
မြန်မာဘာသာစကားနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် ဖွံ့ဖြိုးမှုနှေးကွေးသည်ကို တွေ့ရှိရမည်
ဖြစ်ပါသည်။မသိကျိုးကျွံ ပြုခံရခြင်းနှင့် ဖိနှိပ်မှုအောက်၌ နှစ်ပေါင်းများစွာ
ရှင်သန်လာခဲ့ရသောအခါ မျက်မှောက်ကာလတွင် လုံးပါး ပါး ရသော အခြေအနေသို့
အသီးသီးရောက်ရှိနေပြီ ဖြစ်ပါသည်။ ထိုတိုင်းရင်းသား ဘာသာစကားများကို မြန်မာဘာသာ
စကားနည်းတူ ဖွံ့ဖြိုးလာစေရန် အားပေးသင့်ပါသည်။
ဘာသာစကားနှင့်
သြဇာ Language and Power
အားလုံးသော
ဘာသာစကားတို့သည် ယေဘုယျသဘောအနေဖြင့် တူညီသည်မှန်သော်လည်း လူမှုစီးပွား၊
သမိုင်းကြောင်း၊ နိုင်ငံရေးနှင့် အပြန်အလှန်အကျိုးပြုမှုရှိသော ဘာသာစကားတို့သည်
အခြားသော ဘာသာစကား များထက်ပို၍ သြဇာတိက္ကမ ကြီးမားသည်မှာ အမှန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မြန်မာဘာသာစကားသည် အများသုံး၊ ရုံးသုံးဘာသာစကား ဖြစ်ခြင်း
ကြောင့် အခြားသော တိုင်းရင်းသားများထက်ပို၍ အရှိန်အဝါ ကြီးမားပါသည်။ ပြည်တွင်း
လူထုဆက်သွယ်ရေး မီဒီယာ အနေဖြင့် နေရာရယူထားခြင်း၊ ပညာသင်ကြားရန်
ကျောင်းသုံးဘာသာစကားဖြစ်ခြင်း၊ သတင်းအချက်အလက်များ ရယူရန် လွယ်ကူခြင်း
စသည်တို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအတွက် မရှိမ ဖြစ်လိုအပ်သော
ဘာသာစကားလည်း ဖြစ်ပါသည်။
နိုင်ငံရေးနှင့်လူမှု
အကျိုးစီးပွားအတွက် အသုံးပြုသော ဘာသာစကားဖြစ်ခြင်းကြောင့်လည်းပို၍
အသုံးဝင်ခြင်းနှင့် အတူ ပို၍ အင်အားရှိပါသည်။ အင်္ဂလိပ်ဘာသာစကားသည် နိုင်ငံတကာသုံး
ဘာသာစကားဖြစ်ခြင်း၊ အတတ်ပညာသင်ယူရန် ဘာသာစကားဖြစ်ခြင်း စက်မှုနည်းပညာသုံး
ဘာသာစကားဖြစ်ခြင်း စသည်တို့ကြောင့် ၄င်းသည် အခြားဘာသာစကားများ ထက်ပိုမို၍
သြဇာရှိပါသည်။ မိခင်ဘာသာစကား/ တိုင်းရင်းသား ဘာသာစကားများသည် မြန်မာဘာသာစကားနှင့်
အင်္ဂလိပ် ဘာသာစကားကဲ့သို့ ဘာသာစကားသြဇာ မရှိသော်လည်း ဘာသာစကား
ထိန်းသိမ်းခြင်းနှင့် ယဉ်ကျေးမှု အမွေထိန်းသိမ်း ရန် လိုအပ်ခြင်းကြောင့်
ပြည်နယ်နှင့် တိုင်းဒေသရှိ တိုင်းရင်းသားများဒေသ အခြေခံပညာကျောင်းများတွင်
ကျောင်းသင် ဘာသာရပ် တစ်ခုအနေဖြင့်ထည့်သွင်း သင်ကြားသင့်ပါသည်။
ဘာသာစကား
သင်ကြား - သင်ယူခြင်း Language Learning and Teaching
မိခင်ဘာသာစကားသင်ကြား
- သင်ယူခြင်း၏ ရည်ရွယ်ချက်များ
- မိခင်ဘာသာစကားနှင့် ရိုးရာစာပေ၊ ယဉ်ကျေးမှု အမွေအနှစ်ကို
ချစ်မြတ်နိုး၍ အစဉ်ထိန်းသိမ်းရန်။
- မိခင်ဘာသာစကားရှိ စာစကားနှင့်အရပ်သုံးစကားကို
ခွဲခြားသိမြင်၍ ထိရောက်စွာ အသုံးပြုတတ်ရန်။
- မိခင်ဘာသာစကားဖြင့် ထုတ်ဝေထားသော
စာအုပ်စာတမ်းအမျိုးမျိုးကို ဖတ်ရှုနားလည်၍ နှစ်သက်မှု ရှိစေရန်။
- ဘာသာစကားရေးသားရာတွင် သဒ္ဒါမှန်ကန်မှု အရေးအသား သေသပ်မှု
အကြောင်းအကျိုးဆီလျော်စွာ ရေးသား ဖော်ပြနိုင်မှု ရှိစေရန်။
ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြဌာန်းချက်နှင့် ဘာသာစကား သုံးခု သင်ကြားရေးစနစ် အကြံပြုတင်ပြချက်များ
The Constitutional Provisions And The Three-
Languages Formula Recommendations
အမျိုးသားကျန်းမာရေးနှင့်
ပညာရေးကော်မတီ NHEC က ဦးဆောင်ကျင်းပခဲ့သော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ပညာရေး
ညီလာခံတွင် ချမှတ်ခဲ့သည်မှာ ကျောင်းတွင် မိခင်ဘာသာစကား အပါအဝင် ဘာသာစကား
သုံးမျိုးကို သင်ကြားရန် ဖြစ်ပါသည်။ ထိုဘာသာစကားသုံးခုမှာ
(၁)
မိခင်ဘာသာစကား/ ဒေသခံဘာသာစကား။
(၂) မြန်မာဘာသာစကားနှင့်
(၃) အင်္ဂလိပ်ဘာသာစကားတို့ ဖြစ်သည်။
သို့ရာတွင်
မိခင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို မည်သည့် အတန်းတွင် အစပျိုးသင်ကြားစေ၍
မည်သည့် အဆင့်တွင် ပြီးဆုံးစေမည် စသည့် အချက်များ မပါရှိသည်ကို တွေ့ရှိရပါသည်။
ဘာသာစကား သုံးခု သင်ကြားရေးနှင့် ပတ်သက်၍ အောက်ပါ အတိုင်းအကြံပြု
ဆွေးနွေးလိုပါသည်။
မိခင်ဘာသာစကားနှင့် (၃)
ဘာသာ သင်ကြားရေးဆိုင်ရာ အခြေခံပညာ သင်ရိုးညွှန်းတမ်းဖွဲ့စည်းမှု
- မူလတန်းအဆင့် -
- မူလတန်းပြီးဆုံးသည့် အခါ ဗမာစာရေးတတ်၊ ဖတ်တတ်၊
ပြောဆိုတတ်အောင် ပြဌာန်း သင်ကြားပေးရန်။
- ဖော်ပြပါ ဘာသာရပ်များကို မူလတန်းအဆင့် အားလုံးအတွက် ယေဘုယျ
ဖြစ်သည်။ မူလတန်းအောက်ဆင့်နှင့် မူလတန်းအထက်ဆင့်ဟူ၍ ခွဲခြားပြီး
အသက်အရွယ်အလိုက်၊ ဉာဏ်ရည်အလိုက် ခွဲခြားရန် လိုအပ်ပါ သေးသည်။
ထူးခြားနယ်မြေအလိုက် ဘာသာစကားမူဝါဒတွင် လမ်းဖွင့်ထားရှိပေးသင့်ပါသည်။
မိခင်ဘာသာစကားနှင့် (၃)
ဘာသာ သင်ကြားရေးဆိုင်ရာ အခြေခံပညာ သင်ရိုး ညွှန်းတမ်းဖွဲ့စည်းမှု
- အလယ်တန်းအဆင့် -
အလယ်တန်းပြီးဆုံးသည့်အခါ
အင်္ဂလိပ်စာရေးတတ်၊ ဖတ်တတ်၊ ပြောဆိုတတ်အောင် ပြဋ္ဌာန်း သင်ကြားပေးရန်။
မိခင်ဘာသာစကားနှင့်
(၃)ဘာသာ သင်ကြားရေးဆိုင်ရာ အခြေခံပညာ သင်ရိုးညွှန်းတမ်းဖွဲ့စည်းမှု
- အထက်တန်းအဆင့် -
- အထက်တန်းပြီးဆုံးချိန်တွင် အင်္ဂလိပ်ဘာသာစကားကို
ကျွမ်းကျင်စွာတတ်မြောက်အောင် ပြဌာန်း သင်ကြားပေးရန်။
ဘာသာစကားနှစ်မျိုးသင်ကြားခြင်းနှင့်
ပညာရေးအောင်မြင်မှု
Bilingualism and Scholastic Achievement
မိခင်ဘာသာစကားအပါဝင်
ဘာသာစကားနှစ်မျိုး သင်ကြားခြင်းဖြင့် ပညာရေးထိရောက်အောင်မြင်မှုကို Baker (2000),
Cummins (2000), Skutnabb-Kangas (2000) တို့၏ သုတေသနတွေ့ရှိချက် အချို့ကို
အလေးပေး စဉ်းစားရန် လိုအပ်ပါသည်။ ၄င်းတို့မှာ -
၁။ ဘာသာစကားနှစ်မျိုးတွဲ၍
သင်ကြားခြင်းသည် ကလေးများ၏ ဘာသာစကားနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုပါသည်။ မူလတန်းအဆင့် ပညာသင်စဉ်ကာလများတွင် ကလေးများသည် ဘာသာစကား
နှစ်ခု (သို့မဟုတ်) ယင်းနှင့်အထက် အကျွမ်းတဝင်ရှိခဲ့သော ကလေးများက ဘာသာစကားဆိုင်ရာ
အချက်အလက်များကို ပိုမိုလက်ခံရရှိစေ၍ ၄င်းတို့နားလည်ထားသည်ကို ပြန်လည် ထုတ်ဖော်
ပြောဆိုရာတွင် အခြားကလေးများထက် ပိုမို ထိရောက်မှု ရှိပါသည်။ ဘာသာစကားနှစ်ခုကြား မတူကွဲပြားခြားနားမှုများကိုပါ
နှိုင်းယှဉ်နိုင်သည့် အရည်အသွေး ရှိလာသည်။ ဘာသာစကားတစ်ခုတည်းသာ တတ်မြောက်ထားသော
သူသည် အမှန်အားဖြင့် ထိုဘာသာစကားကို သေချာစွာ မသိရှိပါ။ ထို့အပြင် သုတေသန
ဖော်ပြချက်များမှာ ဘာသာစကားနှစ်မျိုး ပြောဆိုသော ကလေးများသည် ကွဲပြားခြားနားသော ဘာသာစကားနှစ်မျိုးဖြင့်
သတင်းအချက်အလက်များကို စီကာပတ်ကုံး ရရှိအောင် သုံးနှုန်းပြောဆို၍ သူတို့၏
တွေးခေါ်မှုပုံစံကိုပါ အပြုသဘောဆောင်သည့် အရည်အသွေး ပိုမို ဖွံ့ဖြိုးစေပါသည်ဟု
ဖော်ပြပါရှိပါသည်။
၂။ ကလေးများ၏ မိခင်ဘာသာစကား
ဖွံ့ဖြိုးမှုအဆင့်သည် သူတို့၏ ဒုတိယဘာသာစကား ဖွံ့ဖြိုးမှုအတွက် အားကောင်းသော
ကြိုတင်ဟောကိန်းဖတ်သူ ဖြစ်၍ မိခင်ဘာသာစကား အခြေခံ အုပ်မြစ် ခိုင်မာလေ ကျောင်းသင်
ဘာသာရပ်များတွင် အရေးအဖတ်စွမ်းရည်များ ပိုမိုအားကောင်းလေ ဖြစ်သည်ကို
တွေ့ရှိသည်။
၃။ မိခင်ဘာသာစကားကို ကျောင်းတွင်
ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းသည် ထိုဘာသာစကားကိုသာ ဖွံ့ဖြိုးစေသည် သာမက
ကျောင်းသင် ပင်မဘာသာစကားတွင်လည်း ကလေးများ၏ စွမ်းရည်များကိုပါ
ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူ ပြုပါသည်။
၎။ လူနည်းစု ဘာသာစကားတစ်ခုကို
ကျောင်းစာသင်ချိန်တွင် သင်ကြားခြင်းဖြင့် ကလေးများ၏ ပင်မကျောင်းသင် ဘာသာစကားနှင့်
ဘာသာရပ်များတိုးတက်မှုကို မထိခိုက်စေပါ။
၅။ ကလေး၏ ဘာသာစကားကို
လျစ်လျူရှုခြင်းသည် ကလေးကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။
--- စသည်ဖြင့် သုတေသန
တွေ့ရှိချက်များက ဖော်ပြနေပေသည်။ မိခင်ဘာသာစကားကို ကျောင်းတွင် သင်ကြားလျှင်
ကျောင်းသား မိဘများ အပါအဝင် အချို့သောလူများ၏ စိုးရိမ်မှုကို ဤသုတေသန
ဖော်ပြချက်များက ကုစားပေးနိုင်မည်ဟု ယူဆရပါသည်။ သို့ရာတွင် ဘာသာစကားသင်ကြားသူ ဆရာ၏
စွမ်းဆောင်ရည်အပေါ် မူတည်နေသည်ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။
သင်နည်းစနစ်များ Methods
ဘာသာစကား သင်နည်းအမျိုးအစား
နှစ်မျိုးဖြစ်သော (၁) စကားလုံးသင်နည်းနှင့် (၂) ဘာသာစကား တစ်ခုလုံး ဖွံ့ဖြိုးအောင်
သင်နည်းတို့ကို ပေါင်းစည်း၍ သင်ကြားပေးသင့်ပါသည်။ စကားလုံး သင်နည်းသည်
အဓိပ္ပာယ်ရှိသော အဖတ်အရွတ်အတွက် အသုံးဝင်၍ အလွတ်ကျက်မှတ်ခြင်း၏ ဝန်ပိမှုကိုလည်း
လျှော့ချနိုင်မည် ဖြစ်သည်။ ဤစကား လုံးများသည် ကလေးများ၏ ပတ်ဝန်းကျင်မှ
အကျွမ်းတဝင်ရှိသော ဝေါဟာရ စကားလုံးများကို အသုံးပြုရပါမည်။ ဝေါဟာရ
စကားလုံးများကို သင်ကြားရာတွင် လွယ်ရာမှခက်ရာသို့ (စကားလုံး မှ အက္ခရာ)
နည်းကို အသုံးပြုသင့်ပါသည်။
ဘာသာစကားတစ်ခုလုံး ချဉ်းကပ်နည်းကို
အသုံးပြုရာတွင် ကလေးများ သိနားလည်သော ပုံပြင်များ၊ အကြောင်းအရာများကို အသုံးပြု၍
ပြန်လည် ပြောပြခြင်းများနှင့် အမှန်တကယ် လက်တွေ့ဘဝမှ လှုပ်ရှားမှုများမှ တဆင့်
စာရေးခြင်းနှင့် စာဖတ်ခြင်း သင်ကြား-သင်ယူခြင်း လုပ်ငန်းများကို လုပ်ဆောင်ရပါသည်။
သင်ကြား-သင်ယူခြင်း လုပ်ငန်းစဉ်ကို စာသင်ခန်း ပတ်ဝန်းကျင်ရှိ ကလေး၏ ဗဟုသုတ
နောက်ခံများဖြင့် တည်ဆောက် ယူရပါသည်။ ဝါကျများ ကိုသင်ကြားရာတွင် ကလေးများအတွက်
အတိုင်းအတာ တစ်ခုအထိ အဓိပ္ပာယ်ရှိသော ဝါကျများ ဖြစ်လာသည့် အခါတွင်မှ
ဝါကျချဉ်းကပ်နည်းကို အသုံးပြုရပါသည်။ နှုတ်ထွက်စကား ပြောဆိုမှု သွက်လက်စေရန်
ကလေးများ အချင်းချင်း အုပ်စုငယ်များဖြင့် အပြန်အလှန် ပြောဆို
ဆွေးနွေးမှုများကိုလည်း စီစဉ် ပေးရပါသည်။
ကလေးများ စိတ်ပါဝင်စားသော
အကြောင်းအရာများကို တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုငယ်များဖြင့် သော်လည်း ကောင်း
ရွေးချယ်စေ၍ ထို အကြောင်းအရာများကို အပြန်အလှန် ပြောဆိုစေခြင်းဖြစ်သည်။
ဤလှုပ်ရှားမှုများသည် ကြော်ငြာဖတ်ခြင်း၊ လမ်းဖြတ်ကူးခြင်းဆိုင်ရာ စည်းကမ်းများ၊
သင်္ကေတများဖတ်ခြင်း၊ မြေပုံဖတ်ခြင်း စသည့် အကြောင်းအရာ မျိုးစုံ ပါဝင်သော
ကားချပ်ကြီးများကို ရွေးချယ်စေ၍ ထိုအကြောင်းအရာများအပေါ် ဦးတည်ချက်များဖြင့်
ပြောဆို ဆွေးနွေးမှုများ စသည်ဖြင့် လုပ်ဆောင်ပေးရပါမည်။
ကန့်သတ်ချက်များနှင့်
ကျောင်းသင်ခန်းစာများ Limitations and Lessons
“ဘာသာစကားသည်
တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နိုင်သော အဓိက ဆက်သွယ်ရေး
ပစ္စည်းဖြစ်သည်ဟု ဆိုသော်လည်း ဘာသာစကားချင်းမတူ၍
အပြန်အလှန်နားမလည်နိုင်သော
အခြေအနေမျိုးတွင်မူ ဘာသာစကားသည်
ဆက်သွယ်ရေးပစ္စည်းဖြစ်မလာတော့ဘဲ နှစ်ဦးကြားတွင်
ကာဆီးထားသော ဧရာမအဆီးအတားကြီး ဖြစ်သွားရပါတော့သည်။”
(မောင်ခင်မင်၊ ဓနုဖြူ၊ သက်တံရောင်စုံ
ဘာသာစကား စာ- ၆၅)
ဘာသာစကား အတားအဆီးကြောင့်
ကလေးများအားလုံး ကျောင်းနေနိုင်ရေးကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။ ကလေး၏
ကိုယ်ပိုင် စကားဖြစ်သော အိမ်သုံးစကားသည် ကျောင်းသုံးဘာသာစကားနှင့် မတူခြားနားလျှင်
ဒေသခံ ကလေးများ ပညာသင်ကြားရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်သည်။ သင်ကြားသူ
ဆရာ/ဆရာမသည် သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားမှုမဏ္ဍိုင်ဖြစ်သော မြန်မာဘာသာစကားဖြင့်
သင်ကြားရာတွင် ကလေးများ ထိုဘာသာ စကားနှင့် အကျွမ်းဝင်မှု မရှိခြင်းကြောင့် သင်ခန်းစာကို
နားလည် သဘောပေါက်ခြင်းမရှိ ဖြစ်ကာ ဆရာ၊ ဆရာမများနှင့် အပြန်အလှန် ပြန်လည်
ဖြေကြားပြောဆိုခြင်း မရှိသည်ကို တွေ့ရတတ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် မြန်မာ ဘာသာစကားကို နိုင်ငံတော်ရုံးသုံးနှင့်
ကျောင်းသုံး ဘာသာစကားအနေဖြင့် ပြဌာန်းထားသော ကြောင့် တိုင်းရင်းသား
အများစုနေထိုင်ရာ အချို့ဒေသများရှိ ကျောင်းများသည် သင်ကြား-သင်ယူမှု
လုပ်ငန်းစဉ်တွင် ကျောင်းသားများသာမက ဆရာများပါ အခက်မခဲများနှင့်
ရင်ဆိုင်ရတတ်ပါသည်။
သင့်တော်သော
သင်နည်းများကို ရွေးချယ်အသုံးပြုခြင်း
Towards Appropriate Methods
ဘာသာစကား စွမ်းရည်များဖြစ်သော
အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်နှင့် အရေးအသား စွမ်းရည်တို့ ဖွံ့ဖြိုးတိုးတက်စေရန်
ဘာသာစကားသင်ကြားသူ ဆရာက အစဉ်တစိုက်ကြိုးပမ်းသွားရပါမည်။ မိခင်ဘာသာစကားကို
ကျွမ်းကျွမ်းကျင်ကျင်နှင့် သွက်သွက်လက်လက်၊ အချက်ကျကျ ပြောဆိုနိုင်ရန်အတွက်
အတန်းတွင်း ဟောပြောခြင်း၊ ပိုင်းခြားဝေဖန်ပြောဆိုခြင်း၊ သတင်းစကားပြန်ကြားခြင်း၊
စကားရည်လုခြင်း၊ ကျဘန်းစကားပြောခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊
သီချင်းသီဆိုခြင်းနှင့် ကစားနည်းများဖြင့် ဘာသာစကား သင်ကြားခြင်းတို့ကို စီစဉ်
ဖန်တီးပေးရန် လိုအပ်ပါသည်။
ကလေးများသည် ပုံပြင်များကို စိတ်ဝင်စားသောကြောင့်
ပုံပြင်နားထောင်ခြင်းနှင့် ပုံပြောခြင်းတို့သည် ဘာသာစကား သင်ကြားရာတွင် အရေးပါသော
အကြောင်းအရင်းတစ်ခု ဖြစ်ပါသည်။ ကျောင်းသားများသည် ပုံပြင် နားထောင်၍ နားလည်သည်ကို
သူတို့၏ ကိုယ်ပိုင်စကားဖြင့် ပြန်လည်ပြောဆိုခြင်းဖြင့် ဘာသာစကား စွမ်းရည်
ဖွံ့ဖြိုးတိုးတက်စေပါသည်။ ကျောင်သားများသည် သူတို့နားလည်ထားသော အကြောင်းအရာများကို
သူတို့၏ ကိုယ်ပိုင် စကားဖြင့် ပြန်လည် ပြောကြား စေခြင်းဖြင့် ဘာသာစကားဆိုင်ရာ
အသုံးအနှုန်းများကို ကိုယ်တိုင် ထုတ်ဖော်ခွင့် ရရှိကြမည်ဖြစ်သည်။ မူလတန်းအောက်ဆင့်
အတန်းများအား သူတို့ နားလည် သိရှိထားသော မိဘမောင်နှမများ အကြောင်း၊ ပတ်ဝန်းကျင်ရှိ
အရာဝတ္ထုများ အကြောင်းတို့ကို မိခင်ဘာသာစကားဖြင့် သိပြီးသား အသိသညာများကို
စာသင်ခန်းရှိ သင်ကြား-သင်ယူမှု လုပ်ငန်းစဉ်တွင် အကြောင်းအကျိုးဆက်စပ်၍ သင်ကြား
ပေးရန် ဖြစ်ပါသည်။
စာဖတ်ခြင်း
စာဖတ်ခြင်းသည် ကျောင်းသားများကို
ဗဟုသုတ အလင်းတံခါး ဖွင့်ပေးသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် စာဖတ်ခြင်းကို
တပည့်ကျောင်းသားများ နှစ်သက်စွဲလမ်းစေရန်နှင့် စာဖတ်ခြင်း အလေ့အထရှိအောင်
ပျိုးထောင် ပေးရပါမည်။ ငယ်ရွယ် သော ကလေးများအတွက် ရိုးစင်းလွယ်ကူသော မိခင်ဘာသာစကား
အရေးအသား ပုံစံကို အခြေပြု၍ ဖတ်စရာရုပ်ပြ ပုံပြင် စာအုပ်များကို
ခင်းကျင်းထားပေးရန် လိုအပ်ပါသည်။ စာဖတ်ခြင်း နည်းလမ်းများတွင် ကလေးသူငယ်များအတွက်
စာအုပ်ဆိုဒ်ကြီး ချဉ်းကပ်နည်း Big Book Approach ကို အသုံးပြု၍ ကလေးများသည်
ဆရာနှင့်အတူတကွ စာအုပ်ဖတ်ခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့၍ အသိသညာ ဖွံ့ဖြိုးသော သင်ကြားမှု
ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ မူလတန်း အထက်ဆင့်မှစ၍ မိခင်ဘာသာစကားဖြင့်
စုပေါင်း စာဖတ်ခြင်း၊ ဆရာမှ ဦးဆောင်ညွှန်ကြား၍ စာဖတ်ခြင်း Directed Reading
Thinking Approach နည်းလမ်းများကို အသုံးပြု၍ စာဖတ်စွမ်းရည်များ တိုးတက်အောင်
လုပ်ဆောင်ရပါမည်။ ထို့အပြင် လွတ်လွတ်လပ်လပ် စာဖတ်ခြင်းအတွက် ကျောင်းစာကြည့်
တိုက်များတွင် အုပ်စုအလိုက် စာဖတ်ခြင်း၊ စာသင်ခန်းများတွင် စာဖတ်ထောင့်Reading
Corners များ ဖန်တီးပေခြင်းဖြင့် ကလေးများ၏ စာဖတ်ဝါသနာနှင့် စာဖတ်ခြင်း
အလေ့အထကောင်းများကို မွေးမြူပေးရပါမည်။
မူလတန်း အထက်ဆင့်နှင့်အထက် ကလေးများအတွက်
စာဖတ်စွမ်းရည် ပိုမိုမြင့်မားခြင်းနှင့်အတူ စာဖတ်ရှိန် ပို၍ လျင်မြန်စေရန်
ဖတ်စာတစ်ခုလုံးကိုခြုံငုံ၍ အမြန်ဖတ်ခြင်း၊ အကြောင်းအရာကို အမြန်ဖတ်၍
အချက်အလက်ရှာခြင်း၊ ဖတ်စာကို အပေါ်ယံလျှပ် ဖတ်ပြီး အချက်အလက်ရှာခြင်း စသော
စာဖတ်နည်းစနစ်များကို အသုံးပြုရပေမည်။ ထို့အပြင် ကျောင်းသားများ သူတို့ဖတ်ခဲ့သော
အကြောင်းအရာများနှင့် စာရေးဆရာအပေါ် အကြောင်းအကျိုး ဆီလျော်စွာ ဝေဖန်ပိုင်းခြား
တင်ပြမှုကိုလည်း အားပေးရမည် ဖြစ်သည်။ စာရေးသား ဖော်ပြရာတွင် မိမိခံစားချက်များကို
တပါးသူ ခံစားနိုင်အောင် ထုတ်ဖော်ရေးသား ဖော်ပြတတ်စေရန် လေ့ကျင့် ပေးရပါမည်။
မိမိတင်ပြလိုသော အကြောင်းအရာများ၏ အားသာချက်၊ အားနည်းချက်များကို အကြောင်းအကျိုး
ညီညွတ်စွာ နှိုင်းယှဉ်၍ ရေးသားနိုင်စေရန် တီထွင်ဖန်တီး နိုင်စွမ်းရှိသော စိတ်ကူးယဉ်
အရေးအသားများကိုလည်း အားပေးရပါမည်။
စာရေးခြင်း
စာသင်ကျောင်းသို့ စတင်ဝင်ရောက်လာသော
ကျောင်းနေစအရွယ် ကလေးငယ်များသည် သူတို့၏မိခင် ဘာသာစကားဖြင့်သိရှိ နှင့်ပြီး
အသိပညာများ၊ ဗဟုသုတနောက်ခံ အမြောက်အမြား ရှိပါသည်။ ဆိုလိုသည်မှာ ကလေးများသည်
ဦးနှောက်ဗလာဖြင့် ကျောင်းသို့ ရောက်လာခြင်း မဟုတ်သောကြောင့် သူတို့၏ကိုယ်ပိုင်
အရင်းအမြစ်များ (အနာအကြားနှင့် အပြောအဆို) ကို အသုံးပြု ၍ စာရေးခြင်းအတတ်ပညာကို
သင်ကြားပေးရပါမည်။ စာရေးခြင်းဆိုသည်မှာ မိမိခံစားချက်နှင့် မိမိတွင်ရှိသော
အတွေးအမြင် အယူအဆများကို မိမိနှင့်ထပ်တူ လူအများ ခံစားတတ်အောင်နှင့် သိရှိနားလည်
သဘောပေါက်အောင် သင်္ကေတများဖြင့် ရေးသားထုတ်ဖော် ပြသခြင်းပင ဖြစ်သည်။ ထို့ကြောင့်
စာရေးခြင်း အတတ်ပညာတွင် ဝေါဟာရစကားလုံး အသုံးအနှုန်းများ၊ သဒ္ဒါ အထားအသိုများ၊
စာလုံးပေါင်း သတ်ပုံများ မှန်ကန်အောင် ရေးသားစေရပါမည်။ သို့ရာတွင်
ကလေးငယ်များအဖို့ စာလုံးပေါင်း သတ်ပုံ အခက်အခဲကြောင့် စာရေးသားဖော်ပြခြင်း
လုပ်ငန်းစဉ်တွင် ညှောက်သဖွယ် အတားအဆီး မဖြစ်အောင် ဆရာက စီစဉ်ပေး၍ သူတို့၏
ရေးသားတင်ပြချက်များကို အသိအမှတ်ပြုပေးခြင်းဖြင့် ကလေးများ၏ အရေးအသား စွမ်းရည်ကို
အားပေး မြှင့်တင် ပေးရပါမည်။ လွတ်လပ်စွာ စာရေးခြင်းကိုလည်း စီစဉ်ဖန်တီး
ပေးခြင်းဖြင့် ကလေးများ၏ စိတ်ဆန္ဒအလျောက် ထုတ်ဖော် ခွင့် ရှိအောင် အားပေး ကူညီရမည်ဖြစ်သည်။
လက်တွေ့သဒ္ဒါသင်ကြားခြင်း
မူလတန်းအဆင့်တွင် သဒ္ဒါဖွဲ့စည်း
တည်ဆောက်ပုံနှင့် သဒ္ဒါသဘောတရားအရ ပြဌာန်းသင်ကြားရန် အားထုတ်ခြင်းကို လျှော့ချရ
ပါမည်။ ကလေးပိုင်ဆိုင်ထားသော မိခင်ဘာသာစကားဆိုင်ရာ အခြေခံသဒ္ဒါပုံစံကျ
သင်ကြားခြင်းကို အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ အောင် လျှော့ချရန် လိုအပ်ပါသည်။
ဘာသာစကားကို လက်တွေ့ပြောဆိုသော စကားဖြင့်သာ သင်ကြားသင့်ပါသည်။
ကျောင်းဆရာများ Teachers
စာသင်ခန်းများတွင် စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ လုံလောက်မှုရှိအောင်
ဖြည့်ဆည်းထားသော်လည်း အစားထိုး၍ မရနိုင်သည့် အတွေ့အကြုံရင့်ကျက်သော ကျွမ်းကျင်ဆရာများ၏
အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးပါသည်။ ဘာသာစကားသင် ဆရာများသည် ပြဌာန်းထားသော
ဖတ်စာအုပ်များအပြင် ဘာသာစကားစွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်
နည်းလမ်းအမျိုးမျိုး အသုံးပြု၍ သင်ကြားနေသော မိခင်ဘာသာစကားကို ဘာသာစကား
စွမ်းရည်များ ပိုမိုဖွံ့ဖြိုးလာအောင် အားဖြည့်သည့် အနေဖြင့် ဘာသာစကား
လှုပ်ရှားမှုများကို အမျိုးမျိုးတီထွင် ဖန်တီးရန်လိုအပ်ပါသည်။
ဘာသာစကားသင် ဆရာများအနေဖြင့် မိမိတို့
လေ့လာ သင်ယူထားသော ခေတ်မီဆန်းသစ်သော ဆရာအတတ်ပညာနှင့် သင်နည်းစနစ်တို့ကို အသုံးပြု၍
လူထု ဆက်သွယ်ရေး နည်းလမ်းများနှင့် ပေါင်းစပ်ကာ တပည့် ကျောင်းသားများအတွက် သင်ယူ
လေ့လာမှု အခွင့်အလမ်းများ ရရှိအောင် စီမံဆောင်ရွက်ပေးရပါမည်။ ကျောင်း သားများသည်
ဖတ်စာအုပ်ပါ သင်ခန်းစာများကို လေ့လာမှတ်သား အလွတ်ကျက်မှတ်ရုံဖြင့် ခေတ်မီ
ပြောင်းလဲလာသည့် ပညာရပ်များကို ပြီးပြည့်စုံအောင် သင်ယူနိုင်မည် မဟုတ်ပါ။
သင်ယူမှု နယ်ပယ်သည် စာသင်ခန်းဘောင်ကို
ကျော်လွန်၍ ကျယ်ပြန့်သောကြောင့် ဆရာ၏တီထွင်ဖန်တီးကြိုးပမ်းမှုသည်
အလွန်အရေးကြီးပါသည်။ ပုံနှိပ် ထုတ်လုပ်သည့် လူထုဆက်သွယ်ရေးပစ္စည်းများ Printed
Media ဖြစ်သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များကို စုစည်း၍
ကျောင်းသားများအား လိုအပ်သည့် လေ့ကျင့်ခန်းများ၊ သင်ယူမှု သတ်မှတ်မှု လုပ်ငန်းများ
Assignments ကို လုပ်စေရာတွင် အဆိုပါအထောက်အထား၊ အကိုးအကားများကိုပါ
ထည့်သွင်းရေးသားစေခြင်း စသည်ဖြင့် စီစဉ် ပေးရပါမည်။ ဖြစ်နိုင်သည့် နေရာများတွင်
လျှပ်စစ် အသုံးပြု လူထု ဆက်သွယ်ရေးပစ္စည်းများ Electronic Media ဖြစ်သော ရေဒီယို၊
ရုပ်မြင်သံကြား အစီအစဉ်များ၊ အသံသွင်း တိပ်ခွေ၊ ဗီဒီယို တိပ်ခွေများ၊ စီဒီ၊
ဗီစီဒီများ၊ အင်တာနက်မှ တဆင့် သတင်း အချက်အလက်များ ရယူခြင်းစသည့် ခေတ်မီ
နည်းစနစ်များကိုပါ အခွင့်အလမ်းရှိပါက အသုံးပြုရပါမည်။ စာသင်ခန်းတွင် ဆရာ၏
အခန်းကဏ္ဍသည် ကလေးများအား အစဉ်လမ်းညွှန်ကူညီသူ ဖြစ်နေရပါမည်။ မိမိတာဝန်ယူ
သင်ကြားနေသော စာသင်ခန်းသည် လင်းပွင့်သော စာသင်ခန်းဖြစ်၍ မိမိ၏လမ်းညွှန်ကူညီမှု
အောက်တွင် ကျောင်းသားများသည် တက်ကြွသော သင်ယူသူများ ဖြစ်နေရပါမည်။
စစ်ဆေးအကဲဖြတ်ခြင်း
Assessment
တတ်မြောက်မှုကို စစ်ဆေးတိုင်းခြင်းသည်
သင်ကြား-သင်ယူခြင်း လုပ်ငန်းစဉ်၏ အရင်းခံ အစိတ်အပိုင်းဖြစ်သည်။ မူလတန်း အဆင့်
ကလေးများ၏ မိခင်ဘာသာစကား တတ်မြောက်ကျွမ်းကျင်မှုကို စစ်ဆေး တိုင်းတာရာတွင် ကလေးများ
ပျော်ရွှင်မှုရှိပြီး စိတ်ဖိစီးမှုကင်းသော ပတ်ဝန်းကျင် ဖြစ်နေစေရန် လိုအပ်ပါသည်။
သူတို့၏ ဘာသာစကား ဖွံ့ဖြိုးမှုကို စဉ်ဆက်မပြတ် အကဲဖြတ် သည့် နည်းစနစ်ဖြင့်
စစ်ဆေးတိုင်းတာ သင့်ပါ သည်။ စာသင်ခန်းတွင် ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို
အကဲဖြတ်၍ လိုအပ်ပါက ကုစားနည်းဖြင့် ပြန်လည် သင်ကြားပေးရန် ဖြစ်သည်။ စကားပြောဆို
သွက်လက်မှု၊ ကဗျာရွတ်ဆိုမှု၊ ဘာသာစကားနှင့် ပတ်သက်၍ တီထွင် ဖန်တီးတတ်သော
လုပ်ဆောင်မှု၊ အုပ်စုတွင် ပါဝင်ဆွေးနွေးမှုများ စသည့် အချက်အလက်များကို အရည်အချင်း
မှတ်တမ်းပြု၍ ကလေးများ၏ ဘာသာစကား တတ်မြောက်မှု အဆင့်ကို အကဲဖြတ်သင့်ပါသည်။
ကလေးများ၏ အခန်း တစ်ခန်းနှင့်
တစ်ခန်းစပ်ကြား ဘာသာစကား တိုးတက်မှုကို အကဲဖြတ်သည့် အခါတိုင်း လိုအပ်သော
ကုစားနည်းသည် အကဲဖြတ်ခြင်း၏ ဝိသေသလက္ခဏာ ဖြစ်သင့်ပါသည်။ နှုတ်မေးနှုတ်ဖြေနှင့် ရေးဖြေ
စစ်ဆေးခြင်းကိုမူ စဉ်ဆက်မပြတ် အကဲဖြတ်ခြင်းနည်းဖြင့် ဆောင်ရွက်သင့်ပါသည်။
နှုတ်မေးနှုတ်ဖြေ စစ်ဆေးခြင်းကို အနာအကြားနှင့် အပြောအဆို စွမ်းရည်နှစ်မျိုးလုံးကို
အကဲဖြတ်သင့်ပါသည်။ မူလတန်းအဆင့် အကဲဖြတ်ခြင်း၏ ရည်ရွယ်ချက်သည် ကလေး၏
ချို့ယွင်းချက်ကို မီးမောင်းထိုးပြသည့်ပုံစံ မဖြစ်သင့်ပါ။ အပြုသဘောဆောင်သော
အကဲဖြတ်ခြင်းသည် အားနည်းချက်ရှာ စစ်ဆေးခြင်း Diagnostic Test များကို ဦးတည်၍ ကုစား
သင်ကြားခြင်းနည်းဖြင့် စီမံဆောင်ရွက်သင့်ပါသည်။
အလယ်တန်းအဆင့်တွင် စနစ်တကျ
စစ်ဆေးနည်းနှင့် ရိုးရိုးစစ်ဆေးနည်း နှစ်မျိုးကို အသုံးပြုရပါမည်။
ပိုမိုအကျိုးရှိ၍ ကျယ်ပြန့် သော ရှုထောင့်စုံ ချဉ်းကပ်နည်းကို အသုံးပြု၍
ကျောင်းသားများ၏ မိခင်ဘာသာစကား တတ်မြောက်မှုကို စစ်ဆေး အကဲဖြတ် ပေးရန် လိုပါသည်။ စနစ်တကျ
စစ်ဆေးခြင်းတွင် ရေးဖြေစစ်ဆေးခြင်း၊ အလုပ်မှတ်တမ်းများ Worksheets ပေး၍
ရေးဖြေစေခြင်း၊ တပည့်ကျောင်းသားများ၏ ကိုယ်တိုင်ပြုစုသိမ်းဆည်း ထားသော
ဖိုင်တွဲစနစ်မှတ်တမ်း portfolio တို့ကို စစ်ဆေးအကဲဖြတ် ပေးရပါမည်။ ရိုးရိုး
စစ်ဆေးခြင်းနည်းတွင် တပည့်ကျောင်းသားများ ကျောင်းတွင်း ဘာသာစကား လှုပ်ရှားမှုများမှ
ပူးပေါင်းပါဝင်မှု အဆင့်မှတ်တမ်း၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲနှင့်
ဆရာ၊ ကျောင်းသား ပူပေါင်း၍ ဆွေးနွေးပွဲများ စသည်တို့တွင် ကျောင်းသားများ၏
တစ်ဦးချင်းစီ ပါဝင်ခဲ့သော လှုပ်ရှားမှုအဆင့် မှတ်တမ်းတို့ကိုပါ ထည့်သွင်း စဉ်းစား၍
သူတို့၏ ဘာသာစကား ဖွံ့ဖြိုးမှု၊ တတ်မြောက်မှု အဆင့်တို့ကို အကဲဖြတ်ပေးရပါမည်။
ဤကဲ့သို့ အကဲဖြတ်ပေးလျှင် ကျောင်းသားများသည် စိုးရိမ် ကြောက်ရွံ့ခြင်းနှင့်
စိတ်ဖိစီးမှု ကင်းသော ဘာသာစကား ပတ်ဝန်းကျင်ကို ဖြစ်ပေါ်နိုင်ပါသည်။
နောက်ဆုံး စာမေးပွဲ ဇောင်းပေးသော
စစ်ဆေး အကဲဖြတ်ခြင်းသည် ကျောင်းသားများအတွက် စိုးရိမ်သောကကို ဖြစ်စေပါသည်။
ဘာသာစကား တတ်မြောက်မှုကို စစ်ဆေးရာတွင် ဘာသာစကားစွမ်းရည်များ ဖြစ်သော အနာအကြား၊
အပြောအဆို၊ အဖတ် အရွတ်နှင့် အရေးအသားတို့ အပြင် ဘာသာစကားအသုံးအနှုန်းများ၊
သွက်လက်ချက်ချာမှုရှိသော ဆက်ဆံရေး၊ စကားပြောဆို ပြေပြစ်မှုတို့ကိုပါ စစ်ဆေးအကဲဖြတ်
ပေးရပါမည်။ ထိုသို့ စစ်ဆေးရာတွင် ရှုထောင့်စုံ ချဉ်းကပ်နည်း multidimension
approach ကို အသုံးပြု၍ အကဲဖြတ်ပေးရန် လိုပါသည်။ ဆန်းသစ်သော အကဲဖြတ်စနစ်
(ဥပမာ-အုပ်စုလုပ်ငန်းများ၊ စီမံကိန်းအလုပ်များ) ဖြင့် ကျောင်းသားများ၏ တိုးတက်မှုကို
စဉ်ဆက်မပြတ် အကဲဖြတ်ပေးရန်လည်း လိုအပ်ပါသည်။
နိဂုံး Conclusion
သင်ကြား-သင်ယူခြင်းအတွက်
မိခင်ဘာသာစကားကို အသုံးပြုခြင်းသည် သင်ယူသူ ကလေးများအတွက် လွတ်လပ်စွာသင်ယူမှု
အခွင့်အလမ်းများကို ရရှိစေသည်သာမက အထူးသဖြင့် ထိုဘာသာစကား ပြောဆိုသော ဒေသရှိ
သင်ယူသူ အားလုံးအတွက် အခြေအနေကောင်းများကို ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ထိုကဲ့သို့
ကျောင်းပညာရေးတွင် မိခင်ဘာသာစကား အသိအမှတ်ပြု ခံရခြင်းနှင့်အတူ
တိုင်းရင်းဘာသာစကားကို မြေတောင်မြှောက် သင်ကြားခွင့် ရရှိခြင်းကြောင့်
တိုင်းရင်းသားကလေးငယ်များ၊ ဆရာများ အပါဝင် ပြည်သူများ ကျေနပ်နှစ်သက်ကြမည် ဖြစ်သည်။
အားလုံးအတွက်ပညာရေးကို ရှေးရှု၍ အိမ်သုံး ဘာသာစကား ကို ကျောင်းသို့ ယူဆောင်ကာ
ကျောင်းသုံး ဘာသာစကားအဖြစ် အတိုင်းအတာတစ်ခုအထိ သင်ကြားခွင့် ရရှိလျှင်ပင် မိဘများ၊
ပြည်သူများ အထူးသဖြင့် ကလေးငယ်များ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်သည့်
အခွင့်အလမ်းများ ရရှိခံစားနိုင်ပါသည်။ ထိုကဲ့သို့ ပြောင်းလဲသင်ကြား
နိုင်မည်ဆိုလျှင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးလက်ဒေသနှင့် မြို့ပြနှင့်
အလှမ်းကွာဝေးသော နယ်မြေ ဒေသများ၊ နယ်စပ်ဒေသနှင့် နယ်စွန်နယ်ဖျားနေ လူနည်းစု
တိုင်းရင်းသား ကလေးငယ်များအတွက် ပညာသင်ကြားနိုင်သည့် အခွင့်အလမ်း ပိုမိုဖြစ်ထွန်းစေ၍
ကျောင်းနေနှုန်း ကလေးဦးရေ ပိုမို တိုးတက်လာမည် ဖြစ်သည်။
အကြံပြုဆွေးနွေးချက်များ
Recommendations
(၁) မူလတန်း ပညာရေးသည်
ဘာသာစကားအခြေပြု ပညာရေးဖြစ်သည်နှင့်အညီ ကလေးများ၏ မိခင်ဘာသာ စကားကို အခြေခံ
ခိုင်မာအောင် လေ့ကျင့် သင်ကြားပေးရန် လိုအပ်ပါသည်။ မူလတန်းအဆင့်တွင် သင်ကြားမှု
မဏ္ဍိုင် ဘာသာစကားကိုလည်း မိခင်ဘာသာစကား (သို့မဟုတ်) ဒေသခံဘာသာစကား ဖြစ်သင့်ပါသည်။
သို့ရာတွင် မြန်မာဘာစကားသည် အများသုံး၊ ရုံးသုံး ဘာသာစကား ဖြစ်သောကြောင့်
မူလတန်းပြီးဆုံးသောအခါ ထိုဘုံဘာသာ စကားကိုလည်း ကလေးများ တတ်မြောင်အောင် လေ့ကျင့်
သင်ကြားပေးရန် အရေးကြီးပါသည်။
(၂) အရည်အသွေးပြည့်မီသော
ကျောင်းဆရာများ လိုအပ်သောကြောင့် ဆရာအတတ်ပညာရပ်များကို တဖက်မှ ဖြည့်ဆည်းပေး ရန်
လိုအပ်သလို အထောက်အကူပြု ပစ္စည်းပစ္စယများကိုလည်း ပံ့ပိုးပေးရန် လိုအပ်ပါသည်။
မြန်မာစာနှင့် အင်္ဂလိပ်စာတို့ကို မူလတန်းအဆင့်တွင် သင်ကြားပေးရာ၌ ကလေးငယ်များအား
အနာအကြားနှင့် အပြောအဆိုတို့ကို ပထမနှင့်ဒုတိယနှစ်များတွင် ပိုမိုဦးစားပေး၍
ထိုမှ အသက်အရွယ် အနည်းငယ် ပိုကြီးလာသည်နှင့် အဖတ်အရွတ်နှင့် အရေးအသားတို့ကို
သင်ကြားပေးရန် လိုအပ်သည်ဟု ယူဆပါသည်။ ဘာသာစကားစွမ်းရည်များကို ကလေးများ ပိုမို
နားလည်လွယ်ကူသော ပုံစံဖြစ်ရန်လိုအပ်ပါသည်။
(၃) မြန်မာစာနှင့် အင်္ဂလိပ်စာသင်
ဆရာများအနေဖြင့် မိမိတာဝန်ကျသော နယ်မြေဒေသရှိ နယ်မြေခံလူထု၏ ဒေသခံ ဘာသာ
စကားကိုလည်း အထိုက်အလျောက် တတ်မြောက်ထားရန် လိုအပ်သောကြောင့် ထိုဆရာများအတွက်
ရည်ရွယ်၍ ဖွင့်လှစ်သော ဒေသခံဘာသာစကား အထူးသင်တန်းများကို သက်ဆိုင်ရာ
ပြည်နယ်များနှင့် တိုင်းဒေသရှိ မြို့နယ်များတွင် ဖွင့်လှစ်ပေးရန် လိုအပ်ပါသည်။
သို့မှသာ သင်ကြားမှုတွင် ပိုမို အထောက်အကူ ပြုမည်ဖြစ်သည်။
(၄) မိခင်ဘာသာစကား၊
တိုင်းရင်းဘာသာစကား၊ ဒေသခံဘာသာစကားတို့ကို ပိုမိုဖွံ့ဖြိုးအောင်
အားပေးမြှင့်တင်သည့် အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်များတွင် ထိုဘာသာစကားကို
ဘာသာရပ်တစ်ခု အနေဖြင့် ကျောင်းပညာရေးတွင် ထည့်သွင်းသင်ကြားရန် စဉ်းစားသင့်ပါသည်။
(၅) ပြည်နယ်များရှိ
တိုင်းရင်းသားကလေးများသည် မူလတန်းပြီးဆုံးသောအခါ ၄င်းတို့ မိခင်ဘာသာစကားအပြင်
မြန်မာဘာသာ စကားကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပြီးဆုံးသောအခါ
အင်္ဂလိပ်ဘာသာ စကားကိုလည်းကောင်း ကျွမ်းကျင်စွာ တတ်မြောက်အောင် လေ့ကျင့်
သင်ကြားပေးရပါမည်။ ထိုကဲ့သို့ ဘာသာစကားကို တတ်မြောက် အောင်မြင်အောင် ဆောင်ရွက်ရန်
လိုအပ်သော ဘာသာစကား သင်နည်းဗျူဟာများ၊ ပစ္စည်းကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊
အရင်းမြစ်များ၊ ဘာသာစကားတတ်မြောက်မှုကို စစ်ဆေးတိုင်းတာ အကဲဖြတ်စနစ်များ ဖြည့်ဆည်း
ပေးရမည်ဖြစ်ပြီး ကျွမ်းကျင်သော ဘာသာ စကားသင်ဆရာများ ခန့်ထားပေးရန်လည်း
လိုအပ်မည်ဖြစ်သည်။
(၆) ဘာသာစကား သင်ကြားရာတွင်
ကျောင်းသုံး ဖတ်စာအုပ် တစ်မျိုးတည်းကိုသာ အားကိုးမနေဘဲ အကြောင်းအရာများအပေါ်
အခြေခံ၍ ကလေးများ၏အာရုံကို ဖမ်းစားနိုင်သော စိတ်ဝင်စားစရာကောင်းသည့် အပို
ဖတ်စာအုပ်များကိုပါ ဘာသာစကားသင် ဆရာများက တီထွင် ဖန်တီးထုတ်လုပ်ပေးရန်
လိုအပ်ပါသည်။
(၇) ဘာသာစကားသင်ကြားရာတွင်
ခေတ်မီဆန်းသစ်သော သင်နည်းစနစ်များ၊ စစ်ဆေးအကဲဖြတ်စနစ်များနှင့် ဆရာအတတ် ပညာများ
ရရှိအောင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်နည်းစနစ်ဆိုင်ရာ
နှီးနှောဖလှယ်ပွဲများ ဖန်တီးပေးရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်
လိုအပ်သော ကူညီပံ့ပိုးမှုများအတွက် ရပ်ရွာ လူ့အဖွဲ့အစည်းများ၊ NGOs, CBOs များနှင့်
ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။
(၈) မြန်မာနိုင်ငံတွင် မိခင်ဘာသာစကား
အပါအဝင် ဘာသာစကားသုံးခု သင်ကြားရေးပုံစံကို လက်တွေ့ အကောင်အထည် ဖော်ရာတွင်
ပြည်နယ်များရှိ ပညာရေးမူဝါဒတွင် ဘာသာစကားဆိုင်ရာ မူဝါဒကို တင်းကြပ်သော
ဗဟိုချုပ်ကိုင်မှုမှ လျော့ချရန် လိုအပ်ပါသည်။ ပြည်ထောင်စု စိတ်ဓာတ်ကို ထိန်းသိမ်းစောင့်ရှောက်ယင်း
ဘာသာစကားသုံးခု သင်ကြားရေးပုံစံကိုလည်း အကောင်အထည် ဖော်သည့်အခါ အလျှော့အတင်းပြုမူ
ဆောင်ရွက်နိုင်သော ဖြစ်စဉ် အနေဖြင့် အစပျိုး လုပ်ဆောင်သင့်ပါသည်။
(၉) မိခင်ဘာသာစကား၊
တိုင်းရင်းဘာသာစကားကို ကျောင်းပညာရေးတွင် ထည့်သွင်း သင်ကြားသည့်အခါ ၄င်းကို
ကလေးများ၏ ပညာရေးအတွက် အရင်းအမြစ် အဖြစ် အသုံးပြုသင့်ပါသည်။ ဆရာများသည်လည်း
စာသင်ခန်းကို သင်ကြားရေးနေရာ တစ်ခု အနေဖြင့်သာ အသုံးမပြုဘဲ သင်ယူရာဝန်းကျင်
အနေဖြင့်ပါ အသုံးပြုသင့်ပါသည်။
(၁ဝ) မြန်မာနိုင်ငံတွင်
တိုင်းရင်းသားပေါင်စုံ ရောနှောနေထိုင်ပြီး အသွေးရောင်စုံယဉ်ကျေးမှုနှင့် စုံလင်သော
ဘာသာစကားရှိ ကြောင်းအသိကို အားပေးရန် ဘာသာစကားပေါင်စုံနှင့် အသွေးရောင်စုံ
ယဉ်ကျေးမှု စာသင်ခန်းများကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားရိုးရာ ဝတ်စုံများ
ဝတ်စားဆင်ယဉ်ခြင်းနှင့်အတူ လက်တွေ့ကျသော စီစဉ် ဆောင်ရွက်မှုများကို ထိုးထွင်း
တီထွင်တတ်စွာ အသုံးပြုသင့်ပါသည်။
(၁၁) တစ်ကမ္ဘာလုံး ဆက်စပ်ပတ်သက်မှုရှိ၍
လူမှုပြောင်းလဲမှု တဟုန်ထိုးပြောင်းလည်းမှုဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် ရှင်သန်
ရပ်တည်နိုင်ရန်ပင် အလွန်ခက်ခဲ၍ ဘာသာစကား ပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့်
ရင်ဆိုင်နေရသော လူနည်းစု တိုင်းရင်းသားများ၏ ဘာသာစကားကို ဖြစ်တန်ရာသော
ကြိုးပမ်းမှုဖြင့် ကာကွယ် စောင့်ရှောက်သင့်ပါသည်။
(၁၂) မြန်မာနိုင်ငံတွင်
တိုင်းရင်းသားပေါင်းစုံ ရောနှောနေထိုင်၍ ဘာသာစကားပေါင်းစုံရှိသည်။ တောင်ပေါ်နှင့်
မြေပြန့်နေ တိုင်းရင်းသားအများစုတို့သည် ရုံးသုံးဘာသာစကားဖြစ်သော
မြန်မာဘာသာစကားကို အတော်အတန် နားလည်အသုံးပြုသည် မှန်သော်လည်း ထိုဘာသာစကားနှင့်
ယဉ်ကျေးမှု တစ်ခုတည်းကိုသာ အလွန်အမင်း ဦးစားပေးနေမည့်အစား ကျန်သော
တိုင်းရင်းသားဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာယဉ်ကျေးမှုတို့ကိုလည်း
ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်း အားပေးသင့်ပါသည်။
ဤသိမ်မွေ့နက်နဲသော နယ်ပယ်ဖြင့် လိုလားတောင့်တသော သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေး
ကို ရှေးရှုသည့် လူမှုပြောင်းလဲရေး ဖြစ်စဉ်ကို စာသင်ကျောင်းမှ တဆင့် စတင်
အကောင်အထည်ဖော်သင့်ပါသည်။
(၁၃) လူမှုရေးသိပ္ပံနှင့်
သိပ္ပံဘာသာကဲ့သို့သော ပြဌာန်းစာအုပ်တွင် အသုံးပြုသော ဘာသာစကားသည် ဘာသာစကား အကူး
အပြောင်းအတွက် တံတားသဖွယ် ကြိုတင်ပြင်ဆင်ထားရန်မှာ အရေးကြီးပါသည်။ ဘာသာစကား
အခက်အခဲကြောင့်ထိုဘာသာရပ် များဆိုင်ရာ အတွေးအခေါ်အယူအဆများ ရှုပ်ထွေးမှုမရှိစေရန်
ဘာသာရပ်ဆိုင်ရာ စကားအသုံးအနှုန်းများနှင့် ဝေါဟာရ စကားလုံး များကို
ကူးပြောင်းသင်ယူလိုသည့် အတန်းရှိ ပင်မဘာသာစကား (မြန်မာစကား) ဖြင့်
ကြိုတင်ထည့်သွင်း ပြင်ဆင်ထားရန် လိုအပ် ပါသည်။ သို့မှသာ ထိုအတန်းသို့
ကူးပြောင်းသွားသော တိုင်းရင်းသားကလေးငယ်များအတွက် သင်ကြားမှု
ပိုမိုလွယ်ကူ၍အဆင်ပြေနိုင်မည်ဖြစ်သည်။
စာတမ်းပြုစုသူ - နိုင်ရော့ဂကောင်း
(မွန်ပညာရေးဌာန၊ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်)
ကျမ်းကိုးစာရင်း။ ။
-
NCERT.2006, Position Paper, National Group on Teaching of Indian Languages,
First edition, November 2006,
-
NCERT, New Delhi.
-
NCERT, Guidelines and Syllabi for Primary Stage, Mother Tongue, NCERT,
New Delhi, India.
-
NCERT. 2005, National Curriculum Framework, First Edition, December 2005,
NCERT, New Delhi.
-
NCERT. 2006, National Curriculum Framework, Syllabus for Classes at the
Elementary Level, First Edition, June 2006, NCERT, New Dehli.
-
Cummins, Jim, Bilingual Children’s Mother Tongue: Why is it important for
education? Online, viewed 11 July, 2008
-
Ying Lao, Christy and Krashen, Stephen. Implementation of Mother-Tongue
Teaching in Hong Kong Secondary Schools: Some Recent Reports online,
viewed 11 July, 2008,
-
http://www. necla.
gwu. edu/pubs/discover/05hongkong.htm
- သိန်းနိုင်၊ ၂ဝဝဝ -
အသွေးရောင်စုံ ယဉ်ကျေးမှု ပညာရေး၊ (အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ)
- အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ၊ ၂ဝဝ၅ (သင်ရိုးညွှန်းတမ်းအညွှန်းဘောင်၊
မိခင်ဘာသာစကား သင်ကြားရေး)
- မောင်ခင်မင်(ဓနုဖြူ) (သက်တံရောင်စုံ ဘာသာစကား၊ ဓာတုလင်္ကာစာပေ၊ ရန်ကုန်)
- သောင်းထွဋ် (ဦး) (၂ဝဝဝ) ( မြန်မာ့ပညာရေးရှုခင်း၊ ရန်ကုန်)
No comments:
Post a Comment