Monday, January 16, 2012

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသို့ မျှော်ရှုလျှက်

ဆောင်းတွင်းလေးရောက်ပြန်ပြီ တခါ....
မနှစ်က ရန်ကုန်ဆောင်းထက် ဒီနှစ်ဆောင်းက ပိုအေးသလိုခံစားရတယ်။ သဘာဝတွေ ဖေါက်ပြန်နေတယ်ပဲ ပြောပြော ဘာတွေ ဘယ်လိုပြောပြော အပူထက် အအေးဓါတ်လေးကို ပိုတောင့်တမိတယ်။ ပိုနှစ်ခြိုက်မိပါတယ်ဗျာ ....
ရန်ကုန်သားတွေ အနွေးထည်ကိုယ်စီနဲ့ ချမ်းအေးတဲ့ ဆောင်းအငွေ့အောက် သွားလာလှုပ်ရှားနေတာကို တွေ့တော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ဆီက ကျနော် သွားလာထိတွေ့ခဲ့ဖူးတဲ့ ရှေ့တန်းစစ်စခန်း တောင်တန်းဒေသတွေဆီ ပြန်သတိရမိတယ်။ စိတ်ကူးတွေ ပျံ့လွင့်သွားတယ်။ အခု အိမ်ရှေ့မှာ မြင်ရတဲ့ ဒီနေ့မနက်ခင်း မြူနှင်းဆိုင်းဆိုင်းလေးတွေ အတိုင်း ကရင်တောင်တန်း မြိုင်စခန်းဟာလည်း မြူတွေ အုံ့ဆိုင်း နေရာတိုင်းက မှိုင်းဝေလို့ပဲပေါ့။ ရိုးသား ဖြူစင်လှတဲ့ ကရင်ပြည်နယ်က ဒေသခံ ကရင်ရွာသူ ရွာသားတို့ကို သတိရအောက်မေ့မိတယ် ....စစ်သားတယောက်က စစ်မြေပြင်ကို သတိရမိတယ်ဆိုရင် တိုက်ပွဲတွေ ယမ်းနံ့တွေ သူနာ ငိုညည်းသံတွေ ခြောက်ခြားစဖွယ် အကြောင်းတွေ ပါလိမ့်မယ် ထင်ကြမယ်။
စိတ်ပျက်ဖွယ်ရာတွေ မမြင်ရက် မကြားဝံ့စရာတွေ ရိုင်းစိုင်း ရက်စက်တာတွေ လက်နက်ရှိသူက လက်နက်မဲ့သူပေါ် အနိုင်ကျင့် နှိပ်စက် မင်းမူဗိုလ်ကျတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်လိမ့်မယ်လို့ ထင်လိမ့်မယ်။ မဟုတ်ရပါခင်ဗျား။
တပ်မတော်ထဲကို မျိုးချစ်စိတ်နဲ့ ၀င်ရောက်ခဲ့တဲ့ စစ်သားတယောက်၊ တိုင်းရင်းသား အားလုံးကို ကိုယ့်သွေးချင်း သားရင်းလို တကယ် သဘောထား လေးစားချစ်ခင်တဲ့ စစ်သား တယောက် အတွက် ရှေ့တန်း အတွေ့အကြုံဆိုတာ ရက်စက်မှုတွေ အနိုင်ကျင့် ရန်လိုမှုတွေ မပါသလောက် ပါပဲ။ ကျနော်စစ်သားပြည်ချစ်သား အတွက် အလေးအနက် ယုံကြည်တာ တခုရှိတယ်။ အဲဒါကတော့ ပြည်တွင်းစစ်၊ တိုင်းရင်းသားချင်း ဖြစ်နေရတဲ့ ပျောက်ကြားစစ်တွေ ခုချိန်မှာ မရှိသင့်တော့ဘူးဆိုတာပဲ။ တိုင်းရင်းသားအချင်းချင်းလည်း စစ်မခင်းချင်ဘူး။ ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ လူမျိုးစု အခွင့်အရေးတွေကို အပြန်အလှန် အသိမှတ်ပြု။ အပြန်အလှန် လေးစားယုံကြည်မှုနဲ့ ပြည်ထောင်စု နိုင်ငံတော်ကို တိုးတက်တည်ငြိမ်ခိုင်မာအောင် အားလုံး ၀ိုင်းဝန်း ကြိုးပမ်းရမယ့် အချိန်ဖြစ်တယ်လို့ပဲ အလေးအနက် ယုံကြည်ပါတယ်။
ဒါပေမယ့်ကျနော်တို့ အေးချမ်းသာယာရေး ကောင်စီ စစ်အစိုးရ လက်အောက် မြန်မာ့တပ်မတော်က တော့ ပြည်တွင်းစစ်တွေကို ရင်ဆိုင်နေရတုန်းပါပဲ။ တိုင်းရင်းသား နယ်စပ်တွေမှာ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ၊ တိုက်ပွဲတွေ ။ လူမျိုးတုန်း သတ်ဖြတ်မှုလို့ ဆိုနိုင်မယ့် ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်မှုတွေ တကယ်ဖြစ်နေခဲ့ပါတယ်။
တပ်မတော်တွင်းမှာ တိုင်းရင်းသားတို့ အခွင့်အရေးကို လေးစား အသိမှတ်ပြုရေး၊ သင်ကြားပြသပေးတာမျိုး လုံးဝမရှိတဲ့အပြင် တိုင်းရင်းသား လူမျိုးစုဆိုတာ စစ်တပ်ရဲ့ ငယ်နိုင်၊ ကျွန်၊ ဘာမှ မသိ ဘာမှ မတတ်တဲ့ တောတွင်းသား လူရိုင်းတွေ သာသာ အထင်သေး အမြင်သေးဖြစ်နေအောင် ဆင့်ကဲဆင့်ကဲ ပြုမူဆက်ဆံနေထိုင်ပြခြင်းဖြင့် စစ်သား စစ်ဗိုလ်တွေဟာ တိုင်းရင်းသား လူမျိုးစုတွေဆို ခိုင်းစေစရာ အနိုင်ကျင့်စရာ ငယ်ကျွန်တွေ အဖြစ်သာ မြင်ကြသူ များပါတယ်။ ဒါပေမယ့် အဲဒီလို အတွေးသိမ်သိမ်နဲ့ အမြင်ကျဉ်းမြောင်းသူ စစ်သားတွေ ရှိသလို တိုင်းရင်းသား လူမျိုးစုများကို အပြန်လှန်လေးစား ယုံကြည်စိတ်မွေးမ
ဆက်ဖတ်ကြည့်ပါဦး .... ငြိမ်းချမ်းရေးကိုသာ လိုလားပြီး တိုင်းရင်းသား အားလုံးကို ကိုယ့်သွေးချင်းတွေလို ပြုမူ ဆက်ဆံတတ်တဲ့ စစ်ဗိုလ်လေး တဦးရဲ့ အောက်မေ့ဖွယ် ရှေ့တန်း လွမ်းမောဖွယ်ရာလေး တွေကို ကိုယ်ချင်းစာ စိတ်နဲ့ ခံစားပေးပါဦး.........
ကျနော် သတိရအောက်မေ့မိတဲ့ ရှေ့တန်းစစ်စခန်း တောင်တန်းတွေအစွန် အကြားက မေ့လို့မရတဲ့ အကြောင်းတွေက သာယာကြည်နှုးနွေးထွေးတဲ့ တိုင်းရင်းသားတို့ရဲ့ ဖေါ်ရွေမှုတွေကိုပါ
အခုဆိုရင် အဲဒီနေရာတွေဟာ ငြိမ်းချမ်းတည်ငြိမ်နေလေပြီလား။ တိုက်ပွဲတွေ ယမ်းနံ့တွေ၊ ကူညီမဲ့သူတွေ ဖိနှိပ်အနိုင်ကျင့်သူတွေနဲ့ လူသတ်လက်နက်ကိုင်နိုင်သူ မင်းမူစတမ်းဆိုတာမျိုးတွေ ဆက်ဖြစ်နေသေးလား သေချာ မသိတော့ပါဘူး။ ကြားရသလောက်တော့ ကျနော်တို့ နေခဲ့စဉ်ကလောက် မဆိုးဝါးတော့ဘူး ထင်ပါတယ်။ ဒါလည်း မသေချာပါဘူး၊ ပြည်တွင်းစစ် ပြန်ဖြစ်လာလေ မလားလို့ လှုပ်လှုပ်ဖြစ်နေတဲ့ ကနေ့လိုအခါမှာ အဲဒီ ဒေသတွေမှာ တည်ငြိမ်မှု ရှိမယ်ဆိုတာ မသေချာပါဘူး။
အဲဒီနေရာက ဘယ်နေရာလဲဆိုတော့ မြန်မာပြည် တောင်ငူမြို့ အရှေ့ဘက် မိုင်၃၀သာသာ သွားရတဲ့ သံတောင်မြို့နားက ဒေသတွေပါပဲ။
ကျနော်ခြေမြန်တပ် တတပ်မှာ တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ်က အဲဒီသံတောင်မြို့သစ် အရှေ့ဘက်ခြမ်း ရွာတွေဆီကို လုံခြုံရေးနဲ့ လေ့ကျင့်ရေးဆိုပြီး သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သံတောင်မြို့သစ်ဆိုတာကို တည်ဖို့ စလုပ် နေတုန်းပါ။ ဘာမှ မဆောက်ရသေးပါဘူး။ ဆောက်ဖို့ မြေကွက်ရှာ မြေပုံဆွဲ အဆင့်ပဲ ရှိသေးတယ်။
အခုအချိန်ဆိုရင်တော့ စစ်စခန်းကြီးတွေ စစ်ကျောင်းကြီးတွေနဲ့ အဲဒီဒေသဟာ အရင်ကလောက် ခြောက်သွေ့နေမယ် မထင်ဘူး။ အရင်တုန်းက အဲဒီနေရာတွေဟာ အင်မတန်သာယာလှပတဲ့ တောင်တန်း တောတန်း တွေနဲ့ အချိန်တိုင်း ဆီးနှင်းတွေ အုံ့ဆိုင်း မှုံမှိုင်းပြီး အတော်အေးတဲ့ နေရာပါ။ အခု အဲဒီလောက် အေးချင်မှ အေးမယ် ထင်ပါတယ်။
ကျနော်သွားခဲ့တဲ့ ရွာလေးတွေက သံတောင်မြို့ အရှေ့ဘက်ခြမ်း သောက်ရေခပ်ချောင်း မရောက်ခင် အကြားက ရွုာစုတွေဖြစ်ပါတယ်။ နာမည် အထင်ကရရှိတဲ့ ရွာကြီးတွေဖြစ်တဲ့ နန့်ချိန်ခွင်နဲ့ မောင်နွဲကြီးရွာတို့ကို ခုထိ မေ့မရသေးပါဘူး။ ရွာသူ ရွာသား ကရင်တိုင်းရင်းသားတွေရဲ့ ဖြူစင်လှတဲ့ အပြောဆို ဆက်ဆံမှု၊ အကြောက်တပိုင်း ခင်မင်မှုတပိုင်းနဲ့ ဆက်ဆံရတဲ့ အစပျိုး မိတ်ဆက်မှု ကာလ ဆက်ဆံရေးတွေ နောက်ပိုင်း အချင်းချင်း တကယ့် သွေးချင်းလို ယုံကြည်မှုရသွားတဲ့အခါ တရွာလုံးရဲ့ နွေးထွေးလှိုက်လှဲစွာ ဆက်ဆံမှုတွေကို ပြန်တွေးတိုင်း လွမ်းနေမိတော့တယ်။ သူတို့ဟာ တကယ့် ငြိမ်းချမ်းရေးကို လိုလားတဲ့ တောင်ပေါ်ဒေသခံ တိုင်းရင်းသားများပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား အချင်းချင်း လူသားချင်းစာနာစိတ်နဲ့ ဖေးမ လက်တွဲ ကူညီစောင့်ရှောက်တတ်တဲ့ လူသားစိတ်ရှိသူ မြန်မာ့တပ်မတော် တပ်ဖွဲ့တပ်သား တွေဆိုရင် ညီအကိုမောင်နှမ သွေးချင်းသဖွယ် ကူညီစောင့်ရှောက်တတ်ကြပေမယ့်၊ ဒေသခံ ဆင်းရဲသား တောင်ပေါ်တိုင်းရင်းသားတွေပေါ် အဓမ္မခိုင်းစေ အနိုင်ကျင့်တတ်သူ အုပ်ချုပ်ရေး အဖွဲတွေ အတွက်၊ သူတို့ဟာ ရန်သူတွေပါ။ အနက်ရောင်ဒေသ စစ်မြေပြင်မှ ရွာသားများဆိုပြီး နိုင်လိုမင်းထက် အတင်းအကျပ် ပြုကျင့် နှိပ်စက်တတ်သူ စစ်တပ်လက်နက်ကိုင် အဖွဲ့တွေ အတွက်တော့ သူတို့ဟာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေပွေးလိုမျိုးပါ။
သူတို့ခင်မင်တဲ့ စစ်တပ်အတွက်ဆိုရင် သူတို့ တိုင်းရင်းသားတွေကို လူမျိုးစုသဖွယ် ညီကိုမောင်နှမစိတ်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ သမာသမတ်ကျကျ အုပ်ချုပ်သူ ဆိုရင်တော့ အင်မတန် ခင်မင်ဖွယ် ဆက်ဆံမှုမျိုးကို ကြုံရပါလိမ့်မယ်။ သူတို့ရှိသမျှ ချကျွေး ကောက်ညှင်းရှိတယ်။ ဆန်ကြမ်းတွေ ရှိမယ်။ ငှက်ပျောသီးရှိတယ်။ ၀က်ပေါင်ခြောက်ရှိမယ်။ ပီလောပီနံရှိမယ်။ မျှစ်တုံးကြီးတွေ ဆွဲလာပေးလိမ့်မယ်။ ကော်ဖီစစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီပူပူ ကောင်းကောင်း ချတိုက်မယ်။ တာလပေါဟင်းကို တလဟော ချကျွေးလိမ့်မယ်။ ကွမ်းဝါး လွန်လွန်းလို့ မဲချိတ်နေတဲ့ သွားမဲမဲကြီးတွေပေါ်အောင် ပြုံးပြလိမ့်မယ်။ ဆန်နဲ့ချက်ထားတဲ့ ဒေသဖြစ် ဆန်အရက်ကို သောက်ဖို့ ဖိတ်ခေါ်လိမ့်မယ်။ ကွမ်းသီးတွေ လက်ဆောင်ပေးလိမ့်မယ် ။ အာလုပ်သံကြီးတွေနဲ့မြန်မာစကား ၀ဲဝဲလေးတွေကို မပီ့တပီပြောပြီး ကူညီလိမ့်မယ်။ ဘယ်နားကို သွားမယ်ဆို သူတို့ကို ကြိုပြော ၊ ဘယ်နားကို ဒီနေ့ မသွားနဲ့နော စတဲ့ သတင်းလေးတွေ လာပေးလိမ့်မယ်။ ပေါ်တာဆွဲဖို့ အတင်းခေါ်စရာမလို ခြိမ်းခြောက်စရာ မလို သူတို့ဘာသာ အလိုက်တသိ လူစုပြီး စစ်တပ် ထဲက သူခင်တဲ့သူတွေအတွက် လိုက်ထမ်းပိုးပေးလိမ့်မယ်။ ကျနော်ကိုယ်တိုင် တွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြောနေတာပါ။ စိတ်ကူးယဉ်မဟုတ် လူမျိုးရေး ခွဲခြားနှိမ့်ချ လိုစိတ်လည်း မရှိပါ။ ဘာလို့ဆို ကျနော်တို့ တပ်မတော်ထဲမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အားလုံး သောတိုင်းရင်းသားတွေ ပါဝင်နေလို့ပါပဲ။ စစ်အာဏာရှင် စနစ်ကို မနှစ်မြို့ပေမယ့် ........... တပ်မတော်ကို ကျနော်ချစ်တယ်။ ကနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ် အငွေ့အသက်တွေက ကင်းပဖို့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ရာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးအကြီးဆုံး နေရာမှာပါတယ်လို့ ကျနော်ယုံကြည်တယ်။
ဆက်ပါရစေဦး။
ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့ တုန့်ပြန်မှု ပြတ်သားပုံလေးတွေ ပြောပြပါရစေအုံး ...။

ဖွံ့ဒေသခံတွေကို နှိပ်စက်ခြိမ်းခြောက် သတ်ဖြတ်တတ်သူ၊ လက်နက်နဲ့ အနိုင်ကျင့် အုပ်ချုပ်တဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ်။ စစ်တပ်သော ဘာသော သူတို့ မသိဘူး။ ရတဲ့နည်းနဲ့နယ်မြေခံသူတို့ရဲ့ ဒုက္ခပေးတာကို ခံရမှာပဲ။ ဆွဲမိုင်းထိမယ်။ နင်းမိုင်းထိမယ်။ ခြောင်းပစ်တာခံရမယ်။ ညအိပ်နေတုန်း ၀ါးကြောနဲ့ လည်ပင်းလှီးသတ်တာမျိုး ခံရမယ်။ သူတို့ဟာ မတရားသူတွေ အဓမ သမားတွေအတွက် အဆိပ်ပြင်းတဲ့ သူတွေပါ။
ကျနော် အဲဒီလို အဆိပ်ပြင်းတဲ့ သူလို့ မသတ်မှတ်ချင်ဘဲ သတ်မှတ်လိုက်ရတဲ့ လူတွေ နေရာ ရွာကြီးတွေမှာ ငါးလလောက် သွားနေခဲ့ဖူးပါတယ်။
မောင်နွဲကြီးဆိုတဲ့ ရွာမှာ တပ်ခွဲမှူးအဖြစ် ကျနော် သွားနေခဲ့ရတုန်းက ဖြစ်စဉ်လေးကို ပြန် သတိရမိတယ်။
အဲဒီရွာ အ၀င် လျှိုစောင်းကြီးကို ပတ်ကွေ့ပြီး သွားရတဲ့ နေရာလေးက တကယ့်ကို နာမည်ကြီးပါ။ မကြာခန ဆွဲမိုင်းတွေ နင်းမိုင်းတွေ ခြောင်းပစ်တာတွေ ခံရတဲ့ နေရာပါ။ ရွာအကြောင်း မရောက်ဖူးခင်ကတော့ အဲဒီသတင်းတွေ ကြားရဖန်များခဲ့လို့ အတော်စိုးထိတ်မိတာပေါ့။ ဘယ်သူမဆို ကိုယ့်ခြေလက်အင်္ဂါ ဆုံးရှုံးမှာ သေဆုံးမှာကို စိုးထိတ်သူချည်းပါပဲလေ။ကျနော် နေခဲ့တဲ့ လေးငါးလ အတွင်းမှာ အဲဒီ တောင်စောင်း နေရာလေးမှာ သေနက်သံ တချက် မကြားခဲ့ပါဘူး၊ မိုင်းကွဲသံ တချက် မကြားခဲ့ရပါဘူး။
အဲဒီရွာနဲ့ ပတ်ဝန်းကျင် သတင်းတွေကို တင်ကြိုကြားသိထားပြီးဖြစ်လို့ ကျနော်တို့ မြန်မာစစ်တပ်တွေ ဟာ ရွာတွေရှိရာကို လူသွားလမ်းအတိုင်း မသွားကြပါဘူး။
ကျနော်တို့ အဲဒီရွာကြီးတွေဆီကို သံတောင်မြို့သစ်ကနေ တိုက်ရိုက်မ၀င်ရပါဘူး။ မိမိတို့တပ်လှုပ်ရှားမှု သတင်းကို တဖက်အဖွဲ့စည်းက မသိစေချင်လို့ သံတောင်မရောက်ခင် တောင်တန်းတနေရာက ကားလမ်းပေါ်မှာ အားလုံးဆင်းပြီး ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး တောတိုးချီတက်ခဲ့ကြရတာပါ။ တောင်စောင်းတွေ၊ လျိုကြီးတွေအကြားမှာ တပ်ဖျောက်ချီတက်ပြီး တည အကြာမှာမှ အဲဒီရွာကြီးတွေရှိတဲ့ လျိုကြီးတွေ အောက်ကို ရောက်ပါတယ်။

တညအိပ်ခရီး ကြာပါတယ်။ လမ်းမှာ အင်မတန် ခေါင်တဲ့ တောနက်တောအုပ်တွေ ဆူးခြုံကြီးတွေ ကိုင်းတောကြီးတွေ၊ ကိုဖြတ်ပြီးမှ လူရိပ်လူယောင် ရှိတဲ့ ကွမ်းသီးခြံတွေ၊ ကွမ်းပင်တွေ စိုက်ခင်းတွေကို စမြင်ရပါတယ်။
ဘယ်လိုပြောပြော မြို့ပြ ကွင်းပြောင် မြေပြန့်ပူပူမှာ အနေကြာခဲ့တဲ့ ကျနော်တို့ အဖို့တော့ တောတောင်စိမ့်စမ်းနဲ့ တောရိပ်တောင်ရိပ်ဟာ အင်မတန်မှ သာယာကြည်နူးစရာပါ။
ဦးဆုံး စတွေ့တဲ့ ကရင်လူငယ်လေး တယောက်ကို ရှေ့ပြေးပွိုင့်အဖွဲ့က သေနက်နဲ့ချိန်ပြီး စစ်မေးနေတာကို ကျနော် လှမ်းမြင်ရတဲ့အခါ ကြောက်စိတ် အမြင့်ဆုံးနဲ့ မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေတဲ့ အကြောက်ဆုံး ပုံစံလေးက ကြင်နာချစ်ခင်စိတ်ရှိသူ ကျနော်လို စစ်သားတို့အတွက် ဂရုဏာသက်စေပါတယ်။ ဒါပေမယ့်လည်း စစ်ရေးက စစ်ရေးပါပဲ။ လောလောဆယ်တော့ သူ့ကို သနားပေမယ့် ဘာမှန်းမသိသေးတဲ့ အချိန်မို့ စစ်ရေး အတုငိး
အဲဒီကလေးကိုပဲ သေနက်နဲ့ချိန်ပြီး ရှေ့ပြေးပွိုင့်တပ်စုက ခေါ်ဆောင် လမ်းပြစေပါတယ်။ မရောက်ဖူးကြတဲ့ ဒေသမို့ အရာတိုင်းကို သတိကြီးကြီးနဲ့ စစ်ရေး လုံခြုံမှုရှိအောင် လုပ်ကြရပါတယ်။
ဦးဆုံး စတင်ကြားရတဲ့ အာရုံမနက်ခင်း တောတွင်း အသံကတော့ ရွာကြီးတရွာနား ရောက်လာပြီလို့ ယူဆရတဲ့ ကြက်တွန်သံတွေ ကျွဲမောင်းနွားမောင်းသံတွေပါ။ ဆက်ရေးနိုင်အောင် ကြိုးစားပါမယ် 
 

No comments:

Post a Comment

Ads 468x60px

Featured Posts