Monday, January 16, 2012

သမင်လည်ပြန် ရေဆန်ခရီး

“မိမိ၏ ဇာတိချက်ကြွေမွေးရပ်မြေကို ချစ်ခင်မြတ်နိုးစိတ်သည် မိမိတိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသော မျိုးချစ်စိတ်၏ ဗီဇအခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်”(ဟိုချီမင်း)
ဇာတိချက်ကြွေ မွေးရပ်မြေလေးကို ခွဲခွာခဲ့ရသည်မှာ ဆယ်စုနှစ်နှစ်ခုကျော် ကြာမြင့်ခဲ့ပေပြီ။ ရွာလေးကို တနေ့ပြန်ရောက်ရမည်ဟု ရည်မှန်းချက်ထားခဲ့ပြီး အနာဂတ်သို့ ဆက်လက်ခရီးနှင်နေဆဲဖြစ်သည်။ ကံတရား သည် တခါတရံ ယုံကြည်နိုင်ဖွယ်ရာပင်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းတိုက်ဆိုင်စွာဖြင့် ၂၀၀၂ ခုနှစ်တုန်းက ဇာတိမွေးရပ်မြေလေးသို့တစ်ကြိမ် ပြန်လည်ယာယီခြေချခွင့် ရခဲ့ပါသည်။ ကျွန်တော်ခွဲခွာ သွားသည့် နောက်ပိုင်း ရွာလေးမှာ အတော်ပင်ဖွံ့ဖြိုးတိုးတက်နေလိမ့်မည်ဟု ပြည့်ပြည့်၀၀ ယုံကြည်ခဲ့ဖူးသည်။ ရွာလေးသို့ တကယ်လက်တွေ့ ပြန်ရောက်သောအခါ အထင်နှင့်အမြင် တက်တက်စင်အောင် အလွဲကြီး လွဲနေတာကို မြင်တွေ့ခဲ့ရပါသည်။ ပြောင်းလဲမှုတွေ အများအပြား မြင်ရပေမဲ့ တိုးတက်စည်ပင်မှု မဟုတ်ဘဲ ဆုတ်ယုတ်ပျက်ပြားမှုများသာ အထင်အရှား လွှမ်းမိုးနေသည်။

          ယခင်ကဆိုလျှင် မဟာရန်ကုန်မြို့ကြီးနှင့် ပန်းလှိုင်မြစ်တစ်ခုသာခြားထားသော ထိုရွာလေးတွင် လျှပ်စစ်မီးမရှိ၊ ရေးပေးဝေရေးစနစ်မရှိ သော်လည်း မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိနေသော ပန်းလှိုင်ဆန်စက် ကြီးမှာ ရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသောကြောင့် စားဝတ်နေရေး အတွက်မပူပင် မကြောင့်ကြရ။ မနက် ၅နာရီထိုးသည်နှင့် ဆန်စက်ကြီးမှ ဥသြဆွဲပြီး လုပ်ငန်းခွင်ဝင်ရောက်ရန် နိုးဆော်နေကျ အသံပင် ဖြစ်သည်။ ဆန်စက်ထဲမှာ ရွာသူရွာသား အတော်များများ အလုပ်လုပ်ခွင့်ရကြသည်။ အချို့က ကြိတ်ခွဲမည့် စပါးများကို ဆန်စက်ကြီးထဲသို့ သမ္မာန်ပေါ်မှသယ်ယူပို့ချရသည်။ တာလီစာရေး မှတ်သူမှတ်၊ စက်ပြင်သူနှင့် ဘွိုင်လာအိုးမီးထိုးသူထိုးနှင့် သူ့နေရာနှင့်သူ အံဝင်ခွင့်ကြ အလုပ်လုပ်နေကြသည်။
လယ်ယာမြေ ပိုင်ဆိုင်သူအချို့သာ လယ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ အိမ်၌ဆန်မရှိ၍ မပူပင်ရ။ စက်ထဲမှာ တစ်ပြည် နှစ်ပြည် လူတိုင်းတောင်းယူလို့ရသည်။ နားလည်မှု ယုံကြည်မှုတို့ဖြင့် အလုပ်လုပ် ကြသောကြောင့် ဘ၀ကို သာယာချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြသည်။ ရွာအတွက် သောက်သုံးရေ ဆိုသည်မှာလည်း ပြောစရာမလိုပါ။ အုတ်ကန်ဆယ်လုံးထက်မနည်း သောက်သုံးရေ အပြည့်ရှိနေတတ်သည်။ မိသားစုအားလုံး ချောင်လည်ကြပြီး ပြုံးနိုင်ပျော်နိုင် လှူဒါန်းနိုင်ကြသည်မှာ ကျွန်တော်တို့ရွာလေးပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ ကျောင်းသား၊ပြည်သူလူထုတို့မှာ မိမိတို့အသက်အိုးအိမ်စည်းစိမ်ကို ဥပေက္ခာပြုပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အာဏာရှင်စနစ်ဆိုးကို အသက်သွေးချွေးတို့ဖြင့် ပေးဆပ်တိုက်ပွဲဝင်နေချိန်တွင်တော့ တစ်ကိုယ်ကောင်းဆန် အတ္တသမားများမှာ “တောမီးလောင်တောကြောင်လက်ခမောင်းခတ်” ဆိုသည့်အတိုင်း မိမိအသက်ရှင်ရပ်တည် ကြီးပြင်းခဲ့ရာ ဤရွာလေးကိုပင် ပြန်လည်ဓါးပြတိုက်၊ ဆက်ကြေးကောက်ခံပါတော့သည်။
ဂွေးနီနှင့် လှဝင်းတို့မှာ အေးရွာအရှေ့ပိုင်းသားများဖြစ်ကြသည်။ အေးရွာကို အပိုင်းသုံးပိုင်းခွဲထားသည်။ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ဖြစ်သည်။ ဂွေးနီနှင့် လှဝင်းမှာ သိုင်းဆရာများဖြစ်ပြီး တုတ်၊ဓါး၊လက်နက်ပြီးကြသည်။ ဓါးနှင့် ခုတ်လျှင် ဓါးမတိုး တုတ်နှင့်ရိုက်လျှင်လည်း တုတ်သာကျိုးသောကြောင့် ရွာသားအားလုံးကလည်း ကြောက်ကြ ရသည်။ ဂွေးနီက ပုပုမဲမဲ မျက်လုံးပြူးပြူးခြေခွင်ခွင်ဖြစ်ပြီး လှဝင်းကတော့ ဖြူနီစပ်အသားအရေနှင့် ဂိုင်ကောင်း ကောင်း သူတို့ဆက်ကြေးကောက်ခံပုံကလည်း “သွပ်မိုးပျဉ်ထောင် ငွေတစ်ထောင်” “ဓနိကြမ်းခင်း ဆန်တတင်း” ဟု ဖြစ်သည်။ မပေးလျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်သော ကြောင့် မဖြစ်မနေပေးကြရသည်။
ထိုအချိန်တွင် မြန်မာနိုင်ငံတွင်လည်း အုပ်ချုပ်ရေးယန္တရားများ ပျက်စီးပြိုကွဲနေသော ခေတ်ကာလဆိုးကြီးလည်းဖြစ်သည်။ နောက်ဆုံးတွင် ရွာကိုဆက်ကြေးကောက်ခံရုံဖြင့် အားမရနိုင်ဘဲ အနှစ်နှစ်အလလ ရွာသူရွာသားတို့၏ ၀မ်းမီးကို ငြိမ်းသတ်ပေးနေသော ပန်းလှိုင်ဆန်စက်ကြီးကိုပါ ရန်ရှာလာတော့သည်။ ဆန်စက်ပိုင်ရှင်အား ငွေတစ်သိန်း လှမ်း၍တောင်းလိုက်သည်။ သတ်မှတ်ရက်အတွင်း မပေးပါက ဆန်စက်ကြီးကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ရာဇသံပေးလိုက်၏။ စက်ပိုင်ရှင်ထံမှ မည်သို့မှ အကြောင်းပြန်မလာသောအခါ ဂွေနီနှင့် လှဝင်းဦးစီး လူမိုက်ဂိုဏ်းအဖွဲ့ဦးဆောင်၍ ဆန်စက်ကြီးကို ဖြိုလိုက်ကြသည်။ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေသော ရွာသားအချို့ကပါပူးပေါင်း နှိပ်စက်ဖျက်ဆီး လိုက်ကြရာ ဆန်စက်ကြီးမှာ သုံးရက်မြောက်သောနေ့တွင် ဘွိုင်လာအိုးနှင့် ခေါင်းတိုင်ကြီးသာ ကျန်ခဲ့တော့ သည်။ နေ့ချင်းညချင်းပင် ဆန်စက်ကြီးအဖြစ်မှ မြေပြင်ပြောင်တလင်း ဖြစ်သွားရပါသည်။
လူမိုက်တို့မှာ အလိုရမ္မက်ကြီးလွန်းလှသည်။ ထိုမျှနှင့် မကျေနပ်သေး။ တစ်ရွာလုံးအသုံးပြုနေသော ဆန်စက်နောက်ရှိ ရေကန်များကိုလည်း ဖြိုဖျက်ပြီး အုတ်ခဲများကို တူးယူလိုက်ကြရာ နောက်ဆုံး မြေအောက် သံမံတလင်းပင်မကျန် အမြစ်ပြတ်ချေမှုန်းခံလိုက်ရသည်။ ရွာသူရွာသားများမှာ မည်သို့မှ ၀ိုင်းဝန်းမတားဆီး နိုင်ခဲ့ကြ။ မခံမရပ်နိုင်သည့်အဆုံး လူငယ်အချို့စုပေါင်းပြီး ဂွေးနီနှင့်လှဝင်းကို သတ်ရန်အတွက် မီးနေသည် ထမီကို ဓါး၊လှံ၊ဂျင်ဂလိတို့တွင် တပ်ဆင်ပြီး လှဝင်းနေထိုင်ရာ အိမ်သို့သွားကြသည်။ လှဝင်းမှာလည်း အကြောက်လွန်ပြီး ရွာလယ်ဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းထဲသို့ ၀င်ပြေး လိုက်သည်။
ရွာသားများကလည်း ၀ိုင်းဝန်းပြီး ဂျင်ဂလိနှင့် ပစ်သူပစ်၊ လှံနှင့်ထိုးသူထိုး ဓါးနှင့်ခုတ်သူခုတ်မို့ နောက်ဆုံး၌ ဒါဏ်ရာအချက်ပေါင်းများစွာနှင့် သိမ်ထဲမှာပင် အသက်ပျောက်ခဲ့ရသည်။ ထိုသတင်းကို ကြားလျင် ကြားချင်း ဂွေးနီလည်း ပန်းလှိုင်မြစ်ထဲသို့ ခုန်ဆင်းပြီး ရန်ကုန်ဘက်သို့ပြေးရန် ကူးသွားပါသည်။ ရွာသူရွာ သားတို့က စက်လှေများဖြင့် ၀ိုင်းလိုက်ကြသည်။ ရေပေါ် ပေါ်လာလျှင် ပန်ကာဖြင့်ခုတ်သူခုတ် ရဲဒင်းဖြင့်ခုတ်သူ ခုတ် လှံဖြင့်ပစ်သူပစ်မို့ ရေထဲတွင် ဂွေးနီခမျာ ဒါဏ်ရာပေါင်းများစွာဖြင့် အသေဆိုးနှင့် တမလွန်သို့ ထွက်ခွာ သွားရသည်။ သူတို့အလောင်းများကို ရွာသို့သယ်လာပြီး ၀က်များကြိုးနှင့် တုတ်သကဲ့သို့ ခြေလက်တို့ကို ကြိုးတုတ်ပြီး ရှေ့နောက်ဝါးလုံးဖြင့် လျိုကာထမ်းလာပါသည်။ ရွာလယ်လမ်းမကြီးတိုင်း တစ်အိမ်တစ်ယောက် ထွက်ကြည့်စေခဲ့သည်။
          လူထုအရေးတော်ပုံကြီးကို စစ်အစိုးရက ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းကာ ၁၉၈၈ခုနှစ် စက်တင် ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဂွေးနီနှင့်လှဝင်းကို သတ်သောရွာသူရွာသားများအား ဖမ်းဆီးထောင်ချလိုက်ကြောင်း မိသားစုတွေပြောပြသဖြင့် သိရှိခဲ့ရပါသည်။ အသိမဲ့သူလူရမ်းကားတစ်စု အစပျိုးမီးမွှေးလိုက်သဖြင့် ပြဿနာ၏ အကျိုးဆက်မှာ ဆိုးရွားလွန်းလှပါဘိ။ အိမ်ထောင်ဦးစီး တော်တော် များများ ထောင်းနန်းစံရသောအခါ ကျန်ရစ်သူမိသားစုနှင့် သားသမီးတို့ ဒုက္ခပင်လယ်ဝေကုန်ကြတော့သည်။
          ထိုအခြေအနေများကို သိရှိပြီးနောက်ပိုင်း ကျွန်တော်ရွာလေးထဲသို့ လှည့်လည်ကြည့်ရှုလိုက်သောအခါ မြင်ကွင်းများမှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးအိမ်တွင်းသို့ထိုးဖောက် ၀င်ရောက်လာခဲ့ပါသည်။ ထိုမြင်ကွင်းများမှာ ဘ၀တစ်သက်စာအတွက် အမှတ်ရစရာများနှင့်သာ။ ငယ်သူငယ်ချင်းအချို့မှာ ကျွန်တော့်ကို မမှတ်မိတော့။ မိသားစုစားဝတ်နေရေးအတွက်လည်း ပူပင်ရမှန်းမသိတော့ဘဲ အရက်သမားလုံးလုံး ဖြစ်ကုန် ကြသည်။  နေ့ရှိသမျှ အရက်သောက်ရရေးသာ သူ့တို့အတွက် အဓိကဖြစ်နေသည်။
အချို့ကတော့ မှတ်မိသည်။ သူတို့ဘ၀အခြေအနေကလည်း နေ့လား မသိ၊ ညလားမသိ အဟာရ ချို့တဲ့ကာ အိပ်ရာထဲလဲနေကြသည်။ အချို့မိန်းကလေးသူငယ်ချင်းများမှာတော့ အိမ်ထောင်ကျသူကျ၊ သက်ကြီးရွယ်အို မိဘများစားဝတ်နေရေး အတွက် အရှက်နှင့်သိက္ခာကို ရိက္ခာအတွက် ခန္ဓာကိုယ်ကို ပေးဆပ်ရန်အတွက် ဇိမ်ခန်းမှာရောက်ကုန်ကြသည်။ တလင်တမယားစနစ်တွေ ပျောက်ဆုံးကုန်သည်။ လင်တယောက် မယားနှစ်ယောက်ယူထားသူများလာတာကို သတိထားမိသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် အသက်မပြည့်မီ ၁၃ နှစ်အရွယ်မှာပင် အိမ်ထောင်ကျနေသူများကိုလည်း ဒုနဲ့ဒေး တွေ့လိုက်ရသည်။ ရွာလေးထဲမှ မြင်ကွင်များကို ဆက်ပြီးမကြည့်ရက် မမြင်ရက်တော့။ ခွန်အားသတ္တိများ ကုန်ဆုံးသွားခဲ့ရသည်။ ဒီရွာလေးကို ချစ်လျက်နှင့် ရည်မှန်းချက်ပန်းတိုင် တစ်ခုအတွက် စွန့်ခွာသွားရအုံးမည်။ စနစ်ဆိုးတစ်ခု မချုပ်ငြိမ်းသမျှ ဒီရွာလေးထဲရှိ ဘ၀တွေကလည်း မည်သို့ စခန်းဆက်သွားအုံးမည်ဆိုသည်ကို မသိနိုင်။
ယခုအခါ နိုင်ငံရေးအခြေအနေအရပ်ရပ်မှာလည်း တိုးတက်ကောင်းမွန်လာခဲ့သည်။ ရွာလေးထဲရှိ ဘဝများမှာလည်း စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်ပြီး အဆင့်အတန်းပြည့်ဝ၍ ဖွံ့ဖြိုးတက်သော ရွာလေးအဖြစ် ပြန်လည်ရောက်ရှိစေလိုသော ဆန္ဒတို့သည် ရင်တွင်း၌အကြိမ်ကြိမ် အခါခါ ဆုတောင်းနေမိပါတော့သည်။

အုပ်ကြီးဖေ
၁၅-၁-၂၀၁၂


No comments:

Post a Comment

Ads 468x60px

Featured Posts