Thursday, January 5, 2012

ဘဝအိမ်ပြိုချိန်

ပျင်း စရာအတိဖြင့် ပြည့်လျှမ်းနေသော ဒီရပ်ကွက်လေးထဲကို ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင် စတင်ပြောင်းရွှေ့ ခြေလှမ်းချလိုက်မိသည်။ ကိုယ်ဖောက်သောလမ်းမို့ ကိုယ်လျှောက်ရခြင်းသာ ဖြစ်မည်။ ၂၀၈၆ ဦးသောကျနော်တို့အထဲမှာ တော်လှန်ရေးသမား နိုင်ငံရေးသမားများက အများစု ဖြစ်ကြသည်။ နှစ်ရှည်လများ စွဲကိုင်ခဲ့သော မူဝါဒ လမ်းစဉ်တို့ကို သွေဖီကျောခိုင်းပြီး အနာဂတ်မျိုးဆက်သစ်တို့ဘ၀ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် ယုံကြည်ချက်တို့ကို တိတ်တဆိတ်ခေါက်သိမ်းကာ ဒီရပ်ကွက် လေးသို့ ပြောင်းရွှေ့ လာကြခြင်း လည်းဖြစ်သည်။
UNHCR မှ စာနာထောက်ထားပြီး နေရာချထားပေးသော နေအိမ်များမှာ ဖရိုဖရဲ ဟာလာဟင်းလင်း၊ အိမ်ဝန်းကျင် ကို ကြည့်လိုက်လျင်လည်း တောမြက်ရိုင်းတွေက အိမ်ကို ၀ါးမျိုမတတ်။ ဒီကြားထဲမိုးက အဆက်မပြတ်ရွာသလို ဗွက်တွေနှင့် သွားရေးလာရေးကလည်း တစ်အိမ်မှတစ်အိမ် လှမ်းဆွဲ၍ကိုယ်ကိုထိန်းပြီး သွားရသည်။ တောင်ကြိုတောင်ကြားထဲမှာ မို့လားတော့မသိ။
ညဘက်ဆို အေးလိုက်သည်မှာလည်း လူများကိုအရှင်လတ်လတ် ရေခဲရိုက်ထား သလိုလို။ အအေးဒဏ်ကို ကာကွယ်နိုင်ရန် အိမ်အောက်မှာ မီးမွှေးပြီး အိပ်ပြန်တော့ မီးခိုးမွှန်၊ အသက်ရှုကျပ်ကုန်၍ ဆေးရုံပြေးရသည်လည်း ရှိခဲ့ဖူးသည်။
အိမ်အနီးအနားမှာရှိသော လူများကလည်း ကိုယ်နှင့်မရင်းနှီးသော မျက်နှာစိမ်းများဖြစ်နေပြန်သည်။  သူ့အဖွဲ့အစည်းနှင့်သူ ရပ်တည်ခဲ့ကြသောကြောင့် ရင်းနှီးမှု မတည်ဆောက် ရသေး။ ရပ်ကွက်အုပ်ချုပ်သူ များမှာလည်း သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိနှင့် ဆက်ဆံရေးမှာ တင်းမာခဲ့သည်။ ၈၈ လူထုအရေးတော်ပုံကာလတွင် နေ၀င်မီးငြိမ်းအမိန့်သည် ကျနော်တို့နေသော ရပ်ကွက်လေးထဲတွင် လွှမ်းခြုံ သက်ရောက်ခဲ့ရသည်။ အကျယ်ချုပ်ဘ၀ဖြင့် ခြံစည်းရိုးအပြင်ဘက်သို့ မထွက်ခဲ့ရသည့် ကာလတစ်ခုကိုလည်း ရင်ဆိုင်ခံစား ခဲ့ရဖူးသည်။ ယင်းထက်ပိုဆိုးသည်မှာ ယခုအခါ နှစ်ရှည်လများခင်မင်ရင်းနှီးခဲ့သော အိမ်ပတ်ဝန်းကျင်ရှိ မိတ်ဆွေများမှာ မရှိတော့။ တတိယနိုင်ငံသို့ အလီလီထွက်ခွာသွားကြပြီဖြစ်သည်။
သူတို့ဘ၀တွေကတော့ လွတ်မြောက်သွား ကြပြီ။ ကျနော့်မိသားစုထဲတွင် သားကြီးမှာ သူတို့နှင့်ရင်းနှီးကျွမ်းဝင်ဆုံးဖြစ်၍ သူတို့ကိုမမေ့နိုင်။ တစ်နေ့ ပြန်လာနိုးပြန်လာနိုးနှင့် သူ့အဖော်အပေါင်း အသင်းများကို တဖွဖွမေးရင်း မျှော်နေတတ်သူ။ သားကြီးက အသက် ၅ နှစ်ကျော်ကျော်ရှိသေးတာမို့ လောကကြီးအကြောင်း၊ သူ့ဘ၀အကြောင်း ကောင်းစွာမသိသေးပေ။ သူ့နှုတ်ဖျားက တခါတရံ ထွက်ကျလာ သော စကားလုံးတို့က ကျနော့်ရင်ကိုနာကျင်ထိခိုက်စေခဲ့သည်။ “အဖေ သားတို့ဒီမှာ မနေချင်တော့ဘူး။ သားအဖေါ်တွေမရှိတော့ ဒီမှာနေရတာမပျော်တော့ဘူး။ သားတို့လည်း သူတို့လိုသွားချင်ပြီ” တဲ့။ ဘယ်ကိုသွားရမှာလဲ သားရယ်။ သားကြီးအမေးကိုဖြေဆိုရန် အဖြေမရှိ။ ခွန်အားလည်း မရှိတော့ ကျနော်ဘာများ တတ်နိုင်ဦးမှာလဲဗျာ။
ဒီကိုရောက်ပြီး ၄ လခန့်အချိန်ကုန်လွန်သွားသောအခါ။
ပျော် စရာသတင်းနှင့် မျှော်လင့်ချက်ရောင်နီသမ်းသော အချိန်ကာလသို့ ရောက်ရှိခဲ့ပြီဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့အားလုံး UNHCR အင်တာဗျူးနှင့် ထိုင်းပြည်ထဲရေး အင်တာဗျူးတို့ကို အောင်မြင်ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့ကြသည်ကိုး။ ပျော်စရာအတိဖြင့် ပြည့်စုံမင်္ဂလာရှိခဲ့သည်။ တတိယနိုင်ငံ အခြေချနေထိုင်ရေးအတွက် ဒုက္ခသည်ခေါ်ယူမည့် နိုင်ငံနှင့်အင်တာဗျူးလုပ်ရမည်။ အင်တာဗျူး အောင်မြင်လျှင် တတိယနိုင်ငံ၌ သွားရောက်အခြေချခွင့်ရတော့မည်ဖြစ်သည်။ ဒုက္ခသည်အများဆုံးလက်ခံခေါ်ယူသော နိုင်ငံကြီး ကလည်း တံခါးအကျယ်ကြီးဖွင့်ထားကြောင်း အတိအလင်း ကြေညာလိုက်ပြန်တော့ အတွေးတို့ဖြင့် ထုံးမွှမ်းပြီး အိပ်မပျော် စားမ၀င် စိတ်ကူးယဉ်မိသည်။ ပီတိတို့ဖြင့် ၀လင်နေကြသည်။
သံရုံးအင်တာဗျူးခေါ်ဆိုသောအခါ ကျနော်တို့နေထိုင်သောစခန်းနှင့် မဲဆောက် ကီလိုမီတာ ၂၅၀ ကျော် ခရီးကို အိမ်ဦးနှင့်ကြမ်းပြင်သဖွယ် အလီလီအခေါက်ခေါက် သွားခဲ့ကြရသည်မှာ မမောနိုင်မပန်းနိုင်။ သံရုံး အင်တာဗျူးမှာ အခန်း ၈ ခန်းရှိပြီး  အခန်း(၁/၅/၇/၈) မှာ အလွန်ရစ်ကြောင်း နာမည်ကြီးပါသည်။ မည်သူမျှ ထိုအခန်းများသို့ အင်တာဗျူးမ၀င်လိုကြ။ တချို့လူတွေ ဆုတောင်းပြည့်သော်လည်း ကျနော်တို့မိသားစုက အခန်း ၅ နှင့် မေတ္တာနှောင်ကြိုးငြိတွယ်ခဲ့ရသည်မှာ ယခုချိန်ထိပင် ရုန်းမထွက်နိုင်ငြိနေဆဲဖြစ်ပေသည်။
အင်တာဗျူးပြုလုပ်သောအခါ အမှန်အတိုင်းထွက်ဆိုပါမည်ဟု ကျမ်းကျိမ်ဆိုရသည်။ အချို့ကတော့ ယုံကြည်ကိုးစားစွာဖြင့် အမှန်အတိုင်း ထွက်ဆိုကြသည်။ အချို့မှာမူ မုသားမပါလင်္ကာမချော ဟုဆိုသည့်အတိုင်း ထွက်ဆိုလိုက်ကြသည်။ အင်တာဗျူးပြီးနောက် ၃ ပတ်ခန့်ကြာသောအခါ အဖြေအသီးသီးရရှိခဲ့ကြ၏။ “အကိုရေ အမေရိကားက ဖုန်းလာတယ်” ဟု ဖုန်းဆိုင်ကကောင်လေး လာခေါ်သောအခါ ကျနော်ဇဝေဇ၀ါနှင့် လိုက်သွားမိသည်။ ဖုန်းကိုကောက်ကိုင်လိုက်ပြီး “ဘယ်သူများပါလဲ ခင်ဗျာ” လို့ လှမ်းမေးလိုက်တော့ အမရိကား မှာ ၇ နှစ်လောက်စောပြီး ရောက်နေသော မိတ်ဆွေက ဆက်သွယ်လာတာဖြစ်နေသည်။ သူက “မင်းတို့မိသားစု အမေရိကားကို လာရတော့မယ်၊ ဒီမနက် ငါ့ကိုခေါ်ပြီး ရုံးမှာလက်မှတ်ထိုးခိုင်းတယ်။ ကြိုဆိုဖို့နဲ့ အိမ်ငှားဖို့လည်း ငါ့ကို ခိုင်းထားတယ်လေ။ ထောက်ပံ့ကြေးက တစ်လကို ဒေါ်လာ ၄၅၀ ရမယ်တဲ့။ နေရမယ့်ပြည်နယ်က ငါနေတဲ့ မင်နီဆိုးတား ပြည်နယ်၊ မြို့တော်က စိန့်ပေါလ်၊ ကာတွန်းဒိုင်းနမိုင်းနေတဲ့အိမ်ရဲ့ အပေါ်ထပ်မှာ ငှားပေးဖို့ စီစဉ်ထားတယ်။ ‘အိုကေ’ စောင့်နေမယ်” လို့ လှမ်းပြီး မင်္ဂလာသတင်းပေးလိုက်တော့ လောကမှာ ကျနော့် လောက်ပျော်နိုင်သူ ရှိပါ့ဦးမလားဟု အထင်ရောက်ခဲ့မိသည်။
အိမ်ကို ဒုန်းပြေးပြန်၊ အိမ်သူသက်ထားကို အကျိုးအကြောင်းပြောပြလိုက်သည့်အခါ ဇနီးခင်မျာ ၀မ်းသာလွန်း၍ကျရသည့် မျက်ရည်စတွေနဲ့ ။ အနီးဝန်းကျင်ကလည်း သတင်းမေးကြဆိုတော့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ရပြန်။ “သွားရရင် ဘာမှမလိုဘူး၊ အ၀တ်တစ်ထည်ကိုယ်တစ်ပါရင်ရတယ်” ဟုဆိုကာ အိမ်ရှိကိုယ်ပိုင်ပစ္စည်းတွေကို ရဲရဲကြီးရက်ရက်ရောရော ဝေပေးပစ်လိုက်သည်။ သို့သော် ကံတရားက မည်သို့ ဖန်လာသည်မသိ၊ အခြေအနေက ရုတ်ချည်းပြောင်းလဲသွားသည်။ 
“လင်္ကာမချော” ကို လက်ကိုင်ပြုထားသူအားလုံးနီးပါး လမ်းခရီးချောမော သွားကြပါပေသည်။ အချို့သူ တွေဆို အိမ်မှာထမင်းချက်နေတုန်း ဘုမသိဘမသိ MOI ကားပေါ်တက်စီးကာ နိုင်ငံခြားရောက်သွားသည် ကိုလည်း အံ့သြဖွယ်တွေ့ရ ကြုံခဲ့ရ၏။ အမှန်အတိုင်း ထွက်ဆိုသူအများစုကတော့ ကိုယ့်ကြိုးကိုယ်ပတ် မိနေပြီး ရုန်းထွက်မရ ဖြစ်ကုန်ကြ။
ပျက် စီးစေရန် အကြောင်းတရားသည် တွန်းအားပိုမိုပြင်းထန်သည်ဟု ဆိုရမည်ဖြစ်သည်။ မျှော်လင့် ထားသည့် အကြောင်းအရာတို့ ဖြစ်ပေါ်မလာသောအခါ ဘ၀ကိုဖြစ်သလို နှစ်မြှုပ်ပစ်လိုက်ကြတော့သည်။ ကျနော့်မိသားစု အသိုက်အမြုံလေးလည်း အတော်လေး ပွန်းပဲ့ပျက်စီးသွားရသည်။ အိမ်ထောင်ပစ္စည်းတွေ လည်းမရှိတော့။ မနည်းကြီးကို ပြန်တည်ဆောက်လိုက်ရသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝချွတ်ခြုံကျ သွားရသည်။ ရှေ့တိုးရန်လည်း ခွန်အားမရှိ၊ နောက်ဆုတ်ပြန်တော့လည်း ခုံရုံးသာရှိပေမည်။ ကံတရားကို ရိုးမယ်ဖွဲ့ အပြစ်တင်ပြီး ဘ၀ကိုဖြစ်သလို နှစ်မြှုပ်လိုက်မိသည်။ အခြေအနေက ပိုမိုဆိုးဝါးလာသည်။ မိတ်ဆွေကောင်းတချို့ အားပေးတိုက်တွန်းမှုကြောင့်သာ ထွက်ပေါက်မှားကို မရောက်အောင် အချိန်မီ ရှောင်နိုင်ခဲ့သည်။
အချို့ကတော့ ဘုန်းကြီးတစ္တေ ဖြစ်ကုန်သည်။ ဘယ်လိုမှ ပြုပြင်ပေး၍ မရတော့။ မိသားစုဘ၀တွေ ဖရိုဖရဲ၊ အပ်နှင့်ထွင်းရမည့်အစား ပုဆိန်နှင့်ခုတ်ကြသောကြောင့် ဘ၀တွေကတစ်စစီ။  အချိန်ကို အရက်ဖြင့် ကုစားကြသည်။ ပထမ အရက်ကို ကိုင်တွယ်နိုင်ကြသည်။ နောက်ပိုင်းမှာ အရက်က ကြိုးကိုင်လာပြီး အရှက်နှင့် ဂုဏ်သိက္ခာတို့ကို ၀ါးမြိုပျက်စီးစေရုံတင်မက မရဏမင်းနိုင်ငံသို့ပင် အချို့လူတွေ ကိုယ်ပိုင် Visa ဖြင့် ကြွမြန်းရောက်ရှိကုန်သည်။ ငိုတစ်ခါ ရယ်တစ်လှည့် နေပူပူမှာစောင်ခြုံပြီး ရွာကိုပတ်ပြေးနေသူတွေ၊ လမ်းလယ်ခေါင်မှာ ဦးတည်ရာမဲ့ “ငါ့ဘ၀ ဘာလဲဘယ်လဲ” လို့ အပြင်းစားစကားများနှင့် ပြောဆိုရူးသွပ်နေ သူတွေ၊ နှစ်ပေါင်းများစွာ မိသားစုဘ၀ကို ဥမကွဲသိုက်မပျက် ဆောက်တည်နေလာခဲ့ပြီး ရင်သွေးရတနာ ဘ၀မြင့် မားကောင်းစားရေးအတွက် အရှင်လတ်လတ် ရင်ဘတ်ကြီးကိုခွဲပေးပြီး မိသားစုကို တတိယနိုင်ငံ သွားရရေး အတွက် ဘ၀တစ်ခုလုံးကို ပေးဆပ်ပြီး ဇနီးနှင့်သားသမီးတို့ ထွက်သွားချိန်မှာတော့ အိမ်ထောင့်မှာ အသက်ကြီး ဆံဖြူမှ ကူသူမရှိ ငိုကြွေးနေရသူတွေ၊ ရပ်ကွက်လေးထဲတွင် ဘ၀တွေပျက်၊ ခန္ဓာကိုယ်တွေပျက်၊ အကျင့် စာရိတ္တတွေပျက်...ပျက်...ပျက်ကုန်သည်။ မည်သူ့ကို အပြစ်တင်ရမည်နည်း။
ပြေး နေရသော တာဝေးခရီးပန်းတိုင်မှာ မရောက်သေး။ တတိယနိုင်ငံဆိုသည်ကလည်း မသေချာ မရေရာသော ခရီး။ သဲကန္တာရထဲ ဘယ်မှာကျမှန်းမသိသော အပ်ပျောက်ရှာနေရသည်နှင့် တူလွန်းလှပေသည်။ ကံကောင်းထောက်မစွာ တတိယနိုင်ငံသို့ရောက်သွားပါက လူသားချင်းစာနာထောက်ထားမှု အကူအညီ ၆ လ ၁ နှစ် ရနိုင်သေးသည်။ နာသာခံခက်ရှိလှပေသည်။ အမိမြန်မာပြည်သို့ ပြန်ရန်အတွက်ကလည်း မလွယ်ကူ။ အမိမြေနှင့် ခွဲခွာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ကျော်ရှိနေပြီ။ အခြေအနေတို့က ခန့်မှန်းရ ခက်ခဲလွန်းသည်။ ယုတ်စွအဆုံး သူတောင်းစားတောင် စားကျက်ရှိနိုင်သည်။ မိမိတို့အဖို့မှာ ရပ်တည်ရန် သူစိမ်းဆန်လွန်းလှ၏။ အစိုးရထုတ်ပြန်သည့်ကြေညာချက်မှာ အထွေထွေလွတ်ငြိမ်းခွင့် ပြုသည်မဟုတ်။ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမည် ဟုသာ ဖြစ်သည်။ ဥပဒေအရ အတိုက်အခံ အဖွဲ့အစည်းများကို အပြည့်အ၀ ကာကွယ်မှုမပေး။ ပြန်လည်နေရာ ချထားရေး အစီအစဉ် ရှိမရှိဆိုသည်မှာလည်း ယောင်ယမ်း၍ပင် မကြားမိ။ မိမိတို့ ရပ်ကွက်လေးထဲ ကျန်ရှိနေသူ အားလုံး၏ဘ၀သည် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်နေပါတော့သည်။
ကိုယ်ချင်းစာတရားများ လွှမ်းခြုံ ငြိမ်းချမ်းနိုင်ကြပါစေ... ။

အုပ်ကြီးဖေ
၁ ၊ ၁ ၊ ၂၀၁၂

No comments:

Post a Comment

Ads 468x60px

Featured Posts