Friday, January 20, 2012

အပြောင်းအဲများနှင့်အတူ

ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်မှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလနှင့် ချိန်ထိုးကြည့်လျှင် အစစအရာရာ အပြောင်းအလဲများကို မြင်တွေ့လာရမည်ဖြစ်သည်။ အရေးကြီးသော နိုင်ငံရေးအခင်းအကျင်း တခုအတွက် စဉ်းစားချင့်ချိန်နိုင်ရန် မိမိအမြင်များကို ရေးသားရခြင်းဖြစ်သည်။
တချိန်က အုပ်စိုးသူအာဏာရှင်အစိုးရမှာ မိမိတို့အာဏာတည်မြဲရေး အဆောက်အဦးကြီးကိုသာ အခိုင်အမာ တည်ဆောက်ခဲ့ကြသည်။ အာဏာကိုထိပါးလာလျှင်လည်း သည်းမခံကြ။ တနည်းနည်းဖြင့် အကြောင်းရှာပြီး ချက်ချင်းတုန့်ပြန်တတ်သည့်သာဓကများ အများအပြား ရှိခဲ့ပါသည်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးခေါင်းစဉ်မှာ ၄င်းတို့အတွက် အလွန်မှ ခါးသီးခဲ့ပါသည်။ အတိုက်အခံ အဖွဲ့အစည်းများကိုလည်း အမြစ်ပြတ်ချေမှုန်းရေးလမ်းကြောင်းပေါ် တွန်းတင်ခဲ့သည်။
ပြည်တွင်းအတိုက်အခံလုပ်သူအများစုကို မတရားအမှုဆင် ဖမ်းဆီးထောင်ချခဲ့လေသည်။
အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၂၀၀၃ ခုနှစ် မေ ၃၀ ရက် ဒီပဲယင်းလုပ်ကြံမှုကိုလည်း အကြံ အစည် အပြည့်အဝဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုမျှမက တိုင်းရင်းသားနယ်မြေဒေသ အသီးသီးကိုလည်း စစ်စခန်းများ တိုးချဲ့ချထားပြီး နယ်မြေစိုးမိုးရေးအတွက် လုံးပမ်းခဲ့ပြန်သည်။ တိုင်းရင်းသားကျေးရွာများကိုလည်း အဓမ္မပြောင်းရွှေ့စေပြီး စုစည်းရွာများအဖြစ် သိမ်းသွင်းကာ အကျယ်ချုပ်ဖြင့် နေစေခဲ့သည်။
နယ်စပ်ဒေသရှိ အတိုက်အခံအဖွဲ့အစည်းများ ခြေကုပ်စစ်စခန်းများကိုလည်း အမြဲအပြတ်စစ်ဆင်တိုက် ခိုက်ကာ ပြည်တွင်းစစ်မီးကို ပိုမိုများပြားစေခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နာဂစ်မုန်တိုင်းကြောင့်ပြည်သူ တစ်သိန်းခွဲ လောက်သေဆုံးသည်ကို မသိကျိုးကျွံပြုကာ ဇွတ်အတင်းအတည်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေဥပဒေအရ လွှတ်တော်တွင်း၌ စစ်တပ်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း အလိုလျောက်ပါဝင်ရေး ထည့်သွင်းပြဌာန်းခဲ့သေးသည်။ ၂၀၁၀ ရွေးကောက်ပွဲ၌လည်း အများထင်မှတ်ထားသည့်အတိုင်း ပြည်ခိုင်ဖြိုးပါတီကသာ နိုင်ငံအဝှမ်း အပြတ်အသတ်အနိုင်ရအောင် နည်းမျိုးစုံ ဖြင့် အားထုတ်လုပ်ဆောင်ခဲ့သည်။
ထိုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန်နှင့် မဲမပေးကြရန် အတိုက်အခံအဖွဲ့အစည်းများမှ အပြင်းအထန် ဆန့်ကျင်ကြ၊ ကန့်ကွက်ကြနှင့် နောက်ဆုံးတွင် ရွေးကောက်ပွဲဝင်ခဲ့သော ဒီမိုကရက်တစ်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အနည်းငယ်သာ လွှတ်တော်တွင်း နေရာရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လွှတ်တော်ကြီးစတင်ပေါ်ပေါက်လာသည်နှင့် ထင်မှတ်မထားသော အပြောင်းအလဲ များကို စတင်တွေ့မြင်ခွင့်ရခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး ခွင့်ရရှိခဲ့သည်။ အစိုးရမှ မထင်မှတ်ဘဲ အတိုက်အခံတို့ကို အသိအမှတ်ပြုလာရသည်။ ထိုအခွင့်အရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားခေါင်းဆောင်ပီပီ အမိအရဆုပ်ကိုင်နိုင်လိုက်သည်ဟု ယူဆမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ရာသီဥတုမှာ အလွန်ပင် ဂုဏ်သိက္ခာ မြင့်တက်လာခဲ့ရသည်။ နောက်ကြောင်းပြန်လှည့်မည်ကို စိုးရိမ်ကြသူတို့ကလည်း သတိကြီးကြီးဖြင့် မယုံသင်္ကာ စောင့်ကြည့်နေကြဆဲပင်ဖြစ်သည်။ နိုင်ငံရေးအခြေအနေမှာ အဆုတ်လက္ခဏာ မတွေ့ရတော့။ အတိုက်အခံတို့ ပါဝင်လာစေရေး အတွက် အရပ်သားအစိုးရမှ ဥပဒေအချို့ကို ပြင်ဆင်ခွင့်ပေးပြီး အတိုက်အခံတို့ ရွေးကောက်ပွဲ ဝင်စေခဲ့သည်အထိ ပါဝင်မှုပြုခဲ့သည်။
ထိုထက်မက အကျဉ်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းတို့ကို လည်း ပြုလုပ်ပေးခဲ့ပြန်သည်။ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်လာသောအခါ အားမလို အားမရဖြစ်ကာ အကျဉ်းသားလွတ်မြောက်ရေးတောင်းဆိုသံများ ပွက်လောရိုက်ဆူညံနေတော့သည်။ မည်သို့မျှ တုန့်ပြန်သံမကြားရ။ ၁၂-၁-၂၀၁၂ ရက်နေ့ညတွင် နိုင်ငံအတွက်အကျိုးပြုလုပ်ငန်းများကို ပူးပေါင်းပါဝင် လုပ်ဆောင်လိုသူ အကျဉ်းသား ၆၅၁ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာလိုက်သောအခါ အားလုံးပင် မင်တက်မိ ကုန်ကြတော့သည်။ မီဒီယာသမား များလည်း အလစ်ချောင်းအတိုက်ခံရသလို ဖြစ်သွားတော့သည်။ မျှော်လင့်ချက်ရောင်ခြည်တို့သည် ၁၃-၁-၂၀၁၂ ရက်နေ့တွင် ကျရောက်မည်ဖြစ်သောကြောင့် အားလုံးက ဝမ်းသာကြည်နူး ရင်ခုံမျှော်လင့်နေကြသည်။ ၁၃ ရက်နေ့တွင် နိုင်ငံရေးကျဉ်းသားများအဖြစ် ထင်ရှားသော ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်း ဆောင်များနှင့် အကျဉ်းကျ သံဃာတော်များ နှင့် ယခင်က အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ပါ လွတ်မြောက်လာသည်ကို တွေ့လိုက်ရသည်။
အကျဉ်းသားများ လွတ်မြောက်မှုအပေါ် ပြည်သူလူထုနှင့် အတိုက်အခံအဖွဲ့အစည်းများမှာ ဝမ်းသာ ဧည့်လဲနှင့် ကြိုဆိုကြ၊ဂုဏ်ပြုကြနှင့် ဝမ်းသာမျက်ရည်တို့ပင် ပြည့်လျှမ်းသော နေ့တစ်နေ့ဖြစ်ခဲ့ရသည်။ မိမိတို့ နေထိုင်ရာ ဒုက္ခသည်စခန်းမှာပင် ကျေနပ်ပြုံးများ ဖူးပွင့်ရာနေ့တနေ့ ဖြစ်ခဲ့ရသည်။ အကျဉ်းသားများထဲတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အပေါင်းတချို့ ပါဝင်လာသည်ကိုတော့ မလိုလား မနှစ်သက်သူ အတော်များများကို တွေ့လိုက်ရပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေ သော အတိုက်အခံများအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ဥပေက္ခာပြု၍ ကိုယ်ချင်းစာတရားထားနိုင်ဖို့လိုမည် ထင်ပါသည်။ မိမိတို့ အတိုက်အခံများမှာ ကိုယ်ဖောက်သောလမ်းကို ကိုယ်လျှောက်ကြရာတွင် တနည်းနည်းဖြင့် ပေးဆပ်ရသည်သာဖြစ်သည်။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် ဝင်ရောက်လာသူအားလုံး ပေးဆပ်မှုမှာ အနည်းနှင့် အများကွာခြားမှု ရှိနိုင်ပါသည်။ ထိုပေးဆပ်မှုများမှာ မိမိကိုယ်ကျိုးအတွက်မဟုတ် တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေးအတွက် ပေးဆပ်ခြင်းသာ ဖြစ်စေချင်ပါသည်။ ဤနေရာ၌ ငါကတော့ ဒီလောက်ပေးဆပ်ရတာ ဆိုပြီး ပေးဆပ်မှုကိုခုတုံးလုပ်၍ အခွင့်ကောင်းယူမည့်သူများကို မရွေးချယ်မိရန်  ဒီမိုကရေစီကိုဦးတည် လျှောက်လှမ်း နေသော မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ကောင်းစွာသတိချပ်စဉ်းစားအပ်သည်ဟု ထင်မိပါသည်။
အတိုက်အခံပြုလုပ်လျှင်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုးရှိစေမည့် အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး အတိုက်အခံလုပ်စေလိုပါသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးမပြုသော ကိစ္စရပ်ဟူသမျှကို အရေးကြီးသော ကာလတခုတွင် အမှားအယွင်းမရှိစေရန်အတွက် အားလုံးတွင် တာဝန်ရှိသည်ဟုယူဆ မိပါသည်။ အတိတ်ကာလ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ပေါ်တွင် အကောင်းဆုံး သင်ခန်းစာယူပြီး ရှေ့ဆက် အနာဂတ်ခရီးတွင် အမှားနည်းနိုင်ရေးအတွက်ကိုသာ ရည်ရွယ်ပြီး တိုင်းပြည်ပြန်လည်တည်ဆောက် ရေးအတွက် အကျိုးရှိရှိ ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုပါသည်။ တယောက်တပေါက်အလုပ်လုပ်ရမည့်အချိန် မဟုတ်တော့ပါ။ စုစည်းညီညာစွာဖြင့် ပူးပေါင်းဆောင်ရွက်မှသာ အနာဂတ်မျိုးဆက်သစ်တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အသီးအပွင့်တို့ကို ချိုမြိန်စွာ စားသောက်နိုင်ရေးမှာ အစိုးရရော အတိုက်အခံပါ နှစ်ဘက်လုံးမှာ တာဝန်ကြီးတရပ်အနေဖြင့် ရှိနေပါသည်။
နောက်ဆုံးအနေဖြင့် မလိုလားအပ်သော ကိစ္စများကို ဥပေက္ခာပြုသင့်က ပြုကြရမည်။ အာဃာတ တရားများ မပွားများကြဘဲ မေတ္တာတရားဖြင့် တုန့်ပြန်ခြင်းမှာ ကောင်းမွန်သော တန်ပြန်အကျိုးသက်ရောက်မှု ပိုမိုရရှိခံစားနိုင်ပါ သည်။
မုန်းစကိုတိုစေ ချစ်စကိုရှည်စေရန်အတွက် ရည်ညွှန်းရေးသားလိုက်ရပါသည်။

အုပ်ကြီးဖေ

No comments:

Post a Comment

Ads 468x60px

Featured Posts