Sunday, January 22, 2012

ကြွေလွင့် ရွက်စိမ်း

နေမင်းကြီးသည် လူသားတို့၏အကျိုးစီးပွားအလို့ငှာ အလင်းရောင်များဖြင့် ဖြန့်ကျက်ပေးဆပ်ရင်း ဆည်းဆာ နေဝင်ချိန်တွင် တောင်နှစ်လုံးကြားမေးတင်ကာ နောက်ဆုံး၌ အမှောင်ထုက ကြီးစိုးအနိုင်ယူသွားလိုက်သည်။ BPA တပ်စခန်းကုန်း တနေရာ၌ ခိုက်ခိုက်တုန်ချမ်းသော ညဥ့်ဦးလေပြေနော့နော့ရဲ့ အအေးဒဏ်ကို ခုခံကာကွယ်ဖို့ ထင်းမီးပုံလေးဘေးမှာ နှစ်ယောက်သားထိုင်ရင်း ငယ်ဘဝကစ အတိတ်ဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောနေမိသည်။
ဒီနေ့ ကျနော့်စိတ်တွေက လေးလံနေသလိုလို။ အမေ့ကိုသတိရနေမိသလိုလို။ ကြိတ်မှိတ်အိပ်ပေမဲ့ အိပ်လို့မရ ဖြစ်နေတယ်။ စိတ်တွေက အမေ့ရဲ့ အရိပ်အောက်က ရုန်းခွာထွက်လို့ကို မရဘူးဖြစ်နေတယ်။
ဘဝမှာ ပန်းခင်းလမ်းကို လျှောက်ဖူးချင်ပါရဲ့။ လက်တွေ့ဘဝပေး အခြေအနေကတော့ဖြင့်........
မိတ္ထီလာမြို့နယ်ထဲက ရွာလေးတရွာမှာ ကျနော်တို့နေခဲ့ရတာပါ။ ကျနော် လူမှန်းသိစကတည်းက အဖေနဲ့အမေ ကွဲသွားကြတယ်။ အဖေကတော့ မိတ္ထီလာမြို့ကို ပြောင်းသွားပြီး နောက်အိမ်ထောင်ထူထောင်လိုက်တယ်။ အိမ်ထောင်ကျပြီး သမီးတယောက်သားတယောက်ရရှိပြီးမှ ရွာကိုပြန်လာပြီး သူနဲ့အတူနေဖို့ ကျနော့်ကိုခေါ်သွား ခဲ့တယ်။ အမေ့ရဲ့မေတ္တာတရားတွေကိုပဲ ရရှိဖူးတာလေ။ အဖေ့ရဲ့ မေတ္တာတရားကိုလည်း ရယူပိုင်ဆိုင်ခွင့်ရှိ တော့မှာမို့ အရမ်းကျေနပ်ဝမ်းသာနေမိတယ်။ အဖေ့ရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း အမျိုးအမည်မသိတဲ့ ရင်တွင်းလှုပ်ရှားမှုတွေက လှိုင်းတံပိုးထလို့.......

ဒီလိုနဲ့ အဖေ့အိမ်လေးရယ် ပထမဦးဆုံးတွေ့မြင်ခွင့်ရလိုက်တဲ့ အဖေ့ဇနီး၊သား၊သမီးတွေကို တွေ့လိုက်ရတော့ ရင်ထဲမှာ အပူမီးဟပ်သလို ဘဝင်မကျသလို ဖြစ်မိပြန်တယ်။ ဒီအိမ်ကိုရောက်ပြီး နောက်ရက်တွေကစ အဖေက ကျနော့်ကို အလုပ်တွေခိုင်းပါတော့တယ်။ ကြမ်းတိုက်၊ ရေခပ်၊ ထမင်းအိုးတည် စသဖြင့်ပေါ့။ ဒါ့ထက်ဘယ်က အုံးမလဲဗျာ.. အိမ်ကနေ နှစ်နာရီလောက်သွားရတဲ့ အရက်ဖိုကို နေ့စဉ်သွားပြီး အဖေသောက်ဖို့ အရက်နေ့စဉ် ဝယ်ပေးရတယ်။ လွယ်အိတ်ထဲမှာ အရက်ပုလင်းနှစ်လုံးကို ထည့်လွယ်ပြီး အရက်ဖိုးငွေ နှစ်ရာကို ကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ရင်း အညာနွေပူပူအောက်မှာ ဖိနပ်မပါခြေဗလာနဲ့ ကန္တာရဆူးတွေကိုတောင် မမှု၊ နေ့စဉ်ချီတက် ရတာအမောပါပဲဗျာ။ တခါတရံ ကလေးသဘာဝအလျောက် ပြေးလွှားဆော့ကစားရင်း ပြန်လာတော့ ပုလင်းချင်း ပွတ်တိုက်မိပြီး အရက်ပုလင်းတွေ ကွဲသွားပြန်တယ်။ ကိုယ့်တင်ပါးကို ကိုယ်ပြန်စမ်းရင်း စိတ်တထင့်ထင့်နဲ့ အိမ်ပြန်အရောက် ထင်ထားတဲ့အတိုင်းပါပဲ။ အဖေ့ရဲ့လက်စွဲတော်ကြိမ်လုံးက ဆီးကြိုနှုတ်ဆက်လိုက်တာ ဖင်နဲ့ ကြမ်း မထိခဲ့ရတဲ့ရက်တွေ လက်ချိုးရေတွက်လို့မှ မကုန်နိုင်ခဲ့။
အဖေမူးလာရင် အဖေ့ရင်ခွင်ထဲမှာ သမီးကြီး၊ ဂုတ်ပေါ်မှာက သား၊ ဘေးကမယားနဲ့ ပြုံးလို့ပျော်လို့ စကားတွေ တဖောင်ဖောင်။ ကျနော်ကတော့ အစွန့်ပယ်ခံရသလို သူတို့ကိုကြည့်ရင်း ပါးပြင်ပေါ်မှာမျက်ရည်တွေ တသွင်သွင်စီးနေခဲ့ရတယ်။ အဖေ့ရဲ့မေတ္တာတွေကို သားကိုလည်း ဝေမျှပေးပါအုံးလို့ မချင့်မရဲနဲ့ ရင်တွင်းမှာ ကြိတ်မှိတ်ဆုတောင်းရတာလည်း အကြိမ်ကြိမ်အလီလီပေါ့။ မနက်မိုးလင်းတာနဲ့ အကြောင်းမရှိ အကြောင်းရှာ ဘယ်သူဘာလုပ်လုပ် အပြစ်ဟူသမျှ ကျနော်ကပဲဖြစ်ရတယ်။ အဖေရဲ့ လက်စွဲတော်ကြိမ်လုံးဒါဏ်ကလည်း နေ့စဉ်ရက်ဆက် ကျနော့်ခန္ဓာကိုယ်မှာ အရှိုးရာ အပြည့်နဲ့။ ခန္ဓာကိုယ်က ဒါဏ်ရာတွေထက် နှလုံးသားကဒါဏ်ရာ တွေက တနေ့တနေ့ပိုမိုပြင်းထန်လာခဲ့ရတယ်။ ခံစားချက်တွေမဲ့လာတဲ့အခါမှာ အဖေနဲ့အဝေးဆုံးကို ကျနော် ခြေကုန်သုတ်ပြီး ခြေဦးတည့်ရာ ထွက်ပြေးလိုက်မိတယ်။
ဦးတည်ရာမဲ့ သာစည်ဘူတာကိုရောက်တော့ လူကြီးတစ်ဦးက ကျနော့်ကိုကြည့်ပြီး “ငါ့တူ မင်းပုံကြည့်ရတာ ထမင်းမစားရသေးဘူးနဲ့တူတယ်၊ မင်း ထမင်းစားမလား” လို့မေးလာတော့ ဝမ်းသာစိတ်နဲ့ “စားချင်တာပေါ့ ဦးလေးရာ” လို့ ပြောလိုက်ရော၊ သာစည်ဘူတာနဲ့ မနီးမဝေးက မခိုင်ထမင်းဆိုင်ကို ခေါ်သွားပြီးထမင်း လိုက်ကျွေးတယ်။ တနေကုန်ဆာနေတော့ အငမ်းမရ စားပစ်လိုက်မိတယ်။ ထမင်းစားပြီးတာနဲ့ “မင်းငါနဲ့လိုက်ခဲ့” လို့ ခေါ်သွားတော့တယ်။ သွားစရာမရှိ၊ ယောင်ချာချာနဲ့သူ့နောက်လိုက်ရင်း တပ်စခန်းတခုထဲကို ရောက်သွား ခဲ့တယ်။ “ဒီမှာရဲဘော်သစ် တယောက်ရပြီ” ဆိုပြီး ကျနော့်ကို ထိုးအပ်လိုက်တယ်။ သူက စစ်သားစုဆောင်းရေး ဌာနက တပ်ကြပ်ကြီးတဲ့ဗျာ။ ရောက်ပြီးမကြာဘူး။ အသက်၊ နေရပ်လိပ်စာ တွေကို ဖောင်ထဲမှာ သူတို့စိတ် ကြိုက် ဖြည့်သွင်းလိုက်တယ်။ ကျနော့် အသက်(၁၃)နှစ်ဟာ (၁၈)နှစ် ဖြစ်သွားခဲ့ရတယ်။
နောက်မနက်မှာတော့ ရှေ့တလက်မနောက်ပြောင် ပုံစံကေညှပ်၊ နေရင်းထိုင်ရင်း ရဲဘော်သစ်ဖြစ်သွားရတယ်။ နှစ်ပတ်လောက် အလုပ်တွေကို မနေမနားခိုင်းခဲ့ရတယ်။ အလုပ်မရှိတဲ့နေ့ဆိုရင် တန်းစီခိုင်းပြီး စစ်ဆင်ရေး ဝင်ရမယ်တဲ့။ ဘားတိုက် ကြမ်းပြားတွေကြားမှာ ပုန်းအောင်းပြီး လူတွေရဲ့ သွေးသားတွေကို မြိန်ယှက်စွာစားသုံး နေတဲ့ ကြမ်းပိုးတွေကို တယောက်အကောင်ငါးဆယ် ရအောင်ဖမ်းခိုင်းတယ်။ မသတ်ရဘူး အရှင်လိုချင်တယ် ဆိုတာနဲ့ အရှင်ရဖို့အရေး အခင်းပျဉ်ပြားအောက် ပက်လက်လှန်ဝင်ပြီး တုတ်ကလေးနဲ့ စိတ်ရှည်ရှည် ဖမ်းပေးခဲ့ရ ဖူးတယ်။ စစ်သင်တန်းတက်ဖို့ဆိုပြီး မင်္ဂလာဒုံစုဆောင်းရေးကို ပို့လိုက်ပြန်တယ်။ အဲဒီကနေတဆင့် သင်တန်း တက်ရမယ့် ဧရာဝတီတိုင်းကို သင်္ဘောကြီးစီးပြီး သွားခဲ့ရတယ်။
ကျနော်သင်တန်းတက်ရမယ့် နေရာက အမှတ်(၅)တိုင်းဗဟိုလေ့ကျင့်ရေးတပ်ရှိရာ ပုသိမ် ရွှေမြင်တင်အရပ်ကို ရောက်လာခဲ့ရတယ်။ လေ့ကျင့်ရေးတပ်ရောက်တော့ သင်တန်းတွေက အများကြီး။ လူတွေကလည်း နည်းနည်း နောနောမှ မဟုတ်တာ။ သူရ၊ သီဟ၊ စည်သူ၊ ဘုရင့်နောင်၊ အနော်ရထာ၊ ဗန္ဓုလ စသဖြင့် တပ်ခွဲတွေကလည်း အများကြီး။ ကျနော်က သူရတပ်ခွဲမှာ ကျတယ်။ သင်တန်းသားက တပ်ခွဲတခုကို ၂၅၀၊ သင်တန်းကာလ ၄ လ၊ တိုးမြှင့်ကာလ ၂ လ ပေါင်း ၆ လ သင်တန်းတက်ရမယ်တဲ့။ နောက်နေ့မိုးလင်းတာနဲ့ ယူနီဖောင်းနဲ့ အသုံး အဆောင် တွေကိုထုတ်ပေးတယ်။ ထုတ်လာတဲ့ အိုဂျီယူနီဖောင်းကို ဝတ်ပြီး ကိုယ့်ကိုယ်ကို သူရဲကောင်းကြီးလို့ တောင်ထင်လိုက်မိသေးရဲ့...............
လူ့ငရဲဆိုတာ အဲဒီကအစ။ ဘာလို့လဲဆိုတော့ မိုးမလင်းသေးဘူး၊ အိပ်ရာထ၊ ကစ်ခေါက်၊ ပီတီပြေးရတယ်။ မောမောနဲ့ပြန်ရောက်လာပြန်တော့ ကျဲတောက်နေတဲ့ လဘက်ရည်တခွက်တိုက်ပြီး ခေတ္တအနားပေးပါတယ်။ ၈ နာရီထိုးတာနဲ့ တန်းစီ၊ လေ့ကျင့်ခန်းတွေလုပ်၊ ဒိုက်ထိုး၊ ဖားခုန် အမျိုးစုံပေါ့။ ပင်ပန်းမှုဒဏ်ကြောင့် ထွက်ပြေးကြ သူတွေကလည်း မနည်း။ ပြန်မိရင်တော့ ဂျီသရီးကို မောင်းတင် ကျည်ထိပ်ဖူးကိုဖြုတ်၊ ယမ်းတဝက်လျှော့၊ ကျည်ဖူးနေရာမှာ စက္ကူနဲ့အစားထိုးပြီး လက်ပြန်ကြိုးတုပ်ထားတဲ့ ထွက်ပြေးသူရဲ့ နားကိုကပ်ပြီး ပစ်ဖောက်လိုက် တော့ နားကြီးကယောင်ကိုင်းပြီး မျက်လုံးပြူး မျက်ဆံပြူး ကြောင်တောင်တောင် ဖြစ်သွားကြတယ်။ ဒါထက် ဘယ်ကအုံးမလဲ။ အားလုံးကိုတန်းစီခိုင်းပြီး တယောက်တချက်ရိုက်စေပြန်တယ်။ စာနာစိတ်လေးနဲ့ ဖြည်းဖြည်း ရိုက်လိုက်မိလို့ကတော့ “ဒီလိုရိုက်ရတယ်ကွ” ဆိုပြီး ကိုယ့်ကိုပါမှောက်ခိုင်းပြီး ရိုက်တော့တာပါပဲ။ တနေ့ ထမင်း စားဖို့တန်းစီနေတုန်း ဘယ်လှည့်ညာလှည့် တယောက်ချင်းထွက် ဆိုပြီး ဘားတိုက်ဘေးမှာ ဘယ်သူ ဖင်သရမ်း မှန်းမသိတဲ့ ချေးပုံကြီး၊ မိုးရေနဲ့ဆိုတော့ ပွပြဲနေတာကို တယောက်တကော် လက်ညှိုးနဲ့ ကော်ခိုင်းတယ်။ အမိန့် ကလည်း တခါတည်းချမှတ်လိုက်ပြန်တယ်။ လက်မဆေးရ၊ ထမင်းတန်းစားရမယ် တဲ့။ ဘာတတ်နိုင်မှာလဲ ဗျာ။ ဝဋ်ဒုက္ခလို့ပဲ သဘောထားပြီး ဆာလောင်နေတဲ့ ဝမ်းဗိုက်ရဲ့ဆန္ဒကို ကြိတ်မှိတ်ပြီး ဖြည့်ဆည်းပေးလိုက်ရတယ်။ အဖြစ်အပျက်တွေကတော့ ပြောမကုန်နိုင်လောက်အောင်ပါပဲ။ သင်တန်းကာလမှာ လူမျိုးစုံ၊ အရွယ်စုံ၊ စရိုက်စုံ ကူးလူးဆက်ဆံကြရတာ။ အသက် (၁၃)နှစ်ကနေ(၄၀) အထိရှိတယ်။ ခိုးဆိုးနှိုက်တွေ၊ ခေတ်ပညာတတ်တွေ၊ ပန်းချီဆရာ၊ ဘုန်းကြီးလူထွက်၊ နှစ်ခါပြန် စစ်မှုထမ်းတွေ၊ နတ်ကတော်တွေ စသဖြင့် ဘဝစုံတဲ့ တက္ကသိုလ်ကြီး တခုလို့ဆိုရမှာပေါ့။
ပင်ပန်းဆင်းရဲမှုဒဏ်တွေ အလူးအလိမ့်ခံပြီး ၆ လပြည့်တော့ ကက(ကြည်း) ညွှန်ကြားချက်နဲ့ ကိုယ်တာဝန်ကျရာ တပ်တွေကို သွားဖို့စောင့်ဆိုင်းရတယ်။ ကျနော်က ခမရ(၅၃၁) မှာ တာဝန်ကျတယ်။ ဘယ်မှာမှန်းမသိပေမဲ့ နောက်ဆုံး ကယားပြည်နယ်၊ ဖရူဆိုမြို့မှာရှိတဲ့ ခမရ(၅၃၁)ကို ရောက်ခဲ့တယ်ဆိုပါတော့။ မိခင်တပ်ရင်းကို ရောက်ပြန်တော့လည်း တပ်တွင်းဖိနှိပ်မှု၊ အထက်အောက်မညီမျှမှု၊ နိုင်ထက်စီးနင်းပြုမှုတွေက နေ့စဉ်ဆီးကြို ပွေ့ဖက်နေတာကိုပဲ ခံစားနေရတယ်။ သည်းမခံနိုင်တဲ့အဆုံး ကျနော်နဲ့ ယုံကြည်ချက်တူတဲ့ သူငယ်ချင်း ၅ ဦး စုပြီး လက်နက်တွေယူပြီး တောခိုဖို့ ထွက်ပြေးခဲ့ကြတယ်။ တပ်ကလည်း ထပ်ချပ်မကွာ လိုက်ဖမ်းတော့ သူတပြန်ကိုယ်တပြန် ပစ်ခတ်ရင်း တယောက်ကတော့ ဒဏ်ရာနဲ့အရှင်ပြန်မိသွားလို့ အသတ်ခံလိုက်ရတယ်။ ကျနော်တို့ ၄ ယောက်ကတော့ ကံကောင်းထောက်မစွာနဲ့ တော်လှန်ရေးနယ်မြေကို ချောချောမောမော ရောက်လာတယ် ဆိုရမှာပဲ။
တချိန်ကတော့ မဖြစ်ချင်တဲ့ စစ်သားဖြစ်ခဲ့ရတယ်။ အခုတော့ အမှန်တရားအတွက် ဖြစ်ချင်တဲ့တော်လှန်ရေး သမားဖြစ်ခဲ့ရပြီ။ မတော်လို့ တော်လှန်ရေး လမ်းခရီးတဝက်မှာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရရင် မိတ္ထီလာ၊ မလိုင်မှာရှိတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ကြီး ကျနော့်အမေ ဒေါ်သိန်းညွန့်ကို ကျနော့်အကြောင်း လေး သွားပြောပေးပါနော်။
သူပြောချင်လှသော ရင်ထဲကစကားတွေကို မနားတမ်း ကရားရေလွှတ် တောက်လျှောက်ပြောဆိုပြီးနောက် ရဲဘော် အောင်မျိုးသိန်းက ကျနော့်ကို ငေးစိုက်ကြည့်နေသည်။ ဝန်းကျင်တခုလုံးမြူခိုးတွေ ပိန်းပိန်းပိတ်နေပြီး ညှဥ့်ငှက် တကောင်၏ စူးစူးဝါးဝါး အော်သံကိုကြားလိုက်ရသည်။ ရွက်ကြွေတောပေါ်သို့ ဆီးနှင်းစက်တွေ တဖျောက်ဖျောက် ကျဆင်းလျက်။ ညဥ့်ပင် အတော်နက်နေပေပြီ။
“မင်း ဘာတွေပြောနေတာလည်း၊ တိုင်းပြည်ငြိမ်းချမ်းတဲ့ တနေ့၊ တို့တတွေ ပျော်ပျော်ပါးပါးနဲ့ အမေ့အိမ်တွေကို အတူတူပြန်ကြတာပေါ့။ ကဲ ကဲ ညဥ့်လည်းနက်လှပြီ။ မနက်ကျရင် တိုက်ကင်းသွားရအုံးမှာ၊ သွားပြန်အိပ်တော့” ဟု သူ့ကိုအိပ်ရာဝင်ရန် ကျနော်သတိပေးလိုက်သည်။ လှည့်ပြန်ထွက်သွားသော သူ့ကျောပြင်ကိုငေးကြည့်ရင်း သူ့ဘဝအမောတို့က ကျနော့်ထံ ကူးစက်လောင်ကျွမ်းလာတော့သည်။
(မဆုံးမနစ်သော ဇွဲဖြင့် တိုက်ပွဲဝင်ရင်း မထင်မရှားကျဆုံးသွားသော ရဲဘော်အောင်မျိုးသိန်းအား သတိတရ ရေးဖွဲ့မိပါသည်။)

အုပ်ကြီးဖေ

No comments:

Post a Comment

Ads 468x60px

Featured Posts