Monday, January 23, 2012

ကိုယ်တိုင်ရွေးတဲ့ လမ်း


ခုချိန်မှာ လက်ရှိအစိုးရက ပြုပြင်ပြောင်းလဲရေး ကဏ္ဍတချို့ လုပ်ဆောင်လာတာ အစိုးရခေါင်းဆောင်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ကနေအစပြုပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ ပြည်ပရောက် အတိုက်အခံတွေကို ဆန္ဒရှိရင် ပြန်လာဖို့ လမ်းဖွင့်ဖိတ်ခေါ်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးတာတွေ တွေ့လာရတော့ မြန်မာနိုင်ငံကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာတော့မယ့် မျှော်လင့်ခံစားမှုတွေ လူအများစိတ်ထဲမှာ ဖြစ်ပေါ်လာကြမှာပဲလို့ တွေးမိပါတယ်။ ကောင်းတဲ့လုပ်ရပ်တွေပါပဲ။ 


လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာမူတည်ပြီး ကျနော်နဲ့ဘဝတူတချို့က ကျနော်တို့တတွေရဲ့ အရေး ကိစ္စတွေကိုလည်း မျှော်တွေးဆောင်ရွက်ဖို့ စကားကမ်းလှမ်းလာကြပါတယ်။ ဘယ်လိုလုပ်ကြမလဲ... ကျနော်တို့ အပေါ်မှာရော အစိုးရက ဘယ်လိုသဘောထားလေမလဲ ပေါ့။ ကျနော်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလေး အနက်သိပ်မထားမိခဲ့တာ အမှန်ပါ။ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တယ်လို့ သဘောထားခဲ့တာလည်း ပါပါတယ်။

ဒါပေမဲ့ ဒီကိစ္စက ကျနော်တစ်ယောက်တည်း ပတ်သက်နေတာတော့ မဟုတ်ပါဘူး။ နေရာအနှံ့မှာ ကိုယ်နဲ့ဘဝ တူတွေ တွေ့နေမြင်နေရတာမို့ စဉ်းစားထိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နောက်ခံဖြစ်ရပ်ချင်း တော့ တူချင်မှတူကြမှာပါ။ တချို့က ကိုယ့်ဘာသာ ပြေးချင်လို့ ပြေးတာ တချို့ကတော့ ဆက်နေလို့မရနိုင်တဲ့ ဖိအားတွန်းအားတွေကြောင့် ပြေးကြရတာ။ ပြေးတယ်ဆိုတဲ့ နောက်ပိုင်းတော့လည်း အားလုံးကိုတပြေးညီ ပုဒ်မတပ်၊ တံဆိပ်ခတ်ခံကြရတာပါပဲလေ။

ကျနော့်တကိုယ်ရေအနေနဲ့ပြောရရင် ရေတပ်ထဲကို ကျနော်ဝင်ရောက်ချိန်မှာ အသက် ၂၄ နှစ်လောက်ရှိနေပါပြီ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ ဝင်ရောက်ခဲ့တာပါ။ ကျနော်တို့ တပ်ဝင်စာချုပ်ချုပ်ဆိုချိန်မှာ တန်းပြည့်စစ်မှုထမ်း ကာလ ၅ နှစ်၊ အရံစစ်မှုထမ်းကာလ ၅ နှစ် စုစုပေါင်း ၁၀ နှစ် အမှုထမ်းဖို့ စာချုပ်မှာလက်မှတ်ရေးထိုးရပါတယ်။ တန်းပြည့် ၅ နှစ်အမှုထမ်းပြီးတဲ့ စစ်မှုထမ်း တဦးဟာ တပ်မှာဆက်လက်အမှုမထမ်းချင်တော့ဘူးဆိုရင်လုပ်သက် ဆုကြေးခံစားခွင့်နဲ့ နှုတ်ထွက်ခွင့်တင်နိုင်ပါတယ်။ အဲဒီလိုနှုတ်ထွက်ခွင့် တင်တဲ့စစ်သည်တဦးရဲ့ တပ်ထွက်ကိစ္စ အဝဝကိုလည်း ကျနော်ဆောင်ရွက်ပေးဖူးပါတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင် အဲဒီအခွင့်အရေး မရခဲ့ပါ။ ကျနော် တို့ကျတော့ ၁၀ နှစ်ပြည့်မှ ပင်စင်နဲ့ထွက်ခွင့်ရှိတယ် ဖြစ်သွားပါတယ်။

ဆိုကောင်းမည်ကောင်းလို့ ပြောရလေမလားပဲ။ ကျနော်စစ်မှုထမ်းသက် ၁၀ နှစ်ပြည့်လုအချိန်မှာ အဲဒီအချိန်က စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်စိုးသိန်းက လုပ်သက် ၁၀ နှစ်ပြည့်ပြီး တပ်မှာဆက်မနေချင်တဲ့သူတွေ နှုတ်ထွက်ခွင့်တင်နိုင်တယ်လို့ ရောက်လေရာဌာနချုပ်တွေမှာ အတိအလင်းပြောဆိုတာမို့ ကျနော်လုပ်သက် ပြည့်တဲ့အချိန်မှာပဲ နှုတ်ထွက်ခွင့် တင်လိုက်ပါတယ်။ ကျနော်တို့ အုပ်စုက သူငယ်ချင်းတွေ အများအပြား တင်ကြပါတယ်။  ဒုဗိုလ်ချုပ်ကြီး စိုးသိန်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာတဲ့အချိန်မှာ နှုတ်ထွက်ခွင့် ရချင်တာပါ။ သို့ပေမဲ့ “နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက်ကဲ” အဖြစ်မျိုးကြုံခဲ့ရပါတယ်။ သူ့လက်ထက်ရောက်မှ တပ်သားသစ်ရရှိရေး စီမံချက်ချပြီး စုဆောင်းကာ တပ်ထွက်ခွင့် ပိတ်သိမ်းထားပါတယ်။ ကျနော်ထွက်လာချိန်အထိ ကျနော်တင်ထားတဲ့နှုတ် ထွက်ခွင့်ဟာ ဧရာဝတီရေတပ်စခန်းဌာနချုပ်က ဖိုင်တွဲတခုထဲမှာ အိပ်မောကျနေဆဲပါ။ သူ့လက်ထက်မှာ နှုတ်ထွက်ခွင့်တင်မိတဲ့ အရာရှိများကိုလည်း နယ်စွန်နယ်ဖျားမှာရှိတဲ့ တပ်သစ်တွေကိုတမင်ပို့ခဲ့တာတွေ ရှိပါတယ်။

စကားစပ်မိလို့ ပြောရရင် မြစ်ဆုံကိစ္စမှာ ပြည်သူလူထုအသံကို မြေဝယ်မကျနားထောင်ပါမယ် ဆိုပြီး နာမည် ကောင်းရနေတဲ့ ဦးစိုးသိန်းနဲ့ ပတ်သက်လို့ အွန်လိုင်းမိတ်ဆွေတစ်ဦးက ကျနော့်ဆီကို အီးမေးလ်ပို့လာပါတယ်။ သူက “ခင်ဗျားတို့ ရေတပ်ကဦးစိုးသိန်းကတော့ တကယ့်ဒီမိုကရေစီသမားပဲဗျ။ ရေတပ်ကလာတာမို့လား မသိဘူး” တဲ့။ သူ့အီးမေးလ်ကို ဖတ်ပြီး ကျနော်ပြုံးနေမိပါတယ်။ တပ်ထဲမှာရှိတုန်းကသာ စစ်သည်တွေရဲ့ အခွင့်အရေးကို အဲလိုစဉ်းစားပေးခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့လည်း တွေးမိပါတယ်။ ၂၀၀၆ ခုနှစ် နှစ်ဆန်းမှာ ဓညဝတီရေတပ်စခန်းက လက်နက်နဲ့ထွက်ပြေးတဲ့ စစ်သည်လေးတွေကို လူပြန်မလိုချင်ဘူး လက်နက်ပဲ ပြန်လိုချင်တယ်လို့ တချက်လွှတ်အမိန့်ပေးခဲ့တာ ဦးစိုးသိန်း မဟုတ်ပါလား။ ဒါပေမဲ့ သန်းငါးဆယ် ကျော်သော ပြည်သူလူထရဲ့ဆန္ဒကို အလေးထားတဲ့အတွက်တော့ ကျနော်သာဓုခေါ်ပေးလိုက်ပါတယ်။

ကျနော်ကတော့ တပ်ထဲကိုဝင်ခဲ့တဲ့ ကိစ္စမှာရော တပ်ကထွက်လာတဲ့ ကိစ္စမှာပါ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ် ဆောင်ခဲ့တာမို့ နောင်တရစရာ အကြောင်းမရှိပါဘူး။ ကျနော်နဲ့ စစ်ခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ ကျနော့် ဘက်က တာဝန်ကျေခဲ့ပါတယ်။ သူတို့သာ မလိုအပ်ဘဲ တပ်အင်အားကို အရမ်းကာရော မချဲ့ထွင် ခဲ့ဘူးဆိုရင် အရာရှိ/စစ်သည် အတော်များများ တပ်ပြေးဘဝကို ရောက်မှာမဟုတ်ပါ။ တဘက်မှာ ဖွဲ့စည်းပုံ နဲ့တပ်အင်အားကို နင်းကန်တိုးချဲ့နေပေမဲ့ တဘက်မှာ အုပ်ချုပ်မှုလျော့ရဲ၊ စီမံခန့်ခွဲမှုအားနည်း၊ ထောက်ပံ့မှုက လည်း မဖြစ်စလောက်ညံ့ဖျင်းနေတော့ တပ်တွင်းမှာ နိုင်ထက်စီးနင်းပြုမှု၊ အကျင့်ပျက်လာဘ်စားမှုထူပြော လာပြီး တပ်ပြေးတွေများ လာတာပဲ အဖတ်တင်ပါတယ်။  ဆေးဘုတ်နဲ့ထွက်ဖို့ ကိစ္စဆိုတာကလည်း ငွေတွေ သိန်းဆယ်ဂဏန်း ချီပြီးကုန်ရမယ့် ကိစ္စ၊ တော်ရုံစစ်သည် တတ်နိုင်ပါ့မလား။

ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်တဲ့တိုင် စစ်မှုထမ်းသက် ၁၀ နှစ်ကျော်ကာလအတွင်း ကျနော်ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းမရှိဘဲ တာဝန်ကျေအောင် ထမ်းဆောင်ခဲ့တယ်လို့ ခံစားမိပါတယ်။ ကျနော်နဲ့လက်တွဲတာဝန် ထမ်းဆောင်ဖူးတဲ့ လုပ်ဖော်ကိုင်ဘက်တွေ၊ အထက်အရာရှိတွေ သိပါတယ်။ ကျနော်နဲ့ လုပ်ဖော်ကိုင်ဘက် အများစုဟာ မိသားစုရဲ့ဂုဏ်သိက္ခာ၊ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်ဘဝ ညှိုးငယ်မှာကို ငဲ့ညှာထောက်ထားပြီး မပျော်ပိုက်ပါဘဲလျက် တပ်ထဲမှာ လွတ်ရက်မရှိထောင်ကျခံရင်း ကျန်ခဲ့ကြပါတယ်။

ထွက်လာပြီးတဲ့နောက်ပိုင်း ခုလိုကျနော်စာရေးနေတာဟာလည်း လွတ်လပ်တဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပါပဲ။ ကျနော့်အတွေ့အကြုံအရ ယုံကြည်နေတာက စစ်အာဏာရှင်စနစ်ကြောင့် တပ်မတော်သားတွေနဲ့ပြည်သူလူထု အကြား စိတ်ဝမ်းကွဲပြားမှုတွေကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်လည်း ဆက်ပြီး နစ်နာဖို့ရှိနေပါတယ်။ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ အရာရှိတိုင်း၊စစ်သည်တိုင်း အာဏာရှင်တွေမှ မဟုတ်ကြတာ။ ကူညီယိုင်းပင်းတတ်သူတွေ ကိုယ်ချင်းစာတရားပြည့်ဝသူတွေ တပ်ထဲမှာ အများကြီးရှိပါတယ်။ သို့သော်လည်း အမိန့်နဲ့လှုပ်ရှားနေရတဲ့ တပ်သဘာဝရယ်၊ အာဏာရှင်ခေါင်းဆောင်ကြီးတွေရဲ့ သွေးထိုး မှိုင်းတိုက်မှုတွေရယ်ကြောင့် ပြည်သူလူထုနဲ့တပ်အကြား နီးစပ်မှုမရှိရာက ထင်ယောင်ထင်မှားဖြစ်တာတွေများ လာခဲ့ပြီး ပြဿနာကိစ္စဖြစ်တိုင်း မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှု မရှိတော့ပါဘူး။ ပိုပြီးအထိနာရတာက လက်နက် မဲ့တဲ့ ပြည်သူလူထုပါပဲ။ လက်နက်ရှိတဲ့သူက လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာကို ဘယ်မှာတိုင်တည်ရမှန်း မသိ၊ သိပြန်တော့လည်း မတိုင်ရဲ၊ တိုင်ပြန်တော့လည်း ထိထိရောက်ရောက် အရေးမယူတဲ့အခါ မတရားပြုမှုကို ကြိတ်မှိတ်ခံစားရတာတွေများလွန်းလာတော့ အမုန်းတရားဆိုတဲ့အနာက တပ်မတော်သားအားလုံးအပေါ် ရိုက်ခတ်လာသလို ဖြစ်လာတယ်။ တပ်နဲ့ပြည်သူအကြား ဆက်ဆံရေးဟာ ကြာလေပိုဆိုးလေဖြစ်နေတော့ အဲဒီအပေါ်မှာ ဘယ်သူတွေ အကျိုးအမြတ်ခံစားနေရသလဲ...။

၁၉၉၀ ပြည့်လွန်နှစ်တွေတလျှောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အစိုးရအကြား လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခြင်းဆိုတဲ့အသံတွေ ညံနေချိန်မှာ ဘိန်းဘုရင်လို့လူသိများတဲ့ ဦးခွန်ဆာတပ်ဖွဲ့တွေလည်း ပါဝင်လာတာမို့ ဦးခွန်ဆာနဲ့ စစ်ခေါင်းဆောင်ကြီးတွေ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော လက်ဆွဲနှုတ်ဆက်တဲ့ ပုံတွေ MRTY, MWD သတင်းမှာ ပါလာတဲ့အခါ မင်္ဂလာဒုံစစ်ဆေးရုံ မစွမ်းမသန်လူနာဆောင်ထဲက TV အတော် များများ ရိုက်ခွဲခံရပါတယ်။ ပေတရာလမ်းပေါ်မှာ ကားရှေ့ဖြတ်လှဲပြီး ပိုက်ဆံမထည့်ချင်ရင် နင်းသတ်သွားလိုက် ပါတော့လို့ ပြောဆိုတောင်းရမ်းနေတဲ့ ခြေပြတ်လက်ပြတ်စစ်သည်ဟောင်းတွေ ခုထိရှိနေဆဲပါ။ သူတို့လုပ်ရပ် တွေ မှန်တယ်လို့ မဆိုနိုင်တဲ့တိုင် ဒီလိုဖြစ်လာတဲ့ နောက်ခံအကြောင်းတရားတွေ အတိအကျရှိနေပါတယ်။  
ခုဆိုရင် တပ်ပြေးတွေဟာ ပြည်တွင်းမှာရော အိမ်နီးချင်းနိုင်ငံတွေမှာပါ နေရာအနှံ့ရှိနေတာပါ။ ခေတ်အဆက် ဆက် ထုတ်ပြန်ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ တပ်ပြေးတွေအကျုံးမဝင်နိုင်ပါဘူး။ ခုလည်း အကျုံးဝင်မှာ မဟုတ်ပါဘူး။

ဒီတော့ ကျနော့်တကိုယ်ရေစဉ်းစားချက်အရ ဆိုရင်တော့ ကျနော်တို့ကိုဖမ်းမိတာနဲ့ ထောင်ချခံရမှာပါပဲ။ ထောင်ကျခံသင့်မသင့်ကို ကိုယ့်ဘာသာဆုံးဖြတ်ရမှာပါ။ ကိုယ့်မိသားစုနဲ့ ဘဝရှေ့ရေးအတွက် ထောင်ကျခံ ဖြေရှင်းလိုက်မှ ကောင်းမယ်ဆိုရင် ထောင်ကျခံရမှာပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်မှာရွေးချယ်စရာ အခြား လမ်းရှိနေတယ်ဆိုရင်တော့ ကိုယ်ယုံကြည်ရာအတိုင်း ဆက်လျှောက်ဖို့ ဆုံးဖြတ်ပြီးသားပါ။

စစ်ပြေးအဖြစ်မှ လွတ်ငြိမ်းခွင့်ကို ဒီတသက် မမျှော်လင့်ချင်တော့ပါဘူး။ ကျနော်တို့ကြုံတွေ့နေရတဲ့ကိစ္စ ကလည်း တပ်ပိုင်းဆိုင်ရာ ဥပဒေတွေကြောင့်ထက် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုပြဿနာပါ။ စစ်သည်အများစုဟာ မညီမမျှ ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်မှုနဲ့ လူမှန်နေရာမှန်မရှိတဲ့ စီမံခန့်ခွဲမှုတွေကို သည်းမခံနိုင်တော့လို့ တပ်ကိုစွန့်ခွာ ထွက်ပြေးကြတာပါ။ ဒါတွေ မပြုပြင်နိုင်ဘဲ တပ်အင်အားကို ထိန်းသိမ်းဖို့ မဖြစ်နိုင်ပါဘူး။
ဒါ့အပြင် တပ်မတော်သားတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ရပိုင်ခွင့်တွေကို အလေးထားစဉ်းစားပေးမယ်၊ စာရွက်ပေါ်က စီမံချက်အရ မဟုတ်ဘဲ တကယ်လက်တွေ့ကိုပဲ စစ်သည်တွေတပ်နေပျော်အောင် လုပ်ဆောင် ပေးနိုင်ပါမှ အနာဂတ်ကာလမှာ စစ်ပြေးဦးရေ လျော့နည်းသွားမှာပါ။

ဒါတွေဟာ ဘဝတူရဲဘော်များအတွက် ကျနော့်ရဲ့ သတင်းစကားပါ။

နေမင်းသူ
၂၂ ဇန်နဝါရီ ၂၀၁၂
  

No comments:

Post a Comment

Ads 468x60px

Featured Posts