Sunday, January 15, 2012

ရဲရဲတွေး….. ရဲရဲမြင်…... ရဲရဲပြော

ကျနော်ဆောင်းပါးတွေကို တပ်မတော်ပြုပြင်ပြောင်းလဲရေးကဏ္ဍအနေနဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ တပ် တွင်းအခြေအနေတွေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးအခြေအနေတွေကို အခြေပြုပြီး ရေး သားခဲ့ရာက တပ်မတော်ဆောင်ပုဒ်များကိုလည်း ရေးသားချင်လာပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ ကျနော်တို့ တပ်မတော်က လေ့ကျင့်ရေးဆောင်ပုဒ်တခုဖြစ်တဲ့ ရဲရဲတက်.. ရဲရဲတိုက်.. ရဲရဲချေမှုန်း ဆိုတဲ့ ဆောင် ပုဒ်လေးကို လက်ရုံးရည်အားကိုးသော တပ်မတော်မှသည် ဦးဏှောက်အသိဥာဏ်ပညာနှင့် ယှဉ်သော တိုးတက် သောတပ်မတော်တရပ်ဖြစ်ပေါ်လာရေးကိုမျှော်တွေးပြီး ရဲရဲတွေး.. ရဲရဲမြင်.. ရဲရဲပြော ဆိုပြီး ခုလိုခေါင်းစဉ်တပ် လိုက်ပါတယ်။
          ယနေ့ တပ်တော်ထဲက အဆင့်အတန်းအားလုံးသိကြမှာပါ။ ယနေ့တပ်မတော်မှာ အထက်လူကြီးလာစစ် ရင်ပဲဖြစ်ဖြစ် လက်အောက်က ကိုယ့်ကို အခက်အခဲကိုတင်ပြလာရင်ပဲဖြစ်ဖြစ် တပ်မတော်သားတွေ သိကြတဲ့ စကားလုံးလေးတလုံးနဲ့ ပြန်လည်ပြောဆိုခြင်းခံရပါတယ်။ အဲဒါကတော့ ရေဗူးပေါက်တော မလိုချင်ဘူး ရေပါတာ ပဲလိုချင်တယ် ဆိုတဲ့စကားလုံးလေးပါ။
တကယ်တော့ အောက်လက်ငယ်သားက လုပ်ငန်းလုပ်ဆောင်ရာမှာ ကြုံ တွေ့ရတဲ့အခက်အခဲကို အထက်အကြီးအကဲတယောက်အနေနဲ့ ကိုယ့်လုပ်ပိုင်ခွင့်အပေါ်အမှီပြုပြီး မိမိလက် အောက်ငယ်သားတို့ရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကိုင်တွယ်ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း တပ် နေပျော်၍စစ်တိုက်တော်ရမည် ဆိုတာဖြစ်လာမှာပါ။
          တပ်မတော်သားများကိုလည်း အတွေးအခေါ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်ထားတာတွေဟာ မသင့်လျော် တဲ့ကိစ္စတခုဖြစ်ပါတယ်။ ဘယ်လိုများထိန်းချုပ်သလဲလို့ မေးလာရင်တော့ ဖြေရမှာ သိပ်ကို ရိုးရှင်းပါတယ်။ ဘယ် လိုပဲတွေးခေါ်ပြီး ဘယ်လောက်ကောင်းတဲ့ အမြင်များနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးတင်ပြခွင့်မရပါဘူး။ ဒီလိုတင်ပြတာကို ပဲ ကျနော်တို့ တပ်မတော်အကြီးအကဲများက ဘယ်လိုမြင်သလဲဆိုရင်ဖြင့် ဆရာလုပ်တယ်လို့ မြင်ကြပါတယ်။ နောက်တခုက ကိုယ့်လက်အောက်ငယ်သားအားလုံးကို ကိုယ့်လောက်မတတ်သူများလို့ မြင်ချင်ကြပါတယ်။ ငါသိ ငါတတ်လို့ ဒီလိုနေရာရနေတာ ဆိုတဲ့ ပုံစံမျိုးဖမ်းကြပါတယ်။ ကျနော့်အတွေ့အကြုံလေးကို ပြောရရင်ဖြင့် ကျနော်တို့ 122 D30-2 Howitzer များကို တရုတ်ကနေဝယ်ပြီးတော့ စမ်းသပ်ပစ်ခတ်စဉ်လုပ်ပါတယ်။ ဒီပစ် ခတ်စဉ်မှာ ကျနော်တို့က ဟောင်ဝပ်ဇာတပ်ရင်းတရင်းစာနဲ့ ပစ်မှတ်များလုပ်ပြီး အကဲကြည့်ကုန်း(၅)ကုန်းနဲ့ ပစ် ကြပါတယ်။
          ဒီလိုပစ်ခတ်တော့ တပ်မတော်က တကယ့်ခေါင်းဆောင်တွေကလာရောက်ကြည်ရှုကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့က ပစ်ခတ်ရေး အမြောက်အဖွဲ့က ခြောက်အမြောက်မှာပါ။ ဒီ ဟောင်ဝပ်ဇာများက အရင့်အရင် အမြောက်များလို ညွှန်တံနဲ့ ချိန်တာမဟုတ်ပါဘူး။ ပိုပြီးတော့တိကျပစ်ခတ်နိုင်တဲ့ ကွာလီမီတာ လို့ခေါ်တဲ့ ဆံ ခြည်မျှင်မျဉ်းနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂလိပ်အက္ခရာချင်းထပ် ချိန်တွယ်ပစ်ခတ်ရတာပါ။ သူက အမြောက်ချိန်ခွက်က နေပဲလှမ်းကြည့်လို့မြင်ရပါတယ်။ ကွာလီမီတာ ညွှန်တံမှာတော့ ဒါကို မမြင်ရပါဘူး။ ဒီလိုနဲ့ ပစ်ခတ်စဉ်မစခင်မှာ လာရောက်ကြည့်ရှုကြတဲ့ လူကြီးများက လိုက်ကြည့်ရင်း ကျနော်တို့ ခြောက်အမြောက်ကို ရောက်လာတော့ ကွာလီမီတာကို သူ့စိတ်ထဲ မှန်ပြောင်းလိုထင်လို့လားမသိပါဘူး နောက်ကနေကြည့်ပြီး ဟ မင်းတို့ချိန်ခွက်ကြီးက ဘာမှလည်းမမြင်ရပါလား ဆိုပြီးပြောပါတယ်။ ဒီလိုစကားကိုပြောလာသူက ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မှူး တယောက်ဖြစ်နေပါတယ်။ နာမည်ကိုတော့မဖော်ပြတော့ပါဘူး။ ဒါဟာ နိုင်ငံတော်ကာကွယ် ရေးကဏ္ဍအနေနဲ့ သိက္ခာကျစရာဖြစ်နေလို့ပါပဲ။ ဒီလိုနဲ့ ကျနော်က အဘခင်ဗျာ ဒီကွာလီမီတာက နောက်က ကြည့်လို့မရပါဘူးခင်ဗျာ။ အမြောက်ချိန်ခွက်ကနေ ကြည့်မှ သူ့ထဲမှာဖွဲ့စည်းထားတဲ့ ဆံခြည်မျှင်မျဉ်းသာသာ အက္ခရာများကို မြင်ရမှာပါခင်ဗျာလို့ ပြောတော့။ မကြိုက်တဲ့ အကြည့်မျိုးနဲ့ကြည့်ပြီး အင်း မင်းတို့တော်တော် လေ့လာထားတာပဲ။ ပြောနိုင်သားပဲ။ ငါက စမ်းတာပါ။ ဆိုပြီးပြောသွားလေရဲ့။ တကယ်ပဲလား ကိုယ်မသိ မ တတ်တာကို ဝန်မခံချင်တာပဲလားဆိုတာတော့ အဲဒီတုန်းက ပြောဆိုခဲ့တဲ့ အဘ ကိုယ်တိုင်ပဲသိပါလိမ့်မယ်။
          မသိမတတ်တာကို ကျနော့်အနေနဲ့ အပစ်ပြောတာမဟုတ်ပါဘူး။ ပြောလို့လည်းမရပါဘူး။ ဘာကြောင့် ဆိုတော့ သူက စစ်ဆင်ရေးများကို ကွပ်ကဲရမယ့် ခေါင်းဆောင်ပါ။ အမြောက်ပစ်မယ့်သူမဟုတ်ပါဘူး။ အမြောက် တပ်ဖွဲ့ကလည်း မဟုတ်တဲ့အတွက် ခုလိုနောက်ဆုံးပေါ် ချိန်ညှိကိရိယာတွေနဲ့ ရင်းနှီးနေမှာမဟုတ်ပါဘူး။ ဒါပေ မယ့် ကျနော်ပြောချင်တာက ခုလိုမေးလာခဲ့ရင် ပြောလာခဲ့ရင် ကျနော်တို့ တပ်မတော်သားတော်တော်များများက အထက်လူကြီးသဘောကျ ပြန်လည်ဖြေကြားတတ်ကြပါတယ်။ လူကြီးကို မှားနေတယ် ဆိုတဲ့ပုံစံမျိုးမဖြစ် အောင်အတတ်နိုင်ဆုံးပြောကြပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်တကယ်မှန်ရဲ့လား။ လူကြီးဆိုတာကတော့ ကိစ္စပေါင်းများစွာကို စီမံကွပ်ပဲ အုပ်ချုပ်နေကြတာပါ။ ဒီတော့ သူ့လက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ကျနော်တို့တွေက မှန်မှန်လေ့လာ ရဲရဲတွေးခေါ်ပြီး ရဲရဲပြောမှ အထက်လူကြီးများအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေကို ချမှတ်နိုင်ပါမှာ။ စစ်ဆင်ရေးကိစ္စများပဲဖြစ်ဖြစ် စည်းရုံးရေးစီမံချက်ကိစ္စများပဲဖြစ်ဖြစ် တပ်သက်သာ ချောင်ချိရေးကိစ္စများပဲဖြစ်ဖြစ် ဘယ်လိုကိစ္စမျိုးမဆိုပါ။
          ကျနော်တို့ တပ်တွင်းအစည်းအဝေးပွဲသော်လည်းကောင်း လူကြီးတယောက်လာလို့ သြဝါဒ မိန့်ကြားပွဲ မှာသော်လည်းကောင်း အခမ်းအနားပြီးဆုံးရင် မေးတတ်တာက ဘာသတင်းပို့စရာရှိလဲ ဆိုသော အမေးဖြစ်ပါ တယ်။ ဒါပေမယ့် ကျနော်တို့တွေ လူကြီးထံကို တိုက်ရိုက်အဲလိုအခြေအနေမှာ မတင်ပြခဲ့ကြဘဲ။ နောက်ကွယ်မှာ သာဘာဖြစ်တယ် ညာဖြစ်တယ်လို့ ပြောကြပါတယ်။ ဘာကြောင့်ပြောလဲ။ လူကြီးလာမယ်ဆို တပ်ရင်းမှူး လုပ်သူက တပ်ခွဲမှူးများ တပ်စုမှူးများ တပ်ရင်းအရာရှိများကို အဲလိုတင်ပြတဲ့သူ ထွက်မလာစေနဲ့။ ထွက်လာရင် မင်းတို့လည်း မလွယ်ဘူးဆိုပြီး ကျနော်တို့ အရာရှိများကို ကြိုတင်ပြောထားလေ့ရှိပါတယ်။ ဒီတော့ ကျနော်တို့ ကလည်း ကိုယ့်လက်အောက်ကို ဒီလိုပဲ ကြိမ်းမောင်းပြီး မှာထားကြပါတယ်။ ဒီတော့ ဘယ်ထွက်လာပါတော့မ လဲ။ တကယ်တော့ ဒီလိုလုပ်တာဟာ မှန်ကန်ရဲ့လား။ ကျနော်တို့တွေ ရဲရဲမတွေးနိုင်သေးပါဘူး။ ရဲရဲလည်း မမြင် နိုင်သေးပါဘူး။ ရဲရဲလည်း မပြောရဲသေးပါဘူး။
          ဒီလိုအဖြစ်ကို အဖြစ်အတိုင်း မတွေးရဲ၊ လက်ရှိအရှိတရားကို အရှိအတိုင်း မမြင်ရဲ၊ အခက်အခဲကို မပြော ရဲသေးသရွေ့ ကျနော်တို့တွေရဲ့ တပ်တွင်းမှာ ခံစားနေရတဲ့ လက်အောက်က ပြဿနာတွေကို အထက်လူကြီး များသိရှိနိုင်မည်မဟုတ်ပါ။ ဒီလိုပြောပြန်တော့လည်း ပြောတော့ကော လုပ်ပေးလို့လား ဒီလိုပြောတဲ့သူတွေကို ချွန်ထွက်တယ်ဆိုပြီး ချွန်ရင်ဖြတ်ခံရတယ်ဆိုပြီး ချောင်ထိုး အပစ်ပေးခဲ့တာတွေကလည်း ထုနဲ့ဒေးမလား။ တကယ့် အဖြစ်အပျက်များကလည်း သက်သေခံနေပါတယ်။ ဒီအတွက် ကျနော်တို့ဟာ အဲလိုထပ်ဖြစ်တာကိုက အစ ထပ်မံတင်ပြရဲရပါမယ်။ ဒီလိုဖြစ်ဖို့ကလည်း တပ်မတော်သားအားလုံး စည်းလုံးမှရမှာပါ။ ဖော်လံဖားလုပ်ပြီး လူကြီးအကြိုက်နေတတ်တဲ့ စစ်သည်မျိုးတွေမဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်လာရင်လည်း ကျနော်တို့ ဗိုလ်လောင်း ဘဝမှာပြောသလို စောင်ကြား အုပ်ဖို့လိုပါလိမ့်မယ်။ ကိုယ့်အချင်းချင်းခံစားနေရတာကို ကိုယ်ချင်းမစာလို့ မရပါ ဘူး။ ဘယ်လောက်ပဲ အဲလိုလူကြီးနဲ့ အဆင်ပြေပြီး အချင်းချင်းအပေါ်မှာ ဖိနှိပ်လို့ရကောင်းရပေမယ့် တကယ့် တကယ့် ကိုယ်လည်း သူတို့လိုအဆင့်မို့ အချိန်တန်ရင်တော့ အဲဒီအဆင့်ထဲပြန်သွားရတာပါပဲ။ လူကြီးကလည်း သူခိုင်းကောင်းလို့သာ ကိုယ့်ကို မျက်နှာသာပေးတာပါ။
          ဒီလိုပါပဲ လက်ရှိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကိုလည်း ကျနော်တို့က အရှိကို အရှိ အတိုင်း တွေးရဲရပါမယ့် မတရားဘူးထင်တဲ့ ပေးအပ်လာတဲ့အမိန့်အပေါ်မှာလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ တင် ပြရဲရပါမယ်။ ရဲရဲရင့်ရင့် ကျနော်တို့ဟာ မျက်စိကိုဖွင့် နားကိုစွင့်ထားရပါမယ်။ ဘာကြောင့်ဆိုတော့ ပြည်သူက မွေးဖွားလာပြီး အချိန်တန်ရင် ကျနော်တို့ဟာ ပြည်သူ့ဆီကိုပဲ ပြန်သွားကြရမှာပါ။ ယနေ့ခေတ်ကာလမှာလည်း လက်ရုံးကိုအားကိုးနေလို့မရပါဘူး။ ဥာဏ်ပညာကိုလည်း အားကိုးရပါမယ်။ ပညာခေတ်ကြီးထဲမှာ လက်ရုံးကိုပဲ အားကိုးနေဦးမယ် စဉ်းစားချင့်ချိန်နိုင်စွမ်းပေးမယ့် အသိဥာဏ်ပညာဖွင့်ဖြိုးတိုးတက်မှုနဲ့ မှန်ကန်စွာတွေးခေါ်မှုကို လမ်းဖွင့်ပေးရပါမယ်။ ဒီလိုတင်ပြလိုက်ရင် ငါဘာမှလုပ်မပေးဘူးလို့ လူကြီးက မြင်သွားမှာ ငါအသုံးမကျဘူးလို့ မြင်သွားမှာဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ အတွေးအခေါ်မျိုးကို ဖယ်ဖျောက်ပစ်ဖို့လိုပါလိမ့်မယ်။ ထိုနည်းတူစွာ တင်ပြခံရ တဲ့ လူကြီးအနေနဲ့လည်း မင်းအဲဒါတွေလုပ်ပေးလိုက် ဆိုတဲ့ စကားမျိုးထက် တင်ပြချက်များကို ဘယ်လိုဖြည့် ဆည်းပေးနိုင်မယ်ဆိုတာကို စီမံချက်ရေးဆွဲပြီး တာဝန်ပေးအပ်တာမျိုးအဆင့်ထိ လုပ်ဆောင်ပေးဖို့လိုအပ်ပါလိမ့် မယ်။ ဒီနေရာမှာလည်း ပျက်နေခဲ့တာကတော့ တပ်မတော်ကြီးတခုလုံးဖြစ်တဲ့အတွက် အရေးယူဖို့ဆိုတာထက် နောင်အရှည်မှာ ဒီလိုကိစ္စမျိုးတွေ ထပ်မံမဖြစ်လာဖို့ကို ကျနော်တို့အဓိကစဉ်းစားရပါမယ်။
          ဒီလို ရဲရဲတွေး ရဲရဲမြင် ရဲရဲပြော လာနိုင်ဖို့ကလည်း နှလုံးသားအင်အားရှိဖို့လိုအပ်ပါတယ်။ ဒီလိုနှလုံးသား အင်အားရှိဖို့က စာပေပညာ ဗဟုသုတများနဲ့လည်း ပြည့်စုံနေရပါမယ်။ မှန်ကန်စွာ သုံးသပ်စဉ်းစား ဆုံးဖြတ်ချက် ချနိုင်ဖို့က မှန်ကန်တဲ့ အသိပညာ လိုအပ်ပါတယ်။ ဒီလိုမှန်ကန်တဲ့ အသိပညာရှိလာအောင်လည်း ရေရှည်စီမံ ချက်များနဲ့ဆောင်ရွက်ရပါမယ်။ ပညာတတ်လာရင် ပုန်ကန်လာတယ်ဆိုတာ မဟုတ်ပါဘူး။ ကိုယ်က မဟုတ်တာ လုပ်နေရင်တော့ ပညာတတ်တဲ့လူက ဝေဖန်ထောက်ပြမှာပါပဲ။ ဒါကလည်း မိမိအကျိုးနဲ့ မိမိနဲ့ဆက်ဆိုင်တဲ့ ပတ် ဝန်းကျင်အကျိုးကျေးဇူးကို လိုလားလို့ဆိုတာကို သဘောထားကြီးကြီးနဲ့ နားလည်ခွင့်လွှတ်ပေးရပါလိမ့်မယ်။
          ဒီလိုဖြစ်စဉ်တွေကို ကြည့်ရင် ကျနော်တို့ သမိုင်းမှာလည်း အထင်အရှားတွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့တပ်မတော်သားတွေအနေနဲ့ ရဲရဲတက် ရဲရဲတိုက် ရဲရဲချေမှုန်း ဆိုတဲ့ဆောင်ပုဒ်လို လက်ရုံးရည် ပြည့်ဝပြီး ရဲရဲတွေး ရဲရဲမြင် ရဲရဲပြော လာနိုင်တဲ့ နှလုံးရည်ပါပြည့်ဝစေဖို့ ကျနော်တို့ ဝိုင်းဝန်းကြိုးပမ်းကြရပါမယ်။ ဒါမှလည်း အမှန်တကယ် ခေတ်မှီဖွံ့ဖြိုးသော တပ်မတော်တရပ်ဖြစ်လာမှာဖြစ်သလို ပြည်သူချစ်တဲ့ တပ်မတော် ကြီးပြန်လည်ဖြစ်တည်လာမှာဖြစ်တယ်ဆိုတာကို အကြံပြုတင်ပြရင်း တပ်မတော်သားများအနေဖြင့် ရဲရဲတွေး ရဲရဲ မြင် ရဲရဲပြော နိုင်လာရေးဟာ တပ်မတော်သားတို့ရဲ့ တာဝန်သာမဟုတ်ဘဲ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်လို့ ရေးသားတင်ပြရင်း…….။
ဗိုလ်ရဲထက်

No comments:

Post a Comment

Ads 468x60px

Featured Posts