ဂျွန် ၂၄၊ ၂၀၁၂။
Sunday, June 24, 2012
စိတ်နာနာနဲ့ ချစ်နေမိတယ်
ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကြီးပြင်းလာရာ
ဇာတိမြေဟာ ဘယ်လောက်ပဲ စိတ်ပျက် စရာတွေနဲ့ ပြည့်နှက်နေပါစေ မုန်းလို့မရတာတော့ အသေအချာပါပဲ။
ကျနော်တို့မှာလဲ ဒီလိုခံစားချက်လေးတွေ ရှိနေခဲ့ကြတာပေါ့။ ကျနော်တို့မွေးဖွားခဲ့တဲ့
နိုင်ငံမှာ ပြည်တွင်းစစ်တွေရှိတယ်။ ကြီးနိုင်ငယ်ညှင်း မတရားမှုတွေ ရှိတယ်။ ပိုင်ရာဆိုင်ရာဆိုတဲ့
အခြေအနေတွေ ထွန်းကားတယ်။ မြို့ကြီးတမြို့ကို လပိုင်းလေးအတွင်းမှာ နိုင်ငံတ ကာအဆင့်မှီအောင်လုပ်နိုင်ပေမယ့်
ယနေ့တိုင် မတိုးတက်နိုင်သေးတဲ့၊ လျစ်လျူရှုထားခြင်းခံရတဲ့ ရွာလေးတွေ၊ မြို့လေးတွေကလည်း
မရေမတွက်နိုင်အောင် များပြားတယ်။ ဘယ်လိုအကောင်းဆုံးဆိုတာတွေကိုမှ ရွေးသုံးနေ ကြတဲ့
လူတစုသော အသိုင်းအဝန်းလေးရှိနေသလို အရှက်မဲ့ရုံနဲ့ အသက်မသေရုံအတွက် ရုန်းကန် လှုပ်ရှားနေ
ကြရတဲ့ အသိုင်းအဝိုင်းကြီးလည်း ရှင်သန်နေတယ်။ ဒါပေမယ့် ကျနော်တို့ ကျနော်တို့နိုင်ငံကို
ချစ်ပါတယ်။
နိုင်ငံတော်ကို ချစ်ဖို့ ကျနော်တို့ကို ဘယ်သူတွေကများ
တိုက်တွန်းထားပါသလဲ။ စည်းရုံးထားပါသလဲ။ မရှိပါ။ နဂိုမသိစိတ်ထဲကနေကို ကျနော်တို့ဟာ ချစ်မှန်းမသိ
ချစ်နေကြတာပါ။ ဒါပေမယ့် စိတ်နာစရာကြုံတွေ့ လာပြန်တော့လဲ ကျနော်တို့ စိတ်နာကြရတာပေါ့။
ကျနော်ကျောင်းတက်ခဲ့တာ သူရဲသူမိန်ဆိုတဲ့ နယ်လေးထဲက ကျေးရွာကလေးတရွာ။ လမ်းပန်းဆက်သွယ်ရေးကလည်း
မကောင်းပါဘူး။ လျှပ်စစ်မီးဆိုတာ မရှိခဲ့ဘူး။ ကျောင်း ဆိုလို့လည်း ကျေးရွာက မူလတန်းကျောင်းကလေးပဲရှိတယ်။
အလယ်တန်းဆက်တက်ချင်လို့ ရွာခံ မိဘတွေနဲ့ ကျောင်းသူကျောင်းသားများရဲ့ မိဘများက တဦးကို
၅၀၀ ကျပ်နဲ့ ဆရာငှါးတက်ခဲ့ကြရတယ်။ တခါတလေများ ဆို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပေါင်းဘယ်လောက်ဖွင့်ခဲ့ပြီ။
ဆရာ/ဆရာမပေါင်းက ဘယ်လောက်မွေး ထုတ်ခဲ့ပြီဆိုတဲ့ သတင်းစာခေါင်းစည်းလေးများတွေ့မိရင်
နိုင်ငံတော်လူကြီးတွေဟာ ငါတို့ကျေးရွာလေးကိုများ မသိလို့လား။ ဒါမှမဟုတ် သိလျက်နဲ့ပဲ
ပစ်ပယ်ထားလေသလားလို့တောင် ထင်မိတယ်။ ဒီလိုနေရာမှာ မွေးဖွား ကြီးပြင်းလာရလို့လည်း ကျနော်
ကျနော့်ဇာတိမြေဖြစ်တဲ့ ကျေးရွာလေးကို မမုန်းရက်နိုင်ပါဘူး။ ပိုလို့တောင် အချစ်တိုးလာရတာပေါ့။
အလယ်တန်းကျောင်းကိုတက်မယ်ဆိုရင် သူရဲသူမိန်မြို့လေးပေါ်ကို
သွားတက်ကြရတယ်။ အဲဒီကို သွားတက်ဖို့အတွက် စက်လှေနဲ့ ၁ နာရီကျော်ကြာ ခရီးနှင်ကြပြန်တာပေါ့။
လေမုန်တိုင်းကလည်း ခဏခဏကျ တတ်လေတော့ ကျနော်တို့ပညာတတ်ဖို့ဆိုတာ တကယ့်ကို စွန့်စားမှုတရပ်ပါပဲ။
မိဘများကလည်း သား/သမီး ပညာတတ်ဖြစ်ရေးအတွက် စိုးရိမ်သောကများစွာနဲ့ပဲ ကျောင်းတက်ခွင့်ပေးထားကြရတာပေါ့။
ကျောင်းဆင်းချိန် ညနေ မုန်တိုင်းများကျနေရင် ရွာမှာ ကျန်ရစ်နေတဲ့ မိဘများဟာ သောကမီးကို
ရင်မှာပိုက်လို့ မျှော်ကြရတော့ တာပေါ့။ ဒီလိုနဲ့ပဲ အဋ္ဌမတန်းကို အောင်မြင်ခဲ့ပြီဆိုရင်တော့
နီးစပ်ရာမှာ အထက်တန်းကျောင်းမရှိလေတော့ သိမ်ဇရပ်မြို့မှာ သွားထားနိုင်တဲ့ မိဘတွေလောက်ကသာ
ဆက်ထားနိုင်ကြတယ်။ ပညာသင်ချင်လျက်နဲ့ အခြေ အနေမပေးလို့ ကျောင်းဆက်မတက်နိုင်ကြတဲ့ ကျနော့်သူငယ်ချင်းတွေကို
တွေ့တိုင်း ကျနော်ရင်ထဲမှာ အောင့် တက်လာတတ်လို့ နှလုံးရောဂါများ ရမလားလို့တောင်စိုးရိမ်မိတယ်။
ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာ
ကျော်ဖြတ်ပြီးတော့ တက္ကသိုလ်ကိုဆက်တက်နိုင်ဖို့အ တွက် အခက်အခဲတွေကလည်း ရှိပြန်တာပေါ့။
မိသားစုအခြေအနေနဲ့ ခရီးလမ်းအခြေအနေတွေအရ ကျနော် အဝေးသင်ပဲယူခဲ့တယ်။ အထက်တန်းအောင်ပြီးတဲ့
၁၅ နှစ် ၁၆ နှစ်အရွယ် ကျနော့်အိပ်မက်တွေကတော့ တသီ တတန်းကြီးနဲ့ပေါ့။ ဒါပေမယ့် ကျနော်
ပညာအစစ်ကို မရခဲ့ပါဘူး။ အနီးကပ်သုံးလသွားလိုက်ချိန်မှာ ဆရာမကို ငွေ ၂၅၀၀၀ ကျပ်ပေးသွင်းနိုင်မှ
မေးခွန်းချပေးတယ်။ ဒါလေးကိုပဲ ကျနော်တို့ ကျက်ပြီး အောင်လာလိုက်တာ အော် အများအမြင်မှာတော့
ငါဟာ ဒုတိယနှစ်ကျောင်းသားတယောက်တောင်ဖြစ်ခဲ့ပါပြီကော။ ကျနော်မျှော်လင့် ခဲ့တဲ့ အိပ်မက်တွေဟာ
ပျက်လုနီးပါးဖြစ်နေတဲ့အချိန်တော့ ကျနော် တခုကိုပဲစဉ်းစားလိုက်တော့တယ်။ ငါ တဖက်နိုင်ငံသွားပြီး
အလုပ်သွားလုပ်တော့မယ်။ ဒီလိုဖြစ်လာရအောင်လည်း မိသားစုနောက်ခံအခြေအနေတွေ ကရှိလာတယ်လေ။
ကျနော်သိပါတယ်။ ဒီနေ့ခေတ်ဟာ ပညာခေတ်ဆိုတာ။
ပညာတတ်တယောက်ဖြစ်မှ လူရာဝင်မယ်ဆို တာလည်းကျနော်သိနေတယ်။ ဘွဲ့တခုရမှ လူရာဝင်မယ်ဆိုတာကိုလည်း
ကျနော်ခံစားတတ်ပါတယ်။ ကျနော် လည်း ဘွဲ့ရတယောက်အဖြစ်နဲ့တော့ ဂုဏ်ယူချင်တာပေါ့။ တနေ့ဘွဲ့ဝတ်စုံဓါတ်ပုံရိုက်နိုင်ရမယ်
ဆိုတဲ့ အိပ်မက် လေးလည်း ကျနော်မက်ခဲ့ဖူးပါတယ်။ အားကျလို့ ဘွဲ့ဝတ်စုံနဲ့ မင်းသား/မင်းသမီးများရဲ့
ပြက္ခဒိန်တွေကိုလည်း ဝယ်ပြီး ကြည့်ခဲ့ရတာ အမောပေါ့။ ဒါပေမယ့် ဦးဏှောက်ဗလာနဲ့ ဘွဲ့ဝတ်စုံကြီးဝတ်ရမှာကိုလည်း
ကျနော်ရှက် နေတယ်။ တကယ်လို့များ ဘွဲ့ရလို့ ကျနော့်ကို လာမေးကြရင် ကျနော်ဘယ်လိုဖြေမလဲ။
ကျနော်ဘာတွေကို ဘယ်လိုပြောပြရမလဲ။ ဒီလိုအခြေအနေတွေနဲ့ တဖက်က မိသားစုပြဿနာဖြစ်လာတဲ့အခါ
ကျနော် လောကကြီး ကရှောင်ပြေးဖို့နည်းလမ်းကလည်း တဖက်နိုင်ငံကိုသွားပြီး အလုပ်သွားလုပ်ဖို့ထက်
ကျနော့်မှာ ရွေးစရာလမ်း ကောင်းကောင်းမရှိခဲ့ဘူး။ ပညာတတ်တယောက်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကတော့
ဒီနေ့အချိန်အထိ ကျနော် ရှိနေ တုန်းပါပဲ။
သေချာပြန်စဉ်းစားလိုက်တော့ ကျနော်ဖြတ်သန်းခဲ့တဲ့
ငယ်စဉ်ကျောင်းသားဘဝမှာလည်း သာယာ ဖြောင့်ဖြူးခဲ့တယ်ဆိုတာ ရှိမှမရှိခဲ့ဘဲ။ ပေါ်တာဆွဲတယ်ဆိုလို့
မိဘတွေနဲ့အတူ ပြေးလိုက်လွှားလိုက်နဲ့ မအေးချမ်း တဲ့နယ်မြေလေးမှာ နေခဲ့ရတာကိုလည်း ရင်ထဲမှာ
မကောင်းဘူး။ သေချာတွေးလိုက်တော့လဲ ကျနော်တယောက် ထဲမှ မဟုတ်တာ။ ဘာကြောင့်ဆိုတာတော့ မသိဘူး။
ကျနော် စစ် ကို မုန်းတယ်။ တိုက်ပွဲတွေကို မုန်းတယ်။ တယောက်နဲ့တယောက် လူမဆန်စွာသတ်ဖြတ်နေကြတာကို
မုန်းတယ်။ ဒီလို စစ်ဆိုတာကို လူတွေမဖန်တီးခဲ့ ရင် ဘယ်လောက်ကောင်းမလဲလို့လဲ ကလေးတယောက်လို
လျှောက်တွေးနေမိတယ်။ တခါတခါဆို စစ် ဆိုတာ ဘယ်သူက စတင်ဖန်တီးခဲ့လေသလဲလို့တောင် ကျနော်တွေးမိတယ်။
အသက်ကလေးရလာလို့ ဟိုစပ်စပ်ဒီစပ်စပ်သိလာပြန်တော့
ကျနော် သတင်းတွေမှာ တီဗွီကြော်ငြာတွေ မှာ ဆည်မြောင်းတာတမံတွေ ဖောက်တယ်ဆိုတာကို ကြားနေ
မြင်နေရတယ်။ ဒါပေမယ့် ကျနော်တို့ဒေသလေး မှာတော့ ဒါတွေမရှိဘူး။ ကျနော် ဒီလိုဖြစ်နေတာတွေကို
စိတ်နာမိတယ်။ မဖွံ့ဖြိုးမတိုးတက်ရတဲ့ ဒီလိုအခြေ အနေတွေကို စိတ်နာမိတယ်။ ဒါပေမယ့် ကျနော်ချစ်နေတယ်။
ဒီနာကျည်းတဲ့ ခံစားချက်တွေနဲ့ ရှောင်ပြေးလာ တာ ခုဆို ၄ နှစ်တောင်ကျော်လာခဲ့ပါပေါ့လား။
ကျနော်သာ အသက်တွေကြီးလာလို့ ဝင်ငွေတွေရှာလာနိုင်တယ် ကျနော့်မွေးဖွားရာ ဇာတိလေးကတော့
ယနေ့တိုင်မပြောင်းလဲသေးပါဘူး။ ကျနော် ကျနော့်ဇာတိမြေလေးကို တိုးတက်ပြောင်းလဲစေချင်ပါတယ်။
ဒါကျနော့်ဆန္ဒလေးပါ။
ခုကျတော့လည်း ကျနော်အတွေးတွေပြောင်းလာတယ်။
ဇာတိမြေကိုချစ်တဲ့စိတ်နဲ့ မြန်မာပြည်ကို ပြန် ချင်လာတယ်။ ဒါပေမယ့် တဖက်က စားဝတ်နေရေးအတွက်
ကျနော် မြန်မာပြည်ကို ပြန်ရင် ဒီနေ့ရနေတဲ့ ဝင်ငွေ လို ကျနော်ရနိုင်မလား။ ကျနော်လို
ဘာဘွဲ့မှမရတဲ့ သူတယောက်အတွက် မြန်မာပြည်မှာ အလုပ်အကိုင်ရှိပါ့ မလား။ ရှိရင်ကော ဒီမှာ
လုပ်နေသလို လုပ်လို့ရပါ့မလား။ ကျနော်ဘွဲ့မရပါဘူး။ ဒါပေမယ့် ဒီမှာတော့ ကျနော် စက်ရုံမန်နေဂျာတယောက်အနေနဲ့
ဝင်ငွေကောင်းကောင်းရတယ်။ မိသားစုကိုလည်း ပြန်ထောက်ပံ့နိုင်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ
လုံခြုံမှုရှိတယ်လို့ ကျနော်မခံစားရဘူး။ မြန်မာပြည်မှာတော့ ကျနော့်ခံစားချက်နဲ့ အဖြစ်အ
ပျက်များဟာ ပြောင်းပြန်ဖြစ်လာတယ်။ ကျနော်တို့အတွက် ထွက်ပေါက်မရှိတော့ဘူးလား။ ကျနော့်လို
ဘဝတူတွေကော ဘယ်လောက်များရှိနေသလဲ။ ကျနော် စဉ်းစားရင်း ဦးဏှောက်တွေ ခန်းမတတ်ဖြစ်လာရ
တယ်။
ကျနော်စဉ်းစားမိတယ် ကျနော်တို့ဒေသလေးလို
အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေ ဘယ် လောက်များ ကျနော်တို့ နိုင်ငံမှာ ရှိနေသလဲ။ ကျနော်လို
အဖြစ်မျိုး ကျနော့်ထက်ဆိုးတဲ့ အဖြစ်မျိုးတွေ ရင်ဆိုင် နေရတဲ့ ကျနော်တို့နိုင်ငံသားတွေကော
ဘယ်လောက်တောင်ရှိနေမလဲဆိုတာ ကျနော်စဉ်းစားလိုက်တိုင်း အ မောဆို့လာရတယ်။ သတင်းစာတွေထဲက
စကားလုံးတွေထက် အပြင်မှာ အမှန်တကယ် မြင်ချင်တွေ့ချင်ပါ တယ်။ ကျောင်းရှိပြီး သင်ကြားမယ့်သူမရှိတဲ့
အဖြစ်မျိုးတွေ၊ ပညာသင်ကြားချင်သူတွေရှိပါလျက်နဲ့ သင်ပေးနိုင် မယ့်သူမရှိတဲ့အဖြစ်တွေ၊
ပညာသင်ရကောင်းမှန်းကို မသိကြတဲ့အခြေအနေတွေ၊ အို များစွာသောအခြေအနေ တွေ အမြန်ဆုံး ကုန်လွန်ပြီးမြောက်ပါစေလို့ပဲ
တိတ်တိတ်လေး ဆုတောင်းမိတယ်။ ဒီလိုပဲ ကျနော်တို့ အိမ်ပြန် နိုင်မယ့်နေ့ကိုလည်း မျှော်လင့်မိပါတယ်။
ဒီလိုအခြေအနေတွေကြားက ခက်ခဲကြမ်းတမ်းလှတဲ့ ကျနော့်ဇာတိမြေ ကျနော့်နိုင်ငံလေးကို ကျနော်
စိတ်နာမိတယ်။ ဒါပေမယ့် ကျနော် မမုန်းပါ။ ချစ်ပါတယ်။ စိတ်နာနာနဲ့ကို ချစ်နေရ တဲ့အခြေအနေတခုပေါ့။
မိုးထက်မြင့်(တောင်ပေါ်မြေ)။
ဂျွန် ၂၄၊ ၂၀၁၂။
ဂျွန် ၂၄၊ ၂၀၁၂။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment