Sunday, June 3, 2012
မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် အသီးသီးက သူငယ်ချင်းတို့ရေ….
ကျနော်ဟာ
ကချင်ပြည်နည်၊ မြစ်ကြီးနားဇာတိဖြစ်ပြီး မြစ်ကြီးနားက အထက်တန်းကျောင်းတွေဖြစ်တဲ့ အထက(၁)
နဲ့ အထက(၃) မှာ တက်ရောက် ပညာဆည်းပူးခဲ့ရသူတဦးဖြစ်ပါတယ်။ ဒီအတွက် ကျနော့်သူငယ်ချင်း
မိတ်ဆွေအချို့ ကျောင်းနေ ဖက်တွေဟာ ကချင်လူမျိုးတွေဖြစ်ကြသလို ကျနော့်ကို ပညာသင်ပေးလိုက်တဲ့
ဆရာ၊ ဆရာမအချို့ဟာလည်း ကချင်လူမျိုးတွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပဲ တဖက်မှာ ကျနော်ဟာ
စစ်တက္ကသိုလ် ကျောင်းဆင်းတယောက်ဖြစ်ခဲ့တာနဲ့အညီ တပ်မတော်ထဲမှာ ကျနော့်ရဲ့ ကျောင်းဆင်းနောင်တော်တွေ၊
သူငယ်ချင်းတွေနဲ့ ညီငယ်တွေ ရှိနေပြန်ပါတယ်။ ဒီထဲကမှ တချို့က အခြေအနေနှစ်ရပ် လုံးနဲ့
ပတ်သက်ဆက်နွယ်တဲ့ သူငယ်ချင်းတွေပေါ့ဗျာ။
ဒါဘာဆန်းလဲလို့
မေးရင်တော့ ဟုတ်ကဲ့ မဆန်းပါဘူး။ ဒါပေမယ့် ယနေ့ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲ
တွေနဲ့ ပတ်သက်လာတော့ ဒါဟာ ဆန်းခဲ့ရ ပါတော့တယ်။ ကျနော်သိသလောက်ကတော့ အထက်တန်းကျောင်းသားဘဝထိ
ကျောင်း နေဖက်သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမ တွေဟာ ကချင်လူမျိုးများဖြစ်တာနဲ့အညီ KIA လို့ခေါ်တဲ့
ကချင်လွတ် မြောက်ရေး တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်သူတွေ ဖြစ်ကြပါတယ်။
ခုတော့ ရိုးရှင်းတဲ့
နိုင်ငံရေးအခြေအနေကို ရှုပ်ထွေးစေခဲ့တဲ့ လူသားတို့ရဲ့ အပြစ်တခုကြောင့် ကျနော့် နှစ်ဖက်သော
သူငယ်ချင်းတွေ၊ ကျနော့်မွေးရပ်မြေ၊ ကျနော်သိပ်ချစ်တဲ့ ကျနော့်ဇာတိမြေ၊ တချိန်က ကျနော်ဂုဏ်ယူဝင့်ကြွားပြောခဲ့တဲ့
တောင် ပေါ်မြေလေးဟာ ခုတော့ စစ်မက်တွေနဲ့ သူငယ်ချင်းတွေ အချင်းချင်း ပြန်သတ်နေကြပြီ။
ကိုယ့်ဆွေမျိုးသားချင်း အချင်းချင်း၊ ကိုယ့် မွေးရပ်ဇာတိမြေကို ပြန်တိုက်နေကြပြီ၊ ပြန်အကျဉ်းတန်စေခဲ့ပြီ။
နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က မတိုက်ပါနဲ့တော့လို့ အမိန့်ပေးထားပေမယ့် မာနကို ကိုင်ဆွဲထားတဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ တိုက်ပွဲတွေ ဆက်နေလိုက်တာဖြင့် ဘာလိုလိုနဲ့
တစ်နှစ် နီးပါး ရှိလာခဲ့ပြီ။
ဒီနေရာမှာ
ကျနော့်မျက်စိထဲမှာ မြင်ယောင်နေမိတာက အထက်တန်းကျောင်းသားဘဝထိ ပုခုံးချင်းဖက် ဘဝ အိပ်မက်တွေ
ပြောကြဆိုကြရင်းနဲ့ ကိုယ်ယုံကြည်ရာ အဖွဲ့အစည်းမှာ အားလုံးဟာ တိုင်းပြည်အတွက်ဆိုတဲ့
စိတ်ကူး လေးတွေနဲ့ ရှင်သန်ကြမယ် ဆိုပြီး တကယ်လက်တွေ့အကောင်အထည်ဖော်လို့ အဖွဲ့ကွဲခဲ့ကြတဲ့
သူငယ်ချင်းတွေ။ ခုလို တိုက်ခိုက်ကြတော့ ဆန့်ကျင်ဘက်လားရာ ယုံကြည်ချက်တွေနဲ့ မျက်နှာချင်းဆိုင်
အပြုံးပန်းမပိုင်တော့ဘဲ နာကျည်းမှု လွှမ်းတဲ့ စိတ်ခံစားမှုနဲ့ သေနတ်ကိုင်နေကြတဲ့ နှစ်ဖက်
သူငယ်ချင်းတွေ။
သူငယ်ချင်းတို့ရေ
ငါတို့ငယ်ငယ်က ပြောခဲ့ကြသလိုပဲ ငါတို့ မျှော်လင့်တာ ဒီနိုင်ငံ ဒီတိုင်းပြည်အတွက် ပဲဆိုတာကို
မင်းတို့ တွေ မမေ့ကြဖို့ပါ။ အယောင်ဆိုးခံရတဲ့ အတ္တတွေကြားကနေ လက်ရှိစစ်မက်ကာလရဲ့ တွေ့ကြုံရမှုနဲ့
ပေါက်ဖွားလာ မယ့် နာကျည်းမှုတွေကို ငါမဖြစ်စေချင်ဘူး။ မဖြစ်စေချင်လို့လည်း ဖြစ်မလာမှာတော့မဟုတ်ပါဘူး။
အတိုင်းအတာတခုတော့ ကိုယ်စီ ရင်ထဲမှာ အဆိုင်အခဲလေးတွေ ဖြစ်နေမယ်ဆိုတာ ငါသိနေပါတယ်။ ဒါပေမယ့်
ဘယ်သူတွေ မှားတယ် ဘယ်သူတွေ မှန်တယ် ဆိုတာကို ငါမပြောလိုပါဘူး။ ပြောလို့လည်း ပြီးသွားမယ့်
ပြဿနာမှ မဟုတ်ဘူးဆိုတာ ငါသိထားပါတယ်။ ဒါပေမယ့် မင်းတို့ ငါတို့ တွေ ငယ်စဉ်က တွေးခဲ့
ရည်မှန်းထားခဲ့ကြသလို မြင့်မြတ်တဲ့ စိတ်ကူးကိုယ်စီနဲ့ပဲ ရှောင်လွှဲမရတဲ့ စစ်ပွဲကို ဆင်နွှဲ
ပြီး ရင်ထဲမှာ ဒဏ်ရာတွေ မမွေးမြူကြေးပေါ့ကွာ။
ကချင်လွတ်မြောက်ရေးတပ်မတော်မှာ
ရှိနေမယ့်သူငယ်ချင်းတို့ရေ မင်းတို့ဆင်နွှဲနေတာဟာ မင်းတို့အတွက် လုပ် သင့်တာကိုလုပ်ကြသလို
မင်းတို့ရင်ထဲမှာ ရှိနေတဲ့ အမျိုးသားရေးခံစားမှု၊ အမျိုးသားရေးတန်းတူညီမှုတွေ စိမ့်ဝင်စီးဆင်းပြီး
လုပ်ကိုင်နေတယ်ဆိုတာ ငါသိထားတယ်။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်ကလည်း မင်းတို့နဲ့အတူ
ကချင်ပြည်နယ်မှာမွေး ခဲ့တဲ့ မင်းတို့လို တိုင်းရင်းသားတယောက်ပဲလေ။ ဒီတော့ မင်းတို့ခံစားချက်ကို
ငါသိနားလည်တယ်ဆိုတာ မင်းတို့တွေ သံသယ မရှိဘူးလို့ပဲ ငါလက်ခံထားလိုက်မယ်နော်။ မင်းတို့တွေကိုတော့
ငါထွေထွေထူးထူးပြောစရာမရှိပါဘူး။ တခုလေးပါပဲ။ ဒါပေမယ့် အဲဒီတခုလေးက သိပ်ကိုအရေးကြီးတဲ့
တခုပေါ့။
အဲဒါက ယုံကြည်ချက်အတွက်ပဲ
တိုက်ပွဲဝင်ပါ။ လူမျိုးရေးအစွန်း ရောက်မှုနဲ့ နာကျည်းမှုကို မခံစားပါနဲ့။ ယုံကြည် ထားတဲ့
တန်းတူညီရေးဆိုတာကိုပဲ ကိုင်ဆွဲပါ။ တကယ်လို့ လူမျိုးရေး အစွန်း ရောက်မှုနဲ့ ဒီကာလမှာ
တွေ့ကြုံခံစားခဲ့ရတဲ့ နာကျည်းမှုတွေ နဲ့ ခေတ်အဆက်ဆက်အစိုးရအရပ်ရပ်ရဲ့ လိမ်ညာလှည့်ဖြားမှုမှာ
ခံစားနေရတဲ့ မင်းတို့ ခံစားမှုကို ရှေ့တန်း မတင်လိုက်ပါနဲ့ကွာ။ တကယ်တော့ ခေတ်အဆက်ဆက်
အစိုးရအရပ်ရပ်ရဲ့ လှည့်ဖြားမှု ကိုမင်းတို့အပါအဝင် တခြား တိုင်းရင် သားညီအကိုတွေကော
ခုမင်းတို့ရင်ဆိုင်တိုက်ခိုက်နေတဲ့ ငါဝင်ခဲ့တဲ့ တပ်မတော်ကြီးပါ ပါဝင် ခဲ့တယ်ဆိုတာကို
မင်းတို့ သဘောထားကြီးကြီးနဲ့ နားလည် လက်ခံပေးပါ။ တကယ်လို့များ ငါတို့တွေ ငြိမ်းချမ်းရေးစကားပြောနိုင်ခဲ့ကြရင်။
မင်းတို့ ငါတို့လိုချင်ခဲ့တဲ့ တန်းတူညီရေးဆိုတာတွေ ဖြစ်လာခဲ့ရင်။ ငါတို့ စိတ်ကူးအိပ်မက်ထဲက
ငါတို့လုပ်ချင်တဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ငါတို့လုပ်နိုင်မယ့်
တနေ့ကျရင်။ မင်းတို့ငါတို့ အတိတ်နဲ့ ပစ္စုပ္ပန်မှာ ဖြစ်နေခဲ့တာတွေကို သင်ခန်းစာအနေနဲ့ပဲ
ငါတို့မှတ်ယူကြမယ်နော်။ ဒီ အတိတ်ဆိုးတွေကို ထားခဲ့ပြီး နှလုံးသားဒဏ်ရာ မလုပ်ကြကြေးပေါ့ကွာ။
ဘယ်လိုအခြေအနေတွေပဲ ဖြစ်ခဲ့ကြ ဖြစ်ခဲ့ကြ ဒါဟာ လောကရဲ့ ရှောင်မရတဲ့ မင်းတို့ငါတို့ရဲ့
ရှောင်မရတဲ့ ဒီငါတို့နိုင်ငံကြီးရဲ့ ရှောင်မရ တဲ့ ကံကြမ္မာအနေနဲ့ပဲ လက်ခံကြမယ်လေ။ အရင်လိုပဲ
ငါတို့ ပျော်ပျော်ရွှင်ရွှင် ပုခုံးပြန်ဖက်ကြရအောင်ပါနော်။
ဒီလိုပဲ တဖက်မှာ
ပါဝင်တိုက်ခိုက်နေတဲ့ မင်းတို့ရဲ့ သူငယ်ချင်းတွေကိုလည်း မင်းတို့နားလည်ပေးကြရမယ်နော်။
မင်းတို့ လည်းသိထားတဲ့အတိုင်းပဲလေ ငါတို့ တပ်မတော်မှာ အမိန့်ဆိုတာနဲ့ ချုပ်ကိုင်ထားတာ။
သူတို့လည်း တိုက်ချင် ခိုက် ချင်လို့တော့ မင်းတို့မထင်လိုက်နဲ့နော်။ တကယ်တော့ ငါတို့ငယ်ငယ်ကပြောခဲ့သလိုပဲ
ငါတို့က ဒီနိုင်ငံတော်ကြီးကို ကာကွယ် ချင်လို့ အားသန် ရာတပ်မတော်ကြီးကို ဝင်ခဲ့ကြတာပါကွာ။
ဒါပေမယ့် တပ်မတော်ကြီးကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေ အ ရောင်ပြောင်းနေတာ ငါတို့မှ
မသိဘဲ။ ဒါပေမယ့် ဒီတပ်မတော်ကြီး ပြန်ပြောင်းလဲနိုင်ဖို့ မင်းတို့ သူငယ်ချင်းတွေဖြစ်တဲ့
ခုမင်း တို့နဲ့ ရင်ဆိုင်တိုက်နေတဲ့သူ တွေကို တပ်မတော်ခေါင်းဆောင်တွေ ဖြစ်လာအောင် ငါတို့
ပံ့ပိုးပေးကြရမယ်။ ဒါမှ ငါတို့မျှော် လင့်တဲ့ တပ်မတော်ကြီး ဖြစ်လာမှာ။ ဒါမှ ငါတို့သွေးချင်းတွေ
အချင်းချင်း၊ သူငယ်ချင်းတွေ အချင်းချင်း သတ်ဖြတ်နေတာတွေ ဆိတ်သုဉ်းပျောက်ကွယ်သွားမှာ။
အနာ ဂတ်ကို လူငယ်တွေပိုင်စိုးတယ်ဆိုတဲ့ စကားလို မင်းတို့ငါတို့ လက်ထဲမှာ အဲဒီ အခွင့်
အရေးရှိနေတယ်နော်။
ငါမှတ်မိနေသေးတယ်။
ငါတို့ အဋ္ဌမတန်း တက် တုန်းက ယိုးဒယား-မြန်မာ ပဋိပက္ခတွေဖြစ်ချိန်တုန်းကပေါ့။ ဒီကောင်
တွေ တိုက်ပလိုက်မယ်ဆိုပြီး ငါတို့ သံပြိုင်ပြောခဲ့တာတွေ။ နေ့စဉ်နဲ့အမျှ သင်ကြားနေရတဲ့
စာကို စိတ်မဝင်စားနိုင်ကြဘဲ ဒီသတင်း တွေနဲ့ပတ်သက်ပြီး တယောက်နဲ့တယောက်ငြင်းခုန် ပြောဆိုခဲ့ကြတာတွေ။
နောက်ဆုံး မင်းတို့ကလည်း မင်းတို့ အားသန်ရာ ကိုယ့်အမျိုးသားတပ်မတော်ကိုဝင်ပြီး တိုက်ပလိုက်မယ်၊
ငါတို့ကလည်း တပ်မတော်ကိုဝင်ပြီး ဒီကောင်တွေကို ဖဲ့ပလိုက်မယ် ဆိုပြီး လက်ဝါးချင်းရိုက်ခဲ့ကြတဲ့
အဖြစ်အပျက်လေးပေါ့။ ငါတို့ စိတ်ကူးယဉ်ခဲ့ကြတဲ့ အဲဒီလိုအခြေအနေ ဘယ်တော့ရောက်မယ် တော့
ငါလည်း မသိပေမယ့်။ မင်းတို့ ငါတို့တွေ ကြိုးစားကြရင် တနေ့တော့ အဲလို လက်တွဲနိုင်မယ်ဆို
တာ ငါယုံကြည်နေတယ် သူငယ်ချင်းတို့ရယ်။
ဒီလိုပဲ တပ်မတော်ထဲက
ကျောင်းဆင်းညီအကိုတို့ရေ မလွန်ဆန်နိုင်တဲ့ အမိန့်တခုနဲ့ပဲ တိုက်ခိုက်ကြပါ။ ဒီလိုတိုက်
ခိုက်တဲ့နေရာမှာ မလှုပ်ရှားသင့်တဲ့နေရာမှာ မလှုပ်ရှားပဲနေကြပါ။ ဘာလို့ဆိုတော့ ကျောင်းဆင်းညီအကိုတွေက
စစ်ခေါင်း ဆောင်တွေလေ။ ဆွန်ဇုရဲ့ အဆိုထဲမှာ ပါတယ်မဟုတ်လား။ စစ်ခေါင်းဆောင်ဆိုတာ ပြည်သူလူထု
ဆင်းရဲဒုက္ခရောက်မယ့် စစ်ပွဲကို ဘယ်တော့မှ မဦးဆောင်ဘူးတဲ့။ နောက် တိုင်းပြည်နဲ့ လူမျိုးကို
ထိခိုက်နစ်နာစေမယ်ထင်ရင် ပြည့်ရှင်ဘုရင်ရဲ့ အမိန့် ကိုတောင် ဖီဆန်ပိုင်ခွင့်ရှိသည်တဲ့။
ခုတော့ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ သမ္မတက ခုခံစစ်လောက်ကိုပဲ ဆင်နွှဲဖို့ အမိန့်ပေး ထားတယ်မဟုတ်လား။
ဒီလိုပဲ တဖက်မှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက နိုင်ငံရေးအရ
ဖြေရှင်းဖို့ ကြိုးစားနေကြတယ်မဟုတ်လား။ ဒီလို နိုင်ငံရေးအရဖြစ်တည်လာတဲ့ ပြဿနာကို နိုင်ငံရေးအရ
စားပွဲဝိုင်းမှာတင် ဖြေရှင်းပြီးနိုင်တာကို စစ်ရေးနဲ့ ဖြေရှင်းပြီး ညီနောင်တို့ရဲ့
မိဘပြည်သူတွေကို စိတ်ဒဏ်ရာတွေမပေးမိပါစေနဲ့လို့ ပြောချင်ပါ တယ်။
ညီနောင်တို့ရဲ့
ရင်ထဲက စကာသံတွေကိုလည်း ကျနော်သိရှိခံစားနိုင်ပါတယ်။ ဘာလို့ဆိုတော့ ကျနော်ကိုယ်တိုင်က
လည်း ညီနောင်တို့နဲ့အတူ မိခင်စစ်တက္ကသိုလ်ကြီးမှာ ပညာသင်ကြားခဲ့တဲ့ ကျောင်းဆင်းတယောက်မို့လို့ပေါ့။
ညီနောင်တို့ တွေ ကျောင်းတော်ကြီးမှာ နောင်တော်တို့ရဲ့ စကားသံတွေ ၊ သူငယ်ချင်းတွေရဲ့
စကားသံတွေနဲ့အတူ ညီငယ်လေးတွေရဲ့ ရင်ဖွင့်သံတွေကို သိခဲ့ဖူးတယ်လေ။ ညီနောင်တို့ရဲ့ အရင်းခံစိတ်ထဲမှာ
ပြည်တွင်းစစ်မီးကြီးကို အပြီးသတ်ငြိမ်းသတ်ချင်နေ တယ်။ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်တဲ့
တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ချင်ကြတယ်။ တပ်မတော်ကြီးကို အင် အားရှိစေချင်ပြီး ဒီအင်အားရှိတဲ့
တပ်မတော်ကြီးက အမိနိုင်ငံတော်ကြီးရဲ့ ကြည်း၊ ရေ၊ လေ ထုသုံးရပ်ကို ကာကွယ်ဖို့။ ပြည်သူတွေကို
ကာကွယ်ဖို့အတွက်လို့ပဲ သိထားခဲ့ကြတယ်။ နောက်တခု ညီနောင်တို့ရင်ထဲက အကြီးမားဆုံး စိုးရိမ်ကြောက်
လန့်မှုတခု ရှိနေတယ်ဆိုတာလည်း သိနေပါတယ်။ အဲဒီ စိုးရိမ်ကြောက်လန့်မှုက ဘာလဲဆိုတော့ ဟောဒီ
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်ဆီးသွားမှာ၊ ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာ့မြေပုံဟာ
အစိတ်စိတ်အမွှာမွှာကွဲပြိုသွားမှာ ဆိုတာပေါ့။
တကယ်တော့ ညီနောင်တို့တင်
ဒီကိစ္စကို စိုးရိမ်တာမဟုတ်ပါဘူး။ ဒီကိစ္စကို ဟောဒီပြည်ထောင်စုကြီးထဲမှာ နေထိုင် နေကြတဲ့
တိုင်းရင်းသားညီအကို မောင်နှမ အားလုံးက စိုးရိမ်တာပါ။ ဒီလိုမဖြစ်အောင်ဆိုပြီး စစ်မက်ရေးရာနဲ့
ဖြေရှင်းလို့မရပါ ဘူး။ စစ်မက်ရေးရာနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် ရေရှည်မှာ ညီနောင်တို့ မဖြစ်စေချင်တဲ့
အဲဒီကိစ္စက ဖြစ်လာနိုင်တယ်ဆိုတာကို ညီနောင်တို့ သတိပြုပါ။ နောက်ဆုံးမှာ ညီနောင်တို့
စိုးရိမ်တဲ့ ညီနောင်တို့ မဖြစ်စေချင်တဲ့ ပြဿနာကို ညီနောင်တို့ကိုယ်တိုင် လုပ်လိုက်မိတဲ့
အဖြစ်မျိုးဖြစ်သွားမယ်ဆိုရင် ညီနောင်တို့လည်း နောင်တရမဆုံးဖြစ်ရမှာ ဖြစ်သလို ဆုံးရှုံးသွားတဲ့
ကိစ္စတွေက လည်း ပြန်အစားထိုးဖို့ ပြုပြင်ယူဖို့ တော်တော်ကို ခက်ခဲသွားပါလိမ့်မယ်။
ညီနောင်တို့ဟာ
အမိစစ်တက္ကသိုလ်ကျောင်းဆင်းတွေပဲ။ အရာရာကို အမိန့်ဆိုတာနဲ့ နာခံကြရလောက်အောင် ညီနောင်တို့ဟာ
နောက်လိုက်တွေမဟုတ်ဘူး။ အနာဂတ်ရဲ့ စစ်ခေါင်းဆောင်တွေဆိုတာကို သတိရပါ။ ပါးစပ်က ဘယ် လောက်ပဲ
တရားသောစစ်လို့ပြောနေပါစေ။ သေချာစဉ်းစားကြည့်ပါဦး။ တိုက်နေတဲ့ ပြည်တွင်းစစ်တိုက်ပွဲတွေက
တရားရဲ့ လား။ နိုင်ငံရေးအရ ဖြေရှင်းလို့ရမယ့်ပြဿနာကို နိုင်ငံရေးအရ စားပွဲပေါ်မှာ မဖြေရှင်းဘဲ
စစ်မြေပြင်မှာ လက်နက်နဲ့ဖြေရှင်း တယ်ဆိုတာ ဦးဏှောက်မရှိတဲ့ သူတွေလုပ်ရပ်ပါ။ အရာရာကို
လက်ရုံးနဲ့ဖြေရှင်းလို့ရတယ်ဆိုတဲ့ ခေတ်က ဟိုး ၁၈ ရာစု လောက်မှာ ကျန်နေခဲ့ပါပြီ။ ဒီနေ့ခေတ်က
ပညာခေတ်ပါ။ နည်းပညာခေတ်ပါ။ ဒီလိုခေတ်ကြီးမှာ စေ့စပ်ဆွေးနွေးမှုတွေနဲ့ တယောက်နဲ့တယောက်
အပြန်အလှန်ယုံကြည်နားလည်မှုတွေနဲ့ အနာဂတ်ကို သွားရမယ့်အချိန်ပါ။
ဒီလိုဖြေရှင်းလို့ရခဲ့တာ
ခုမှမဟုတ်ပါဘူး။ ဟိုးတချိန်ကတည်းကပါ။ ဒါပေမယ့် ညီနောင်တို့ရဲ့ တချိန်က ခေါင်းဆောင်
တွေက နိုင်ငံတော်အာဏာနဲ့ စစ်တပ်ကြီးတခုလုံး လုပ်ပိုင်ခွင့်တွေ ရှိနေတယ်။ ဘာမှ စကားပြောစရာမလိုဘူး။
သတ္တိရှိရင် ချမယ်။ အပြုတ်တိုက်မယ်။ အဲဒီလို မာနတွေ ထင်တလုံးနဲ့ လုပ်ခဲ့လိုက်တာ ခုဆို
ညီနောင်တို့အပါအဝင် တပ်မတော်ကြီးဟာ ပြောစရာတွေ တပုံကြီးနဲ့။ တကယ်ဆို ပြည်ထောင်စုဖွားတိုင်းရင်းသား
ညီအကိုမောင်နှမ မိဘပြည်သူတွေက ချစ်ခင်အား ထားရမယ့် ယုံကြည်ကြရမယ့် တပ်မတော်ကြီးက ယုံကြည်မှုကင်းမဲ့ခံရ၊
စစ်ဆိုရေတောင်စစ်မသောက်ချင်ဘူးဆိုတဲ့ စကား တွေနဲ့ ပြောခံနေလိုက်ရတာ နားမဆန့်အောင်ပါပဲ။
ညီနောင်တို့ရေ
တပ်မတော်ကြီးရဲ့ ဆောင်ပုဒ်တခုကို သိလိမ့်မယ်ထင်ပါတယ်။ မြင်လေးမြင် ရှိရမယ်ဆိုတာ။ အဲဒီထဲ
က နိုင်ငံရေးအမြင် ဆိုတာပါတယ်ဆိုတာ ညီနောင်တို့ သိရမယ်နော်။ ဒီနေရာမှာ ကမ္ဘာ့နိုင်ငံရေးနဲ့
မြန်မာ့နိုင်ငံရေး ဆက်စပ်မှု တွေနဲ့အတူ၊ လက်ရှိပြည်တွင်းနိုင်ငံရေးရဲ့ တိုင်းရင်းသား
ပဋိပက္ခတွေဟာ ဘယ်လိုဖြေရှင်းမှရမယ်ဆိုတာ ညီနောင်တို့ ကောင်းကောင်းသိကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီတော့ ဒီတိုင်းရင်းသား ပဋိပက္ခတွေကို စစ်ရေးနဲ့ဖြေရှင်းခဲ့တာ နှစ်ပေါင်း များစွာကြာခဲ့ပါပြီ။
ဒါပေမယ့် တကယ့်တကယ် ပြီးပြတ်သွားရဲ့လား။ တကယ်တော့ တိုင်းရင်းသား ပဋိပက္ခတွေဟာ နိုင်ငံရေး
ပဋိပက္ခတွေရဲ့ မကြေလည်မှုကနေ အစပြုခဲ့တာပါ။ ဒီတော့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနဲ့ပဲ
ဖြေရှင်းလို့ရမယ်ဆိုတာ ညီ နောင်တို့ သိနားလည်ပြီးဖြစ်လိမ့်မယ်ဆိုတာလည်း ယုံကြည်ပါတယ်။
ညီနောင်တို့ရေ
ညီနောင်တို့ခုတိုက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်က စစ်သည်ရဲဘော်တွေဟာလည်း ညီနောင်တို့ရဲ့
သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေဆိုတာကို မမေ့ပါနဲ့။ ရှောင်မရလို့ တိုက်ခဲ့ကြတယ်ဆိုရင်တောင်
အလွန် အကျွံတွေမဖြစ်ပါစေနဲ့။ ကချင်ပြည်နယ်က ကချင်လူထုဟာလည်း ကိုယ့်ပြည်ထောင်စုသားတွေ
ကိုယ့်နိုင်ငံသားတွေဆိုတာ ကို လေးလေးနက်နက် အမှတ်ရပေးနေပါ။ စစ်မှာ မှားယွင်းမှုရှိတယ်ဆိုတာ
နားလည်ပါတယ်။ မှားယွင်းမှုတွေ မများအောင် ထိန်းသိမ်းပေးယုံပါ။ ညီနောင်တို့ဘက်က ဒါကို
စောင့်ထိန်းကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရှေ့ရှေ့ အစိုးရတွေရဲ့ နိုင်ငံရေး အသိမပြည့်ဝမှုနဲ့
ပြဿနာတခုကိုဖြေရှင်းမှုမှားယွင်းမှုရဲ့ နောက်ဆက်တွဲကို ညီနောင်တို့နဲ့အတူ ကချင်ပြည်နယ်က
မိဘပြည် သူတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်က ညီနောင်စစ်သည်တွေ ခံစားကြရတယ်ဆိုတာ ခုဖြစ်ရပ်က
သက်သေခံနေပါ ပြီ။ ဒီတော့ ညီနောင်တို့တတွေရဲ့ နောင်လာမယ့် မျိုးဆက်ကိုကော ဒီလိုအဖြစ်ဆိုးကြီး
ပေးခဲ့ကြဦးမလား။ ညီနောင်တို့ရေ ငြိမ်းချမ်းရေးအတွက် စစ်ဆိုတာ မရှိမဖြစ်ပါဆိုရင် အဲဒီငြိမ်းချမ်းရေးဟာ
တဖက်က အင်အားသုံးဖြေရှင်းပြီး ဖိနှိပ်မှုနဲ့ ရယူထား တဲ့ ငြိမ်းချမ်းရေးပဲဖြစ်ပါလိမ့်မယ်။
နှစ်ဖက် တပ်မတော်အသီးသီးက
ညီနောင်စစ်သည် သူငယ်ချင်းတို့ရေ မင်းတို့တွေ ခုချိန်မှာ ငါတို့ရဲ့ ကံကြမ္မာအရ လက်နက်ကိုင်စွဲလို့
တိုက်နေကြပေမယ့် နာကြည်းမှုတွေကို ယူမပစ်ခဲ့ပါနဲ့။ ထားခဲ့ပါ။ တချိန်မှာ ဒို့ညီနောင်စစ်သည်
သူငယ် ချင်းတွေ ပုခုံးချင်းပြန်ဖက်လို့ ဒို့တွေရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ကြမယ်။
ဒို့တွေရဲ့ ကံကြမ္မာကို ဒို့နောက်မှာ လာ မယ့် မျိုးဆက်ကို အမွေမပေးကြကြေးကွာ။ ဒို့တွေ
ဒို့ရဲ့ မျိုးဆက်ကို ပျော်ရွှင်မှုနဲ့ အေးချမ်းသာယာတဲ့ ကာလတခု၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအသီးအပွင့်နဲ့
တန်းတူညီမျှမှုကို အမှန်တကယ်ခံစားနိုင်မယ့် ကာလကို ပေးခဲ့နိုင်အောင် ကြိုးစားကြမယ်နော်။
ဒို့ငယ်စဉ်က ကျောင်းတက်ချိန်မှာ ပြိုင်တူ သံညီသီဆိုခဲ့ကြတဲ့ နိုင်ငံတော်သီချင်းစာသားလေးအတိုင်း
နောင်မျိုးဆက်တွေ ခံစားနိုင်ကြရအောင် ငါတို့ ကြိုးပမ်းပေးရမယ်။
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ
ဆိုတဲ့စာသားလို အမှန်တကယ် တရားမျှတခြင်း (အာဏာရှိသူ၊ ဂုဏ်ရှိသူ၊ ငွေရှိ သူကို မကြောက်ရမယ့်ခေတ်တခုပေါ့)
အမှန်တကယ်ဖြစ်လာအောင်၊ လွတ်လပ်ခြင်း (ငါတို့ရဲ့ အတွေးတွေ၊ အကြံတွေ လွတ် လွတ်လပ်လပ်
ပြောနိုင်မယ့်နေ့၊ ငါတို့အယူဝါဒတွေကို ပွင့်လင်းလွတ်လပ်စွာ ငြင်းခုန်နိုင်မယ့်နေ့)
ကိုခံစားကြရတဲ့နေ့ ရှိလာ အောင် ကြိုးစားကြရမယ်။ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဆိုတဲ့
စာသားလိုပဲ ငါတို့ တိုင်းရင်းသားညီအကိုမောင်နှမ အသီးသီး ဟာ ပြည်ထောင်စုကြီးရဲ့ ဘယ်နေရာမှာပဲနေနေ၊
ဘယ်လူမျိုးပဲဖြစ်နေပါစေ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို တန်းတူ ရရှိမယ့် ခွင့်တူညီမျှခြင်းကို
ပိုင်စိုးအောင်၊ ဝါဒဖြူစင်တဲ့မြေ ဆိုသလိုပဲ ဖြူစင်တဲ့ ဝါဒတရားတွေနဲ့ လှပနေမယ့် နေတနေ့ကို
ငါတို့ မပိုင်ဆိုင်ခဲ့ကြရင်တောင် ငါတို့ရဲ့ မျိုးဆက်ကို ပေးနိုင်အောင် ငါတို့ကြိုးစားကြရအောင်။
ဒီတော့ ညီနောင်စစ်သည်များနဲ့ သူငယ်ချင်းတို့ရေ အခြေအနေတွေ အမျိုးမျိုးကြောင့် တိုက်နေကြရတယ်ဆိုရင်တောင်
အဲဒီတိုက်ခိုက်မှုတွေမှာ နာကြည်းမှု၊ မုန်းတီးမှုတွေနဲ့ တကိုယ်ရေ ခံစားမှုကို ရှေ့တန်းမတင်လိုက်ကြပါနဲ့လို့
ငါမှာလိုက်ချင်တယ် သူငယ်ချင်းတို့ရယ်။
ဗိုလ်ရဲထက်။
Subscribe to:
Post Comments (Atom)
မျှတတဲ့ စာစုလေးပါ ၊
ReplyDeleteဦး(ဗိုလ်)ရဲထက်ကို အားပေးပါတယ် ၊
ဒီလို နားလည်လက်ခံသူတွေ များလာပါမှ ငြိမ်းချမ်းပြီး တိုးတက်ဖို့ ရှေ့ဆက်နိုင်မှာပါ ။